← Chapters

ပညာလွှဲပြောင်းပေးရန်ရည်ရွယ်ချက်

Vol. 3 Ch. 42

ပညာလွှဲပြောင်းပေးရန်ရည်ရွယ်ချက်

Vol. 3 Ch. 42

ပြောပြီးသည်နှင့် မော့ဖေးက ခန္ဓာကိုယ်ကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကျားခြေသည်းအသွင် ထားရှိလိုက်သည်။

အခြားသူများကြည့်မည်ဆိုလျှင် မော့ဖေးက မြေပြင်တွင် ကိုယ်တစ်ဝက်ဝပ်ထားပြီး ခုန်အုပ်ရန်အသင့်ပြင်နေသည့် ရက်စက်ကြမ်းတမ်းသော ကျားတစ်ကောင်နှင့်တူသည်ဟု ထင်မှတ်ပေမည်။

နတ်သားရဲမျိုးနွယ်များက နှစ်ပေါင်းသောင်းနှင့်ချီပြီး တောရိုင်းဒေသတိုက်ပွဲများကို အဆက်မပြတ်ရင်ဆိုင်ခဲ့သည်ဖြစ်ရာ တိုက်ပွဲခေါ်သံကို ကျင့်သားရနေပြီ ဖြစ်သည်။

သူတို့က ဒြပ်စင်စွမ်းအားကျင့်ကြံနိုင်ခြင်းမရှိကြသော်လည်း ထောင်စုနှစ်များစွာသော တိုက်ပွဲအတွေ့အကြုံများကိုအခြေတည်ပြီး တိုက်ခိုက်ရေးနည်းပညာများကို ကျွမ်းကျင်ကြသည်။

မော့ဖေး၏ ကိုယ်ဟန်အနေအထားတွင် ဗီဇစိတ်ဓာတ်တို့ဖြာထွက်နေပြီး တ်သားရဲမျိုးနွယ်များ၏ မလျှော့သောစိတ်ဓာတ်မှဆင်းသက်လာသော ထူးခြားသည့်သိုင်းပညာအမွေအနှစ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ခုန်မင်က သူတော်စင်’ဟွာထော်’ မှဆင်းသက်လာသော ‘သတ္တဝါ(၅)မျိုးကစားနည်း” ကို ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် မော့ဖေး၏ ကိုယ်နေဟန်ထားက ထိုရှေးဟောင်းကျင့်စဉ်တွင်ပါဝင်သည့် ကျားပုံသဏ္ဌန်ကျင့်စဉ်နှင့်တူညီကြောင်း သတိပြုလိုက်မိ၏။

သို့ပေသိ ‘သတ္တဝါ(၅)မျိုးကစားနည်း’ က ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ကျင့်ကြံရန်ရည်ရွယ်သည့် ကျင့်စဉ်ဖြစ်သော်လည်း မော့ဖေး၏ သိုင်းကွက်လှုပ်ရှားမှုကတော့ ဓားတစ်လက်ထုတ်လိုက်သည့်ပမာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထင်ရှားစွာ ထွက်ပေါ်လျှက် ရှိသည်။

“ဘယ် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူကိုမဆို ကျုပ် ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်တယ်”

မော့ဖေးက ကြုံးဝါးသံတစ်ချက်ပြုရင်း သူ၏အရည်အချင်းကို ယုံကြည်စိတ်ချစွာ ကြွေးကျော်လိုက်၏။

သို့သော် သူက ချက်ချင်းပင် ရယ်မောလိုက်ပြီး...

“ဒါပေမဲ့ ခုန်သခင်လေးသာ တန်ခိုးစွမ်းအား အပြည့်အဝထုတ်သုံးမယ်ဆိုရင် ကျုပ်အနေနဲ့ သခင်လေးကို ယှဉ်နိုင်မယ် မထင်ဘူး”

ခုန်မင်က သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

သူက ရှားပါးသော သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သစ်သားဒြပ်စင်စွမ်းအားနှင့် မီးဒြပ်စင်စွမ်းအားကို သာမန်ဒြပ်စင်စွမ်းအားပညာရှင်များ၏ စွမ်းရည်ထက် ကျော်လွန်သော အင်အားဖြင့် အသုံးပြုနိုင်သည်။

သူထုတ်လွှတ်လိုက်သောစွမ်းအားက လူအနည်းငယ်သာလျှင်ခံနိုင်ရည်ရှိသော စွမ်းအားစီးကြောင်းတစ်ခုပမာ ဖြစ်သည်။

