ဇာတ်သိမ်းပိုင်းကြီး၊ ဖရိုဖရဲ နယ်မြေ (၅)...
Vol. 43 Ch. 643-Final
~ကောင်းကင်ဘုံနတ်ဆိုးသည် ရီဖန်၏ တည်ရှိမှုကို သတိပြုမိသွားသည့်အခါ သူ၏မျက်မှောင်တို့သည် အလိုလို ကြုတ်သွားသည်။
သူ... ရီဖန်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်...။
ဒါ လုံးဝ အဓိပ္ပာယ်မရှိ။
သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် တောနက်ကြီးတစ်ခုလုံးတွင် သူ မမြင်နိုင်သော၊ မထွင်းဖောက်နိုင်သော ပုဂ္ဂိုလ်တစ်ဦးမျှ ရှိမနေသင့်တော့ပေ။
*ဟုတ်တယ်၊ ဒါတွေအားလုံးက အထင်အမြင်မှားနေတာပဲ ဖြစ်ရမယ်။*
သူ ကောင်းကင်ဘုံလမ်းကြောင်းတရားကို မျိုချပြီး သူ့ကိုတားဆီးနိုင်မည့်သူ ဘယ်သူမှ မရှိတော့ဘူး။
"ချန်ရီ... ငါတို့ ပြန်တွေ့ကြမယ်လို့
ငါ ထင်တောင် မထင်ခဲ့ဘူး။"
ကောင်းကင်ဘုံနတ်ဆိုး၏ လေသံထဲတွင် ယုံကြည်မှုတို့ ပြည့်နှက်နေသည်။
"ဟုတ်တယ်၊ ပြန်တွေ့ကြတာပေါ့။"
ရီဖန်က ကောင်းကင်ဘုံနတ်ဆိုးကို လုံးဝပင် ဂရုမစိုက်။ သူ၏လက်ကို အသာဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဘုံနတ်ဆိုး၏ အရှိန်အဝါတို့သည် ချက်ချင်းပင် လွင့်ပြယ်သွားတော့သည်။
ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် ရီဖန်သည် သူမည်မျှထူးကဲကြောင်းကို ပြသလိုက်လေ၏။
အနည်းဆုံးတော့... သူသည် ကောင်းကင်ဘုံနတ်ဆိုးထက် အားနည်း မည်မဟုတ်။
သို့မဟုတ်လျှင် ကောင်းကင်ဘုံနတ်ဆိုး၏ ဩဇာလွှမ်းမိုးမှုကို ဤမျှလွယ်ကူစွာ သူဖယ်ရှားနိုင်မည်မဟုတ်ပေ။
ဤအဖြစ်အပျက်က လူတိုင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ကို ပြန်လည်မွေးဖွားပေးလိုက်တော့သည်။
ရီဖန်သာ ကောင်းကင်ဘုံနတ်ဆိုးကို တားဆီးထားနိုင်သမျှ ကာလပတ်လုံး သူတို့တွင် အသက်ရှင်သန်ရန် မျှော်လင့်ချက် ရှိနေသေးသည်။
အသက်ရှင်ခွင့်ရှိပါလျက် မည်သူက သေခြင်းတရားကို တောင့်တမည်နည်း။
"မင်း... တကယ်ပဲ ဘယ်သူလဲ။"
ကောင်းကင်ဘုံနတ်ဆိုးသည် နောက်ဆုံးတွင် ရီဖန် မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်လာသည်။
ဤသို့သောအစွမ်းသည် သာမန်လူတစ်ယောက် ရရှိနိုင်သောအရာ မဖြစ်သင့်ပေ။
မဟုတ်ဘူး... ပြန်လည်ဝင်စားသူများအတွက်ပင်လျှင် ဤအချိန်တွင် ဤမျှအားကောင်းနေရန် မဖြစ်သင့်။
