← Chapters

နှစ်တစ်ရာသက်တမ်းရှိ နဂါးအသွင်ပြောင်းဂျင်ဆင်း၊ ‘နဂါးဆင်ကူ’ သန့်စင်ရန် အဓိကပါဝင်ပစ္စည်း။

Vol. 5 Ch. 63

နှစ်တစ်ရာသက်တမ်းရှိ နဂါးအသွင်ပြောင်းဂျင်ဆင်း၊ ‘နဂါးဆင်ကူ’ သန့်စင်ရန် အဓိကပါဝင်ပစ္စည်း။

Vol. 5 Ch. 63

“အဟမ်း..၊ လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အချိန်ဆွဲမနေတော့ဘဲ လေလံပွဲကို စတင်လိုက်ကြပါစို့”

လေလံစင်မြင့်နောက်တွင် ရပ်နေသော အဖြူရောင်ဝတ်ရုံဖြင့် အကြီးအကဲက မလိုအပ်သောစကားများအား မဆိုတော့ဘဲ လေလံပွဲစတင်ကြောင်း ချက်ချင်းပင် ကြေညာလိုက်သည်။

“ပထမဆုံး လေလံပစ္စည်းကတော့ အထွတ်အထိပ်မှော်လက်နက်ဖြစ်တဲ့ ကြေးခွံပြာစစ်လှံရှည်ပဲ ဖြစ်ပါတယ်။ ဒီလက်နက်က ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားနဲ့ အဆုံးမရှိတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ပါတယ်။ ဆရာသခင်တစ်ဦးက ဖန်တီးထားတာဖြစ်လို့ အပိုတွေပြောမနေတော့ပါဘူး။ ဈေးနှုန်းကတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင်ကနေ စပါမယ်။”

ကျင့်ကြံသူများစွာ၏မျက်လုံးများက အထွတ်အထိပ်မှော်လက်နက်ဆီသို့ ချက်ချင်းပင် စုပြုံကျရောက်သွားလေသည်။

ထိုလက်နက်အား ရရှိခဲ့ပါက သူတို့၏ တိုက်ခိုက်ရေးစွမ်းအား သေချာပေါက် မြင့်တက်သွားပေမည်။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင့်ငါးရာ။”

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင့်ခုနစ်ရာ။”

“ဟမ့်၊ ငါနဲ့လာမပြိုင်ချင်နဲ့၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင့်ကိုးရာကွာ။”

ချက်ချင်းပင် ကျင့်ကြံသူတစ်စုက အရူးအမူးဖြစ်ကာ အထွတ်အထိပ်မှော်လက်နက်အား ပိုင်ဆိုင်နိုင်ရန် အပြိုင်အဆိုင် လေလံဆွဲကြတော့သည်။

အဆုံးသတ်တွင် ထိုလက်နက်သည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ဟူသော မြင့်မားသောဈေးနှုန်းဖြင့် လေလံပြီးဆုံးသွားလေသည်။

“ရွှေခြင်ဆီဆေးလုံးတွေက ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွေအတွက် အံ့ဖွယ်အာနိသင်ရှိပါတယ်။ တစ်ပုလင်းမှာ ဆေးလုံးသုံးလုံးပါပြီးတော့ ဈေးနှုန်းကတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင့်ငါးရာပါ။ အားလုံးပေါင်း ဆယ်ပုလင်းရှိပါတယ်။ ဈေးအရင်ပေးသူ အရင်ရပါမယ်။”

အဖြူရောင်ဝတ်အကြီးအကဲက ပစ္စည်းများအား ဆက်လက်လေလံတင်လေသည်။

သီးသန့်ခန်းတစ်ခုတွင် ရှိနေသော ကျိုးစွေ့က ကျင့်ကြံသူများ အရူးအမူး လေလံဆွဲနေကြသည်များအား ကြည့်ရှုနေလေသည်။

