မိတ်ဆွေဟောင်းတွေပါပဲလား (၂)...
Vol. 43 Ch. 636
~"မဟုတ်ရပါဘူး... မဟုတ်ရပါဘူး... အမှန်အတိုင်းပြောရရင် ကျုပ် ..ရောင်းရင်းကို တော်တော်လေး လွမ်းနေခဲ့တာပါ!"
တိမ်တိုက်တို့၏ အရှင်သခင်က အလွန်ရိုးသားသောဟန်ဖြင့် ပြောလိုက်ရာ၊ အကြောင်းစုံကို မသိသူများအဖို့ သူနှင့် ရီဖန်ကြားတွင် မရိုးမသား ဇာတ်လမ်းကလေးများ ရှိနေသလားဟုပင် ထင်မှတ်သွားနိုင်လေသည်။
လက်မှုပညာနတ်ဘုရားဂိုဏ်းမှ တပည့်များလည်း တစ်ခုခုတော့ လွဲချော်နေပြီ ဖြစ်ကြောင်း နောက်ဆုံးတော့ သဘောပေါက်စ ပြုလာကြ၏။
သူတို့က ကိုးကွယ်ရာ အကြီးအကဲဖြစ်သူက နတ်စွမ်းအင်ပြပြီး ရီဖန်ကို အခင်းအကျင်းတစ်ခုခုသုံးကာ နယ်ပယ်အားလုံးရှေ့တွင် သူတို့ဂိုဏ်း၏ အင်အားကို ထုတ်ဖော်ပြသတော့မည်ဟု စောင့်မျှော်နေခဲ့ကြသည် မဟုတ်လား။
ဒါပေမဲ့... ဘယ့်နှယ် အကြီးအကဲရဲ့ အမူအရာမှာ ကြောက်ရွံ့မှု အရိပ်အယောင်တွေကို မြင်နေရပါလိမ့်။ ရီမိသားစုခေါင်းဆောင်ကို ကြောက်နေတာလား။
*မဟုတ်သေးဘူးလေ... ငါတို့အကြီးအကဲက အခုမှရောက်လာတာ၊ ရီမိသားစုခေါင်းဆောင်ကို သိတောင်မသိလောက်ဘူး မဟုတ်လား။ ဒါပေမဲ့ ဒီပုံစံက... လူစိမ်းတွေရဲ့ပုံစံ လုံးဝမဟုတ်ဘူး။*
လူတိုင်း၏ နှလုံးသားထဲတွင် မသက်မသာဖြစ်မှုများက တဖြည်းဖြည်း လည်ပတ်လာသည်။
တစ်ခုခုတော့... အကြီးအကျယ် လွဲနေပြီ။
"မိတ်ဆွေ... ခင်ဗျားကို တွေ့ရတာတော့ ကျွန်တော့်အတွက် တစ်စက်ကလေးမှ ပျော်စရာမကောင်းဘူးဗျ။"
စွမ်းအင်လှိုင်းများ ချက်ချင်းထွက်ပေါ်လာသည်။
တိမ်တိုက်တို့၏ အရှင်သခင်ကို ဝန်းရံသွား၏။
သူသာ အနည်းငယ်လှုပ်ရှားကြည့်စမ်းပါ။
ရီဖန်၏ မိုးကြိုးပစ်သည့်အလား တုံ့ပြန်မှုကို ခံစားရလိမ့်မည်။
တိမ်တိုက်တို့၏ အရှင်သခင်သည် စွအ်းအား ကြီးမြတ်သော်လည်း၊ ထိုစွမ်းအားမှာ အခြားစစ်မှန်သော
နတ်ဘုရားများ၏ မျက်စိထဲတွင်သာ ဖြစ်၏။
ရီဖန်၏ ရှေ့မှောက်တွင်တော့ သူသည် မလုံလောက်သေးပေ။
နှစ်များတစ်လျှောက်လုံး ရီဖန်သည် တိုးတက်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ပို၍သာ အစွမ်းထက်လာခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့် မတက်သေးသော်ငြားလည်း၊ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှလောက် တိုးတက်လာသည်ကို ဘယ်သူမှ မသိနိုင်ပေ။
