← Chapters

မြေအောက်စခန်း တည်ဆောက်ခြင်း၊ 'ရွှေစားကူ' ၏ စွမ်းအား။

Vol. 5 Ch. 66

မြေအောက်စခန်း တည်ဆောက်ခြင်း၊ 'ရွှေစားကူ' ၏ စွမ်းအား။

Vol. 5 Ch. 66

ဧပြီလလယ်၊ နွေဦးရာသီ၏ အလှပဆုံးအချိန်သို့ ရောက်ရှိလာ၏။

ရွှမ်ပေါင်မျှော်စင်လေလံပွဲ ပြီးဆုံးသွားပြီးနောက် ရွှမ်ပေါင်မျှော်စင်၏ သင်္ဘောပျံက လျင်မြန်စွာ ထွက်ခွာသွားလေသည်။

လေလံပွဲ၏ ကျော်ကြားမှုကြောင့် ရောက်ရှိလာခဲ့ကြသော ကျင့်ကြံသူအများအပြားသည်လည်း စတင်ထွက်ခွာသွားကြရာ ကြီးမားလှသော မီယွင်မြို့တော်ကြီးမှာ သိသိသာသာ ခြောက်ကပ်သွားသည်။

သို့သော် အချို့သော တစ်ကိုယ်တော်ကျင့်ကြံသူများမှာမူ မီယွင်မြို့၏ ပတ်ဝန်းကျင်ကို သဘောကျကာ ထိုနေရာတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လွန်ခဲ့သောတစ်လက ဖြစ်ပွားခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူတို့၏ ကြီးမားသောတိုက်ပွဲသည် မီယွင်မြို့၏ စည်ကားမှုကို မထိခိုက်စေခဲ့ဘဲ၊ ယခင်အတိုင်း မည်သည့်အရာမျှ မဖြစ်ပွားခဲ့သလို စည်ကားလှုပ်ရှားနေဆဲဖြစ်သည်။

သို့သော် ကျိုးစွေ့ကမူ ဤအရာသည် မုန်တိုင်းမတိုင်မီ ငြိမ်သက်ခြင်းမျှသာဖြစ်သည်ဟု သိထားပေသည်။

ဤတစ်လတာကာလအတွင်း သူသည် ဖြစ်လာနိုင်သော အရှုပ်အထွေးများအတွက် အဆက်မပြတ် ကြိုတင်ပြင်ဆင်နေခဲ့သည်။

"'ရွှေစားကူ'တွေ တူးနေတာ တစ်လနီးပါးရှိပြီဆို‌တော့ မြေအောက် မီတာ နှစ်ရာ၊ သုံးရာလောက်အထိ ရောက်နေပြီ။"

သူသည် စိတ်ထဲမှတွေးရင်း အတော်လေး ကျေနပ်နေလေသည်။

'ရွှေစားကူ' အကောင်တစ်ရာ၏ တူးဖော်နိုင်စွမ်းမှာ အံ့အားသင့်ဖွယ်ကောင်းလှ၏။ သူတို့သည် မြေကြီးနှင့် သတ္တုရိုင်းအများအပြားအား အစာအဖြစ် စားသုံးကာ ကြီးမားသော ဥမင်လိုဏ်ခေါင်းများစွာကို တူးဖော်ခဲ့ကြသည်။

သူ၏ မူလအစီအစဉ်မှာ မီယွင်မြို့အပြင်ဘက်၊ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းအထိ ဥမင်လိုဏ်ခေါင်းများ တူးဖော်ရန်ဖြစ်သည်။

သို့မှသာ မီယွင်မြို့တွင် အရှုပ်အထွေးများ ဖြစ်ပွားလာပါက သူသည် ဤဥမင်လိုဏ်ခေါင်းကို အသုံးပြု၍ မြို့ပြင်သို့ ထွက်ခွာနိုင်မည်ဖြစ်သည်။

သို့သော် တူးဖော်မှုတစ်ဝက်အရောက်တွင် သူသည် ရှေ့ဆက်မတိုးနိုင်တော့ကြောင်း တွေ့ရှိခဲ့ရလေသည်။ အကြောင်းအရင်းမှာ မြေအောက်တွင် မမြင်နိုင်သော မှော်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ကြီးမားသော အစီအရင်အတားအဆီးတစ်ခုက ပိတ်ဆို့ထားသောကြောင့် ဖြစ်လေ၏။

ထိုအတားအဆီးကို ဖြတ်ကျော်၍ အပြင်လောကသို့ လမ်းကြောင်းတစ်ခု ဖန်တီးလိုပါက ဤအစီအရင်အတားအဆီးအား ဖျက်ဆီးပစ်ရမည်ဖြစ်သည်။

