← Chapters

"ခြိုးခြံသော" ဂိုဏ်းချုပ်များ

Vol. 8 Ch. 115

"ခြိုးခြံသော" ဂိုဏ်းချုပ်များ

Vol. 8 Ch. 115

"ဒီနေ့ လေလံပွဲကို တက်ရောက်လာကြတဲ့ လေးစားအပ်ပါသော ဂိုဏ်းချုပ်ကြီးများနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးအတွက်တော့ တကယ့်ကို အထူးအခွင့်အရေးပါပဲ"

"ဂိုဏ်းချုပ်ကွမ်းက ရှင်တို့ အားလုံးကို ကြိုဆိုတဲ့ အနေနဲ့ ကျွန်မတို့ကို အဖိုးတန်ဆုံး ပစ္စည်းတွေ ထုတ်ပြဖို့ အထူး ညွှန်ကြားထားပါတယ်"

"ကျွန်မတို့ ဒီနေ့ တင်ဆက်ဖို့အတွက် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရှားပါး စုစည်းမှုတွေကို အကုန်အစင် ထုတ်သုံးထားပါတယ် ရှင်တို့ သဘောကျနှစ်သက်မယ့် အရာ တစ်ခုခုကို တွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"အင်း မဆိုးဘူး"

သူ၏ အကိုကြီး ရုတ်တရက် မှတ်ချက်ပေးသည်ကို ကြားသောအခါ ဝူချင်းစစ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အကိုကြီး ဘာက မဆိုးတာလဲ"

"ဟို လေလံမှူးက တော်တော်လေး ကျွမ်းကျင်တယ် အနာဂတ်မှာ ငါ လေလံပွဲရုံ တစ်ခု ဖွင့်ဖြစ်ခဲ့ရင် သူ့ကို လူခေါ်ဖို့ စဉ်းစားရမယ်"

"..."

သူ၏ အကိုကြီးက ထူးခြားသည်ကို သိသော်လည်း ဝူချင်းစစ်သည် ထိုမှတ်ချက်ကြောင့် ခဏတာ မှင်သက်သွားသည်။

နောက်ဆုံးတွင် သူတို့သည် စိတ်နှလုံးပြန်ဂိုဏ်း၏ အငယ်တန်းတပည့်များသာ ဖြစ်သေးသည်။ အကိုကြီးက လေလံပွဲရုံ ဖွင့်ဖို့အထိ ဘယ်လိုလုပ် စဉ်းစားနေပြီလဲ။

သို့သော် သူ စကားစကို ဒီအတိုင်း ရပ်တန့်မထားသင့်ကြောင်း လျင်မြန်စွာ သဘောပေါက်ပြီး အလျင်အမြန် ထပ်ပြောလိုက်သည်။

"အကိုကြီးသာ လေလံပွဲရုံ ဖွင့်ရင် သူ့ထက် ပိုကောင်းတဲ့ လေလံမှူးတွေကိုတောင် သေချာပေါက် ဆွဲဆောင်နိုင်မှာပါ"

"နောက်ကျသွားပြီ"

ကျန်းပေရန်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော ဝူချင်းစစ်သည် "နောက်ကျသွားပြီ" ဆိုသည်မှာ သူ၏ မြှောက်ပင့်ပြောဆိုမှု နောက်ကျသွားသည်ကို ဆိုလိုကြောင်း နားလည်သည်။

သူသည် နာခံစွာဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားတော့သည်။

မကြာမီ ပထမဆုံး လေလံပစ္စည်းကို သယ်ဆောင်လာခဲ့သည်။

လင်နျန့်ရှန် မိတ်ဆက်စကား မစမီမှာပင် ကျန်းပေရန်သည် ၎င်းကို မှတ်မိလိုက်ပြီဖြစ်သည်။

ရာချီအရှည် ရေခဲပိုးမျှင်

'လျှို့ဝှက်လမင်းဂိုဏ်းက ရတနာလို့ ခေါ်တဲ့ ပစ္စည်း တစ်ခုဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ တကယ်ကို ထူးခြားတာပဲ'

ရာချီအရှည် ရေခဲပိုးမျှင်သည် စတုတ္ထအဆင့် ထူးဆန်းသားရဲများဖြစ်သော ရေခဲဝိညာဉ် ပင့်ကူများထံမှသာ ရိတ်သိမ်းရရှိနိုင်သော ရှားပါးပစ္စည်း တစ်ခုဖြစ်သည်။