ယခုမှပင် သူသည် လေလံပွဲများတွင် ပါဝင်သော ရတနာများစွာအား တွေ့မြင်ဖူးလေသည်။

မူလစွမ်းအင်ကို မြှင့်တင်နိုင်သော၊ မှော်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်သော၊ အတားအဆီးများအား ချိုးဖြတ်စေနိုင်သည့် ဆေးလုံးအမျိုးမျိုး။

အထွတ်အထိပ်မှော်လက်နက်များ။

ထူးဆန်းသော အရာများ။

အဖိုးတန်ပစ္စည်းများနှင့် ရှားပါးသောပစ္စည်းများ။

တကယ့်ကို စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

သူသည်လည်း သူနှင့်သူ၏လက်တွဲဖော်သုံးဦးစလုံးအတွက် သင့်တော်သော အိုမင်းရင့်ရော်မှုကို တားဆီးကာ အရွယ်တင်စေနိုင်သည့် ဆေးရည်အချို့ကို ပါဝင်လေလံဆွဲခဲ့လေသည်။

သူသည် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော ရွှေခြင်ဆီဆေးလုံးများကိုလည်း လေလံဆွဲခဲ့ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သောင်း၊သုံးသောင်းခန့် သုံးစွဲခဲ့လေသည်။

“နှစ်တစ်ရာသက်တမ်းရှိတဲ့ နဂါးအသွင်ပြောင်းဂျင်ဆင်း၊ နဂါးသွေးတစ်စက်ပါတယ်လို့ ဆိုကြတယ်။ လေလံဈေးနှုန်းကတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ပါ။ အလိုရှိတယ်ဆိုရင် လေလံဆွဲနိုင်ပါတယ်။ ဒီအခွင့်အရေးကို လွတ်သွားရင်တော့ နောက်တစ်ကြိမ်ပြန်မရနိုင်ပါဘူး။”

အဖြူဝတ်အကြီးအကဲက ကြေညာလိုက်သည်။

ဘာ..။

ကျိုးစွေ့၏မျက်နှာအမူအရာ ပြောင်းသွားလေသည်။ ရင်တစ်ဒိန်းဒိန်းခုန်လာပြီး ဖော်ပြမရနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားသွားလေသည်။

နှစ်တစ်ရာသက်တမ်းရှိ နဂါးအသွင်ပြောင်းဂျင်ဆင်းသည် ‘နဂါးဆင်ကူ’ကို သန့်စင်ရန် အဓိကပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်လေသည်။

ထို အဓိကပါဝင်ပစ္စည်းအား ရရှိခဲ့ပါက ‘နဂါးဆင်ကူ’ကို သန့်စင်နိုင်ရန် အခွင့်အရေးရပေမည်။

မှန်ပေသည်၊ ‘နဂါးဆင်ကူ’ကို သန့်စင်ရန်အတွက် နဂါးအသွင်ပြောင်းဂျင်ဆင်းနှင့် ဆင်ရိုင်းမြက်အား အဓိက လိုအပ်ပေသည်။ ထိုအဓိကပါဝင်ပစ္စည်းနှစ်ခုစလုံးသည် လွန်စွာရှားပါးကာ ရှာဖွေရန် ခက်ခဲလှပေသည်။

ယခင်က မီယွင်မြို့ရှိ ဒန်ဆေးစံအိမ်တွင် သွားရောက်ရှာဖွေခဲ့သော်လည်း ၎င်းတို့အား မတွေ့ခဲ့ချေ။ ယခုတွင်မူ သူလိုအပ်နေသည့် ဆေးအမယ်အား ရွှမ်ပေါင်မျှော်စင် လေလံပွဲတွင် တွေ့မြင်လိုက်ရလေသည်။ တကူးတကမရှာဖွေရဘဲ ၎င်းအား တွေ့ရှိရသည်မှာ အလွန်ပင် ကံကောင်းလပေသည်။