ရှေးဟောင်းတောနက်ကြီးခေတ်မှ ဟုန်ယွမ်နယ်ပယ် ကျင့်ကြံသူခြောက်ဦးလုံးသည် သူ၏ ပေါင်းစည်းခြင်းကာလအတွင်း ယဇ်ပူဇော်ခံခဲ့ရပြီးဖြစ်ရာ ပြန်လည်အသက်ရှင်နိုင်စွမ်း မရှိသင့်တော့ပေ။
ရီဖန်က... တကယ်တော့ ဘယ်သူလဲ။
"ငါဘယ်သူလဲ ဟုတ်လား။ ပြောရမယ်ဆိုရင် မင်း အခု သောင်းကျန်းနေတဲ့ နေရာက ငါ့နယ်မြေပဲ။"
"ဒါပေမဲ့ ငါက ပြန်လည်ဝင်စားသူတော့မဟုတ်ဘူး။ အမွေဆက်ခံသူလို့ ခေါ်သင့်တယ်ထင်တယ်။"
ရီဖန် လျှို့ဝှက်ဆန်းကြယ်သော
နေရာလွတ်မှ ထွက်ခွာလာသည့် အချိန်တွင် သူ၏ ဇာစ်မြစ်ကို နားလည်ပြီးသား ဖြစ်နေခဲ့သည်။
ကောင်းကင်ဘုံလမ်းကြောင်းတရား... သို့မဟုတ် ပန်ကုဟု ဆိုရမည်လော...
သူသည် သူ၏ ကျဆုံးမှုအတွက် ကြိုတင်တိုင်းတာမှုများ ပြုလုပ်ထားခဲ့သည်။
တောနက်ကြီးသည် မတွန်းလှန်နိုင်သော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ၊ ကောင်းကင်ဘုံလမ်းကြောင်းတရားသည် သူ၏နောက်ဆုံးစွမ်းအားကိုသုံး၍ အမွေဆက်ခံသူတစ်ဦးကို ရွေးချယ်လိမ့်မည်။
ထိုအမွေဆက်ခံသူမှာ ရီဖန်ပင် ဖြစ်သည်။
သို့သော် ဤစနစ်အကြောင်းကိုတော့ ရီဖန် နားမလည်သေးပေ။ ဖြစ်နိုင်သည်မှာ ၎င်းသည် ပိုမိုမြင့်မားသော စွမ်းအားအဆင့်တစ်ခုမှ လာခြင်းဖြစ်နိုင်သည်။
တိုက်ဆိုင်မှုအားလုံးသည် ကောင်းကင်ဘုံလမ်းကြောင်းတရားက ဖန်တီးထားသော ကြိုတင်သတ်မှတ်လမ်းကြောင်းတစ်ခုမျှသာ ဖြစ်လေ၏။
သို့သော် ရီဖန်၏ စွမ်းအားကြီးထွားလာမှုမှာတော့ ကောင်းကင်ဘုံလမ်းကြောင်းတရား၏ မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့သည်။
"ဟမ့်... ဘာအမွေဆက်ခံသူလဲ၊ ဘာပြန်လည်ဝင်စားသူလဲ၊ ဘယ်သူမှ ငါ့ကို တောနက်ကြီးတစ်ခုလုံး ဝါးမြိုတာကနေ မတားနိုင်ဘူး”
ကောင်းကင်ဘုံနတ်ဆိုး၏ စွမ်းအားသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါက်ကွဲထွက်လာသည်။
ယခင်က သူ ပြသခဲ့သည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ရီဖန်၏ တည်ရှိမှုက သူ့ကို ကြီးမားသော ဖိအားအောက်သို့ သက်ရောက်စေသည်။
ရီဖန်ကိုသာ မဖယ်ရှားနိုင်လျှင် သူ၏ ရည်မှန်းချက်ကို ဘယ်တော့မှ အောင်မြင်နိုင်မည် မဟုတ်ပေ။
“သေစမ်း”
ကောင်းကင်နတ်ဆိုးကမ္ဘာ။
အဆုံးမရှိသော ကောင်းကင်ဘုံနတ်ဆိုးများသည် ရီဖန်ထံသို့ တရကြမ်း ပြေးဝင်တိုက်ခိုက်လာကြသည်။
သူ့ကို လုံးဝ ဝါးမြိုရန် ကြံရွယ်ကြ၏။
သို့သော် ရီဖန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့်...
