ရွှေခြင်ဆီဆေးလုံးအား သောက်သုံးခြင်း၊ ကျင့်ကြံမှု တိုးတက်လာခြင်း။
Vol. 5 Ch. 64
"ဒါဆို လုမိသားစုခေါင်းဆောင်ကိုယ်တိုင် လေလံပွဲကို တက်ရောက်လာတာလား။"
"ဒါက သိပ်တော့မဆန်းပါဘူး။ လုမိသားစုဘိုးဘေးက သက်တမ်းကုန်တော့မယ်လို့ ကြားတယ်။ မျိုးဆက်သစ် အခြေတည်အဆင့် ကျင့်ကြံသူကိုလည်း မွေးမထုတ်နိုင်သေးဘူးလေ။ ဒီအတိုင်းသာ ဆက်သွားရင် လုမိသားစုက သေချာပေါက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။”
"ဒါကြောင့် သူတို့က ဒီထိပ်တန်းအရည်အသွေး အခြေတည်ဆေးလုံးကို လိုချင်နေတာကိုး။ အခြေတည်အဆင့် ကျင့်ကြံသူအသစ်သာ မပေါ်လာရင် လုမိသားစုကတော့ ကိစ္စပြတ်ပြီပဲ။"
"ဒါဆိုရင် ဒီအခြေတည်ဆေးလုံးကို လုမိသားစုက မရရအောင် ယူမှာပဲ။ သူတို့နဲ့ ဈေးပြိုင်ရဲတဲ့ ဘယ်သူမဆို လုမိသားစုကို ရန်စတာနဲ့ အတူတူပဲ။"
ရှိနေသော ကျင့်ကြံသူများက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။ သူတို့သည် လုမိသားစု၏ခေါင်းဆောင်အား ချက်ချင်းပင် မှတ်မိလိုက်ကြသည်။
ကျင့်ကြံသူအများအပြားမှာ နောက်ဆုတ်ရန် စဥ်းစားလာကြသည်။ မည်သို့ပင်ဖြစ်စေ လုမိသားစုဘိုးဘေးမှာ အသက်ရှင်လျက် ရှိနေသေး၏။ ဤအချိန်တွင် လုမိသားစုကို ပြစ်မှားမိပါက ၎င်းတို့၏ လက်စားချေခြင်းကို သေချာပေါက် ခံရမည်ဖြစ်ပြီး၊ ဘယ်လိုသေလို့သေမှန်းပင် သိလိုက်ရမည်မဟုတ်ချေ။
"ဟမ့်၊ လုမိသားစုက ဘာမို့လို့လဲ၊ တစ်ခါမှမကြားဖူးတဲ့ မိသားစုက ငါ့ရှေ့မှာလာပြီးထောင်လွှားရဲတယ်။ မင်းတို့ ဒီထိပ်တန်းအရည်အသွေး အခြေတည်ဆေးလုံးကို လိုချင်ရင် မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့။ ငါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခုနစ်သောင်း ပေးတယ်။"
သို့သော် ထိုအခိုက်တွင် သီးသန့်အခန်းတစ်ခုမှ မထီမဲ့မြင်သည့် စကားသံတစ်ခု ထွက်ပေါ်လာလေသည်။
ဘာ..။
ထိုစကားကို ကြားသောအခါ လုမိသားစုခေါင်းဆောင် မျက်နှာပျက်သွားသည်။ မီယွင်မြို့တွင် လုမိသားစုအား မလေးမစားလုပ်ရဲသူ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုသူမှာ သာမညအဆင့်အတန်း မဟုတ်သည်မှာ ထင်ရှားသည်။ သို့မဟုတ်လျှင် သူ့အား ဤသို့ပြောဆိုရဲမည် မဟုတ်ပေ။
လုမိသားစုအနေဖြင့် ဤအရည်အသွေးမြင့် အခြေတည်ဆေးလုံးကို ရလိုပါက ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ရတော့မည်မှာ သေချာနေပြီဖြစ်သည်။
ပြဿနာမှာ လုမိသားစုသည်ပင်လျှင် ရွှမ်ပေါင်မျှော်စင်၏ ရှေ့မှောက်တွင် ဘာမှမဟုတ်သဖြင့် ဤနေရာ၌ ပြဿနာရှာရန် မဝံ့ရဲပေ။
"ကောင်းတယ်၊ သိပ်ကိုကောင်းတယ်။"
လုမိသားစုအကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အရှိန်အဝါများ ထွက်ပေါ်လာကာ ထိုသီးသန့်အခန်းကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် သူသည် ဤထိပ်တန်းအရည်အသွေး အခြေတည်ဆေးလုံးကို လက်လွှတ်ရန် ဆန္ဒမရှိသေးပေ။ နောက်ဆုံးတွင် နှစ်ဖက်စလုံး အလျှော့မပေးဘဲ ထိပ်တိုက်တွေ့ကာ ရူးသွပ်လုမတတ် ဈေးပြိုင်ကြတော့သည်။
နောက်ဆုံးတွင် ဈေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းနှစ်သောင်းအထိ မြင့်တက်သွားပြီးနောက် လုမိသားစုက အနိုင်ရရှိသွားလေသည်။