‘နဂါးဆင်ကူ’ကိုသာ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါက သူသည် ချက်ချင်းလက်ငင်း နဂါးဆင်တစ်ကောင်၏စွမ်းအားကို ပိုင်ဆိုင်ကာ၊ နဂါးဆင်ခန္ဓာကိုယ်ဖွဲ့စည်းပုံအား ပိုင်ဆိုင်နိုင်ပေမည်။

ထိုအခါတွင် သူသည် မည်သည့်ခန္ဓာကိုယ်ကြံ့ခိုင်ရေး နည်းစနစ်ကိုမျှ လိုအပ်တော့မည်မဟုတ်ပေ။ ‘နဂါးဆင်ကူ’၏အစွမ်းဖြင့် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် နဂါးဆင်တစ်ကောင်၏ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။

ဤမျှအရေးကြီးသော ဆေးအမယ်အား လက်လွတ်ခံမည်မဟုတ်ပဲ သေချာပေါက်ရယူရန် စိတ်ပိုင်းဖြတ်ကာ ကျိုးစွေ့ စတင်လေလံဆွဲတော့သည်။

အစတွင် သူသည် ဤကဲ့သို့သော အရေးကြီးသည့် အံ့ဖွယ်ဆေးအမယ်အား ပြိုင်ဆိုင်လုကြမည့်သူများ များပြားမည်ဟု ထင်ထားခဲ့၏။ သို့သော် လေလံဈေးနှုန်းအား အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ထောင့်ငါးရာအထိ သူတိုးမြှင့်လိုက်သောအခါတွင်မူ မည်သူမျှ ထပ်မံမပြိုင်ဆိုင်တော့သည်အား တွေ့လိုက်ရတော့သည်။

ထိုသို့ဖြင့် နဂါးအသွင်ပြောင်းဂျင်ဆင်းသည် သူ့လက်ထဲသို့ ချောမွေ့စွာ ရောက်ရှိလာတော့၏။

“ဘာတွေဖြစ်သွားတာလဲ” ကျိုးစွေ့စိတ်ရှုပ်ထွေးသွားသည်။

“ယောက်ျား၊ တကယ်တော့ နဂါးအသွင်ပြောင်းဂျင်ဆင်းဆိုတဲ့နာမည်က အထင်ကြီးလောက်စရာဆိုပေမယ့် အထဲမှာ နဂါးသွေးမပါဘူး။ တကယ်သာပါလို့ကတော့ ဒီလေလံပွဲပေါ်တောင် မရောက်ဘူး၊ ရွှေအမြုတေ ဆရာသခင်တွေက အစောကြီးကတည်းက ယူသွားမှာပေါ့။”

ကျိပင်းယွီက ရှင်းပြလိုက်သည်။

“အလားတူ နှစ်တစ်ရာသက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေက နေရာတိုင်းမှာ ရှိပြီးတော့၊ သူတို့ရဲ့ အာနိသင်ကလည်း နဂါးအသွင်ပြောင်းဂျင်ဆင်းအောက်မကျဘူး‌။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ထောင့်ငါးရာဆိုတဲ့ ဈေးနှုန်းက အတော်လေးများနေပြီ။ တော်ရုံကျင့်ကြံသူတွေက အဲ့ဒီလောက် မချမ်းသာကြဘူး။ ဒီတော့ နဂါးအသွင်ပြောင်းဂျင်ဆင်းအတွက်နဲ့ အလဟဿ မဖြုန်းချင်ကြဘူးလေ။”

“ဒီလိုကိုး။”

ကျိးစွေ့ ခေါင်းညိတ်လိုက်သည်။ နဂါးအသွင်ပြောင်းဂျင်ဆင်းသည် သူ့အတွက် အလွန်အသုံးဝင်သော်လည်း အခြားကျင့်ကြံသူများအတွက်မူ ဟွမ်းလုံဆေးတစ်ပုလင်းလောက်ပင် အသုံးမဝင်သည်အား သဘောပေါက်လိုက်လေသည်။