သို့သော် ယနေ့ယှဉ်ပြိုင်ခြင်းတွင် ခုန်မင်၏ရည်ရွယ်ချက်က မော့ဖေးကို အနိုင်ရရန်မဟုတ်သလို နှိမ့်ချရန်လည်း မဟုတ်ပေ။

ခုန်မင်က သူ၏ ကြီးကျယ်ခမ်းနားသောစွမ်းရည်များ၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြသလိုခြင်း ဖြစ်သည်။ သို့မှသာ မော့ဖေးအနေဖြင့် သူ၏အရှင်သခင်၏ အရည်အချင်းနက်ရှိုင်းမျုကို တစေ့တစောင်းသိမြင်လာကာ အရှင်သခင်နှင့် အစေခံကြား ခိုင်မာသည့်နှောင်ကြိုးတစ်ခု ဖြစ်ပေါ်လာပေမည်။

ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းကို ဘေးဖယ်လိုက်မည်ဆိုလျှင်ပင် ခုန်မင်က တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ပထမအဆင့်ကို အောင်မြင်ထားပြီးဖြစ်သည်။

ထို့ကြောင့် လူအများကြားတွင် တန်ခိုးစွမ်းအားရှင်တစ်ယောက်ပမာ ထူးခြားသောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ကျယ်ပြန့်လှသော ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ခုန်မင်နှင့် သက်တူရွယ်တူများထဲတွင် ခုန်မင်လောက်ထူးချွန်သူ တစ်ယောက်မှရှိမည် မဟုတ်ပေ။

ခုန်မင်က အသက် (၁၄)နှစ်သာရှိသေးသော်လည်း အရွယ်ရောက်ပြီးသူများနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သလို သူ၏ တန်ခိုးစွမ်းအားများကလည်း အကန့်အသတ်မရှိပေ။

ထို့ပြင် ကံကြမ္မာ၏လှည့်စားမှုဖြင့် ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ကြယ်စင်စွမ်းအားကလည်း တည်ရှိနေသည်။ ထိုကြယ်စင်စွမ်းအားက အံ့သြဖွယ်ရာပင် နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

ထို့ကြောင့် မည်သူမှမသိလိုက်ခင်မှာပင် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ် ပထမအဆင့်ကို အောင်မြင်ခဲ့ခြင်း ဖြစ်၏။

ဤနတ်မျိုးနွယ်ကျင့်စဉ်ဖြင့် သန့်စင်ခံရသဖြင့် ခုန်မင်၏ခန္ဓာကိုယ်က သာမန်လူသားများ၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။

သူ့အနေဖြင့် နတ်မိစ္ဆာမျိုးနွယ်တို့၏သွေးဖြင့် မိုးကောင်းကင်ကိုပင်အံတုနိုင်သော ဖော့ဖေး၏ သန်စွမ်းကြံ့ခိုင်မှုနှင့် မယှဉ်နိုင်သေးသည့်တိုင် သူတို့ကြားမှကွာဟချက်က ဆံပင်တစ်မျှင်မျှသာ ဖြစ်သည်။

ခုန်မင်သည် သူ၏စွမ်းအားကို သတိရှိစွာ ထိန်းချုပ်လိုက်ပြီး သူ၏ကြွက်သားများကို ဖုံးကွယ်ထားသည့်အင်အားဖြင့် တင်းမာစေလိုက်သည်။

ထို့နောက် မော့ဖေး၏ ကိုယ်ဟန်အနေအထားဖြင့်ထပ်တူကျသည့် “သတ္တဝါ(၅)မျိုးကစားနည်း” မှ ကျားပုံသဏ္ဌန်ကျင့်စဉ်ကို ပြီးပြည့်စုံစွာ ထုတ်ဖော်ပြသလိုက်သည်။

“သတ္တဝါ(၅)မျိုးကစားနည်း” က တိုက်ပွဲအတွက် ဖန်တီးထားခြင်းမဟုတ်သော်လည်း ထိုပညာရပ် ကိုယ်ဟန်အနေအထားများက လူ၏ခန္ဓာကိုယ်တွင်ဖုံးကွယ်နေသော အလားအလာများကို ဖွင့်လှစ်ပေးကာ စိတ်ဝိညာဉ်ကိုလှုံ့ဆော်ပြီး ရုပ်ခန္ဓာကို သန်မာစေသည်။

