← Chapters

အားလုံးကို မြှုပ်နှံခြင်း (၂)...

Vol. 42 Ch. 624

အားလုံးကို မြှုပ်နှံခြင်း (၂)...

Vol. 42 Ch. 624

~'တိုက်ခိုက်လို့မှ မနိုင်တာ… ဒီလူတွေက အဆုံးအစမရှိဘူး'

ကောင်းကင်နတ်ဆိုးသည်ပင် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

ရုတ်တရက်ပေါ်ထွက်လာသော ဤရီမျိုးနွယ်သည် သူ၏ ထက်မြက်လှသော မဟာဗျူဟာကို လုံးဝအသုံးမဝင်အောင် ပြုလုပ်လိုက်လေပြီ။

'ငါ့ရဲ့ပရိယာယ်တွေနဲ့ စစ်မှန်သောနတ်ဘုရားအထက်က သတ္တဝါများစွာကို သတ်ခဲ့ဖူးတာပဲ... ဘာလို့ ငါ့ရဲ့အရည်အချင်းတွေက ရီဖန်အပေါ်မှာ အသုံးမဝင်ရတာလဲ။'

'ဒါမှမဟုတ်... ရီဖန်က ငါ့ရဲ့ ကံကြမ္မာ ရန်သူတော်များလား။'

အားအင်ချိနဲ့သွားသော ခံစားချက်တစ်ခုသည် သူ၏စိတ်ထဲတွင် လှိုက်တက်လာခဲ့သည်။

သူနှင့်ရီဖန်ကြားမှ တိုက်ပွဲကို အမြန်အဆုံးသတ်ရန် မျှော်လင့်ခြင်းမှာ လက်တွေ့တွင် လုံးဝမဖြစ်နိုင်ပေ။

ရီဖန်၏ စွမ်းအားတိုးတက်မှုနှုန်းသည် သူ့အား နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်စေခဲ့ပြန်သည်။

'ဒီတစ်ခါတော့ ရီဖန်ကို သေချာပေါက် အပြတ်ချေမှုန်းနိုင်ပြီလို့ ထင်ခဲ့တာ... အခုတော့ ငါကပဲ သူ့ရဲ့ဖိနှိပ်မှုအောက်မှာ ရှိနေတုန်း။'

ရီဖန်ကိုယ်တိုင်လည်း အတော်ပင် အံ့အားသင့်နေခဲ့သည်။ အစပိုင်းတွင် ကောင်းကင်နတ်ဆိုးသည် လျှို့ဝှက်နည်းစနစ်များကို အသုံးမပြုဘဲ သူ့လက်မှ လွတ်မြောက်ရန် မနည်းရုန်းကန်ခဲ့ရသည်။

ယခုမူ သူသည် ရီဖန်နှင့် ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်းပင် ရှိနေခဲ့ပြီ။

ရီဖန်သည် သူ၏အစွမ်းအကုန်ကို မထုတ်သုံးသေးသော်လည်း အမှန်အတိုင်းပြောရလျှင် ကောင်းကင်နတ်ဆိုး၏ တိုးတက်မှုနှုန်းမှာ ရီဖန်ထက်ပင် ကျော်လွန်နေခဲ့သည်။

' အင်မော်တယ် သတ္တဝါတစ်ယောက် ဖြစ်တာနဲ့အညီပဲ... သူ့မှာလည်း ကိုယ်ပိုင်အစွမ်းအစတစ်ချို့တော့ ရှိနေတာပေါ့။'

'ဒါပေမဲ့... အသာစီးကတော့ ငါ့ဘက်မှာပဲ ရှိနေသေးတယ်။'

ရီဖန်သည် ထပ်မံထိန်းချုပ်မထားတော့ဘဲ သူ၏သွေးမျိုးဆက်စွမ်းအားကို ဆင့်ခေါ်ကာ ဘဝခြောက်ပါးသံသရာစက်ဝန်းစွမ်းအင်ကို သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။

စစ်မှန်သောနတ်ဘုရားနယ်ပယ်ကိုပင် ကျော်လွန်လုနီးပါးဖြစ်သော အရှိန်အဝါတစ်ခုသည် သူ၏ကိုယ်ပေါ်တွင် ပေါ်ထွက်လာ၏။