ကောင်းကင်ဘုံနတ်ဆိုးသာ ယခုအချိန်တွင် ပေါ်လာရဲလျှင်၊ ရီဖန်သည် ထိုသူ ပြန်မသွားနိုင်ရန် အသေအချာ စွမ်းဆောင်ပေလိမ့်မည်။
ကံမကောင်းစွာပင်၊ ကောင်းကင်ဘုံနတ်ဆိုးသည် ထိုတစ်ကြိမ်ဖြစ်ရပ်ပြီးနောက် ခြေရာတစ်ခုမကျန် ပျောက်ကွယ်သွားခဲ့ပြီး ယနေ့တိုင် ပေါ်မလာခဲ့တော့ချေ။
ရီဖန်၏ ပစ်မှတ်ဖြစ်နေသော တိမ်တိုက်တို့၏ အရှင်သခင်သည် ယခုအခါ အတိုင်းအဆမရှိသော ဖိအားကို ခံစားနေရသည်။
ရီဖန်ပြသလိုက်သော စွမ်းအားမှာ သူထင်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။
*ဒီနေ့သာ ငါ မလွတ်နိုင်ရင်... တကယ် သေရတော့မှာပဲ။*
အောင်မြင်စွာ ပြန်လည်ဝင်စားပြီးမှတော့ တိမ်တိုက်တို့၏ အရှင်သခင်သည် သေချင်စိတ် လုံးဝမရှိပေ။
သို့သော် ရီဖန်ဘက်တွင်တော့ ဟန်ဆောင်လိမ်ညာမှုက လုံးဝတိုးမည်မဟုတ်။
သူ၏စိတ်အစဉ်ထဲတွင် အတွေးများ လျင်မြန်စွာပြေးလွှားပြီးနောက်၊ တိမ်တိုက်တို့၏ အရှင်သခင်သည် အပြည့်အဝ အရှုံးပေးလိုက်တော့သည်။
"မိတ်ဆွေ... ခင်ဗျားရဲ့တောင်းဆိုချက်က ဘာပဲဖြစ်ဖြစ် ပြောသာပြောပါ၊ ကျုပ်လုပ်ပေးနိုင်တာမှန်သမျှ အကုန်သဘောတူပါ့မယ်။"
ဤစကားထွက်လာသည်နှင့်တစ်ပြိုင်နက်၊ လက်မှုပညာနတ်ဘုရားဂိုဏ်းမှ စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်များမှာ လုံးဝမျှော်လင့်ချက်မဲ့သွားကြသည်။
သူတို့က ကိုယ့်သေတွင်းကိုယ်တူးပြီး အိမ်တိုင်ရာရောက် လာပို့ကြသည်ပင်။
သူတို့ မျှော်လင့်ချက်
အကြီးအကျယ်ထားခဲ့သော ကိုးကွယ်ရာအကြီးအကဲက ရီမိသားစုခေါင်းဆောင်ထံတွင် အသက် ချမ်းသာပေးဖို့ တောင်းပန်နေရသည်တဲ့။
*အကြီးအကဲ... ခင်ဗျား ကျွန်တော်တို့ကို ဒုက္ခပေးတော့မှာပဲ။*
*ငါတို့ရဲ့ အကြီးအကဲက ဒီလောက်တောင် အားနည်းတယ် ဆိုတာသာ သိခဲ့ရင်၊ ရီမိသားစုကို ဒုက္ခပေးဖို့ဆိုတဲ့ စိတ်ကူးမျိုးကို ယောင်လို့တောင် မတွေးပါဘူးကွာ*
*အခုတော့ ကြည့်စမ်း... ဂုဏ်သိက္ခာလည်း ဆုံးပြီ၊ အသက်ရှင်ရက် ပြန်သွားရဖို့တောင် မလွယ်တော့ဘူး။*
ရီဖန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တိမ်တိုက်တို့၏ အရှင်သခင်ကို ခဏတာ အကဲခတ်လိုက်သည်။
*ပြီးခဲ့တဲ့ တစ်ခေါက်က နည်းနည်း စုတ်ပြတ်သွားပေမဲ့ ဒီမြေခွေးအိုကြီးဆီမှာ တန်ဖိုးရှိတဲ့