သို့သော် ဤဈေးနှုန်းမှာ လုမိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး ၎င်းတို့၏ ကြွယ်ဝချမ်းသာမှု အများအပြားအား သုံးစွဲလိုက်ရသည်။
ဤလေလံပွဲတွင် ကျိုးစွေ့သည် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ မိမိကိုယ်ကို ဘေးလူတစ်ယောက်အဖြစ် သတ်မှတ်ကာ အစမှအဆုံးထိတိုင် ကြည့်ရှုနေပေသည်။
"ယောက်ျား၊ ဒီတစ်ခေါက်တော့ ကျွန်မတို့ အခြေတည်ဆေးလုံးကို လေလံဆွဲနိုင်တော့မှာ မဟုတ်ဘူးထင်တယ်။ ဈေးက အရမ်းကြီးလွန်းတယ်။"
ကျိပင်းယွီ သက်ပြင်းချလိုက်သည်။ အစပိုင်းတွင် သူမတို့၏ လက်ရှိပိုင်ဆိုင်မှုဖြင့် အခြေတည်ဆေးလုံးတစ်လုံးကို ဝယ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့လေသည်။
သို့သော် ဤတစ်ကြိမ်တွင် အခြေတည်ဆေးလုံးအတွက် ပြိုင်ဆိုင်မှုမှာ အလွန်ပြင်းထန်ပြီး ပုံမှန်ဈေးထက် လေးဆကျော်အထိ မြင့်တက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
မှန်ပေသည်၊ ယင်းမှာ ထိပ်တန်းအရည်အသွေးရှိ အခြေတည်ဆေးလုံး ဖြစ်သည်ဟူသောအချက်နှင့် ကျင့်ကြံသူများ၏ အရူးအမူးပြိုင်ဆိုင်မှုများကြောင့် ဖြစ်လေသည်။
သာမန်အားဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းသည် ဆေးလုံးတစ်လုံး ဝယ်ယူရန်အတွက် လုံလောက်ပေသည်။
"ကိစ္စမရှိပါဘူး။ လေလံပွဲမှာ အခြေတည်ဆေးလုံးဝယ်တာက အရမ်းအန္တရာယ်များတယ်။ အခုလိုမဝယ်ဖြစ်တာက ကောင်းတာပါပဲ။"
သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများအနေဖြင့် လေလံပွဲများတွင် အခြေတည်ဆေးလုံးဝယ်ရန် အခွင့်အရေး လုံးဝမရှိသလောက်ဖြစ်ကြောင်း ကျိုးစွေ့ နားလည်လိုက်သည်။
အကယ်၍ အခြေတည်ဆေးလုံးကို ဝယ်ယူနိုင်ခဲ့လျှင်ပင် လေလံပွဲမှ ထွက်ခွာပြီးနောက် ထိုဆေးလုံးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လား ဆိုသည်မှာလည်း နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။
လုမိသားစုအကြီးအကဲထံမှ တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်လိုသည့်အရှိန်အဝါကို သူရှင်းလင်းစွာ ခံစားမိနေသည်။ အကယ်၍ လုမိသားစုသည် ဤတစ်ကြိမ်တွင် အခြေတည်ဆေးလုံးကို မဝယ်နိုင်ခဲ့ပါက တောနက်ထဲ၌ အတင်းအဓမ္မ လုယက်တိုက်ခိုက်မည်ဆိုလျှင်ပင် အံ့ဩစရာမဟုတ်ပေ။
လက်တွေ့တွင် အခြေတည်ဆေးလုံးများ လုယက်ခံရသည် အဖြစ်များ ဖြစ်ပွားဖူးလေသည်။ ၎င်းမှာ အထူးအဆန်းမဟုတ်ချေ။
"ငါ့ရဲ့အခြေတည်ဆေးလုံးတွေကို ကိုယ်တိုင်ဖော်စပ်တာကပဲ ပိုကောင်းလိမ့်မယ်ထင်တယ်။"
ကျိုးစွေ့ လက်သီးကိုဆုပ်လိုက်သည်။
ယခုအခါ သူသည် သူ၏ဆေးဖော်စပ်ပညာ ကျင့်ကြံမှုကို မြှင့်တင်ရန် ပို၍ပင် အရေးတကြီး လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။ သူတစ်ပါးကို အားကိုးခြင်းထက် မိမိကိုယ်ကို အားကိုးခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
"ယောက်ျား၊ လေလံပွဲကို ဆက်ကြည့်ဦးမလား။"
ကျိပင်းယွီက မေးလိုက်သည်။
ဤတစ်ကြိမ် သူတို့၏ အကြီးမားဆုံးပန်းတိုင်မှာ အခြေတည်ဆေးလုံးဖြစ်သော်လည်း ယင်းမှာ လုမိသားစုမှ ဝယ်ယူသွားခဲ့ပြီဖြစ်၍ အခြားသူများအတွက် အခွင့်အရေးမရှိတော့ပေ။
