← Chapters

ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက် ကန်းများနေကြတာလား။

Vol. 5 Ch. 62

ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက် ကန်းများနေကြတာလား။

Vol. 5 Ch. 62

“မဟုတ်ပါဘူးဗျာ၊ ဆိုင်ရှင်ကျောက်က ကျွန်တော့်ရဲ့ အကြီးအကဲဖြစ်ပြီး သူတို့က ကျွန်တော့်ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းပေါ်က လက်တွဲဖော်တွေပါ။ ဒီတော့ သူတို့ကလည်း ဆိုင်ရှင်ကျောက်ရဲ့ ဂျူနီယာတွေပဲပေါ့။ အရိုအသေပေးတာက ဘာမှ မမှားပါဘူး၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မရောထွေးလိုက်ပါနဲ့။”

ကျိုးစွေ့က လက်များအား ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

ဘာရယ်..။

ယင်းအား ကြားသောအခါ ဆိုင်ရှင်ကျောက်သည် တုန်လှုပ်သွားပြီး ကျိပင်းယွီနှင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ အခြားကျင့်ကြံသူနှစ်ဦးကို အနည်းငယ်ကြောက်လန့်စွာ ကြည့်လိုက်လေသည်။ သူသည် သူတို့၏ပြောစကားများအား စိတ်ဆိုးပြီး တစ်ခုခုထလုပ်မည်ကို စိုးရိမ်နေပေသည်။

သို့သော် အလွန်လှပသော ကျင့်ကြံသူသုံးဦးသည် မည်သည့်ဒေါသမျှ ထွက်ဟန်မရှိဘဲ၊ ကျိုးစွေ့နောက်သို့ နာခံစွာ လိုက်ပါနေသည်ကို မြင်ရသောအခါ စိတ်အေးသွားလေသည်။ သို့တိုင် သူ့ရင်ထဲတွင် မနာလိုစိတ် လှိုင်းတံပိုးတစ်ခုက ရိုက်ခတ်လာလေသည်။

‘ချီးတဲ့မှ၊ ဒီလောကမှာ တရားမျှတမှုဆိုတာ ရှိရောရှိသေးရဲ့လား..။

ဒီကောင်လေးက ဒီလှပတဲ့ကျင့်ကြံသူတွေရဲ့ နှလုံးသားကို ဘယ်လိုများ အနိုင်ယူခဲ့ပါလိမ့်၊ ဟင့်…၊ တစ်ယောက်တောင်မဟုတ်ဘူး။ သုံးယောက်တောင်ပဲ။

လာနောက်နေတာလားကွာ၊ ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက် ကန်းများကန်းနေသလား။ ဒီမျက်နှာဖြူကောင်က သူတို့ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။’

ကျိုးစွေ့သည် ဆိုင်ရှင်‌ကျောက်က ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူတစ်ဦးဖြစ်သော်လည်း ယင်းအား လက်မခံနိုင်ခဲ့ပေ။ ဤကောင်လေး၏ စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်ပါရမီသည် ကျင့်ကြံခြင်းတွင် အနာဂတ်မရှိသော်လည်း၊ မိန်းကလေးများကို ဆွဲဆောင်ရာတွင် အလွန်တော်နေသည်လော..။

အထူးသဖြင့်၊ သူ့အား မယားငယ်ယူခြင်းအား တားမြစ်ရုံသာမက ဆူဆဲငေါက်ငမ်းကာ အခန့်မသင့်တိုင်း ဒူးထောက်ခိုင်းသော လွန်စွာအူတိုတတ်သည့် အိမ်မှဇနီးဖြစ်သူအား တွေးမိလိုက်သောအခါ သူ့နှလုံးသား မွန်းကျပ်သွားလေသည်။

လူချင်းအတူတူတွင် အဘယ်ကြောင့် ဤမျှ ခြားနားနေရသနည်း။

‘ငါတို့အားလုံး ယောက်ျားတွေပဲကို ဒီကောင်စုတ်က ဘာဖြစ်လို့ ဒီလောက်တော်နေရတာလဲ။ ကျိုးစွေ့အဖေက ဘာတွေများ သင်ပေးထားပါလိမ့်။’

မိန်းမများအား ဤမျှပင် နိုင်နင်းသည်လော။ လောကကြီးက မမျှတချေ။

သူသည် ကျိုးစွေ့အား အမြင်သစ်ဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ယခင်က သူသည် ဤကောင်လေးအား သနားခဲ့ပြီး အလွန်ပင် ကံဆိုးလှသည်ဟု ထင်ခဲ့လေသည်။ ယခုမှပင် ကိုယ့်ကိုယ်ကို ပါးရိုက်ချင်စိတ်ပေါက်လာတော့သည်။

ယခုချိန်တွင် မည်သူက ကံမကောင်းသူနည်း။

“ယောက်ျား၊ လေလံပွဲစတော့မယ်။”

