ပထမဆုံး ထိတွေ့ဆက်ဆံမှု
Vol. 24 Ch. 353
"ကျွီ…"
ရှားလော့ခ်သည် ဒန်ဂျင်အရှင် ခန်းမဆောင်၏ တံခါးကို ဖွင့်လိုက်သည်။ သူ၏ နောက်တွင် လှုပ်ရှားနေသော ပုံရိပ်များနှင့် စကားပြောသံများ ရှိနေ၏။ တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်ငြိမ်သက် သွားပြန်သည်။
ရှားလော့ခ်သည် သူ၏ အပေါ်ဝတ် အင်္ကျီနှင့် ဝတ်ရုံကို ချွတ်လိုက်သည်။ ထို့နောက် လေထဲမှ မှော်လေနှင့် ဝေ့ဝဲနေသော ရေစီးကြောင်းတို့ ပေါ်ထွက်လာပြီး အဝတ်အစားများကို ပတ်ချာလည်ကာ ဖုန်အလိမ်းလိမ်း ကပ်နေသော အထည်များကို ချက်ချင်း သန့်စင် ပေးလိုက်သည်။
အခန်းမှာ မှောင်မိုက် နေသော်လည်း ရှားလော့ခ်သည် အဆက်မပြတ် ထွက်ပေါ်နေသော အသက်ရှူသံများကို ကြားနေရသည်။ ထိုအသံမှာ ထောင့်တွင် အိပ်ပျော်နေသော ကြက်ဥခေါင်းထံမှ ဖြစ်သည်။ သူ၌ ကိုယ်ပိုင်အသိုက် တစ်ခု ရှိသော်လည်း ဤနေရာတွင် အိပ်စက်ခြင်းကို ပို၍ နှစ်သက်ပုံ ရ၏။ သူ၏ ကွန်ပျူတာနှင့် နီးကပ်သောကြောင့် ဖြစ်မည်လော။
"အရှင်ရှားလော့ခ်၊ အရှင့် အကြံအစည် အောင်မြင်သွားပါပြီ။ ကြက်ဥခေါင်း ကွန်ပျူတာ ဂိမ်းကစားတဲ့ အချိန် လျော့နည်းသွားပါပြီ။ မကြာခင်မှာ သူ ကွန်ပျူတာကို ထိတောင် မထိချင်တော့မှာ မဟုတ်ပါဘူး။" ဘရု၏ အသံသည် ရှားလော့ခ်၏ နားနားကပ်၍ ထွက်ပေါ်လာသည်။
"ငါ သိပြီ။"
ရှားလော့ခ် ခေါင်းညိတ်လိုက်စဉ် ဘရုက ထပ်ဆိုသည်။ "ဂိမ်းထဲက ပြဿနာတွေနဲ့ ပတ်သက်ပြီး ဂိမ်းမာတွေက အကြံပြုချက်တွေ အများကြီး ပေးထားပါတယ်၊ ပြီးတော့ သူတို့က ဗစ်တိုးရီးယားမြို့မှာ ဇာတ်လမ်းတွဲတွေ အရမ်း နည်းနေတာကို စိုးရိမ်နေကြပါတယ်"
"ဇာတ်လမ်းတွဲတွေ အရမ်း နည်းတယ် ဟုတ်လား။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။"
ရှားလော့ခ်သည် ထိုင်ချလိုက်ပြီး ကွန်ပျူတာကို ဝင်ရောက် ကြည့်ရှု လိုက်သည်။
"အဓိပ္ပာယ်ကတော့ အမ်ပီစီတွေက စိတ်အားထက်သန်မှု မရှိကြဘူး၊ အထူးသဖြင့် မမလေး လီလိုက သူ့ဘာသာသူ သီးခြားနေတတ်ပုံပဲ။ သူက လှည့်ပတ် စစ်ဆေးတတ်တဲ့ အရှင်ရှားလော့ခ်နဲ့ မတူဘူး။ မမလေး လီလိုက ရက်အနည်းငယ် ကြာတဲ့ အထိ မျက်နှာထွက် မပြတတ်တဲ့ အမျိုးအစားပဲ။ ဟမ်းစတား သုံးကောင်က ဂိမ်းမာတွေကို ကြိုးစား လုပ်ကိုင်ဖို့နဲ့ အချိန်ပို ဆင်းဖို့ အော်ဟစ်တိုက်တွန်းပေမဲ့ အချိန်ကြာလာတော့ ငြီးငွေ့စရာ ဖြစ်လာတယ်" ဟု ဘရုက ရှင်းပြသည်။