"သွားကြစို့။ မကြာခင်မှာ ကိစ္စကြီးတစ်ခုခု ဖြစ်လာတော့မယ်လို့ ငါခံစားနေရတယ်။ အခုပဲ ထွက်သွားတာ ပိုကောင်းလိမ့်မယ်။"
ကျိုးစွေ့သည် လေလံပွဲ၏ တင်းမာသော အရိပ်အယောင်များအား ပင်ကိုယ်သိစိတ်ဖြင့် သတိထားမိလေသည်။
အခြေတည်ဆေးလုံးသည်ပင် အဓိကပစ္စည်းမဟုတ်ခြင်းက ဤလေလံပွဲ၏ အဆင့်အတန်းမြင့်မားပုံကို ဖော်ပြနေသည်။ ဤလေလံပွဲရှိ အခြေတည်အဆင့်ကျင့်ကြံသူများသည် နောက်လာမည့် အဖိုးတန်လေလံပစ္စည်းများအတွက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
"ကောင်းပါပြီ ယောက်ျား။"
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ရွှမ်ပေါင်မျှော်စင်မှ အစေခံမိန်းကလေးအား သူတို့လေလံအောင်ထားသော ဆေးလုံးများနှင့် နဂါးအသွင်ပြောင်းဂျင်ဆင်းကို ယူဆောင်လာစေပြီး ငွေရှင်းပြီးနောက် ကျိုးစွေ့နှင့်အဖွဲ့သည် လေလံပွဲမှ လျင်မြန်စွာ ထွက်ခွာခဲ့ကြသည်။ နောက်ပိုင်းတွင် ဖြစ်ပျက်သမျှသည် သူတို့နှင့် မည်သို့မျှသက်ဆိုင်တော့မည်မဟုတ်ချေ။
နာရီဝက်ခန့်အကြာတွင် ကျိုးစွေ့တို့အဖွဲ့သည် အိမ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်ခဲ့တော့သည်။
မြို့ထဲရှိ ကျင့်ကြံသူအားလုံးနီးပါးက လေလံပွဲသို့သာ အာရုံရောက်နေကြလေသည်။ သူတို့သည် လေလံပွဲတွင် မရှိလျှင်တောင်မှ၊ ဈေးထဲတွင် အချင်းချင်း အရောင်းအဝယ်များ ပြုလုပ်နေကြသည်ဖြစ်ရာ၊ ကျိုးစွ့းနှင့်အဖွဲ့အား မည်သူမျှ အာရုံမစိုက်ကြချေ။
...
အသံလုံအခန်းတစ်ခုအတွင်း။
"ဒါက ရွှေခြင်ဆီဆေးလုံးလား။"
ကျိုးစွေ့သည် ဆေးပုလင်းတစ်လုံးအား ကိုင်ထားလေသည်။ ၎င်းမှာ သူလေလံပွဲမှ ဝယ်ယူခဲ့သော ရွှေခြင်ဆီဆေးလုံးများ ဖြစ်သည်။
ဤဆေးလုံးသည် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော ထိပ်တန်းအဆင့် ဆေးလုံးဖြစ်ပြီး အလွန်တန်ဖိုးရှိလေသည်။
သူသည် ချီသန့်စင်ခြင်းအဆင့် (၆) တွင်သာ ရှိသေးသော်လည်း၊ သူကျင့်ကြံသော 'ကူနတ်ဘုရားကျင့်စဉ်' ကြောင့် သူ၏အစစ်အမှန်ချီမှာ သာမန် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် များစွာပို၍ နက်ရှိုင်းသည်။
ထို့ကြောင့် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်အတွက် ဆေးလုံးကို သောက်သုံးခြင်းသည် သူ့အတွက် အလွန်ပင် သင့်လျော်ပေသည်။
ဘုန်း…။
သူသည် တွန့်ဆုတ်မနေဘဲ ရွှေခြင်ဆီဆေးလုံးတစ်လုံးကို ချက်ချင်းထုတ်ယူကာ မျိုချလိုက်သည်။ ဆေးလုံးသည် ကြီးမားသော ဆေးစွမ်းအင်အဖြစ် လျင်မြန်စွာပင်ပြောင်းလဲသွားပြီး၊ သန့်စင်သောစွမ်းအင်များအဖြစ် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အစိတ်အပိုင်းတိုင်းသို့ စိမ့်ဝင်သွားလေသည်။
ရွှေခြင်ဆီဆေးလုံး၏ အဓိကပါဝင်ပစ္စည်းမှာ မြေအောက်ဝိညာဉ်ရိုးတွင်းခြင်ဆီဖြစ်ပြီး အလွန်တန်ဖိုးကြီးကာ သန့်စင်သောစွမ်းအင်များစွာ ပါဝင်သည်ဟု ဆိုကြ၏။
မြေအောက်ဝိညာဉ်ရိုးတွင်းခြင်ဆီမှ ဖော်စပ်ထားသော ဆေးလုံးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဆေးစွမ်းအင်များ ပါဝင်လေသည်။
ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူများအတွက်ပင် ကြီးမားသော အကျိုးကျေးဇူးများ ရှိသည်ဟု ဆိုကြသည်။