၎င်းတို့၏ စွမ်းအားအားလုံးကို လွင့်ပျောက်ကွယ်သွားစေသည်။
အမွေဆက်ခံသူဟု ခေါ်တွင်ခံရသူမှာ တောနက်ကြီးမှ လူသားအားလုံး၏ အမွေဆက်ခံသူ ဖြစ်လေသည်။
ရီဖန်၏ လက်ရှိ စွမ်းအားနှင့်ဆိုလျှင် တောနက်ကြီးတစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။
ကောင်းကင်ဘုံနတ်ဆိုးသည် အပြင်လူတစ်ဦးဖြစ်သော်လည်း၊ တောနက်ကြီးကို ထိန်းချုပ်ထားသော ရီဖန်ကို သူက မည်သို့ ထိခိုက်နိုင်မည်နည်း။
"ငါ ဒီလို ဖြစ်မယ်လို့ မယုံဘူး။"
သူ၏ပရိယာယ်များအား ဤမျှလွယ်ကူစွာ
ရီဖန်က ချေဖျက်လိုက်သဖြင့် ကောင်းကင်ဘုံနတ်ဆိုးသည် ပို၍ပင် မတည်မငြိမ်ဖြစ်လာသည်။
သူသည် အစွမ်းထက်သော နည်းလမ်းအမျိုးမျိုးကို တစ်ခုပြီးတစ်ခု ထုတ်သုံးသည်။
သို့သော် အားလုံးမှာ အချည်းနှီးသာ။
"အားး…ငါ မင်းကိုသတ်မယ်... သတ်မယ်။"
ရာစုနှစ်များစွာ ကြိုတင်ပြင်ဆင်ခဲ့မှုများ...။
ယခုအခါ ရှုံးနိမ့်မည့်အရေးနှင့် ရင်ဆိုင်နေရပြီ။
ကောင်းကင်ဘုံနတ်ဆိုး၏ ခိုင်မာသောကျင့်ကြံခြင်း နှလုံးသားနှင့်ပင် ၎င်းကို လက်မခံနိုင်ခဲ့။
သူ၏အတွင်းစိတ်သည် တဖြည်းဖြည်း ပြိုလဲပျက်စီးလာခဲ့သည်။
ရီဖန်ဘက်တွင်တော့ သူသည် ကောင်းကင်ဘုံနတ်ဆိုးနှင့် ဆော့ကစားရန် စိတ်မရှည်တော့ပေ။
လောကစွမ်းအား... ထိန်းချုပ်ခြင်း။
ကောင်းကင်ဘုံနတ်ဆိုးသည် သူ၏စွမ်းအားများ တဖြည်းဖြည်း ဆွဲထုတ်ခံနေရသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ဝါးမြိုခဲ့သော ကောင်းကင်ဘုံလမ်းကြောင်းတရား၏ စွမ်းအားဖြစ်စေ၊ သူကိုယ်တိုင်ကျင့်ကြံခဲ့သော စွမ်းအားဖြစ်စေ၊ အရာအားလုံးသည် ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင်တော့၊ လူတိုင်းကို မျှော်လင့်ချက်မဲ့စေလောက်အောင် အစွမ်းထက်ခဲ့သော ကောင်းကင်ဘုံနတ်ဆိုးသည် သာမန်လူသားတစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
"ကောင်းကင်ဘုံနတ်ဆိုး... နောက်ဆုံးတော့ မင်းက ရှုံးနိမ့်သွားတုန်းပဲကိုး။"
ရီဖန်သည် အရာအားလုံးကို ဖြတ်သန်းပြီးဆုံးခဲ့သူတစ်ဦး၏ တည်ငြိမ်အေးစက်သော လေသံဖြင့်၊ အသည်းနှလုံးကို အစူးရှဆုံး ထိုးဖောက်နိုင်သည့် စကားလုံးများကို ဆိုလိုက်၏။
"ရီဖန်... အတိတ်က မော့ပေ ဆိုတာကို မင်းမှတ်မိသေးလား။"