"ဂိမ်းမာတွေက ဒီပြဿနာနဲ့ ပတ်သက်ပြီး မမလေး လီလိုနဲ့ စကားပြောဖို့ ကြိုးစားခဲ့ကြပေမဲ့ သူတို့ ဒဏ်ရာရသွားကြတယ်။"
"သူတို့ လီလိုနဲ့ စကားပြောဖို့ သွားကြတယ် ဟုတ်လား။ ဘာအကြောင်းလဲ။" ရှားလော့ခ် အံ့အားသင့်သွားသည်။
ဘရုက "ဆွေးနွေးမှု ဘာမှ မရှိခဲ့ဘူး၊ သူတို့ ဒဏ်ရာရသွားကြတာပဲ။ မမလေး လီလိုက သူ့ကို စွပ်စွဲတဲ့ ဂိမ်းမာတွေကို ရိုက်နှက်ခဲ့တယ်။ သူတို့ရဲ့ ဒဏ်ရာတွေက ပြင်းထန်ခြင်း မရှိပေမဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ ကတော့ ပြင်းထန်ခဲ့တယ်" ဟု ဆိုသည်။
"ဘာဖြစ်သွားတာလဲ။ ဂိမ်းမာတွေက ဆန္ဒပြပြီး အလုပ် မလုပ်တော့ဘူးလား။ သူတို့ ဂိမ်းက ထွက်သွားကြ ပြီလား။"
ရှားလော့ခ်သည် ဆွေးနွေးချက် ဖိုရမ်သို့ ဝင်ရောက်ကာ သက်ဆိုင်ရာ တိုင်ကြားစာများကို ရှာဖွေလိုက်သည်။
" မဟုတ်ပါဘူး၊ ဂိမ်းမာတွေက အခြေအနေ တစ်ချို့အောက်မှာ သူမက သူတို့ကို ရိုက်နှက်လိမ့်မယ် ဆိုတာ သိသွားတဲ့ အခါ သူတို့ စိတ်လှုပ်ရှားပြီး စပ်စုချင်လာကြတယ်။ သူတို့က မမလေး လီလိုကို နှောင့်ယှက်ဖို့ တန်းစီ စောင့်ဆိုင်းနေကြပြီး သူတို့ထဲက အများအပြား ဒဏ်ရာ ရသွားကြတယ်။"
ရှားလော့ခ် တုံ့ပြန်ခြင်း မပြုချေ။ သူသည် သက်ဆိုင်ရာ ပို့စ်များကို ရှာဖွေ၍ ဖတ်ရှုလိုက်သည်။
[ငါတို့ အမ်ပီစီ လီလိုရဲ့ ဂိမ်းကစားနည်း အသစ်ကို ရှာတွေ့ပြီ။ အခြေအနေ တစ်ချို့အောက်မှာ သူက မင်းကို ရိုက်နှက်လိမ့်မယ်။]
[ငါ ဂိမ်းမာတချို့ တောထဲကနေ ပစ်ထုတ်ခံရတာကို တွေ့ခဲ့တယ်။ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ငါ့ရဲ့ ကြာပွတ်ကို ယူလာခဲ့တယ်။ လီလိုက ငါ့ကို ကြာပွတ်နဲ့ ရိုက်မလား မသိဘူး။]
[မိုက်တယ်။ ဂိမ်းမာတွေကို အလကား ဆော့ခွင့်ပေးထားရင် ဂိမ်းက အကြီးအကျယ် ရှုံးမှာပဲ။]
[ငါ ထပ်မပြောတော့ဘူး။ ငါ ရဲတိုက် ဝင်ပေါက်ကို သွားပြီး လီလိုကို အော်ခေါ်ကြည့်မယ်၊ လျှို့ဝှက် ဇာတ်လမ်း တစ်ခုခု ပေါ်လာမလားလို့။]
[မင်းက ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲခံချင်တဲ့ သူလား။ ဘာလို့ အရိုက်ခံချင် နေရတာလဲ။ ဘာလို့ ငါ့ကို အဖော်မခေါ်ခဲ့တာလဲ။]