ထိုသို့ပြုလုပ်ပါက မီယွင်မြို့နှင့် လုမိသားစုမှ ကျင့်ကြံသူများအား သေချာပေါက် အသိပေးသလို ဖြစ်သွားမည်ဖြစ်ပြီး အစီအစဉ်တစ်ခုစလုံး ပျက်ဆီးသွားနိုင်လေသည်။

ထို့ကြောင့် သူသည် တူးဖော်ခြင်းကို ရပ်တန့်ခဲ့ရ၏။

"ဒုတိယအဆင့် အစီအရင်ဆိုတာ တကယ်ကို ကြောက်စရာကောင်းပြီး ချို့ယွင်းချက်မရှိသလောက်ပဲ။ မြေအောက်ကနေ တိုက်ခိုက်ဖို့က လုံးဝမဖြစ်နိုင်သလောက်ပဲထင်တယ်။"

ဒုတိယအဆင့် အစီအရင်သည် အဘယ့်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည်အား ကျိုးစွေ့ နားလည်သွားသည်။

ဒုတိယအဆင့် အစီအရင်တစ်ခုအား ထိန်းချုပ်နေသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် သာမန်ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် တွန်းလှန်နိုင်ပေမည်။

အကယ်၍ အခြားအခြေတည်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်လာပါက ထိုးဖောက်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး အစကတည်းက အနိုင်ရသည့် အနေအထားအား ရရှိထားမည်ဖြစ်သည်။

ထို့ကြောင့်ပင် လုမိသားစု၏ ဘိုးဘေးသည် သက်တမ်းကုန်ခါနီးအချိန်တွင်ပင် မီယွင်မြို့၌ ရှိနေသရွေ့ မည်သူမျှ ရန်စမည့်သူ မရှိခဲ့ခြင်းဖြစ်သည်။

မီယွင်မြို့တစ်မြို့လုံးသည် မမြင်နိုင်သော စက်လုံးပုံသဏ္ဍာန် အတားအဆီးတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။

မိုးပေါ်မှဖြစ်စေ၊ မြေအောက်မှဖြစ်စေ၊ ဝင်ရောက်တိုက်ခိုက်ရန် နေရာလပ်မရှိအောင် လုံးဝတစ်သားတည်း ဖြစ်နေပေသည်။

"ထားလိုက်တော့၊ အပြင်ဘက်ကို ဥမင်တူးလို့မရမှတော့ မြေအောက်မှာ ယာယီမြေအောက်စခန်းတစ်ခု ဆောက်လိုက်ရုံပေါ့။" ကျိုးစွေ့သည် သူ၏အစီအစဉ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ရတော့သည်။

ထို့ကြောင့် သူသည် 'ရွှေစားကူ' အကောင်တစ်ရာအား မြေအောက်အနက် မီတာသုံးရာခန့်တွင် ကြီးမားသော မြေအောက်ဝင်္ကပါတစ်ခုနှင့် ဥမင်လိုဏ်ခေါင်းများစွာကို တူးဖော်စေပြီး မြေအောက်လမ်းကြောင်းများကို ကောင်းစွာချိတ်ဆက်စေခဲ့တော့သည်။

'ရွှေစားကူ' များသည် သတ္တုများကို အသုံးပြု၍ ဤလမ်းကြောင်းများကို အခိုင်အမာဖြစ်အောင် ပြုလုပ်ပြီး သတ္တုနံရံများအဖြစ် ဖန်တီးကာ ဥမင်လိုဏ်ခေါင်းများ ပြိုကျနိုင်သည့်အန္တရာယ်မှ ကာကွယ်လိုက်လေသည်။

မြေအောက်ဥမင်လိုဏ်ခေါင်းများသည် ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် တစ်စုံတစ်ယောက်က တွေ့ရှိခဲ့လျှင်ပင် မြေအောက်နန်းတော်၏ တိကျသောနေရာကို ရှာဖွေနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ကျိုးစွေ့ ဖန်တီးလိုသော မြေအောက်စခန်းပင် ဖြစ်လေ၏။

...