ထို့ကြောင့် အနည်းငယ်သာဈေးခေါ်ကြည့်ပြီးနောက် လက်လျှော့လိုက်ကြခြင်းပင်။

“တကယ်တော့ ဒီကျင့်ကြံသူတွေ ဈေးပြိုင်မပေးတာက အခြားအကြောင်းရင်းရှိသေးတယ်။ အခြေတည်ဆေးလုံးလေ..။” ကျိပင်းယွီက လေးနက်စွာ ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူမပြောပြီးသည်နှင့် အဖြူဝတ်အကြီးအကဲက စင်မြင့်ပေါ်မှ စိတ်လှုပ်ရှားသောအသံဖြင့် ကြေညာလိုက်လေသည်။

“နောက်ထပ်ကတော့ ငါတို့လေလံပွဲရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ အခြေတည်ဆေးလုံးတစ်လုံးပါပဲ။ ဒါက အခြေတည်အဆင့် အောင်မြင်နိုင်ခြေကို ငါးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်။ လေလံဈေးနှုန်းကတော့ အဆင်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ။ စတင်ဈေးပေးလို့ရပါပြီ။”

ဘာရယ်…။

ထိုကြေညာချက်ကြောင့် ကျင့်ကြံသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဆူညံသွားလေတော့သည်။

ပုံမှန်အားဖြင့် လေလံပွဲများတွင် တင်လေ့ရှိသော အခြေတည်ဆေးလုံးများသည် သာမန်အရည်အသွေးသာရှိပြီး တစ်ခါတစ်ရံတွင် ပို၍တောင် ညံ့တတ်၏။

ထိုသို့သောအရည်အသွေးဖြင့်ပင် မရေတွက်နိုင်သော ကျင့်ကြံသူများအား တံတွေးမျိုချစေရန် လုံလောက်ပေသည်။

ယခုတွင်မူ အခြေတည်အဆင့်ကို ရောက်ရှိနိုင်ရန် အာမခံနိုင်လုနီးပါး ထိပ်တန်းအရည်အသွေးရှိ အခြေတည်ဆေးလုံးတစ်လုံး ပေါ်ထွက်လာချေပြီ။

ယင်းက ကျင့်ကြံသူများအား အရူးအမူး လုကြရန် လှုံဆော်လိုက်တော့သည်။

“မိသားစုတွေနဲ့ ဂိုဏ်းတွေရဲ့ ကျင့်ကြံသူတွေက အစောပိုင်းက ပစ္စည်းတွေကို သိပ်စိတ်မဝင်စားတာ မဆန်းတော့ဘူး။ ဒီထိပ်တန်းအရည်အသွေးရှိတဲ့ အခြေတည်ဆေးလုံးကို စောင့်နေကြတာပဲ။”

ကျိုးစွေ့ မျက်လုံးများအား မှေးလိုက်သည်။

သူ့စိတ်ထဲတွင် မကောင်းသောနိမိတ်အား ခံစားလိုက်ရသည်။ ၎င်းမှာ အဆင့်နိမ့် အခြေတည်ဆေးလုံးတစ်လုံးသာ ဖြစ်ပါက၊ ဝယ်ယူနိုင်ရန် အခွင့်အရေးရှိနိုင်သေး၏။

ယခုမူ အခြေတည်အဆင့်ကို ရရှိရန် သေချာလုနီးပါး အာမခံနိုင်သော ထိပ်တန်းအရည်အသွေးရှိ အခြေတည်ဆေးလုံးဖြစ်ရာ၊ မည်သူကမျှ လက်လွတ်ခံကြမည်မဟုတ်ပေ၊ အထူးသဖြင့် ကျင့်ကြံသူမိသားစုများ ဖြစ်သည်။

ထိပ်တန်းအရည်အသွေးရှိ အခြေတည်ဆေးလုံးတစ်လုံးသည် မိသားစုတစ်ခု၏ နှစ်နှစ်ရာကြာ အနာဂတ်လုံခြုံ‌ရေးအား ကိုယ်စားပြုနိုင်သည်။ သူတို့အား ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးမရှိချေ။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း။”

