ဒီကောင်လေးက မျက်နှာဖြူကောင်လေး မဟုတ်ဘူးလား။
Vol. 5 Ch. 61
သုံးရက်ကြာပြီးနောက်။
ကြီးမားသော သင်္ဘောပျံတစ်စင်းက မီယွင်မြို့သို့ ရောက်ရှိလာလေသည်။ ယင်းသည် ရွှမ်ပေါင်မျှော်စင်ပိုင် သင်္ဘောပျံတစ်စင်း ဖြစ်လေ၏။
သင်္ဘောပျံပေါ်မှ ရွှမ်ပေါင်မျှော်စင်၏ကျင့်ကြံသူအများအပြား ဆင်းသက်လာကြပြီး မီယွင်မြို့ရှိ အကြီးဆုံးလေလံပွဲနေရာအား လျင်မြန်စွာ သိမ်းပိုက်လိုက်သည်။
ဤသတင်းကိုကြားသောအခါ တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ကျင့်ကြံသူမိသားစုများနှင့် အင်မော်တယ်ရှားဂိုဏ်းတပည့်များစွာတို့သည် ထိုနေရာသို့ စုပြုံရောက်ရှိလာကြသည်။
ဤကာလအတွင်း မီယွင်မြို့တွင် မကြုံစဖူးသော စည်ကားသိုက်မြိုက်မှုအား တွေ့ကြုံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
လေလံပွဲတွင် ကျင့်ကြံသူတိုင်း ပါဝင်နိုင်ခြင်းမရှိသောလည်း၊ ဤမျှများပြားသော ကျင့်ကြံသူများ စုဝေးခြင်းသည် များပြားသော ကျင့်ကြံမှုအရင်းအမြစ်များကို ဆောင်ကြဉ်းပေးပေလိမ့်မည်။
ကျင့်ကြံသူများသည် လိုအပ်ချက်များ တူညီခြင်းမရှိသောကြောင့်၊ သီးသန့်ရောင်းဝယ်မှုများ ပြုလုပ်ကြလေသည်။
ကျင့်ကြံသူများစွာသည် မီယွင်မြို့တွင် ဆိုင်ခန်းများဖွင့်လှစ်ပြီး၊ သူတို့မလိုအပ်သော ရတနာများကို ရောင်းချကာ၊ လိုအပ်သောအရင်းအမြစ်များကို ရရှိရန် ကြိုးစားကြလေသည်။
ကျိုးစွေ့နှင့် သူ၏လက်တွဲဖော်သုံးဦးသည်လည်း ထိုအခွင့်အရေးကို အသုံးချ၍ ပထမအဆင့် ဝိညာဉ်အရက်အများအပြားကို ရောင်းချခဲ့ရာ၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအား ရရှိခဲ့လေသည်။ ယင်းသည် အလယ်အလတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်နှင့် ညီမျှသော အံ့ဖွယ်ပမာဏဖြစ်လေသည်။
သေးငယ်သော ကျင့်ကြံသူမိသားစုတစ်ခုပင်လျှင် ထိုပမာဏအား လွယ်လွယ်ကူကူ ရှာဖွေနိုင်မည်မဟုတ်ပေ။
“ယောက်ျား၊ ငါတို့မှာ အခု အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးထောင်ကျော်ရှိနေပြီ။ အခြေတည်ဆေးလုံးတစ်လုံးရဲ့ သာမန်ဈေးနှုန်းက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက်ရှိတယ်။ အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်ပေါ့။ ငါတို့ကံကောင်းရင် အခြေတည်ဆေးလုံးတစ်လုံး ဝယ်နိုင်လောက်တယ်။”
ကျိပင်းယွီ အလွန်စိတ်လှုပ်ရှားနေသည်။
ပုံမှန်နေ့တစ်နေ့တွင် ဤမျှများပြားသော ဝိညာဉ်အရက်ကို ရောင်းချရန် အနည်းဆုံး လအနည်းငယ်၊ တစ်နှစ်ခန့်ပင် အချိန်ယူရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်အရက်အများအပြားကို ရောင်းချခြင်းသည် အခြားကျင့်ကြံသူမိသားစုများ၏ အာရုံစိုက်မှုအား အလွယ်တကူ ဆွဲဆောင်ပေလိမ့်မည်။ ယင်းက မလိုလားအပ်သော ဒုက္ခများအား ဆောင်ကြဉ်းပေးပေမည်။