၎င်းကို စုဆောင်းရန် ခက်ခဲရုံသာမက ရေခဲဝိညာဉ်ပင့်ကူတိုင်းက "ရာချီအရှည်" ဟူသော အမည်နှင့်ထိုက်တန်သော ပိုးမျှင်ကို မထုတ်လုပ်နိုင်ပေ။

သူတို့ထဲမှ အသန်မာဆုံးများသာလျှင် ၎င်းကို ပိုင်ဆိုင်ကြသည်။

၎င်း၏ ရှားပါးမှုကို ထောက်ရှုလျှင် ၎င်း၏တန်ဖိုးသည် သဘာဝအတိုင်းပင် မိုးထိုးနေသည်။

ရာချီအရှည် ရေခဲပိုးမျှင်မှ ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာသည် မယုံနိုင်လောက်အောင် တာရှည်ခံရုံ သာမက ထိုးဖောက်တိုက်ခိုက်မှုများကိုလည်း အလွန် ခံနိုင်ရည်ရှိပြီး ဝတ်ဆင်သူကို အတွင်းဒဏ်ရာများမှ ကာကွယ်ပေးသည်။

ထို့အပြင် ၎င်းသည် ဖြည့်စွက်ပစ္စည်းအဖြစ် အလွန်ကောင်းမွန်သော လိုက်ဖက်ညီမှုရှိပြီး ၎င်းကို ထူးထူးခြားခြား ရှားပါးသော တွေ့ရှိမှုတစ်ခု ဖြစ်စေသည်။

လင်နျန့်ရှန်သည် မကြာမီ သူမ၏ မိတ်ဆက်စကားကို အဆုံးသတ်လိုက်သော်လည်း သူမသည် ကျန်းပေရန် မျှော်လင့်ထားသည်ထက် များစွာပို၍ ချဲ့ကားပြောဆိုခဲ့ပြီး ထိုပိုးမျှင်တွင် ဝတ်ဆင်သူ၏ စိတ်ကို အမြဲ ကြည်လင်နေစေခြင်းကဲ့သို့သော အပိုဂုဏ်သတ္တိများစွာကို ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းပေရန် သိသလောက်ဆိုလျှင် ရာချီအရှည် ရေခဲပိုးမျှင်တွင် ထိုသို့သော အာနိသင်မရှိပေ။

အလွန်ဆုံးမှ ၎င်း၏ အလွန်အေးစက်မှုက အရေပြားနှင့် တိုက်ရိုက်ထိဝတ်ဆင်ပါက ဝတ်ဆင်သူကို နိုးကြားနေစေနိုင်မည်ဖြစ်သည်။

"အင်း ဟိုလေလံမှူးက တကယ်ကို တော်တော်လေး တတ်နိုင်တာပဲ"

သူ၏ အကိုကြီးက လေလံမှူးကို နောက်တစ်ကြိမ် ချီးကျူးသည်ကို ကြားသောအခါ ဝူချင်းစစ်သည် ယောက်ျားအများစုက ထိုအမျိုးသမီးကိုယ်တိုင်ကိုသာ စိတ်ဝင်စားကြသည်ဟု ယူဆမိလောက်သည်။

သို့သော် သူ၏ အကိုကြီးနှင့် ပတ်သက်လာလျှင် ထိုလေးစားမှုသည် သီးသန့် ပရော်ဖက်ရှင်နယ် ဆန်ကြောင်း သူသေချာသည်။

'ဒါဆို အကိုကြီးက ဒီလိုပုံစံမျိုးကို သဘောကျတာကိုး၊ ငါ မှတ်ထားရမယ်'

လင်နျန့်ရှန်သည် ရာချီအရှည် ရေခဲပိုးမျှင်၏ ကောင်းမြတ်ပုံများကို ချီးကျူးပြောဆိုပြီးသောအခါ လေလံဆွဲခြင်း စတင်ခဲ့သည်။

"စတင်ဈေးနှုန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပါ မီးဒြပ်စင် ဝိညာဉ်ကျောက်တုံးတွေကို နှစ်တုံးအဖြစ် သတ်မှတ်ပါတယ် တနည်းအားဖြင့် ဂုဏ်သရေရှိ ဧည့်သည်တော်များက တန်ဖိုးတူညီတဲ့ ရတနာတွေကို ကမ်းလှမ်းနိုင်ပါတယ်"

ဝူချင်းစစ်သည် မနေနိုင်ဘဲ အာမေဋိတ်ပြုလိုက်သည်။

"လျှို့ဝှက်လမင်းဂိုဏ်းရဲ့ လေလံပွဲရုံဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ ပထမဆုံး ပစ္စည်းကကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ စလိုက်တာပဲ"