ကောင်းကင်ဘုံနတ်ဆိုးသည် ငိုက်ကျနေသော သူ၏ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ သူ၏မျက်လုံးများတွင် အရာအားလုံးကို လက်လွှတ်လိုက်ပြီဖြစ်သော ပေါ့ပါးလွတ်လပ်သည့် အလင်းရောင်များ သယ်ဆောင်ထား၏။
မော့ပေ ဟုတ်လား။
ရီဖန်သည် ပန်ကုစကြဝဠာထဲတွင် သူတွေ့ခဲ့ဖူးသော ဝူရှန်းဘိုးဘေး၏ လူဝင်စားကို ရုတ်တရက် ပြန်အမှတ်ရလိုက်သည်။
"မင်း အရင်တစ်ခေါက်က ငါ့ကိုမသတ်နိုင်ခဲ့ဘူး၊ အခုလည်း မင်းငါ့ကို သတ်လို့ မရသေးဘူး။"
ကောင်းကင်ဘုံနတ်ဆိုးသည် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။ သူ၏ရယ်သံထဲတွင် အရာအားလုံးကို လက်လွှတ်လိုက်ပြီ ဖြစ်သော ရွှင်လန်းမှုတစ်ခု သိသိသာသာ ပါဝင်နေ၏။
ကောင်းကင်ဘုံနတ်ဆိုး ရယ်မောနေစဉ်၊ သူ၏ခန္ဓာကိုယ်သည် အမွှေးတိုင်တစ်တိုင်ကဲ့သို့ မီးလောင်ကျွမ်းကာ တဖြည်းဖြည်း လောင်ကျွမ်းသွားသည်။
အနက်ရောင်မီးခိုးငွေ့မျှင်မျှင်တို့သည် မည်သည့်အချိန်မဆို လွင့်ပြယ်သွားရန် အသင့်ဖြစ်နေသည့်နှယ်။
သို့သော် နောက်ဆုံးတွင်တော့ ၎င်းသည် ပန်ကုစကြဝဠာ၏ လောကအတားအဆီးကို ဖြတ်သန်းသွားသည်။
ဤသည်မှာလည်း ကောင်းကင်ဘုံနတ်ဆိုး၏ နောက်ဆုံးနည်းလမ်းပင် ဖြစ်သည်။ သူ၏ ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ကို အသုံးချ၍ အချက်ပြမှုတစ်ခု ပေးပို့ကာ ကောင်းကင်နတ်ဆိုးကမ္ဘာမှ လူများကို ဆင့်ခေါ်ခြင်းဖြစ်သည်။
ရီဖန်သည် ကောင်းကင်ဘုံနတ်ဆိုး၏ လုပ်ရပ်များကို မတားဆီးခဲ့ပေ။
"အားလုံးပဲ... စစ်ပွဲက မပြီးသေးဘူး။"
ထိုအခါ လူတိုင်း ရီဖန်၏ အကြည့်နောက်သို့ လိုက်ပါကာ တောနက်ကြီး၏ အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။
ဧရာမစစ်သင်္ဘောကြီးများသည် တောနက်ကြီးနယ်မြေသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
ထိုစစ်သင်္ဘောများပေါ်တွင် ကြမ်းတမ်းခက်ထန်သော ကောင်းကင်ဘုံနတ်ဆိုးများ ရှိနေသည်။
ကောင်းကင်နတ်ဆိုးတပ်ကြီး နီးကပ်လာသည်နှင့်အမျှ ရီဖန်၏အပြုံးမှာ ပို၍ပင် ခန့်ညားထည်ဝါလာသည်။ သို့သော် ထိုအပြုံးထဲတွင် နှစ်သန်းပေါင်းများစွာသော အထီးကျန်ခြင်းနှင့် တိုက်ပွဲများ၏ အရိပ်အယောင်တို့ ခိုအောင်းနေသယောင်ပင်။
ဟုန်ယွမ်အထက်တွင်... ဖရိုဖရဲဟု အမည်တွင်၏။