သို့သော် ယခုတွင်မူ၊ ကျင့်ကြံသူအများအပြားသည် မတူညီသောနေရာများမှ လာရောက်ကြပြီး မီယွင်မြို့တွင် ခြေချင်းလိမ်နေကြသော အခြေအနေဖြစ်လေသည်။ ဤနေရာတွင် ကုန်ပစ္စည်းအများအပြားကို ရောင်းချလျှင်ပင် မည်သူမှသိရှိနိုင်မည်မဟုတ်ပေ။
ထို့အပြင် ကျင့်ကြံသူမိသားစုများ၏ အာရုံစိုက်မှုသည် ရွှမ်ပေါင်မျှော်စင် လေလံပွဲအပေါ်တွင်သာ ရှိလေသည်။
“ရွှမ်ပေါင်မျှော်စင်ရဲ့လေလံပွဲကို ဝင်ဖို့ ခွဲတမ်းတစ်ခုလိုတယ်လို့ ကြားတယ်၊ ယွီအာ မင်းရခဲ့လား။”
ကျိုးစွေ့က မေးလိုက်သည်။
“ဟုတ်တယ်။”
ကျိပင်းယွီက ခေါင်းညိတ်လိုက်သည်။ “သာမန်ကျင့်ကြံသူတွေအတွက် လေလံခွဲတမ်းရဖို့ အရမ်းခက်လိမ့်မယ်။ ဒါပေမဲ့ ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူတစ်ယောက်အနေနဲ့ လေလံပွဲခွဲတမ်းရဖို့က အလွယ်လေးပဲ။ ဘာပဲဖြစ်ဖြစ် ရွှမ်ပေါင်မျှော်စင်က စီးပွားရေးလုပ်ဖို့လာတာလေ၊ တန်ဖိုးရှိတဲ့ဖောက်သည်တွေကို ဘယ်လိုလုပ် မျက်နှာလွှဲမှာလဲ။”
“ဒီလိုဆိုရင် လေလံပွဲကို သွားကြည့်ကြတာပေါ့။” ကျိုးစွေ့က ပြောလိုက်သည်။
သူသည် ဤလေလံပွဲအား အလွန်စိတ်ဝင်စားနေပြီး၊ လိုချင်သော ရတနာများအား ရှာတွေ့နိုင်ရန် မျှော်လင့်နေလေသည်။
မှန်ပေသည်၊ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ မီယွင်မြို့သို့ ရွှမ်ပေါင်မျှော်စင် ရောက်ရှိလာခြင်းက မြို့လုံခြုံရေးအား သိသိသာသာသာ တိုးတက်စေခဲ့ခြင်းကြောင့် ဖြစ်သည်။
အင်မော်တယ်ရှားဂိုဏ်းသည် လေလံပွဲ ချောချောမွေ့မွေ့ ကျင်းပနိုင်ရန် ကြီးမားသော အားထုတ်မှုများပြုလုပ်ခဲ့ပြီး၊ မြို့လုံခြုံရေးအား ထိန်းသိမ်းရန် တပည့်အများအပြားအား ချထားခဲ့လေသည်။
လုယက်ကျင့်ကြံသူများပင်လျှင် ဤကာလအတွင်း ဒုက္ခပေးဝံ့ခြင်းမရှိဘဲ၊ အင်မော်တယ်ရှားဂိုဏ်း မျက်နှာပျက်ရအောင် မလုပ်ရဲကြပေ။
ထို့ကြောင့် သူအပြင်ထွက်၍ မြို့ထဲလျှောက်သွားလျှင်ပင်၊ သူ၏လုံခြုံရေးအား ပူပန်စရာမလိုပေ။
ပိုအရေးကြီးသည်မှာ သူသည် ယခုအခါတွင် ချီသန့်စင်ခြင်း အဆင့်(၆)ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့ခွန်အားသည်လည်း များစွာတိုးတက်ခဲ့လေသည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ မလှုပ်ရှားပါက မည်သူကမျှ သူ၏အသက်အား ယူဆောင်နိုင်မည်မဟုတ်ပေ။
တစ်နာရီကြာပြီးနောက်။
ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် နေအိမ်မှာ ထွက်ခွာပြီး လေလံပွဲနေရာသို့ ဦးတည်ခဲ့ကြတော့သည်။
လေလံပွဲနေရာတွင် လူများ ပြည့်ကျပ်နေပြီး ကျင့်ကြံသူအများအပြား စုဝေးရောက်ရှိနေကြပြီး အများစုမှာ အနည်းဆုံး ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြလေသည်။
အင်မော်တယ်ရှားဂိုဏ်းဝတ်စုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူများစွာကိုပင် တွေ့မြင်နေရသည်။ ၎င်းတို့အသီးသီးသည် မာနများဖြင့် ပြည့်နက်နေကာ အခြားသူများအား အထင်သေးစွာ ကြည့်နေကြသည်။ သို့သော် ဤမာနကြီးသော အင်မော်တယ်ရှားဂိုဏ်းမှ တပည့်များပင်လျှင် ရွှမ်ပေါင်မျှော်စင်ရှေ့တွင် လက်လွတ်စပယ် မပြုလုပ်ရဲကြချေ။