ယခု မော့ဖေးနှင့် အားစမ်းမှုတွင် ကျားပုံသဏ္ဌန်ကျင့်စဉ်ကို ခုန်မင် ရွေးချယ်လိုက်သည်မှာ အကြောင်းရှိသည်။ သူက စွမ်းအားကို စွမ်းအားဖြင့်ရင်ဆိုင်ရန် ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်လိုက်ခြင်းသာပင်။

“ဒီ ကိုယ်ဟန်အနေအထားက ဘာကြီးလဲ ၊ ဒါက ဘာကိုရည်ရွယ်တာလဲ”

မော့ဖေး ခုန်မင်၏ ကိုယ်ဟန်အနေအထားကိုကြည့်ရင်း စိတ်ထဲတွင် တစ်စွန်းတစ်စ အံ့အားသင့်သွားမိသည်။

မော့ဖေး တိုက်ခိုက်ရန်ဝန်လေးသွားပြီး သိုင်းကွက်မထုတ်ဘဲ ရပ်တန့်လိုက်မိသည်။

"ပိုပြီး ရှုပ်ထွေးတာက ခုန်သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ဒြပ်စင်စွမ်းအား လှုပ်ရှားနေတာကို လုံးဝမခံစားရဘူး။ ဒါက သူ တမင်ထိန်းချုပ်ထားတာပဲ။"

ရုတ်တရက်လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီးနောက် ခုန်မင်က ပင့်သက်တစ်ချက်ရှိုကလျှက် ကြုံးဝါးသံတစ်ချက်ပြုလိုက်သည်။ သူ၏ခြေထောက်များက ပေါက်ကွဲအားတစ်ခုဖြင့် မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သူ၏ခန္ဓာကိုယ်က နတ်လေးမှပစ်လွှတ်လိုက်သောမြားတစ်စင်းပမာ ရှေ့သို့ထိုးဖောက်သွားပြီး မတားဆီးနိုင်သောအရှိန်အဟုန်ဖြင့် မော့ဖေးထံသို့ တဟုန်ထိုးဝင်ရောက်လာသည်။

ဤတိုက်ခိုက်မှုတွင် ဒြပ်စင်စွမ်းအား အရိပ်အယောင်မရှိခဲ့ပေ။ သူ၏စွမ်းအားက သန့်စင်သည့် ရုပ်ခန္ဓာစွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်၏။

“ဒါ.. ဒါက အတော်စွမ်းအားကြီးတာပဲ”

မော့ဖေး အံ့သြထိတ်လန့်စွာ မျက်လုံးများပြူးကျယ်သွားသော်လည်း သူ၏ ဗီဇသတိပေးချက်ထွက်ပေါ်လာကာ ခုန်မင်၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

သူက လျှင်မြန်စွာပင် လက်နှစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး ရင်ဘတ်ရှေ့တွင် ရှေးဟောင်းကျောက်တုံးတစ်တုံးပမာ ခိုင်မာစွာဖြင့် ကာကွယ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်မင်နှင့် မော့ဖေးတို့၏လက်သီးများ ထိပ်တိုက်ရင်ဆိုင်မိသွားပြီး သစ်သားအချင်းချင်းရိုက်ခတ်သံကဲ့သို့သော အသံတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။

ခုန်မင်၏ တဟုန်ထိုးတိုက်ခိုက်မှုက ကျင်းပေါင်းထောင်းနှင့်ချီသည့်ဖိအားပါရှိပြီး သာမန်လူဆိုလျှင် အရိုးများအက်ကွဲလျှက် (၁၀)ပေအကွာလောက်အထိ လွင့်ထွက်သွားစေမည် ဖြစ်သည်။

သို့သော် မော့ဖေးကတော့ တောင်တစ်လုံးပမာ ခိုင်မာစွာ ရပ်တည်နေပြီး ခုန်မင်၏ တိုက်ခိုက်မှုက သူ၏ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ ယိမ်းယိုင်သွားစေသည်။

ခိုင်မာစွာရပ်တည်နေသော သူ၏ခြေထောက်များဆီမှ နတ်စွမ်းအားပေါက်ကွဲထွက်လာပြီး အားပြင်းသောတွန်းအားတစ်ခုဖြင့် ခုန်မင်၏ခန္ဓာကိုယ်အား နောက်သို့ဆုတ်သွားစေကာ လေထဲတွင် ပေပေါင်းများစွာ လွင့်ပျံသွားစေသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် မော့ဖေး၏ ထူးခြားသော နတ်စွမ်းအား ဖြစ်သည်