ကျိပင်းယွီက သတိပေးလိုက်သည်။

“အိုး၊ ခွင့်ပြုပါဦး ဆိုင်ရှင်ကျောက်။ လေလံပွဲ စတော့မှာဆိုတော့ ကျွန်တော်တို့ အရင်ဝင်နှင့်တော့မယ်။”

ကျိုးစွေ့က ပြောလိုက်သည်။

“ရပါတယ် မင်းတို့အရင်သွားကြပါ၊ ငါနောက်မှ လိုက်လာခဲ့ပါ့မယ်။”

ဆိုင်ရှင်ကျောက်က ချက်ချင်းပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ၊ လေလံပွဲပြီးမှ ပြန်တွေ့ကြတာပေါ့ဗျာ။”

ထိုသို့ပြောပြီးနောက် ကျိုးစွေ့သည် ကျိပင်းယွီနှင့် အခြားသူများကို လေလံပွဲခန်းမဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။

…

ကျိုးစွေ့နှင့် အခြားသူများ ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်ရင်း၊ ဆိုင်ရှင်ကျောက်နောက်သို့ လိုက်ပါလာကြသော ဆိုင်ဝန်ထမ်းများသည် မြင်နေရသည်များအား မယုံနိုင်သကဲ့သို့ အံ့ဩတကြီးဖြစ်နေသော အမူအရာများ ဖြစ်နေကြလေသည်။

“ဆိုင်ရှင် ဒီကောင်လေးက ဘယ်လိုဖြစ်တာတုံး။ ခင်ဗျားပဲ ဒီကောင်လေးကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ရက်စက်တဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ထောက်ပံ့ပေးထားတာ၊ သေတာထက်တောင် ပိုဆိုးတဲ့ဘဝနဲ့ နေနေရတယ်လို့ မပြောခဲ့ဘူးလား။ ဘာဖြစ်လို့ အဲ့ဒီချမ်းသာတဲ့ အမျိုးသမီးကျင့်ကြံသူတွေက သူ့အပေါ် ဒီလောက်နာခံနေရတာလဲ။ ဒီမှာ ဘယ်သူက ဘယ်သူ့ကို ထောက်ပံ့ပေးနေတာတုံး။”

ဆိုင်ဝန်ထမ်းတစ်ဦးက မယုံကြည်နိုင်ဖြစ်နေသည်။

“ဟုတ်ပ၊ ချမ်းသာတဲ့အမျိုးသမီးသုံးယောက်ပုံစံကို ကြည့်ရတာ ဒီကောင်စုတ်လေးက လုံးဝကို အနိုင်ယူထားပုံပဲ။ နာခံလိုက်တာများ အရှေ့လို့ပြောရင် အနောက်ကိုတောင် လှည့်ကြည့်ရဲမယ့်ပုံမပေါ်ဘူး။”

“အေးကွာ၊ အဓိပ္ပါယ်ကို မရှိဘူး။ ဒီချမ်းသာတဲ့မိန်းမသုံးယောက်က ဒီကောင်စုတ်အပေါ် ဘာတွေများကျနေတာလဲ။”

“ငါကြားတာတော့ အရင်က ဒီကောင်စုတ်လေး ချီသန့်စင်ခြင်း အဆင့်(၁)က ကျင့်ကြံသူတစ်ယောက်ပဲ။ မီယွင်မြို့မှာ အနှေးနဲ့အမြန် သေရမယ့်ကောင်ပဲ။ အခု ချမ်းသာတဲ့ မိန်းမသုံးယောက်က သူ့ကို ခေါ်ပြီးနောက်၊ သူ့ကျင့်ကြံမှုက မိုးထိတက်သွားသလို ချီသန့်စင်ခြင်း အဆင့်(၄)ကိုတောင် ရောက်နေပြီ။”

“ချီးတဲ့မှ၊ မတရားလိုက်တာကွာ။ ဒီချမ်းသာတဲ့မိန်းမသုံးယောက်က ဒီမျက်နှာဖြူကောင်ကို ကျင့်ကြံမှုမြှင့်တင်ပေးဖို့ စိတ်ဝိညာဉ်ဆေးပင်တွေ ဘယ်လောက်တောင်ကျွေးခဲ့ကြလဲကွာ။”

“ငါလေးလည်း ကြိမ်လုံးနဲ့ ဖယောင်းတိုင်ကို ခံနိုင်ပါတယ်ကွာ။ ဘာဖြစ်လို့ ငါ့ကိုကျ မရွေးကြတာလဲ။ ဒီကောင်စုတ်က ဘာများထူးခြားနေလို့လဲကွာ။”