ကျန်းပေရန်ပင်လျှင် ၎င်းမှာ အလွန်အကျွံဖြစ်သည်ဟု ထင်မိသည်။

သူသည် ယခင်က လေလံပွဲ တစ်ခါမျှ မတက်ဖူးသော်လည်း လေလံပွဲရုံ အများစုအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် စျေးသတ်မှတ်ထားသော ပစ္စည်းများသည် နောက်ဆုံးပိတ်ပစ္စည်းများ သို့မဟုတ် အနည်းဆုံး ဒုတိယပိုင်းအတွက် ချန်ထားသော ပစ္စည်းများဖြစ်ကြောင်း သူသိသည်။

သို့သော် လျှို့ဝှက်လမင်းဂိုဏ်းမှာမူ သူတို့၏ အကောင်းဆုံးကတ်များကို အစကတည်းက ထုတ်သုံးနေသည်။

နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများအတွက်ပင် အကြွင်းမဲ့ ဇိမ်ခံပစ္စည်းများဖြစ်သည်။

အနက်ရောင်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူများအတွက် သင့်တော်သော အရည်အသွေးကောင်းနှင့် အဆင့်မြင့်လက်နက်များကို ရွှေနှင့်ငွေဖြင့် စျေးသတ်မှတ်ကြသည်။

ပြိုင်စံရှားအဆင့် လက်နက်များသာလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို တောင်းဆိုနိုင်သည်။

ကျန်းပေရန် သံသယဝင်သည်မှာ လျှို့ဝှက်လမင်းဂိုဏ်း၏ လေလံပွဲရုံပင်လျှင် ပုံမှန်အားဖြင့် ဒီသို့လုပ်ဆောင်မည် မဟုတ်ပေ။

သို့သော် ယနေ့ညတွင် အနက်ရောင်ဘုရင်များနှင့် အနက်ရောင်ဧကရာဇ်များပင် တက်ရောက်နေသောကြောင့် ရွှေနှင့်ငွေမျှဖြင့် ဝယ်ယူနိုင်သော ရတနာများကို ကမ်းလှမ်းခြင်းသည် အလွန်အမင်း သိက္ခာကျဖွယ် ဖြစ်ပေလိမ့်မည်။

ကျန်းပေရန် ဒီသို့တွေးတောနေစဉ်မှာပင် ကျယ်လောင်သော အသံတစ်သံက လေလံခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

"ငါ အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး နှစ်တုံး ကမ်းလှမ်းတယ်"

ခဏအကြာတွင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။

"မီးဝိညာဉ်ကျောက်တုံး သုံးတုံး"

'အထင်ကြီးစရာပဲ၊ အဓိကပုဂ္ဂိုလ်ကြီးတွေဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ အသေးအဖွဲ တိုးခြင်းတွေကို ကျော်သွားပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အလုံးလိုက်နဲ့ တန်းသွားတာပဲ'

မကြာမီ ရာချီအရှည် ရေခဲပိုးမျှင်၏ စျေးနှုန်းသည် အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်နှစ်တုံးအထိ မြင့်တက်သွားသည်။ ၎င်းမှာ ၎င်း၏ပေါက်စျေးထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။

သို့သော် ထိုသို့သော ပရီမီယံပစ္စည်းများသည် အများပြည်သူ ဈေးကွက်တွင် ရှားရှားပါးပါးသာ ရရှိနိုင်သည်။

ဝူချင်းစစ်သည် မအီမသာဖြင့် လှုပ်ရှားနေသည်။

သူသည် သူ၏ အကိုကြီးကို ရတနာကောင်းအချို့ ဝယ်ရန် ဒီနေရာသို့ ဖိတ်ခေါ်ခဲ့သော်လည်း ယခုအခါ သူတို့သည် ဂိုဏ်းချုပ်များ သူတို့၏ ကြွယ်ဝမှုကို ကြွားဝါနေသည်ကို ထိုင်ကြည့်နေရုံသာဟု ခံစားလိုက်ရ၏။

သူ၏ အကိုကြီးသည် သဘောထားသေးသိမ်သူမျိုး မဟုတ်သည်ကို သူသိသော်လည်း အခြေအနေမှာ ငြင်းမရအောင်ပင် အနေရခက်လှသည်။

"ချင်းစစ်"

သူ၏ အကိုကြီးအသံကြောင့် လန့်သွားသော ဝူချင်းစစ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

"သွား အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်သုံးတုံး လေလံဆွဲလိုက်"

"..."