ကောင်းကင်နှင့်မြေကြီးမှ ဖိနှိပ်မှုသည်ပင် ရီဖန်ကို ထိန်းချုပ်ထားနိုင်စွမ်း

မရှိတော့သကဲ့သို့ပင်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

ကောင်းကင်နတ်ဆိုး၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။

ရီဖန်ထံမှ ထွက်ပေါ်နေသော

အရှိန်အဝါ၏ဆိုလိုရင်းမှာ သူသည် မည်သည့်အခက်အခဲမျှမရှိဘဲ ကမ္ဘာဦးနယ်မြေ၏ အသစ်တစ်ဖန်ဖြစ်တည်မှုကိုသာ စောင့်ဆိုင်းပြီး စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ကျော်ဖြတ်နိုင်ပြီဟူသော အဓိပ္ပာယ်ပင်။

ရီဖန်၏ အခြေခံအုတ်မြစ်သည် စစ်မှန်သောနတ်ဘုရားနယ်ပယ်တွင် ရရှိနိုင်သည့် ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အကယ်၍သာ ကောင်းကင်နှင့်မြေကြီး၏ ချုပ်နှောင်မှုသာမရှိပါက ရီဖန်သည် ဒဏ္ဍာရီလာ အုပ်စိုးခြင်းနယ်ပယ်သို့ တက်လှမ်းပြီးလောက်ပြီ ဖြစ်သည်။

ဤသို့သော လူစားမျိုးမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ကောင်းကင်နတ်ဆိုးသည်ပင် သူ၏လျှို့ဝှက်လက်နက်ကို ထုတ်သုံးပြီး ရီဖန်ကို ထိုနေရာတွင်ပင် ချက်ချင်းအဆုံးသတ်ပစ်လိုက်ချင်သော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။

စစ်မှန်သောနတ်ဘုရား ချန်ရီသည် သူ၏ "မိတ်ဆွေဟောင်းများ" ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနိုင်သည်ဟု သူ ခံစားနေရ၏။

ရီဖန်ကို ဆက်လက်

အသက်ရှင်ခွင့်ပေးထားမည် ဆိုပါက အနာဂတ်တွင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

သို့သော်လည်း အဆုံးတွင် ကောင်းကင်နတ်ဆိုးသည် သူ၏နောက်ဆုံးလျှို့ဝှက်လက်နက်ကို ထုတ်သုံးရန် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။

'ဒါပေမဲ့ သူ့ရဲ့လျှို့ဝှက်လက်နက်ကို သုံးလိုက်ရင်တောင် ရီဖန်ကို တကယ်သတ်နိုင်ပါ့မလား။'

'ရီဖန်မှာရော သူ့ကိုယ်ပိုင်လျှို့ဝှက်လက်နက်တွေ တကယ်မရှိဘူးလား။'

နှစ်ဖက်စလုံးမှ ပို၍အစွမ်းထက်သော နည်းလမ်းများကို အသုံးမပြုဘဲ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေသည်က

အဓိပ္ပာယ်မရှိတော့ကြောင်း ကောင်းကင်နတ်ဆိုး သိနေသည်။

တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေခြင်းသည် အရင်းအမြစ်များ ကုန်ဆုံးမှုကိုသာ တိုးပွားစေလိမ့်မည်။

တောနက်ကြီး နယ်မြေ၏ ပြန်လည်သက်ဝင်လာမှုမှာ နှစ်ထောင်ပေါင်းအနည်းငယ်သာ လိုတော့ပြီး နတ်ဘုရားများ ဘုံအဖွဲ့မှာလည်း တန်ဖိုးမရှိတော့ပေ။

“ချန်ရီ.. ဒီနေ့ ငါတို့ကြားမှာ အနိုင်အရှုံးမရှိသေးဘူး… တောနက်ကြီးနယ်မြေ ပြန်လည်သက်ဝင်လာတဲ့အခါကျမှ ထပ်တွေ့ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် ကောင်းကင်နတ်ဆိုးသည် ချက်ချင်းပင် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့၏။