ကျင့်ကြံသူတစ်ဦးက ချက်ချင်းပင် ဈေးပေးလိုက်သည်။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ။ ကျုပ်က ပိုင်မိသားစုအကြီးအကဲပါ၊ ခင်ဗျားတို့ လက်လျှော့လိုက်ဖို့ ‌မျှော်လင့်ပါတယ်။”

“လစ်စမ်းပါကွာ၊ ပိုင်မိသားစုဖြစ်တော့ ဘာလုပ်ရမှာလဲ။ ငါ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းခြောက်သောင်း ပေးတယ်။”

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းခုနစ်သောင်း၊ ဘယ်သူမှ ငါ့အခြေတည်အဆင့် ထူထောင်မဲ့အခွင့်အရေးကို လုဖို့ မစဉ်းစားနဲ့ကွ။”

ချက်ချင်းဆိုသလို ကျင့်ကြံသူများစွာက ဆူညံပွက်လောရိုက်သွားပြီး အပြိုင်အဆိုင်ဈေးပေးကြတော့သည်။ တစ်ခဏအတွင်းပင် ဈေးနှုန်းသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအထိ တက်သွားလေသည်။

“ရူး..ရူးလောက်စရာပဲ၊ ဒါက အခြေတည်ဆေးလုံးတစ်လုံးပဲဟာကို ဘယ်လိုလုပ် ဒီလောက်ဈေးကြီးရတာလဲ။”

မုဇီယန်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သူမသည် အစောပိုင်း၌ အခြေတည်ဆေးလုံးတစ်လုံးအား လေလံဆွဲနိုင်ရန် အခွင့်အရေးရှိမည်ဟု ထင်ထားခဲ့သော်လည်း၊ ဤမျှတိုတောင်းသောအချိန်အတွင်း ဈေးနှုန်းသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းအထိ ရောက်သွားမည်ဟု ထင်မထားမိချေ။ ယင်းက အတော်လေး ဒေါသထွက်စရာကောင်းလေသည်။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ၊ အားလုံးက ငါတို့ လုမိသားစုကို မျက်နှာသားပေးမယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်ကျရင် ကျေးဇူးတုံ့ပြန်ပါ့မယ်။”

ထိုအချိန်တွင် သီးသန့်ခန်းတစ်ခု၏တံခါးသည် ကျီခနဲပွင့်လာပြီး ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသော ဆံဖြူအဘိုးကြီးတစ်ဦးအား ဖော်ပြလိုက်လေသည်။ ကြောက်ရွံ့လေးစားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ထားကာ ရှိနေသည့်လူတိုင်းအား ခေါင်းညိတ်ပြလိုက်ပြီး၊ ထိပ်တန်းအရည်အသွေးရှိ အခြေတည်ဆေးလုံးအား မည်သည့်ဈေးနှုန်းနှင့်မဆို လက်လွတ်ခံမည်ဟုတ်သော အမူအရာအား ပြသလိုက်သည်။ ရှိနေသည့်ကျင့်ကြံသူများက သူ့အား လေးစားမှုပေးလိမ့်မည်ဟု မျှော်လင့်ထားပေသည်။

ဤအဘိုးကြီးသည် ကျော်ကြားသော လုမိသားစု၏ခေါင်းဆောင်ဖြစ်ပြီး၊ မီယွင်မြို့၏ အုပ်ချုပ်သူဖြစ်လေသည်။

လုမိသားစုဘိုးဘေးသည် များသောအားဖြင့် တံခါးပိတ်နေတတ်ပြီး ကိစ္စရပ်အားလုံးအား လုမိသားစုခေါင်းဆောင်ဆီသို့သာ လွှဲထားပေသည်။

ဆိုရလျှင်၊ သူသည် လုမိသားစုအတွင်း ကြီးမားသောဩဇာအာဏာအား ကိုင်စွဲထားပေသည်။

All Chapters