ဝူချင်းစစ်သည် ခဏတာ ကြောင်သွားပြီးနောက် အာမေဋိတ်ပြုလိုက်သည်။

"ဟင် အကိုကြီး တကယ်ကြီး ဝယ်မလို့လား"

"အင်း သွားလိုက်"

ဝူချင်းစစ်၏မေးရိုး ပြုတ်ကျသွားသည်။

အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်သုံးတုံး

သူ၏ ကျင့်ကြံသူဘဝ တစ်လျှောက်လုံး ထိုမျှများပြားသော အရေအတွက်ကို တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။

စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချရင်း သူသည် အသံလွှင့်အစီအရင်ပေါ်သို့ တက်ကာ ကြေညာလိုက်သည်။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်သုံးတုံး"

အစီအရင်ဖြင့် ချဲ့ထားသော အသံသည် လုံးဝပြောင်းလဲသွားသည်။ သူ၏ ကိုယ်ပိုင်အဖေပင်လျှင် ၎င်းကို မှတ်မိမည်မဟုတ်ပေ။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်လေးတုံး"

မကြာမီ နောက်ထပ် လေလံဆွဲသံတစ်ခု ဝင်လာသည်။

"နောက်တစ်တုံး ထပ်ထည့်"

ဝူချင်းစစ်သည် သူ၏ အကိုကြီးအမိန့်ကြောင့် တုန်လှုပ်သွားသည်။

'အကိုကြီးက တကယ်ပဲ အဲ့ဒီ ဂိုဏ်းချုပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိနေတာပဲ'

စိတ်ကိုတင်းကာ သူ အော်ခေါ်လိုက်သည်။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်ငါးတုံး"

နောက်ထပ် လေလံဆွဲသံက ချက်ချင်းပင် ဆယ့်ခြောက်တုံးသို့ ခုန်တက်သွားသောအခါ ကျန်းပေရန်သည် စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

'ဒီဂိုဏ်းချုပ်တွေ ရူးနေကြသလား ဒါက ရာချီအရှည် ရေခဲပိုးမျှင်လေးပဲကို ပေါက်စျေးက အလွန်ဆုံးမှ အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ရှစ်တုံးပဲ ဒါက နှစ်ဆဖြစ်နေပြီ သူတို့က ဝိညာဉ်ကျောက်တုံးတွေကို အပျော်သဘောနဲ့ မီးရှို့နေကြတာလား'

ကျန်းပေရန်သည် အနက်ရောင်ဘုရင်များနှင့် ဧကရာဇ်များနှင့် ကုန်ပစ္စည်းများအတွက် မယှဉ်ပြိုင်လိုခဲ့ပေ။

ဒီလူတွေက တန်ဖိုးကို ဂရုမစိုက်ကြဘဲ သူတို့နှစ်သက်သမျှကိုသာ ဝယ်ကြသည်။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။

ဒီလိုမျိုး ဝိညာဉ်ကျောက်တုံးများ သုံးစွဲခွင့်ရသည့် အခွင့်အရေးက ငါးနှစ်မှာ တစ်ခါသာ ရောက်လာသည်။

သူက ၎င်းကို လက်လွှတ်ခံတော့မည် မဟုတ်ပေ။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ဆယ့်ကိုးတုံး ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များဆီက နောက်ထပ် လေလံဆွဲသံများ ရှိပါသေးလား"

လေလံစင်မြင့်ပေါ်တွင် ရပ်နေသော လင်နျန့်ရှန်သည် အလွန်စိတ်လှုပ်ရှားနေသည်။

သူမသည် ယနေ့ည၏ ရတနာများက စျေးကောင်းရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဒီလောက်မြင့်မားလိမ့်မည်ဟုတော့ တစ်ခါမျှ မထင်ခဲ့ပေ။

"အကိုကြီး"

"နောက်တစ်တုံး ထပ်ထည့်"

ဝူချင်းစစ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏နှလုံးခုန် ရပ်လုနီးပါးဖြစ်သွားသည်။

သူသည် သူ၏ အကိုကြီးက ထူးခြားသည်ကို အမြဲတမ်းသိခဲ့သော်လည်း သူ ဝိညာဉ်ကျောက်တုံးများ ဒီမျှများပြားစွာ ပိုင်ဆိုင်လိမ့်မည်ဟုတော့ တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