ရီဖန်သည်ပင်လျှင် ထိုအရိပ်များထဲမှ မည်သည့်အရိပ်က ကောင်းကင်နတ်ဆိုး၏ အနှစ်သာရကို အမှန်တကယ် သယ်ဆောင်သွားသည်ကို အပြည့်အဝ မခွဲခြားနိုင်ခဲ့ပေ။

သူသည် ထိုအရိပ်များအားလုံးကို တစ်ခဏအတွင်း ချေမှုန်းနိုင်ခြင်းမရှိသရွေ့ ရီဖန်အနေဖြင့် ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ပေ။

အကယ်၍သာ ရီဖန်၌ ကောင်းကင်နတ်ဆိုး၏ အရာအားလုံးကို တစ်ချိန်တည်းတွင် ဖိနှိပ်နိုင်စွမ်းရှိခဲ့ပါက ယခုအချိန်အထိ ထိုသူနှင့်တိုက်ပွဲတွင် ချာချာလည်နေခဲ့မည်မဟုတ်ပေ။

'ဒီကောင်းကင်နတ်ဆိုးက တကယ်ကို ကိုင်တွယ်ရခက်တဲ့ ဖြစ်တည်မှုပဲ'

ပထမဆုံးအကြိမ်အဖြစ် ရီဖန်သည် ဤရန်သူမှာ ကိုင်တွယ်ရန် အလွန်ခက်ခဲသည်ဟု ခံစားလိုက်ရ၏။

အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်တိုင်အောင် သူတို့သည် အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ခဲ့ကြပေ။

သို့သော် ယခု ကောင်းကင်နတ်ဆိုး ထွက်ခွာသွားပြီဖြစ်ရာ ကျန်ရှိနေသေးသော နတ်ဘုရားများ ဘုံအဖွဲ့မှ သူများကိုမူ ယနေ့တွင် လွတ်မြောက်ခွင့်ပေး၍မဖြစ်ပေ။

ကောင်းကင်နတ်ဆိုး ထွက်ခွာသွားသည့်အခါ နတ်ဘုရားများ ဘုံအဖွဲ့မှ နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအချို့သည် သူတို့ စွန့်ပစ်ခံလိုက်ရပြီဆိုတာကို ချက်ချင်းနားလည်သွားကြသည်။

သူတို့သည် အစကတည်းက ရီမျိုးနွယ်ကို မယှဉ်နိုင်ခဲ့ကြပေ။ ယခု ကောင်းကင်နတ်ဆိုးလည်းမရှိ၊ ရီဖန်ကို ထိန်းချုပ်ထားမည့်သူလည်းမရှိသော

အခါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကသာ သူတို့ကို စောင့်ကြိုနေပေတော့မည်။

ထိုနှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားများသည် တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်းထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။

ကျန်ရှိနေသေးသော နတ်ဘုရားများဘုံအဖွဲ့မှ အဖွဲ့ဝင်များ၏ အသက်ကိုမူ သူတို့ စဉ်းစားထည့်သွင်းခြင်းပင် မရှိတော့ပေ။

အကျိုးအမြတ်ပေါ် အခြေခံသည့် အဖွဲ့အစည်းတွေအတွက်တော့ ဘေးဒုက္ခကျရောက်လာသောအခါ ပြိုကွဲသွားသည်က ဓမ္မတာပါပဲ။

ဒုက္ခရောက်ချိန်တွင် အခြားအရာ တစ်ခုခုကိုများ မျှော်လင့်နေကြသေးသလော။

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် အမှန်ပင် နှစ်ပေါင်းများစွာ ပို၍ကျင့်ကြံထားခဲ့ကြရာ သူတို့၏တုံ့ပြန်မှုမှာ အမြန်ဆုံးဖြစ်ခဲ့သည်။

အစောပိုင်းမှ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ နတ်ဘုရားများဘုံအဖွဲ့ဝင်များသည် အခြေအနေကို သဘောပေါက်ရန် နှေးကွေးခဲ့ရာ အထက်လူကြီးများ ထွက်ပြေးစပြုသည်ကို မြင်သောအခါ ချက်ချင်းပင် ပြိုကွဲသွားကြသည်။