[မင်းတို့က တကယ် မိုက်မဲတဲ့ ကောင်တွေပဲ။ မင်းတို့ရဲ့ မိုက်မဲတဲ့ နည်းလမ်းတွေနဲ့ ဆက်လုပ်ကြပေါ့။ ဒီဂိမ်းက အရမ်း လက်တွေ့ကျတယ်၊ ဒါကြောင့် လျှို့ဝှက် နှစ်သက်မှု အဆင့်သတ်မှတ်ချက် တစ်ခုတော့ သေချာပေါက် ရှိမှာပဲ။ မင်းတို့ အားလုံး လီလိုကို နေ့တိုင်း နှောင့်ယှက်နေကြတော့ နှစ်သက်မှု အဆင့်က အနှုတ်ဖြစ်နေမှာပဲ။ သူက မင်းတို့ကို စကား ထပ်ပြောတော့မှာ မဟုတ်ဘူး။]
…
အကြောင်းအရာ များများစားစား မရှိသော်လည်း ဂိမ်းမာအများစုမှာ ဂိမ်းကို ဆက်လက် ကစား နေကြသည်။ သူတို့သည် အိုဂါများနှင့် ဖြစ်လာမည့် တိုက်ပွဲကို အာရုံစိုက် နေကြ၏။
အဖွဲ့နှစ်ဖွဲ့လုံးက အိုဂါများနှင့် တိုက်ခိုက်ရာတွင် ပါဝင်ကြမည် ဖြစ်သောကြောင့် ဂိမ်းမာတို့သည် ဆန့်ကျင်ဘက် အဖွဲ့ကို မည်သို့ အနိုင်ယူမည်ကို ဆွေးနွေး နေကြသည်။
ဂိမ်းမာများစွာ တို့သည် ကြက်ဥခေါင်း တစ်ဖြစ်လည်း ဝန်ဆောင်မှုဌာန ကိုယ်စားလှယ်နှင့် စကားပြောဆိုခဲ့သည့် မှတ်တမ်းများကို တင်ထားကြရာ ပို့စ်ပေါင်း ရာနှင့်ချီ၍ ရှိနေသည်။
"ကြက်ဥခေါင်းက အဲ့လောက် များတဲ့ ဖောက်သည်တွေနဲ့ စကားပြောခဲ့တယ် ဟုတ်လား။"
ရှားလော့ခ် စဉ်းစားနေစဉ် ဘရုက "ဟုတ်ပါတယ်၊ ဂိမ်းမာတွေက ကြက်ဥခေါင်းကို စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့ကြပါတယ်။ သူ အလုပ်မဆင်းခင်မှာ ဖိုရမ်ပေါ်မှာ သူ့ကို စောင့်နေတဲ့ တန်းစီ လူတန်းကြီး ရှိနေပါလိမ့်မယ်" ဟု ဆိုလိုက်သည်။
"ကြက်ဥခေါင်းကို အဖော်လုပ်ပေးမယ့် ကစားဖော်တွေ အများကြီး တွေ့ရလို့ ငါ စိတ်သက်သာရာ ရတယ်။ သူ အမှတ်တရဖြစ်စရာ ကလေးဘဝကို ရရှိလိမ့်မယ်" ဟု ရှားလော့ခ်က ကျေနပ်စွာ ပြောလိုက်သည်။
"အိုး… ဒီလိုလည်း အဓိပ္ပာယ်ကောက်ယူလို့ ရတာပဲ" ဟု ဘရုက အနေခက်စွာ ပြန်ပြောလိုက်သည်။
…
"ဒါက စိန်ခေါ်မှုပဲ။ ဒါက သေချာပေါက် စိန်ခေါ်မှုပဲ။"
သူ၏ ခေါင်းပြောင်မှ စ၍ တစ်ကိုယ်လုံး ဆေးမင်ကြောင် ထိုးထားသော အားအင် ပြည့်ဝသည့် အိုဂါတစ်ကောင်သည် ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ထား၏။ သူသည် အရိုးများဖြင့် အလှဆင်ထားသော အိမ် တစ်လုံး ထဲတွင် ရပ်နေပြီး အခြား အိုဂါများအား "အဲ့ဒီ အားနည်းတဲ့ သတ္တဝါတွေက သူတို့ ငါတို့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေကြတာလား။ သူတို့ ငါတို့ကို လှည့်စားဖို့ လူပြက် ၁၀၀တောင် လွှတ်လိုက်သေးတယ်။ ငါတို့ သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဟုတ်တယ်။ ငါတို့ သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။"