“အလိမ်အညာတွေ ဖြစ်မှာပါကွာ၊ အနှေးနဲ့အမြန်ဆိုသလို အမျိုးသမီးကျင့်ကြံသူသုံးယောက်က အဲ့ဒီအကောင်စုတ်ကို အပိုင်းပိုင်းလုပ်ပစ်လိမ့်မယ်။ မယုံရင် စောင့်ကြည့်နေလိုက်။”

“ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ ဒီကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိဘူး။ အနှေးနဲ့အမြန် ဒီပင့်ကူမသုံး‌ယောက်က သူ့ကို အရိုးပဲကျန်အောင် စုပ်ယူပစ်လိမ့်မယ်။”

“ဟင်း…သတိသာထားနေတော့ ကောင်လေးရေ။ ဒီမိစ္ဆာမသုံးယောက်က မင်းကို ကစားနေတာ၊ တကယ်ချစ်တယ်ထင်မနေနဲ့ကွ။”

ဆိုင်ဝန်ထမ်းအားလုံး မနာလိုစိတ်များဖြင့် မျက်နှာများပင် စိမ်းဖန်နေချေသည်။

သူတို့၏စိတ်ဓာတ်များ ပြိုလဲသွားသကဲ့သို့ ခံစားနေကြရလေသည်။

‘ငါတို့မှာ ရုပ်ရည်မဆိုးသလို၊ အဌမအဆင့် စိတ်ဝိညာဉ်အမြစ်လည်း ရှိတယ်လေ။ ဒီကောင်စုတ်နဲ့ယှဉ်ရင် ငါတို့က အသာကြီးပါကွာ။

ဘာလို့ ငါတို့ကိုကျ ဒီချမ်းသာတဲ့ အမျိုးသမီးကျင့်ကြံသူသုံးယောက် မကြိုက်ဘဲ၊ ဒီခွေးကောင်ကိုပဲ ကြိုက်ရတာတုံးလို့။ ကောင်းကင်ဘုံရေ ကန်းများကန်းနေသလားကွာ။’

ဆိုင်ရှင်ကျောက်သည်လည်း မနာလိုဖြစ်နေလေသည်။ ဤကောင်လေးသည် ကလေးဘဝတွင် မိဘများ၏စောင့်ရှောက်မှုအား ရရှိခဲ့ပြီး၊ ကြီးပြင်းလာသောအခါတွင်လည်း အကာအကွယ်ပေးမည့် လက်တွဲဖော်များ ရရှိခဲ့လေသည်။ သူသည် ဘဝကို ပျော်ရွှင်စွာဖြင့် ကောင်းချီးများအား ခံစားရန် မွေးဖွားလာပုံရလေသည်။

သို့သော် လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ဖြစ်ရာ နှိုင်းယှဉ်နေ၍မရပေ။

တစ်ချိန်တည်းတွင်ပင်၊ ကျိုးစွေ့နှင့် အခြားသူများသည် ရွှမ်ပေါင်မျှော်စင်လေလံပွဲသို့ ဝင်ရောက်ခဲ့သည်။

လေလံပွဲနေရာသို့ ဝင်ရောက်လိုက်သည်နှင့် အစေခံမလေးများက သူတို့အား ချက်ချင်းပင် ကြိုဆိုလေသည်။

“ချစ်လှစွာသော ဧည့်သည်တော်များရှင့်၊ ကျွန်မတို့ ရွှမ်ပေါင်မျှော်စင် လေလံပွဲကနေ ကြိုဆိုပါတယ်။ ရှင်တို့မှာ သီးသန့်ခန်း ဖိတ်စာရှိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးပါရှင့်။”

ချီသန့်စင်ခြင်း အဆင့်(၇)ရှိ အစေခံမလေးတစ်ဦးက ကျိုးစွေ့နှင့်အခြားသူများအား ပြုံးရွှင်စွာ နှုတ်ဆက်ပြီး၊ ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုဆီသို့ ဖိတ်ခေါ်လိုက်လေသည်။

၎င်းအား မြင်သောအခါ ကျိုးစွေ့ တိတ်တဆိတ် အံ့အားသင့်သွားလေသည်။ ရွှမ်ပေါင်မျှော်စင်သည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပေသည်။ ဧည့်ကြိုများပင်လျှင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများဖြစ်ရာ ယင်းက မှတ်သားလောက်စရာပင်။

ဒုတိယထပ်သို့ ရောက်သောအခါတွင် လေလံပွဲကျင်းပမည့်နေရာကို အပေါ်စီးမှ ကောင်းစွာကြည့်ရှုနိုင်သည့် သီးသန့်အခန်းများစွာအား တွေ့လိုက်ရသည်။

“စိတ်ချပါ၊ သီးသန့်ခန်းတိုင်းမှာ ရှိတဲ့ ဧည့်သည်တွေက ကျွန်မတို့ရဲ့ အထူးဖောက်သည်တွေပါ။”