တိုက်ပွဲတွင်ပင် အာရုံပျံ့လွင့်သွားကြ၏။

ရီမျိုးနွယ်နှင့် ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေမှ ကျင့်ကြံသူများသည် ရန်သူ လဲကျချိန်တွင် ထပ်ဆင့်တိုက်ခိုက်သည့်

အခွင့်အရေးကို သေချာပေါက် လက်လွှတ်မခံကြပါပေ။

ခုခံကာကွယ်ဖို့ကိုပင် စွန့်လွှတ်ကာ တိုက်ခိုက်ရန်အတွက်သာ အစွမ်းရှိသမျှ နည်းလမ်းအားလုံးကို ချက်ချင်းပင် ထုတ်သုံးလိုက်ကြသည်။

ရီမျိုးနွယ်နှင့် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှ ကျင့်ကြံသူများသည် ချုပ်တည်းမှုကင်းမဲ့စွာ တိုက်ခိုက်နိုင်ကြသော်လည်း နတ်ဘုရားများဘုံအဖွဲ့မှ ထိုစစ်မှန်သောနတ်ဘုရားများမှာမူ တန်ပြန်တိုက်ခိုက်ရန် မဝံ့ရဲဘဲ သူတို့၏အသက်အတွက်သာ ထွက်ပြေးနိုင်ကြတော့သည်။

သို့သော် နောက်တစ်ခဏတွင် ကြီးမားသော အခင်းအကျင်းတစ်ခုသည် ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေတစ်ခုလုံးကို တိုက်ရိုက်ဖုံးလွှမ်းသွားခဲ့သည်။

ဤနေ့အတွက် ရီဖန်သည် အစကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

'ဟမ့် ၊ ဒီနေ့... တစ်ယောက်မှ လွတ်မယ်မထင်နဲ့။'

ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ထိုအခင်းအကျင်းသည် ရီဖန်၏ အရင်းအမြစ်များစွာကို အသုံးပြုထားခဲ့ရသည်သာ။

သို့သော် အကယ်၍သာ သူသည် ဤနေရာတွင် ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေမှ ဤစစ်မှန်သော

နတ်ဘုရားများအားလုံးကို မြှုပ်နှံနိုင်မည်ဆိုပါက ထိုသို့ရင်းနှီးရခြင်းမှာ ကောင်းစွာတန်သည်ဟု ရီဖန်က ယူဆသည်။

မရေမတွက်နိုင်သော ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေမှ စစ်မှန်သောနတ်ဘုရားများသည် သူတို့၏နယ်မြေကို လွှမ်းခြုံသွားသော ထိုအခင်းအကျင်းကို အံ့သြ ကြောက်ရွံ့စွာဖြင့် ကြက်သေသေကာ ကြည့်နေခဲ့ကြသည်။

'စစ်မှန်သောနတ်ဘုရား ချန်ရီက တကယ်ကို သက်ရှိဒဏ္ဍာရီတစ်ပါးပဲ... ဒီလိုလှုပ်ရှားမှုကို ငါတို့အရင်က လုံးဝမသိခဲ့ဘူး။'

'အကယ်၍သာ ငါတို့သာ ရင်ဆိုင်ရတဲ့သူတွေဆိုရင် သေဆုံးရခြင်းက ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သွားလောက်တယ်။'

ရုတ်တရက် သူတို့သည် ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေမှ ကျင့်ကြံသူများအတွက် အနည်းငယ်မျှ သနားကရုဏာသက်မိသွားကြသည်။

'ဘယ်သူ့ကို ရန်သွားစတာလဲ... စစ်မှန်သောနတ်ဘုရား ချန်ရီကိုမှ ရန်သွားစရတယ်လို့... တကယ့်ကို သေလမ်းရှာတာပဲ'

'တော်သေးရဲ့... ငါတို့က သူ့ဘက်က ဖြစ်နေလို့'

'နောက်ဆို ရီမျိုးနွယ်ကို နည်းနည်းပိုပြီး လေးစားပြမှ ဖြစ်တော့မယ်။'