လေလံခန်းမအတွင်းမှ ရံဖန်ရံခါ ထွက်ပေါ်လာသော အားကောင်းသည့် အရှိအဝါများကိုလည်း ခံစားရပေသည်။
ထင်ရှားသည်မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးထက်မက ဤနေရာအား စောင့်ကြပ်နေလေသည်။
၎င်းက ရွှမ်ပေါင်မျှော်စင်၏ကြွယ်ဝမှုနှင့် ခိုင်မာသော အင်အားကို ပြသနေလေသည်။ လေလံပွဲတစ်ခုကို ကာကွယ်ရန်အတွက်ဖြင့် အခြေတည်ကျင့်ကြံသူများစွာအား ဖြန့်ကျက်ထားနိုင်သည်အထိ စွမ်းဆောင်နိုင်လေသည်။
“ကျိုး၊ မင်းလည်း လေလံပွဲမှာ ပါဖို့ရောက်နေတာလား။”
ဤအခိုက်အတန့်တွင် ရင်းနှီးသောပုံရိပ်တစ်ခုက အဝေးမှ ချဉ်းကပ်လာသည်။ ၎င်းမှာ ဒန်ဆေးလုံးစံအိမ်မှ ဆိုင်ရှင်ကျောက်ဖြစ်ပြီး၊ သူသည် ကျိုးစွေ့နှင့်အခြားသူများအား အဝေးမှ ရုတ်တရက် သတိပြုမိလေသည်။
“ဆိုင်ရှင်ကျောက်၊ ကျွန်တော်က လောကကြီးကို ကြည့်ဖို့သပ်သပ်ပါပဲ။ ဒီလေလံပွဲက ပစ္စည်းတွေကို ကျွန်တော် ဘယ်လိုတတ်နိုင်မှာလဲဗျာ။”
“ယွီအာ၊ ဇီယန်၊ ကျင်းယန်၊ ဆိုင်ရှင်ကျောက်ကို နှုတ်ဆက်လိုက်ကြအုံး။ သူက ငါ့ဦးလေး၊ အတိတ်နေ့ရက်တွေမှာ ငါ့ကို အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပဲ၊ မင်းတို့နဲ့ မိတ်ဆက်ပေးမယ်။”
ကျိုးစွေ့က အနည်းငယ်ပြုံးလိုက်ပြီး သူ့လက်တွဲဖော်များနှင့်အတူ လေ့လာရုံသပ်သပ်သာဖြစ်ကြောင်းနှင့် လေလံပစ္စည်းများအား စဉ်းပင်မစဉ်းစားထားကြောင်း ရှင်းပြလိုက်သည်။
“မင်္ဂလာပါ၊ ဆိုင်ရှင်ကျောက်။”
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဘာရယ်..။
ထိုယဉ်ကျေးသောအသံကို ကြားလိုက်ရပြီး၊ ကျိုးစွေ့ဘေးရှိ လှပသော ကျင့်ကြံသူသုံးဦးအား မြင်လိုက်ရသောအခါ ဆိုင်ရှင်ကျောက်သည် နှုတ်ခမ်းများ တုန်သွားကာ မေးရိုးပင် ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။
ချီးတဲ့မှ၊ ဒါကအစစ်လား ငါပဲ စိတ်ကူးယဉ်မိနေတာလား။ ရယ်စရာကောင်းလိုက်တာကွာ။
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူသုံးဦး…၊ ၎င်းတို့ထဲမှ နှစ်ဦးမှာ အားကောင်းသော ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူများဖြစ်ကြပြီး သူ့အား ဤမျှယဉ်ကျေးစွာ နှုတ်ဆက်နေကြသည်လော။ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများသည် မည်သည့်အချိန်မှစ၍ ဤမျှယဉ်ကျေးလာကြသနည်း။
ဝန်ခံရလျှင် သူသည် ချီသန့်စင်ခြင်း အဆင့်(၇)ရှိ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။ ပုံမှန်နေ့များတွင် သူသည် ချီသန့်စင်ခြင်း အဆင့်(၈)၊ အဆင့်(၉)ရှိ အမျိုးသမီးကျင့်ကြံသူသုံးဦးနှင့် ဆုံတွေ့ပါက သူတို့အား ‘စီနီယာ’ဟု ရိုသေစွာ ခေါ်ဆိုရပေမည်။