ပစ္စည်းတွေ အများကြီး ရှိနေဦးမှာပဲ။*
"ခင်ဗျားအသက်က ဘယ်လောက်တန်သလဲ။"
ရီဖန်က ဈေးနှုန်း မဖြတ်ဘဲ တိမ်တိုက်တို့၏ အရှင်သခင်ကိုယ်တိုင် ဈေးဖြတ်ရန် စောင့်နေလိုက်သည်။
ကိုယ့်အသက်အတွက်တော့ တိမ်တိုက်တို့၏ အရှင်သခင်သည် အနည်းငယ်မျှပင် နှမြောမနေဘဲ၊ သူ၏ ဥစ္စာပစ္စည်းအားလုံးကို မဆိုင်းမတွ ထုတ်ပြလိုက်၏။
ဒီအချိန်မှာတော့ ထိုအရာတွေကို ငဲ့ညှာနေလို့ မဖြစ်တော့။
သူသာ သေသွားလျှင် ထိုပစ္စည်းများအားလုံးက ရီဖန်လက်ထဲသို့သာ ရောက်သွားမည် ဖြစ်ရာ၊ ရိုးရိုးသားသား ထုတ်ပြလိုက်ခြင်းက ပိုကောင်းသည် မဟုတ်လား။
ကောက်ကျစ်စဉ်းလဲသော ဝါရင့်ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တိမ်တိုက်တို့၏ အရှင်သခင်တွင် ဤမျှလောက်သော အသိစိတ်တော့ ရှိနေပါသေးသည်။
"မလုံလောက်သေးဘူး။"
တိမ်တိုက်တို့၏ အရှင်သခင်၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မျက်ဝန်းများအလယ်တွင် ရီဖန်က ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
မျှော်လင့်ချက်တို့ တစ်စစီ ကြေမွသွားသည်။
"ခင်ဗျား တကယ့်တကယ် ဘာလိုချင်တာလဲ။"
တိမ်တိုက်တို့၏ အရှင်သခင်က သူ့မေးခွန်းကို ထုတ်မေးလိုက်သည်။
ရီဖန်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိရမည်ဟု သူသိသည်။
မဟုတ်လျှင် ရီဖန်သည် ဤမျှကြာအောင် စကားပြောမနေဘဲ တိုက်ရိုက်လက်စတုံးလိုက်မည်သာ။
"ခင်ဗျားကို လိုချင်တယ်။"
ရီဖန်က သူ၏ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ဖွင့်ဟလိုက်လေပြီ။
ဤစကားကို ကြားလိုက်ရသည့်အခါ၊ လုံးဝစိတ်ဓာတ်ကျနေပြီဖြစ်သော တိမ်တိုက်တို့၏ အရှင်သခင်ပင် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
*သူ... ငါ့ကို လိုချင်တယ်!*
*ငါ့ကို...။*
*ငါ့လို အဘိုးကြီးတစ်ယောက်ဆီမှာ ဘာများမက်မောစရာရှိလို့လဲ။*
*မဟုတ်မှလွဲရော... ဒီနာမည်ကျော် ရီမိသားစုခေါင်းဆောင်က... အဲ့ဒီလိုလူစားမျိုးလား။*
*သေပြီ။ ငါ့ဘဝရဲ့ ဂုဏ်သတင်းက ဒီနေရာမှာပဲ ဒီလိုအရှက်တရားနဲ့ အဆုံးသတ်ရတော့မှာလား။*
သေခြင်းတရား၏ ခြိမ်းခြောက်မှုကပင် တိမ်တိုက်တို့၏ အရှင်သခင်ကို ဤမျှလောက် ကြောက်ရွံ့စေခဲ့ဖူးခြင်းမရှိပေ။