"ငါတို့ လွှတ်ပေးမှာ မဟုတ်ဘူး။"
ပတ်ဝန်းကျင်မှ အိုဂါများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
"ဒါ့အပြင် သူတို့ ငါတို့ကို လျှို့ဝှက် တိုက်ခိုက်ခဲ့ကြတယ်။ ငါတို့ရဲ့ ဝင်ပေါက် တံခါးနားက အစောင့်တွေ အားလုံး အသတ်ခံလိုက်ရပြီး ငါတို့ရဲ့ အိုဂါ သူရဲကောင်း သုံးယောက် ပြန်ပေးဆွဲ ခံလိုက်ရတယ်။ ဒီစော်ကားမှုကို ငါတို့ ဘယ်တော့မှ မမေ့ဘူး။"
"ဟုတ်တယ်။ ဒီစော်ကားမှုကို ငါတို့ ဘယ်တော့မှ မမေ့ဘူး။"
"ငါတို့ ဘယ်တော့မှ မမေ့ဘူး။"
အိုဂါများက ဒေါသတကြီး အော်ဟစ်ကြသည်။
အိုဂါ အနည်းငယ်သည် ဆေးမင်ကြောင် ထိုးထားသော အိုဂါဆီသို့ လျှောက်သွားပြီး သူ့အား တိုးတိုးလေး စကားပြော လိုက်ကြသည်။
"ဘာလဲ။ သူတို့ ရှေ့တန်းစခန်း တစ်ခု တည်ဆောက်လိုက်တယ် ဟုတ်လား။ သူတို့ ယာဉ်ပျံကြီး တစ်စီးနဲ့ ပျံလာခဲ့တယ် ဟုတ်လား။"
ဆေးမင်ကြောင် ထိုးထားသော အိုဂါက "ထွက်ခွာဖို့ ပြင်ဆင်ကြ" ဟု အော်ဟစ်လိုက်သည်။
အိုဂါတစ်ကောင်က ဆေးမင်ကြောင် ထိုးထားသော အိုဂါအား လျင်မြန်စွာ တိုးတိုးလေး ပြောလိုက်ရာ သူက "ဘာလဲ။ သူတို့ ရှေ့တန်းစခန်း နှစ်ခုတောင် တည်ဆောက်လိုက်တယ် ဟုတ်လား" ဟု တုန်လှုပ်စွာ ပြောလိုက်သည်။
…
ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည် အနီးအနားတွင် ရှေ့တန်းစခန်း နှစ်ခု တည်ဆောက် ထားပြီး အရှင်ရှားလော့ခ်က စခန်း တစ်ခုတွင် မှော်အက္ခရာ မာနာပုံစံကွက် တစ်ခု ဖန်တီး ပေးထားသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည် ယာဉ်ပျံကြီးပေါ်တွင် မှော်အက္ခရာ မာနာပုံစံကွက် တစ်ခု ရှိနေပါလျက် ရှားလော့ခ်က အဘယ်ကြောင့် နောက်ထပ် တစ်ခု ဖန်တီးပေးသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့သည် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ လူသား တစ်ဦး ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့် အခါမှ နားလည် သွားကြတော့သည်။
"တောက်စ်၊ ငါတို့ ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေ အတွက် စခန်း တစ်ခု ဆောက်ပေး ရဦးမှာလား။"