ကျင့်ကြံခြင်းလောကတွင် အသက်အရွယ်သည် အရေးမကြီးဘဲ ကျင့်ကြံမှုသည်သာ အရေးပါလေသည်။
ကျင့်ကြံမှုအဆင့်မြင့်သူသည် စီနီယာဖြစ်ပြီး အဆင့်နိမ့်သူသည် ဂျူနီယာဖြစ်၏။ အားနည်းသောသူများတွင် မည်သည့်အခွင့်အရေးမှမရှိပေ။
မည်မျှအသက်ကြီးသူပင် ဖြစ်စေကာမူ၊ ထိုသို့သာ ဖြစ်လေသည်။
“အာ… မဟုတ်…မဟုတ်ပါဘူး။ ခင်ဗျားတို့က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော် ဒီလိုအရိုအသေပေးမှုကို လက်မခံနိုင်ပါဘူးဗျာ။”
ဆိုင်ရှင်ကျောက်သည် နီမြန်းသောမျက်နှာဖြင့် ထပ်ခါထပ်ခါဦးညွှတ်ရင်း ကျိုးစွေ့က လွန်စွာယဉ်ကျေးလွန်းနေသည်ဟု ဆိုကာ လက်တစ်ခါခါ ဝှေ့ယမ်းနေလေသည်။ သူသည် ချီသန့်စင်ခြင်း အဆင့်(၈)နှင့် အဆင့်(၉)ရှိ အမျိုးသမီးကျင့်ကြံသူသုံးဦး၏ ဤမျှကြီးမားသော အရိုအသေပေးမှုအား မခံနိုင်ပေ။
သူတို့သည်သာ သူ့အား မကျေမနပ်ဖြစ်ခဲ့ပါက၊ ၎င်းအား ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဝန်ခံရလျှင် သူ့နေထိုင်ခဲ့သော ဆယ်စုနှစ်များစွာအတွင် ဤသို့သောမြင်ကွင်းအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူသည် အစောပိုင်းတွင် ကျိုးစွေ့သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ မျက်နှာသာပေးခြင်းကို ခံရပြီး သူမ၏အကျဉ်းသားဖြစ်လာသည်ဟု ထင်ခဲ့သည်။
ကြိမ်လုံးများ၊ ဖယောင်းတိုင်များနှင့်အတူ ထိုပုံမှန်မဟုတ်သော အမျိုးသမီးကျင့်ကြံသူ၏ နေ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရပြီး၊ နေ့ညမပြတ် အော်ဟစ်နေရပေမည်။
ထိုအမျိုးသမီးကျင့်ကြံသူသည် အဝလွန်၊ ရုပ်ဆိုးပြီး ပုံမှန်မဟုတ်ရမည်မှာ သေချာပေသည်။
သို့သော် ချီကျင့်ကြံခြင်း အောက်ခြေရှိကျင့်ကြံသူတစ်ဦးအတွက်၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အကာအကွယ်အောက်တွင် နေရခြင်းက ကောင်းသည်။
အရှက်ရစရာဖြစ်သော်လည်း လုယက်သူများ၏ သတ်ဖြတ်ခြင်းကို ခံရခြင်း၊ မိစ္ဆာကျင့်ကြံသူများ၏ သားကောင်ဖြစ်ရခြင်းထက် ပိုကောင်းပေသည်။
သို့သော် ယခုမြင်ကွင်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားလေသည်။ ဤအမျိုးသမီးကျင့်ကြံသူသည် အလွန်လှပပြီး သေစေနိုင်လောက်သော ကိုယ်လုံးကိုယ်ပေါက် ရှိရုံသာမက၊ ကျိုးစွေ့အပေါ် အပြည့်အဝနာခံလေသည်။
ဤလှပသောအမျိုးသမီးကျင့်ကြံသူသည် ကျိုးစွေ့၏ဇနီးဖြစ်ပြီး၊ အလွန်ပင် နူးညံ့ယဉ်ကျေးလှပေသည်။
မယားငယ်တစ်ဦးဆိုလျှင်ပင် ထိုမျှယဉ်ကျေးမည် မဟုတ်သလို၊ နာခံမည်လည်း မဟုတ်ပေ။
သူ အနည်းငယ် စိတ်ရှုပ်သွားလေသည်။ ကျိုးစွေ့သည် အိမ်ထောင်သည်အမျိုးသမီး၏ ထောက်ပံ့မှုဖြင့် နေရသော မျက်နှာဖြူကောင်လေးလော။ အလိမ္မာအိမ်ပါ သားမက်တစ်ယောက်ဖြစ်သည်လော။
မျက်နှာဖြူကောင်လေးများသည် မည်သည့်အချိန်မှစ၍ ဤမျှအားကောင်းလာကြသနည်း။ သူတို့၏ အသက်ကြီးသော သကြားမေမေအား အမိန့်ပေးရဲပြီး နှုတ်ခမ်းရွှဲ့ကာ မျက်လုံးလှန်ပြရဲနေကြပြီလော။