ကောင်းကင်နတ်ဆိုးတို့... အသင့်ပဲလား။
**(စာအုပ်ပြီးပါပြီ။)**
**ဘာသာပြန်ဆိုသူ၏ အမှာစကား**
ချစ်ခင်လေးစားရပါသော စာဖတ်သူမိတ်ဆွေအပေါင်းတို့ခင်ဗျာ။
ယခုအခါမှာတော့ ကျွန်တော်တို့အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ "CLAN LEADER: MY STRENGTH EQUALS TO THAT OF THE ENTIRE CLAN" ဇာတ်လမ်းကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ။
ဇာတ်လမ်းကတော့ (စာအုပ်ပြီးပါပြီ။) လို့ ဆိုထားပေမဲ့၊ တောနက်ကြီးရဲ့ ကမ္ဘာကတော့ အခုမှ အရှိန်ကောင်းလာတုန်းပဲ ရှိပါသေးတယ်။ ဖရိုဖရဲနယ်မြေရဲ့ တံခါးတစ်ချပ် ပွင့်ဟသွားခဲ့ပြီ။ ကောင်းကင်နတ်ဆိုးတို့ရဲ့ စစ်သင်္ဘောကြီးတွေကလည်း တောနက်ကြီးရဲ့ ကောင်းကင်ယံမှာ အရိပ်ထိုးလို့နေပါပြီ။ရီဖန်တစ်ယောက် သူ့မိသားစု၊ သူ့မိတ်ဆွေတွေနဲ့ ဒီစကြဝဠာကြီးတစ်ခုလုံးကို ဘယ်လိုဆက်ပြီး ကာကွယ်သွားမလဲဆိုတာကိုတော့…
ပထမဆုံးအခန်းကနေ ဒီဇာတ်သိမ်းပိုင်းကြီးအထိ မပြတ်တမ်း အားပေးဖတ်ရှုခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီကို နှလုံးသားထဲကနေ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီဇာတ်လမ်းကို ဘာသာပြန်ဆိုခဲ့တဲ့ ကာလတစ်လျှောက်လုံးဟာ ကျွန်တော့်အတွက်တော့ ဘာသာပြန်နေရုံသက်သက်မဟုတ်ဘဲ၊ ဇာတ်လိုက်ကျော် ရီဖန်ရဲ့ မဆုံးနိုင်တဲ့ စွန့်စားခန်းတွေ၊ ရီမိသားစုရဲ့ ကြီးထွားလာမှုတွေနဲ့အတူ လိုက်ပါနေခဲ့ရတဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ သူနဲ့အတူ ရင်ခုန်ခဲ့ရ၊ သူနဲ့အတူ ဒေါသထွက်ခဲ့ရ၊ သူအောင်မြင်ချိန်မှာ အတူဂုဏ်ယူခဲ့ရပြီး၊ သူဆုံးရှုံးချိန်မှာလည်း အတူတကွ ကြေကွဲခဲ့ရပါတယ်။ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ ခံစားချက်တွေကို စာဖတ်သူတွေရဲ့ ရင်ထဲရောက်အောင် အကောင်းဆုံးပုံဖော်ဖို့ ကြိုးစားရင်း၊ သူတို့ဟာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုပင် ဖြစ်လာခဲ့ပါတယ်။
ခင်ဗျားတို့ရဲ့ အားပေးစကားတွေ၊ မှတ်ချက်တွေ၊ စောင့်မျှော်နေမှုတွေဟာ ဒီခရီးရှည်ကြီးကို အဆုံးထိဆက်လျှောက်နိုင်ဖို့အတွက် အကြီးမားဆုံးသော စွမ်းအင်တွေ ဖြစ်ခဲ့ပါတယ်။
...
လေးစားစွာဖြင့်၊
**သင်တို့၏ ဘာသာပြန်ဆိုသူ**