နာမည်တစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ကူချင်းဟွမ်း

'ညီလေး ချင်းဟွမ်းက တကယ်ပဲ ဒီလောက် စွမ်းဆောင်နိုင်တာပဲ'

ကူချင်းဟွမ်းသည် သူတို့ အကိုကြီးပေးသော ပစ္စည်းများကို ရောင်းချသည်ကို သူသိသော်လည်း အမြတ်အစွန်းများက ဒီမျှ အဆမတန်များပြားလိမ့်မည်ဟု သူ သဘောမပေါက်ခဲ့ပေ။

'ငါ သူ့ဆီက တစ်နေ့နေ့မှာ အကြံဉာဏ်တောင်းရမယ်'

ထိုအတွေးဖြင့် ဝူချင်းစစ်သည် နောက်တစ်ကြိမ် အော်ခေါ်လိုက်သည်။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ်"

ဒီတစ်ကြိမ်တွင် လေလံခန်းမသည် ခဏတာ တိတ်ဆိတ်သွားသည်။

ဒီတစ်ကြိမ်သာ ငွေသုံးခွင့်ရသော ကျန်းပေရန်နှင့် မတူဘဲ အခြားဂိုဏ်းချုပ်များသည် ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်သော်လည်း သူတို့နှင့်အတူ တပည့်များနှင့် အကြီးအကဲများ ပါလာကြသည်။

အလွန်အကျွံသုံးစွဲခြင်းသည် သူတို့ ဂရုတစိုက်ပျိုးထောင်ထားသော "ခြိုးခြံသော ဂိုဏ်းချုပ်" ပုံရိပ်ကို ညှိုးနွမ်းစေမည်ဖြစ်သည်။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ် နောက်ထပ် လေလံဆွဲသံများ ရှိပါသေးလား ဒီလို ပစ္စည်းမျိုးက ဈေးကွက်မှာ ရှားရှားပါးပါးပဲ ပေါ်လာတတ်ပါတယ် ဒီနေ့ လွဲချော်သွားရင် နောက်တစ်ခါ အချိန်အတော်ကြာမှ ပြန်တွေ့နိုင်မှာပါ"

'ဝိညာဉ်ကျောက်တုံးတွေအတွက် အသက်ကိုစွန့်စားနေတာပဲ'

ကျန်းပေရန် အစောပိုင်းက မှတ်ချက်ချခဲ့သလိုပင် ရာချီအရှည် ရေခဲပိုးမျှင်၏ ပေါက်စျေးမှာ အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး ရှစ်တုံးဖြစ်သည်။

ရှားပါးမှုကို ထည့်တွက်လျှင်ပင် ဆယ်တုံးမှာ အကြွင်းမဲ့ ဖြစ်သည်။

ယခု အလုံးနှစ်ဆယ်အထိ ခုန်တက်သွားသောအခါ သူမသည် ထိုသို့သော အားနည်းသည့်ဆင်ခြေဖြင့် ပိုမိုမြင့်မားသော လေလံဆွဲသံများအတွက် တွန်းအားပေးရဲသေးသည်။

ပုံမှန်အခြေအနေများတွင် ကျန်းပေရန်သည် သူမ၏မျက်နှာပြောင်တိုက်မှုကို ချီးကျူးမိလောက်သည်။ တကယ့် လေလံမှူးတစ်ယောက်၏ အရည်အချင်းပင်တည်း။

သို့သော် ယနေ့ည လေလံပွဲသည် အင်အားကြီးများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ ဝိညာဉ်ကျောက်တုံးများကို ပေါ်ပေါ်ထင်ထင် လိမ်လည်ခြင်းသည် တကယ့်ပရော်ဖက်ရှင်နယ် စိတ်ဓာတ်လိုအပ်သည်။

ကံကောင်းစွာဖြင့် ပုဂ္ဂိုလ်ကြီးများသည် အလုံးနှစ်ဆယ်ထက် ကျော်လွန်ခြင်းသည် သူတို့၏ "ခြိုးခြံသော ဂိုဏ်းချုပ်" ပုံရိပ်၏ စည်းကို ကျော်လွန်သည်ဟု တစ်ညီတစ်ညွတ်တည်း ယုံကြည်ကြပုံရသည်။

နောက်ထပ် လေလံဆွဲသံများ ထွက်မလာတော့ပေ။

"အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ် ပထမအကြိမ်"