*ငါသာ လက်ခံလိုက်ရင် အသက်ချမ်းသာရနိုင်မလား။*
*မဟုတ်ဘူး... မဟုတ်ဘူး... ရီမိသားစုခေါင်းဆောင်က တကယ်သာ ဒီလိုလူစားမျိုးဆိုရင် သူလျှို့ဝှက်ချက်ကို ဘယ်တော့မှ အပြင်ထွက်မခံလောက်ဘူး။ ငါ... ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲ။*
တိမ်တိုက်တို့၏ အရှင်သခင်သည် အရမ်းကာရောတွေးတောရင်း သူ၏အကြည့်များက ပို၍ထူးဆန်းလာကာ ပို၍ပင် မျှော်လင့်ချက်မဲ့လာခဲ့သည်။
ရီဖန်က တိမ်တိုက်တို့၏ အရှင်သခင်၏ မျက်လုံးထဲမှ အကြည့်ကိုမြင်သည်နှင့် သူဘာတွေးနေသည်ကို ချက်ချင်းနားလည်သွားကာ တုန်လှုပ်သွားသည်။
*တောနက်ကြီးကမ္ဘာက ဒီလောက်တောင် ပွင့်လင်းလွတ်လပ်သလား။*
*ဒီအဘိုးကြီး... သူ့အတွေးတွေက တော်တော်ခေတ်ရှေ့ပြေးနေပါလား။*
*ငါကိုယ်တိုင်တောင် မတွေးရဲတဲ့အရာတွေကို သူက သူ့ခေါင်းထဲမှာ အပြည့်အစုံ ပုံဖော်နေနိုင်ပါလားဟေ။*
သူ၏ အပြစ်ကင်းစင်မှုကို ကာကွယ်ရန်အတွက် ရီဖန်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ခင်ဗျားကို ရီမိသားစုအတွက် နှစ်တစ်သိန်းကြာအောင် လက်နက် ပညာရှင်တွေ မွေးထုတ်ပေးဖို့ လိုတယ်။"
တိမ်တိုက်တို့၏ အရှင်သခင်က ရီမိသားစုအတွက် စိတ်ရင်းမှန်ဖြင့် လက်နက် ပညာရှင်များ မွေးထုတ်ပေးစေရန်၊ ရီဖန်သည် သူ့ကို လုံးဝမျှော်လင့်ချက်မဲ့သွားစေရန် မလုပ်နိုင်ဘဲ၊ မျှော်လင့်ချက်အနည်းငယ်တော့ ပေးထားရပေမည်။
နှစ်တစ်သိန်းဆိုသည်မှာ စစ်မှန်သောနတ်ဘုရားတစ်ပါးအတွက် အလွန်ရှည်ကြာသော အချိန်တော့မဟုတ်ပေ။
နှစ်တစ်သိန်းနှင့် အသက်တစ်ချောင်း လဲလှယ်ရခြင်းမှာ အတော်ပင် တန်လေသည်။
နှစ်တစ်သိန်းကြာပြီးနောက် တိမ်တိုက်တို့၏ အရှင်သခင်က ရီမိသားစုမှ ထွက်ခွာချင်ဦးမည်လား ဆိုသည်မှာတော့ မသေချာပေ။
ရီဖန်က ရီမိသားစု၏ ဆွဲဆောင်နိုင်စွမ်းအပေါ် အလွန်ပင် ယုံကြည်ချက်ရှိသည်။
နောက်ဆုံးတော့ ရီမိသားစုသို့ ဝင်ရောက်ပြီးသူတိုင်း ဘယ်တော့မှ ထွက်ခွာချင်စိတ်မရှိခဲ့ကြပေ။
ရီဖန်၏စကားကြောင့် တိမ်တိုက်တို့၏ အရှင်သခင်၏ မျက်နှာအိုကြီးပေါ်တွင် ရှက်သွေးများ ပြေးတက်သွားသည်။
ထိုအခိုက်အတန့်တွင် သူအတွေးလွန်သွားမှန်း တိမ်တိုက်တို့၏ အရှင်သခင် သဘောပေါက်လိုက်သည်။
*ဒါဆို... စိတ်မမှန်တဲ့ကောင်က ငါကိုး။*