သို့သော် မော့ဖေးမှာ သူတွေ့မြင်လိုက်ရသော ခုန်မင်၏စွမ်းအားကို အံ့အားသင့်လွန်းသဖြင့် စိတ်နှလုံးသည်ပင် တဒိန်းဒိန်းခုန်လှုပ်လျှက်ရှိသည်။

ခုန်မင်၏စွမ်းအားကို ကိုယ်တိုင်ကြုံတွေ့လိုက်သဖြင့် သူ၏စိတ်အစဉ်က အလွန်မတည်မငြိမ် ဖြစ်သွားရသည်။

ခုန်မင်၏ တဟုန်ထိုးတိုက်ခိုက်မှုတွင် စစ်မှန်သော စွမ်းအားကို မော့ဖေး ခံစားမိသည်။ ထိုစွမ်းအားက ဒြပ်စင်စွမ်းအား အနည်းငယ်ပင်ပါဝင်ခြင်းမရှိသည့် သန့်စင်သည့် ရုပ်ခန္ဓာစွမ်းအား သီးသန့် ဖြစ်သည်။

သို့ပေသိ ကျင့်ကြံခြင်းအကူအညီမရှိဘဲ သာမန်လူသားတစ်ယောက်က ဤမျှကြီးကျယ်သောအင်အားကို မည်သို့အသုံးပြုနိုင်ပါမည်နည်း။

ခုန်မင်၏ တိုက်ခိုက်မှုတွင်ပါဝင်သည့် အင်အားက ထိပ်တန်းအဆင့် နတ်သားရဲတစ်ယောက်၏ ရက်စက်ကြမ်းတမ်းသောစွမ်းအားနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။

နတ်သားရဲမျိုးနွယ်မှ အသက်ရှင်ကျန်ရစ်သူများထဲတွင် မော့ဖေးမှလွဲပြီး ခုန်မင်၏ အံ့သြဖွယ်ရာ ရုပ်ခန္ဓာသန်စွမ်းမှုကို ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှမရှိပေ။

ဤလူငယ်က ဤမျှအံ့သြဖွယ်ရာအောင်မြင်မှုကို မည်သို့ရရှိခဲ့ပါသနည်း။

သူ၏အင်အားက နတ်မိစ္ဆာသွေးဖြင့်မွေးဖွားလာသည့် နတ်သားရဲမျိုးနွယ်များကို မည်သို့ယှဉ်နိုင်ရပါသနည်း။

နားမလည်နိုင်သည့် အံ့ဖွယ်ဖြစ်ရပ်ကို ရင်ဆိုင်ရချိန် မော့ဖေး၏စိတ်အစဉ်က အဆုံးမရှိသော အံ့အားသင့်မှုများဖြင့် တုန်လှုပ်လျှက်ရှိသည်။

သူ၏နှလုံးသားမှာ မိုးကြိုးလျှပ်စီးထိမှန်ခံရသည့်ပမာ မတည်မငြိမ် ဖြစ်နေလေသည်။

မော့ဖေး၏ တန်ပြင်အင်အားကြောင့် အနောက်သို့လွင့်ထွက်သွားသည့်တိုင် ခုန်မင်က သိမ်မွေ့သွက်လက်စွာ လေထဲတွင် ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်ပြီး လှပသည့် ကြိုးကြာငှက်တစ်ကောင်ပမာ မြေပြင်ထက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

ခုန်မင်က ဝမ်းသာအားရဖြင့် အူလှိုက်အသည်းလှိုက်ရယ်မော့လိုက်ပြီး အော်ပြောလိုက်သည်။

“မော့ဖေး... မင်းရဲ့ ကောင်းကင်ဘုံကချီးမြှင့်ခံရတဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပဲ ၊ ငါ ကျေကျေနပ်နပ် အရှုံးပေးပါတယ်”

မော့ဖေးက မသိမသာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

“သခင်လေးကသာ နက်နဲတဲ့တန်ခိုးစွမ်းအားကို ဖုံးကွယ်ထားခဲ့တာပါ ၊ သခင်လေးသာ ဒြပ်စင်စွမ်းအားအသုံးပြုမယ်ဆိုရင် ဒီတိုက်ပွဲမှာ ကျုပ်ရှုံးနိမ့်သွားမှာပါ”