ဂနိုမ်း တစ်ကောင်သည် စခန်း ပတ်လည်တွင် ရိုးရှင်းသော တံတိုင်း တစ်ခု ဖန်တီးရန် ကျောက်တုံးကြီး တစ်တုံးကို သယ်ဆောင်လာရင်း ညည်းညူ လိုက်သည်။
"အရင်တုန်းက ငါတို့ ဆိုင်ခန်းတွေ အတွက် အကွက်တွေ ဆွဲထုတ် ပေးခဲ့ရသေးတယ်။ ဒါက သိပ်များများစားစား မဟုတ်ပါဘူး" ဟု ဂိမ်းမာတစ်ဦးက ပြုံးကာ ပြောလိုက်သည်။
သူတို့၏ တစ်ဖက် ကုန်းမြင့်ပေါ်တွင် လူသားအချို့သည် သူတို့၏ တံတိုင်းကို ဖန်တီးရန် ကျောက်တုံးများ သယ်ဆောင် နေကြသည်။
စခန်းနှစ်ခု ကြားတွင် ဒိုင်းယားဝံပုလွေများနှင့် မြေအောက်ပင့်ကူများ ကဲ့သို့သော သာမန် မြေအောက်လောက သတ္တဝါမျိုးစုံ ရှိနေကြသည်။
သူတို့ ပေါ်ထွက်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကြောင့် ဖြစ်သည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် မြေအောက်လောက သတ္တဝါများကို တောတွင်းမှ မွန်းစတားများဟု ထင်မှတ်ကာ နှစ်သက်ကြသည်။ ဘရုကလည်း သင့်လျော်သော မစ်ရှင်ကို ချမှတ်ပေးထားသည် -
[မစ်ရှင်ခေါင်းစဉ် - အခြေစိုက်စခန်း ရှင်းလင်းခြင်း
မစ်ရှင်ရည်ရွယ်ချက် - စခန်းအပြင်ဘက်တွင် လှည့်လည် သွားလာနေသော မွန်းစတားများကို သတ်ဖြတ်ပါ။
မစ်ရှင်ပစ်မှတ်များ -
ဒိုင်းယားဝံပုလွေများ - ၀/၁၀
မြေအောက်ပင့်ကူများ - ၀/၁၀
မစ်ရှင်ဆုလာဘ် - ကြေးဒင်္ဂါး ၂၀၀။]
ထို့အပြင် အခြား အလားတူ မစ်ရှင်များလည်း ရှိသေးသည်။
ဂိမ်းမာ အများစုသည် သူတို့၏ မစ်ရှင်များကို လုံ့လဝီရိယ ရှိစွာဖြင့် ဆောင်ရွက် ကြသော်လည်း အချို့ ဂိမ်းမာများကမူ ဆန့်ကျင်ဘက်အဖွဲ့မှ ဂိမ်းမာများကို ပို၍ စိတ်ဝင်စား ကြသည်။
အာသာ၊ ဂနိုင်သား၊ ဘောင်းဘီမဝတ်သူ၊ ဆယ်ဗားနပ်စ်နှင့် ရင်မွှေးမီးလောင်တို့သည် ဆန့်ကျင်ဘက်အဖွဲ့၏ စခန်းဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ် သွားကြသည်။
စခန်းနှစ်ခု ကြားတွင် မွန်းစတားများစွာ ရှိနေသော်လည်း သူတို့ ငါးယောက် အတွက် ပြိုင်ဘက် မဟုတ်ကြချေ။ ထို့အပြင် ဧရိယာမှာ ကျယ်ဝန်းလှသည်။ သူတို့ ပုန်းလျှိုးကွယ်လျှိုး နေသရွေ့ မွန်းစတား အများစုကို ရှောင်တိမ်း နိုင်ပေသည်။
အာသာနှင့် သူ၏ အပေါင်းအဖော်များ ဗစ်တိုးရီးယားမြို့ အခြေစိုက်စခန်း ဆီသို့ ရွေ့လျားနေစဉ် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည်လည်း ထာဝရတိုင်းပြည် အခြေစိုက်စခန်းဆီသို့ ချဉ်းကပ် လာနေကြသည်။