“ကျွန်မတို့ရဲ့ အထူးဧည့်သည်တော်တွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံနိုင်ဖို့အတွက်၊ သီးသန့်ခန်းတိုင်းမှာ တားမြစ်အစီအရင်နဲ့ အသံလုံအတားအဆီးတစ်ခုကို ထည့်သွင်းပေးထားပါတယ်။”

“ရှင်တို့ စိတ်ကြိုက် လေလံဆွဲနိုင်ပြီးတော့ ရှင်တို့ ပေးတဲ့ဈေးနှုန်းနဲ့ ဘယ်ပစ္စည်းကို လေလံဆွဲခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူးရှင့်။”

“ကျွန်မတို့ ရွှမ်ပေါင်မျှော်စင်က ဖောက်သည်တိုင်းရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ဖို့ အစွမ်းကုန် ကြိုးစားထားပါတယ်ရှင့်။”

ဧည့်ကြိုမလေးက လမ်းလျှောက်ရင်း ရွှမ်ပေါင်မျှော်စင်၏ လေလံပွဲစည်းမျဉ်းများအား ရှင်းပြလိုက်သည်။

“မဆိုးဘူး။”

ကျိုးစွေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ရွှမ်ပေါင်မျှော်စင် ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်နိုင်ရခြင်းမှာ အကြောင်းအရင်းရှိပုံရလေသည်။ သူတို့သည် ဖောက်သည်များ၏လုံခြုံရေးကို ဦးစားပေးသောကြောင့် ကျင့်ကြံသူများအား စိတ်အေးစေသည်။

မှန်ပေသည်၊ သူသည် ရွှမ်ပေါင်မျှော်စင်အား အပြည့်အဝယုံကြည်ရန်ထိတော့ မိုက်မဲမည်မဟုတ်ပေ။

ရွှမ်ပေါင်မျှော်စင်သည် ဖောက်သည်များအား မတိုက်ခိုက်သည့်အကြောင်းရင်းမှာ ဖောက်သည်များ၏ရတနာများသည် အရေးမပါသောကြောင့် ဖြစ်သည်။ ၎င်းအတွက် သူတို့၏အချိန်နှင့် ခွန်အားကို ဖြုန်းရန် ထိုက်တန်သည်ဟု မယူဆပေ။

ဘီလျံနာတစ်ဦးက သူတောင်းစားတစ်ဦး၏ပိုင်ဆိုင်မှုအား လောဘမတက်သကဲ့သို့သာ ဖြစ်သည်။

သိပ်မကြာမီပင် လက်ဖက်ရည်နှင့် အချိုမုန့်များပြည့်နှက်နေသော အထူးသီးသန့်ခန်းထဲ့သို့ ရောက်ရှိလာလေသည်။ ဧည့်ကြိုမလေးသည် သူတို့အား ဂရုတစိုက်‌ရှိပြီး၊ လေလံပွဲစတင်သည်အထိ တိတ်ဆိတ်စွာစောင့်ဆိုင်းပေးနေလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ပထမထပ်ရှိ ထိုင်ခုံများတွင် ကျင့်ကြံသူများ ပြည့်နှက်သွားသည်။ သီးသန့်ခန်းအားလုံးတွင်လည်း ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး၊ အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့ထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူအများအပြားပင် ပါဝင်လေသည်။

ဒူ..။

ရုတ်တရက် မောင်းထုသံတစ်ခုနှင့်အတူ အဖြူရောင်ဝတ်ရုံဖြင့် အကြီးအကဲတစ်ဦး လေလံစင်မြင့်ပေါ်သို့ တက်လာလေသည်။ သူ၏ခြေလှမ်းများမှာ ခိုင်မာပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါရှိလေသည်။ အခြေတည်အဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားပေသည်။

မီယွင်မြို့ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံး ထိတ်လန့်တကြား တံတွေးမျိုချကာ၊ ကြောက်ရွံ့လေးစွာ ကြည့်နေကြတော့သည်။

ရွှမ်ပေါင်မျှော်စင်သည် လေလံပွဲအား ဤမျှကြီးကျယ်ခမ်းနားစွာ ဦးစီးကျင်းပမည်ဟု ထင်မထားမိချေ။ လေလံပွဲအား ဦးစီးကျင်းပပေးမည့်သူမှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

အတိတ်တွင် လေလံပွဲအား ဦးစီးကျင်းပပေးရန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ လိုအပ်သည်ဖြစ်ရာ၊ ယခုကဲ့သို့ ခမ်းနားခြင်း မရှိပေ။

၎င်းက ဤလေလံပွဲသည် သာမန်မဟုတ်‌ကြောင်း သက်သေထူနေလေသည်။ လေလံပစ္စည်းများသည် သေချာပေါက် အံ့ဩဖွယ်ကောင်းပေလိမ့်မည်။

All Chapters