ခုန်မင်၏ နှုတ်ခမ်းများက သိမ်မွေ့သော အပြုံးတစ်ခုဖြင့် ကွေးညွတ်သွားပြီး မော့ဖေး၏စကားကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။

သို့သော် သူက စူးစမ်းလိုစိတ်အနည်းငယ်ဖြင့် ရိုးရှင်းစွာ စကားဆိုလိုက်သည်။

“မော့ဖေး... မင်း မသိချင်ဘူးလား ၊ ငါ့ရဲ့ သန့်စင်တဲ့စွမ်းအားက ဘာလို့ ဒီလောက်မြင့်မားနေတာလဲဆိုတာ မင်း မတွေးမိဘူးလား”

မော့ဖေးက ရိုးသားစွာပင် ခေါင်းညိတ်လိုက်သည်။ သူ့ပုံစံက ရိုးသားမှုအပြည့်နှင့်ပင်။

“သခင်လေး ဘယ်သူလဲဆိုတာကိုသာ မသိခဲ့ရင် ၊ ကျုပ် သခင်လေးကို ကျုပ်တို့နတ်သားရဲမျိုးနွယ်တွေထဲကတစ်ယောက်လို့ သေချာပေါက် ထင်မှတ်မိမှာပဲ”

ခုန်မင်က ကြည်လင်ပေါ့ပါးစွာ ရယ်မောရင်း မော့မျိုးနွယ်မောင်နှမကို စိုက်ကြည့်လိုက်သည်။

“အခု မင်းတို့နှစ်ယောက်က ငါ့လူယုံတွေဖြစ်သွားပြီဆိုတော့ မင်းတို့ကို ဘာမှ ဖုံးကွယ်မထားတော့ပါဘူး”

သူက ဆက်ပြောလိုက်သည်။

"အမှန်တရားက ရိုးရှင်းပေမယ့် နက်နဲတယ် ၊ ငါ ကျင့်ကြံထားတဲ့ကျင့်စဉ်က ရုပ်ခန္ဓာကို သန်မာစေတဲ့ ကျင့်စဉ်တစ်ခုပဲ ၊ ဒြပ်စင်စွမ်းအားကို အသုံးမပြုနိုင်ရင်တောင် ရုပ်ခန္ဓာကို သံမဏိလိုမာကျောအောင် သန့်စင်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုပေါ့”

မော့ဖေး၏ ဓားသွားပမာ ထက်မြက်သောစိတ်အစဉ်တွင် နားလည်သဘောပေါက်မှုတစ်ခု လင်းလက်သွားသည်။

သူ၏မျက်ဝန်းများက ပြင်းထန်သော စူးစမ်းလိုစိတ်ဖြင့်တောက်ပနေသည်။

“သခင်လေး... ဒီလောကမှာ ဒီလောက် အံ့သြစရာကောင်းတဲ့ကျင့်စဉ်မျိုး တကယ်ရှိတာလား”

ခုန်မင်က တည်ငြိမ်စွာ ခေါင်းညိတ်ရင်း...

“ဒီလောက် ကျယ်ပြောတဲ့လောကကြီးမှာ အံ့သြစရာတွေက အဆုံးမရှိနိုင်ပါဘူး ၊ လူသားတွေတောင် ဒြပ်စင်စွမ်းအား ကျင့်ကြံခြင်းပညာကို ဖန်တီးနိုင်ခဲ့တယ်ဆိုရင် တခြားလမ်းကြောင်းတွေကို တခြားသူတွေဖန်တီးကြတာ ဘာများထူးဆန်းလို့လဲ ၊ ဒါပေမဲ့ ဒီ ရုပ်ခန္ဓာကျင့်စဉ် အထွတ်ထိပ်ကိုရောက်ဖို့ ခက်ခဲတဲ့ ခရီးတစ်ခုလိုအပ်တယ် ၊ ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုပြီး ပင်ပန်းကြမ်းတမ်းတယ် ၊ ဒီပညာရပ်က သာမန်လူသားတွေရဲ့ ဆန္ဒပြင်းထန်မှုနဲ့ အကန့်အသတ်တွေကို စမ်းသပ်တဲ့ နည်းလမ်းတစ်ခုပဲ”

မော့ဖေးက ခုန်မင်ကို ဦးညွှတ်လိုက်ပြီး...