"စစ်မှန်သောနတ်ဘုရား ချန်ရီ... မင်းတကယ်ပဲ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးသွားစေချင်တာလား။"

မော့ရှယ်စစ်မှန်သောနတ်ဘုရားမှ ဦးဆောင်သော နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် ဖောက်ထွက်ရန် မျှော်လင့်ချက်မရှိတော့သည်ကို မြင်သောအခါ သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အဓိကပုဂ္ဂိုလ်ဖြစ်သော ရီဖန်ထံသို့ သူတို့၏အကြည့်များကို ပြောင်းလိုက်ကြသည်။

ယနေ့ သူတို့ ထွက်ခွာလိုပါက ရီဖန်နှင့်

ရင်မဆိုင်ဘဲ လုံးဝမဖြစ်နိုင်တော့ပေ။

"နှစ်ဦးနှစ်ဖက်လုံး ပျက်စီးသွားမယ်ဟုတ်လား။ ဒီနေ့ ငါ့ပိုက်ကွန်ကို ဘယ်လောက်ကြီးတဲ့ငါးကမှ ဖောက်ထွက်နိုင်မလဲဆိုတာ ငါမြင်ချင်သေးတယ်။"

ရီဖန်၌ ညှိနှိုင်းရန် ဆန္ဒလုံးဝမရှိခဲ့ပေ။ ယနေ့ဤတိုက်ပွဲသည် အဆုံးအဖြတ်ပေးမည့်တိုက်ပွဲ ဖြစ်ရမည်။

'ဒီနေ့ ဘယ်သူမှ ထွက်သွားဖို့ စိတ်မကူးနဲ့။'

ရီဖန်သည် ဤလူများနှင့် သဘောတူညီချက်တစ်ခုရရန်အတွက် သူ၏အားထုတ်မှုနှင့် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ခြင်းမဟုတ်ပေ။

နောက်တစ်ခဏတွင် မြေအောက်ကမ္ဘာ၏ အရိပ်သည် တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရာတွင် ဤနည်းဗျူဟာမှာ သိပ်မထိရောက်ခဲ့ပေ။

သို့သော် ဤသာမန်နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင်မူ ၎င်းမှာ အပြတ်အသတ် ချေမှုန်းနိုင်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

မြေအောက်ကမ္ဘာမှ မရေမတွက်နိုင်သော ဝိညာဉ်များသည် ရှေ့သို့ထိုးထွက်လာပြီး များပြားလှသော စစ်မှန်သောနတ်ဘုရားများကို မြေအောက်ကမ္ဘာ၏ နက်ရှိုင်းသော နေရာများသို့ တိုက်ရိုက်

ဆွဲခေါ်သွားကြသည်။

အဆုံးမရှိသော မြေအောက်ကမ္ဘာ စွမ်းအင်လှိုင်းလုံးကြီးသည် စစ်မှန်သောနတ်ဘုရားများကို ဖိနှိပ်ထားပြီး အဆက်မပြတ်အစွမ်းထက်သော တိုက်ခိုက်မှုများမှာလည်း ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပေ။

ရီဖန်သည် လက်ပိုက်ကာ လေဟာနယ် အထက်တွင် ရပ်နေပြီး အောက်ဘက်တွင် မျှော်လင့်ချက်ကင်းမဲ့စွာ ရုန်းကန်နေသော နတ်ဘုရားများဘုံအဖွဲ့မှ နတ်ဘုရားများကို ကြည့်နေခဲ့သည်။

မကြာမီတွင် အချို့စစ်မှန်သောနတ်ဘုရားများမှာ ဆက်လက်မခံနိုင်တော့ဘဲ မြေအောက်ကမ္ဘာ၏စွမ်းအင်သည် သူတို့၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားပြီး နောက်ဆုံးတွင် သူတို့၏စစ်မှန်သောဝိညာဉ်များမှာ မြေအောက်ကမ္ဘာထဲသို့ ထာဝရနစ်မြုပ်သွားခဲ့သည်။

စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ နစ်မြုပ်သွားခြင်းသည် မြေအောက်ကမ္ဘာ၏ တပ်ဖွဲ့များထဲသို့ အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ဦးကို ထပ်မံထည့်သွင်းပေးလိုက်သည်နှင့် တူနေ၏။

ရီမိသားစုသည် တိုက်ပွဲတွင် ပို၍အစွမ်းထက်လာပြီး နတ်ဘုရားများဘုံအဖွဲ့၏ အင်အားမှာမူ တဖြည်းဖြည်းနှင့် ပို၍အနှစ်မဲ့လာခဲ့သည်။

အဆုံးတွင် တစ်ဦးချင်းစီသည် မြေအောက်ကမ္ဘာ၏ ဗိုလ်ချုပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်ရှိနေသေးသော မော့ရှယ်စစ်မှန်သောနတ်ဘုရားကို ဝန်းရံကာ တိုက်ခိုက်ကြသည်။

မော့ရှယ်စစ်မှန်သောနတ်ဘုရားသည် ကောင်းကင်နတ်ဆိုး၏ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်ရခြင်းနှင့် ထိုက်တန်ပေသည်။ သူသည် အတိတ်က ရီဖန်နှင့်ရင်ဆိုင်ရာတွင် ဆိုးဆိုးရွားရွားစွမ်းဆောင်ခဲ့သော်လည်း ဤနှစ်များအတွင်း ကောင်းကင်နတ်ဆိုး၏ သင်ကြားပေးမှုအောက်တွင် နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားများကြား၌ အထွတ်အထိပ်သို့ နီးကပ်လာခဲ့သည်။

ရီဖန်နှင့် ကောင်းကင်နတ်ဆိုးအပြင် မော့ရှယ်စစ်မှန်သောနတ်ဘုရားသည်

လည်း မှတ်သားလောက်သော နာမည်များထဲတွင် ပါဝင်နိုင်ပေသည်။

သို့သော် နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးမှာ မည်မျှပင်အစွမ်းထက်ပါစေ၊ သူသည် နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားတစ်ဦးသာ ဖြစ်သည်။

ရီဖန်နှင့် ကောင်းကင်နတ်ဆိုးဟူသော သာမန်ထက်ကျော်လွန်သည့် သတ္တဝါနှစ်ဦးမှလွဲ၍ မည်သူမျှ ရီဖန်၏ စက်ကွင်းမှ ထွက်ခွာနိုင်ခြင်းမရှိပေ။

မော့ရှယ်စစ်မှန်သောနတ်ဘုရားသည် သူ၏နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရပြီး သူ၏ အရှိန်အဝါ မှာလည်း အားနည်းနေခဲ့သည်။

သူ၏နတ်ဘုရား လက်နက်ပင်လျှင် ကြေမွသွားခဲ့ပြီး စစ်မှန်သောနတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ဦး၏ ခန့်ညားမှုကို မဆောင်နိုင်တော့ပေ။

"စစ်မှန်သောနတ်ဘုရား ချန်ရီ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော်အသုံးဝင်ပါသေးတယ်။ နတ်ဘုရားများဘုံအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေအများကြီးကို ကျွန်တော်သိပါတယ်... ကောင်းကင်နတ်ဆိုးကို ရှာဖို့ ကျွန်တော် ခေါ်သွားပေးနိုင်ပါတယ်... ခင်ဗျား သူ့ကို လက်စားချေချင်နေတာမဟုတ်ဘူးလား။"

အသက်နှင့်သေခြင်းကို ရင်ဆိုင်ရသည့်အခါ အချို့မှာ မားမားမတ်မတ်ရပ်တည်ကြပြီး အချို့မှာမူ သူတို့၏ အမှန်ဆုံးသောဘက်ကို ဖော်ပြကြသည်။

အကယ်၍သာ မော့ရှယ်စစ်မှန်သောနတ်ဘုရားသည် ကောင်းကင်နတ်ဆိုးထံတွင် ခိုလှုံရန် သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်ခဲ့သူတစ်ဦးဖြစ်ပါက သူ့ထံတွင် မည်သည့်ယုံကြည်ချက်များ ရှိနိုင်မည်နည်း။