အဖွဲ့ နှစ်ဖွဲ့လုံးသည် ဗစ်တိုးရီးယားမြို့ အခြေစိုက်စခန်းနှင့် ပို၍ နီးကပ်သော နေရာတွင် ဆုံတွေ့ကြသည်။
အာသာသည် သူ၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ဓားသွားကို အောက်သို့ စိုက်ထားလိုက်စဉ် ဘောင်းဘီမဝတ်သူက လူသားဂိမ်းမာများနှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။ ကျန်ဂိမ်းမာများကလည်း ဆူညံစွာ စကားပြော နေကြသော်လည်း အဖွဲ့ နှစ်ဖွဲ့လုံးသည် သူတို့ အချင်းချင်း ဆက်သွယ်၍ မရကြောင်း ရှာဖွေတွေ့ရှိ သွားကြသည်။
တစ်ဖက်က မြေအောက်လောက ဘုံဘာသာစကားကို အသုံးပြုနေပြီး အခြားတစ်ဖက်က မြေပေါ်လောက ဘုံဘာသာစကားကို အသုံးပြုနေသည်။ သူတို့ အချင်းချင်း ဆက်သွယ်၍ မရနိုင်ကြချေ။
သူတို့ အားလုံး တရုတ်ဘာသာစကား ပြောဆိုနိုင်ကြသော်လည်း မာနာစွမ်းရည် ရွတ်ဖတ်စဉ် တွင်သာ တရုတ်ဘာသာစကားကို ပြောဆို နိုင်ကြသည်။ ပုံမှန် စကားပြောဆိုရာတွင် တရုတ်ဘာသာစကားကို ပြောဆိုနိုင်ခြင်း မရှိကြချေ။
စကားပြောဆို၍ ဆက်သွယ်၍ မရသောကြောင့် သူတို့သည် စာလုံးများကို အသုံးပြု ကြသည်။ ဘောင်းဘီမဝတ်သူက မြေကြီးပေါ်တွင် စတင် ရေးသားလိုက်သည် -
"မင်္ဂလာပါ ခင်ဗျား။ ကျွန်တော်က ဘောင်းဘီမဝတ်သူပါ။"
အခြားတစ်ဖက်မှ ပြန်ဖြေသည် - "မင်္ဂလာပါ ဘောင်းဘီညီလေး။ ဗစ်တိုးရီးယားမြို့ ကိုယ်စား ကျွန်တော်တို့ ခင်ဗျားကို နှုတ်ခွန်းဆက်သပါတယ်။"
ကြည့်ရသည်မှာ ပထမဆုံး ထိတွေ့ဆက်ဆံမှုမှာ အတော်အတန် ငြိမ်းချမ်းပုံရသည်။
သို့သော် သဟဇာတ မဖြစ်သော အဖြစ်အပျက်များလည်း ရှိခဲ့သည်။
တောနက်အတွင်းရှိ အခြားတစ်နေရာတွင် ဒရဂွန်ရာဂျာမှ ဘီတီကန်ဂရန် အမည်ရှိ ဂနိုမ်း တစ်ကောင်သည် လက်ထဲတွင် လေးတို တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ နောက်တွင် ဒရဂွန်ရာဂျာ ဂိမ်းမာ အနည်းငယ် ရှိနေပြီး သူတို့၏ ရှေ့တွင် လူဆိုးလေး ယောဂအဖွဲ့မှ လူသားဂိမ်းမာ တစ်စု ရှိနေသည်။ သူတို့၏ ခေါင်းဆောင်မှာ မဟာရာပြည့်ဟု ခေါ်သော လူသားတစ်ဦး ဖြစ်ပြီး သူသည် မြင်းဖြူ တစ်ကောင်ကို စီးနင်းထားသည်။
ဂနိုမ်း ဘီတီကန်ဂရန်သည် မဟာရာပြည့်၏ မြင်းကို တပ်မက်နေ၏။ သူသည် မြင်းစီးသူရဲကို အာရုံစိုက်ကာ လေးညှို့ကို ဆွဲတင်လိုက်သည်။
"ဆွစ်" ဟူသော အသံ နှင့်အတူ မြားသည် မဟာရာပြည့်ဆီသို့ ပျံသန်းသွား လေတော့သည်။