“သခင်လေးရဲ့ ကောင်းကင်ဘုံကိုတောင်အံတုနိုင်တဲ့ ထူးချွန်မှုက မီးရှူးတံဆောင်လို တောက်ပနေတာပါပဲ ၊ ဒြပ်စင်စွမ်းအားကျင့်စဉ်လမ်းကိုလျှောက်ရင်း ရုပ်ခန္ဓာကို တပြိုင်တည်းသန့်စင်နိုင်တာဟာ အတိုင်းအဆမရှိ ရှားပါးတဲ့ အောင်မြင်မှုတစ်ခုပဲ"

ထိုစကားကြားတော့ ခုန်မင်က ရယ်မောလိုက်သည်။

ချီးကျူးစကားကြောင့် သူ့မျက်ဝန်းများက ကျေနပ်ပျော်ရွှင်သောအရိပ်အယောင်ဖြင့် ပြည့်နေသော်လည်း သူက လက်ကာပြလိုက်၏။

“ငါ့ကို ချီးကျူးမနေနဲ့ မော့ဖေး ၊ တကယ်တော့ ဒြပ်စင်စွမ်းအားကျင့်စဉ်လမ်းဆိုတာ အလှမ်းဝေးတဲ့ တောင်ထွတ်တစ်ခုလိုပါပဲ ၊ အချိန်ယူပြီး လျှောက်လှမ်းနိုင်မှ အောင်မြင်မှုရမှာပါ ၊ ပြီးတော့ ဒီ ရုပ်ခန္ဓာသန့်စင်တဲ့ပညာရပ်ကလည်း ငါက အခုမှ အစပိုင်းလေးကို ဆွဲထုတ်နိုင်ရုံပဲ ရှိသေးတယ်”

မော့ဖေးက အံ့သြထိတ်လန့်စွာဖြင့်...

"ဒီကျင့်စဉ်ရဲ့ အစပိုင်းလေးကို ကျင့်ကြံတာနဲ့တင် ဒီလောက် အံ့သြဖွယ်ရာစွမ်းအားကို ပေးစွမ်းနိုင်တာလား ၊ ဒါက တကယ့်ကို နားလည်ဖို့ခက်ခဲလွန်းတာပဲ”

ခုန်မင်က မော့ဖေးကို တစ်ချက်ကြည့်လိုက်ပြီး...

“မင်းရဲ့ ရုပ်ခန္ဓာသန်စွမ်းမှုက လောကမှာပြိုင်ဘက်ကင်းတယ် ၊ ငါ့ရဲ့ ရုပ်ခန္ဓာကျင့်စဉ်က မင်းနဲ့ သင့်တော်နိုင်တယ် ၊ မင်းသာ ဒီပညာရပ်ကို အသေးစိတ်နက်နက်နဲနဲ တတ်ကျွမ်းသွားမယ်ဆိုရင် ချီတိမျိုးနွယ်စုက စုချီဆိုတာ ဘယ်တော့မှ မင်းရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး”

ခုန်မင်၏စကားထဲတွင် ထိုကျင့်စဉ်အား မော့ဖေးကိုပေးအပ်လိုသော ရည်ရွယ်ချက် အရိပ်အမြွက်ပါဝင်နေသည်။

ဤမျှ အလားအလာကောင်းသော ကျင့်စဉ်တစ်ခုဖြင့် ဆွဲဆောင်ခံရသည့်အခါ မော့ဖေးနှလုံးသား တဖျတ်ဖျတ်ခုန်သွားသလို ထိတ်လန့်၍လည်းသွားသည်။

သူ၏အတွေးများက လေပြင်းမုန်တိုင်းပမာ လှည့်ပတ်နေပြီး ၊ အချိန်အတန်ကြာသည့်နောက် မော့ဖေးနဖူးထက် ချွေးစေးများ စိုရွှဲလာသည်။

နောက်ဆုံးမှာတော့ သူက အက်ကွဲသောလေသံဖြင့်...

“သခင်လေး... မော့ဖေးက ဒီနေ့မှ သခင်လေးနဲ့ စတွေ့တာပါ ၊ ကျုပ်ရဲ့ အကျင့်စရိုက်နဲ့ သစ္စာစောင့်သိမှုကို သခင်လေး မစမ်းသပ်ရသေးပါဘူး ၊ ဒီတော့... ဒီလောက် နတ်ဘုရားဆန်တဲ့ အံ့ဖွယ်ကျင့်စဉ်မျိုးကို... လောလောဆယ် မော့ဖေး မမျှော်လင့်ဝံ့ပါဘူး”

All Chapters