ထွက်ပြေးရန် မျှော်လင့်ချက်မရှိတော့သည်ကို သိသောအခါ သူသည် ကရုဏာသက်ရန် ဆက်လက်တောင်းပန်နေခဲ့သည်။

ရီဖန်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ မော့ရှယ်စစ်မှန်သောနတ်ဘုရားကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

'နောက်ဆုံးတစ်ကြိမ်က သူ့ကိုကယ်တင်ဖို့ တစ်ယောက်ယောက်ရောက်လာခဲ့တယ်... ဒီတစ်ခါရော တစ်ယောက်ယောက်လာဦးမှာလား။'

အဆုံးတွင် မော့ရှယ်

စစ်မှန်သောနတ်ဘုရား၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနစ်မြုပ်သွားခဲ့ပြီး သူ့အားကူညီရန် မည်သူမျှ ရောက်မလာခဲ့ပေ။

'နောက်ဆုံးတော့... မင်းက နတ်ဘုရားများဘုံအဖွဲ့ထဲမှာ အဲ့ဒီလောက်လည်း အရေးပါတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူးပဲ’

တဖြည်းဖြည်းပျောက်ကွယ်သွားသော ကြောက်မက်ဖွယ် အရှိန်အဝါ ကို ခံစားမိသောအခါ အဝေးတွင် ပုန်းအောင်းနေသော ကျင့်ကြံသူများစွာသည် နောက်ဆုံးတွင် စတင်ပေါ်ထွက်လာကြသည်။

စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ တိုက်ခိုက်သူသုံးဦး၏ အရှိန်အဝါ သည် ပင်ကိုပျက်စီးခြင်းပင်လယ်တစ်ခုလုံးကို ပျက်စီးလုနီးပါးဖြစ်သွားသည်ဟု ခံစားရစေခဲ့သည်။

မတတ်နိုင်ပေ။

စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ၏ စွမ်းအားသည် ပင်ကိုပျက်စီးခြင်း ပင်လယ်က

ကိုင်တွယ်နိုင်သည့် အမြင့်ဆုံး ကန့်သတ်ချက်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

သတ္တိကောင်းသော မဟာသူတော်စင်

အဆင့် ကျွမ်းကျင်သူ အချို့သည်

နောက်ဆုံးအောင်နိုင်သူမှာ မည်သူဖြစ်သည်ကို ကြည့်ရှုလိုသောကြောင့် ထိုနေရာသို့ ခိုးဝင်လာခဲ့ကြသည်။

လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးနှင့် ရီမျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်တစ်ဦး။

ရီမျိုးနွယ်၏

မျိုးနွယ်ခေါင်းဆောင်မှာလည်း စစ်မှန်သော နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

လျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားကျွမ်းကျင်သူ

နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ရီမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်က အောင်နိုင်သူဖြစ်လာရန် ပို၍ဆန္ဒရှိကြသည်။

ဘာပဲဖြစ်ဖြစ် ဤနှစ်များအတွင်း ပင်ကိုပျက်စီးခြင်း ပင်လယ်၌ ရီမျိုးနွယ်၏ ဂုဏ်သတင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး တိုက်ပွဲများတွင် မပါဝင်ဘဲ အရွက်တစ်ထောင် ဆေးခန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားနှစ်ဦးမှာမူ မကြာသေးမီက ပင်ကိုပျက်စီးခြင်းပင်လယ်၌ အဖြစ်အပျက်များစွာကို ဖြစ်ပွားစေခဲ့သော လျှို့ဝှက်ဆန်းကြယ်အင်အားစုများ၏ အစိတ်အပိုင်းဖြစ်ရပေမည်။

အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်အင်အားစုသာ အောင်နိုင်သွားခဲ့ပါက သူတို့၊ ပင်ကိုပျက်စီးခြင်းပင်လယ်၏ ကျင့်ကြံသူများသည် မည်သည့်အရာနှင့် ရင်ဆိုင်ရမည်ကိုပင် မသိကြချေ။

ဒီတစ်ကြိမ်မှာ နောက်ဆုံးအောင်နိုင်သူက ဘယ်သူဖြစ်မလဲ။

All Chapters