မည်သည့်တုံ့ပြန်မှုမှ မတွေ့သောအခါ လင်နျန့်ရှန်သည် ကျန်ရှိသော အရေအတွက်များကို လျင်မြန်စွာခေါ်ဆိုပြီး တူကိုထုချလိုက်သည်။

"ဒီ အဖိုးမဖြတ်နိုင်တဲ့ ရာချီအရှည် ရေခဲပိုးမျှင်အတွက် အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ်နဲ့ လေလံဆွဲသွားတဲ့ ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်အတွက် ဂုဏ်ယူပါတယ် အခု ကျွန်မတို့ နောက်ထပ် ရတနာတစ်ခုဆီကို ဆက်သွားကြရအောင်"

သူ၏ နဖူးမှချွေးများကို သုတ်ရင်း ဝူချင်းစစ်သည် သူ၏ ကုလားထိုင်ထဲသို့ ပြန်မှီချကာ သူ၏စိတ်ကို တည်ငြိမ်စေရန် စပျစ်သီးအနည်းငယ်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

အလယ်အလတ်အဆင့် မီးဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ်….. ဒီအတိုင်းပဲ ပြီးသွားသည်။

အိပ်မက်တစ်ခုလိုပင် ခံစားလိုက်ရသည်။

ဒုတိယပစ္စည်းမှာ တိမ်မြူပန်းများဖြစ်ပြီး ဆေးလုံးများ၏ အာနိသင်ကို မြှင့်တင်ပေးသော ညင်သာသည့် ဖြည့်စွက်ဆေးပင်ဖြစ်သည်။ နောက်ထပ် ရှားပါးကုန်ပစ္စည်းတစ်ခု ဖြစ်၏။

"စတင်ဈေးနှုန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပါ သစ်သားဒြပ်စင် ကျောက်တုံးတွေကို နှစ်တုံးအဖြစ် သတ်မှတ်ပါတယ် တနည်းအားဖြင့် သစ္စာမူလဆေးလုံးတွေကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးတုံးအဖြစ် သတ်မှတ်နိုင်ပါတယ်"

မကြာမီ အက်ကွဲကွဲ အသံတစ်သံ ထွက်ပေါ်လာသည်။

"အလယ်အလတ်အဆင့် သစ်သားဝိညာဉ်ကျောက်တုံး နှစ်တုံး"

"ချင်းစစ်"

"အာ"

ဝူချင်းစစ်၏အသံသည် တုန်ယင်သွားပြီး သူ၏ အကိုကြီးကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

"မင်းရဲ့ သတ္တိဘယ်ရောက်သွားလဲ ဒီလို အရောင်းအဝယ် သေးသေးလေးကတောင် မင်းကို ကြောက်စေရင် အနာဂတ်မှာ မင်းဘယ်လိုလုပ် ကြီးကျယ်တဲ့အရာတွေ ပြီးမြောက်အောင်မြင်နိုင်မှာလဲ"

"အကိုကြီး ပြောတာမှန်ပါတယ်"

ဝူချင်းစစ်သည် အလျင်အမြန် အသံလွှင့်အစီအရင်ပေါ်သို့ တက်လိုက်သည်။

"သစ်သားဝိညာဉ်ကျောက်တုံး တစ်တုံးထပ်ထည့်"

ကျန်းပေရန်သည် သစ္စာမူလဆေးလုံးတစ်လုံးကို တန်းပြီး လေလံဆွဲရန် စဉ်းစားခဲ့သော်လည်း ရုတ်တရက် ခုန်တက်သွားခြင်းက ပုဂ္ဂိုလ်ကြီးများကို ဒေါသထွက်စေမည်ကို စိုးရိမ်မိသည်။

သဘာဝကျသော စည်းချက်အတိုင်း လိုက်သွားခြင်းက ပိုကောင်းသည်။

ဝူချင်းစစ်က ခေါင်းညိတ်ကာ အော်ခေါ်လိုက်သည်။

"သစ်သားဝိညာဉ်ကျောက်တုံး သုံးတုံး"

ဒီတစ်ကြိမ်တွင် သူ၏ လွှင့်ထုတ်လိုက်သော အသံသည် ကြည်လင်တောက်ပနေပြီး ယခင်နှင့် လုံးဝကွဲပြားနေသည်။

လေလံပွဲရုံ၏ လားရာပေါင်းစုံ အသံလွှင့်စနစ်နှင့် ပေါင်းစပ်လိုက်သောအခါ လေလံဆွဲသံကို သူတို့အခန်းသို့ ခြေရာခံရန် မဖြစ်နိုင်တော့ပေ။

ကျန်းပေရန်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

All Chapters