သို့သော် ရီဖန်၏အဖြေစကားကြောင့် တိမ်တိုက်တို့၏ အရှင်သခင် သက်ပြင်းချနိုင်သွားသည်။
ရီဖန်တွေးထားသည့်အတိုင်းပင် နှစ်တစ်သိန်းဆိုသည်မှာ စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်တစ်ဦးအတွက် အလွန်ရှည်ကြာသောအချိန် မဟုတ်ပေ။
"မင်းကို သဘောတူနိုင်တယ်၊ ဒါပေမဲ့ ကျုပ်မှာ အခြေအနေတစ်ခုရှိတယ်။"
တိမ်တိုက်တို့၏ အရှင်သခင်က အသက်ကို ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်။
အခြေအနေတစ်ခု ဟုတ်လား။
ရီဖန်က သူ့ခေါင်းကိုမော့ကာ တိမ်တိုက်တို့၏ အရှင်သခင်ကို ဆက်ပြောရန် အမူအရာ ပြလိုက်သည်။
အရည်အချင်းရှိသူများနှင့် ပတ်သက်လာလျှင် ရီဖန်သည် အလွန် စိတ်ရှည်သူ ဖြစ်လေသည်။
“မင်းအနေနဲ့ ကျုပ်ရဲ့ လက်မှုပညာနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေရဲ့အသက်ကို ချမ်းသာပေးစေချင်တယ်။"
ဤသို့ ပြောပြီးနောက် တိမ်တိုက်တို့၏ အရှင်သခင်သည် ရီဖန်ကို စိုးရိမ်တကြီး မျက်နှာဖြင့် ကြည့်ရင်း သူ သဘောတူရန် မျှော်လင့်နေခဲ့သည်။
ဤလက်မှုပညာနတ်ဘုရားဂိုဏ်းသားများသည် သခင်ကိုသစ္စာဖောက်ပြီး ဘိုးဘေးများကို ဒေါသထွက်စေသည်ဟု သံသယရှိခံရသော်လည်း၊ သူတို့သည် သူ့ကို မရေမတွက်နိုင်သော နှစ်များတစ်လျှောက်လုံး စောင့်ဆိုင်းခဲ့ကြသည် မဟုတ်လား။
အခုမှ ဒီလောကထဲ ပြန်ရောက်လာပြီး ကိုယ့်မျိုးဆက်တွေ အသတ်ခံရတာကိုတော့ ဒီအတိုင်းကြည့်မနေနိုင်။
တိမ်တိုက်တို့၏ အရှင်သခင်၏ အခြေအနေကို ကြားရသောအခါ လက်မှုပညာနတ်ဘုရားဂိုဏ်းမှ စစ်မှန်သောနတ်ဘုရားများမှာ မျက်ရည်များပင် ဝဲသွားကြသည်။
*ဒီလိုအချိန်မှာတောင် ငါတို့ဘိုးဘေးက ငါတို့အတွက် စဉ်းစားပေးနေတုန်းပါလား။ ငါတော့ ငိုချင်လာပြီ။*
ရီဖန်သည်လည်း လက်မှုပညာနတ်ဘုရားဂိုဏ်းကို အင်အားစုတစ်ခုအဖြစ် သတိပြုမိထားသည်။
သူတို့အားလုံးသည် လက်နက် သွန်းလောင်းခြင်းတွင် ကျွမ်းကျင်သူများဖြစ်ရာ ရီမိသားစုအတွက် လုပ်အားများစွာ တိုးပွားစေနိုင်သည်။ သူတို့ကို ထားရှိခြင်းက အလဟဿ မဖြစ်ပေ။
"ခင်ဗျားတို့ အသက်ရှင်ခွင့်ရမယ်၊ ဒါပေမဲ့ ခင်ဗျားလိုပဲ ရီမိသားစုအတွက် နှစ်တစ်သိန်းကြာအောင် လက်နက် သန့်စင်ပေးရမယ်။"
"ကျွန်တော်တို့ သဘောတူပါတယ်! သဘောတူပါတယ်!"
လက်မှုပညာနတ်ဘုရားဂိုဏ်းမှ စစ်မှန်သောနတ်ဘုရားများက ရီဖန်စကားဆုံးရန်ပင် မစောင့်ဘဲ အလောတကြီး သဘောတူလိုက်ကြသည်။
အသက်ရှင်သန်ခွင့်အတွက် နှစ်တစ်သိန်း အလုပ်လုပ်ရခြင်းမှာ ပေးရမည့် တန်ဖိုးအနည်းငယ်မျှသာ ဖြစ်ရာ သူတို့ လုံးဝသဘောတူကြပါသည်။
မကြာမီ၊ လက်နက် သန့်စင်ခြင်းဂိုဏ်းခွဲ၏ ခေါင်းဆောင် ရီကျင်းလုံ ထွက်လာပြီး ထိုအဖွဲ့ကို အရွက်တစ်ထောင်မြို့တော်သို့ ခေါ်ဆောင်သွားသည်။
သူတို့သည် အကျဉ်းသားများဖြစ်သည်ကို ထောက်ဆ၍၊ ရီမိသားစုက အပြည့်အဝလက်မခံသေးသဖြင့် ကန့်သတ်ချက်များမှာတော့ လိုအပ်နေဆဲဖြစ်သည်။
ပြင်းထန်ရမည့် တိုက်ပွဲတစ်ခုကို ရီဖန်က ဤမျှလွယ်ကူစွာ ဖြေရှင်းလိုက် လေသည်။
ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော စကြဝဠာလေဟာနယ်မှ ကျင့်ကြံသူများမှာ လုံးဝပင် ကြက်သေသေသွားကြသည်။
သူတို့၏ အင်အားစုအများစုထက်ပင် ပိုမိုအားကောင်းသော လက်မှုပညာနတ်ဘုရားဂိုဏ်းသည် ရီမိသားစု၏ လက်ထဲသို့ ဤမျှလွယ်ကူစွာ ကျရောက်သွားခဲ့သည်။
ထိုမျှမက သူတို့၏ဘိုးဘေးသည်ပင် ရီမိသားစုအတွက် လစာမဲ့ နှစ်တစ်သိန်း အလုပ်လုပ်ပေးရမည်တဲ့လား။
ဖူရန်စစ်မှန်သောနတ်ဘုရား၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိသော စစ်မှန်သောနတ်ဘုရားများမှာ ပို၍ပင် အံ့အားသင့်ကြရသည်။
ဖူရန်စစ်မှန်သောနတ်ဘုရားသည် တောနက်ကြီးခေတ်မှ ပြန်လည်ဝင်စားသူ၊ တကယ့်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သော်လည်း၊ ရီဖန်ကို အလွန်ကြောက်ရွံ့သဖြင့် မတိုက်ခိုက်ရဲဘဲ အပြည့်အဝ အညံ့ခံလိုက်သည်။
ဒီရီမိသားစုခေါင်းဆောင်က ဘယ်လောက်တောင် အစွမ်းထက်နေပါလိမ့်။
ဘိုးဘေးပြန်လည်မွေးဖွားလာပြီးနောက် ရီမိသားစုကို လှုပ်ရှားမှုတစ်ခုခုလုပ်ရန် စဉ်းစားနေခဲ့သော အင်အားစုများသည် ရုတ်တရက် အလွန်သတိကြီးစွာ ထားလိုက်ကြသည်။
ရီမိသားစုကို ကြံစည်ဖို့ နေနေသာသာ၊ သူတို့ဘိုးဘေးသာ ပြန်လာပြီးနောက် ရီမိသားစုကို စိတ်ဝင်စားမှုပြလာလျှင် ဘိုးဘေးကို တားမြစ်ရမည်ဟု လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် လက်မှုပညာနတ်ဘုရားဂိုဏ်းကဲ့သို့ ရီမိသားစုအတွက် အလကား နှစ်တစ်သိန်း အလုပ်လုပ်ပေးရသည့်ဘဝမျိုး မရောက်ချင်ကြပေ။
တောနက်ကြီးခေတ်တွင် သူတို့သာ ရီမိသားစုအတွက် အလုပ်လုပ်ပေးရမည်ဆိုလျှင် ကျင့်ကြံခြင်းတိုးတက်မှုကို နှောင့်နှေးစေလိမ့်မည်။
သို့သော် သူတို့ မသိသောအရာမှာ တစ်ခါတစ်ရံ ရီမိသားစုအတွက် အလုပ်လုပ်ပေးခြင်းသည် သူတို့ တောင်းဆိုလျှင်တောင် မရနိုင်သော အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်ဆိုခြင်းပင်။
အခြားတစ်နေရာတွင်တော့ ရီဖန်သည် ဖူရန်စစ်မှန်သောနတ်ဘုရားနှင့် အခြားသူများကို ပန်ကုစကြဝဠာထဲသို့ ခေါ်ဆောင်သွားနှင့်ပြီ ဖြစ်သည်။
မူလကျောက်စိမ်းလိပ်ပြာဘေးတွင် တွေးတောဆင်ခြင်ခြင်းသည် အလျင်မြန်ဆုံး တိုးတက်မှုကို ရရှိနိုင်သော နေရာပင် ဖြစ်လေသည်။