နေ့ခင်းအချိန်။

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အား ကျိုးစွေ့က ဤမြေအောက်နန်းတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုက်သည်။

သူတို့သည် လုံးဝ အံ့အားသင့်မှင်တက်သွားကြပြီး သူတို့၏ယောက်ျားသည် ဤမျှကြီးမားသော မြေအောက်အဆောက်အအုံကို တစ်လအတွင်း တည်ဆောက်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေကြလေ၏။

ယင်းအား သူမတို့ စိတ်ပင်မကူးခဲ့ချေ။

"ယောက်ျား၊ ရှင်ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။" ကျိပင်းယွီက အံ့ဩတကြီး မေးလိုက်သည်။

သူသည် နေ့ရောညပါ ကျင့်ကြံနေပြီး အချိန်အနည်းငယ်သာ ကိုယ်ပိုင်ကျင့်ကြံချိန်အဖြစ် အသုံးချသည်အား သူမ သိရှိထားလေသည်။

သို့သော် ယခုတွင်မူ သူသည် မြေအောက်ဝင်္ကပါတစ်ခုအား တိတ်တဆိတ် ဖန်တီးခဲ့သည်။ ၎င်းမှာ မယုံနိုင်စရာပင်။

"ဟုတ်ပ၊ ရှင်က အချိန်ပြည့် ဗရုတ်သုတ်ခလုပ်နေတာတောင် ဒီလိုလုပ်ဖို့ အချိန်ရှိသေးတယ်လား။" ရှားကျင်းယန်လည်း မှင်တက်နေမိသည်။

သူ မည်သို့များ အချိန်ကို စီမံခန့်ခွဲလေသနည်း။

နေ့ဘက်တွင် ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်း၊

ညဘက်တွင် သူတို့နှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့် ကလေးရနိုင်မည့် နည်းလမ်းများကို သုတေသနလုပ်ခြင်းတို့ဖြင့် သူသည် တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီလုံးနီးပါး အနားမနေခဲ့ပေ။

သို့သော် သူသည် ဥမင်တူးပြီး မြေအောက်ဝင်္ကပါ ဆောက်ရန် အချိန်ရှိနေသေး၏။

သူသည်သာ ထိုစွမ်းရည်အား မိန်းမနောက်ပိုးဖို့အတွက် သုံးပြုခဲ့မည်ဆိုလျှင်၊ ဘုရင်တစ်ပါးကဲ့သို့ မိန်းမလှသုံးထောင်လောက်တောင် သူ့ရဲ့အတွင်းဆောင်၌ ရှိနေလောက်ချေမည်။

သူမ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပြီး သူ မည်သို့ပြုလုပ်နိုင်ခဲ့သည်ကို နားမလည်နိုင်ဖြစ်နေတော့သည်။

"အဟမ်း၊ ဒီလိုတော့ ဘယ်ဟုတ်မလဲ။ ဒါကို ငါကိုယ်တိုင် ဆောက်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ ငါက 'ရွှေစားကူ' လို့ခေါ်တဲ့ ထူးဆန်းတဲ့ ပိုးကောင်တစ်အုပ်ကို လေ့ကျင့်ပေးထားတယ်။ သူတို့က မြေအောက်ဂူတွေတူးရာမှာ တကယ်ကို တတော်ကြတယ်လေ။” သူက ချောင်းတစ်ချက်ဟန့်ရင်း ရှင်းပြလိုက်သည်။

သူ လက်ဝေ့ယမ်းလိုက်ရာ 'ရွှေစားကူ' အကောင်တစ်ရာ ထွက်ပေါ်လာသည်။ သူတို့သည် လက်သီးတစ်လုံးစာအရွယ်ရှိပြီး နက်ရွှေရောင်ရှိလေ၏။ သူတို့ထံမှ စူးရှ အားကောင်းသော သတ္တုချီများ ထုတ်လွှတ်နေကာ မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သည့်သဖွယ် ဖြစ်နေလေသည်။

"ယောက်ျား၊ ရှင်က ဒီလိုထူးဆန်းတဲ့ ပိုးကောင်တွေကို လေ့ကျင့်ပေးထားတာလား။ တကယ်ကို အံ့ဩစရာပဲ။"

"ဒါပေမဲ့ ဒီပိုးကောင်တွေအားလုံးကို ဘယ်လိုကျွေးမွေးတုံး၊ ဒါက တော်တော်ကုန်ကျမှာပဲ။" မုဇီယန်က လေးစားစွာဖြင့် ချီးကျူးလိုက်သည်။

ကျိုးစွေ့သည် 'ရွှေစားကူ' များကို မည်သို့လေ့ကျင့်နိုင်ခဲ့သည်အား အလိုအလျောက်ပင် လျစ်လျူရှုလိုက်၏။

သူမ၏အမြင်တွင် သူမ၏ယောက်ျား လုပ်သမျှသည် အကြောင်းပြချက်မည်သို့ပင်ရှိစေ မှန်ကန်သည်သာ ဖြစ်လေ၏။

သူ၏ တာအိုလက်တွဲဖော်တစ်ယောက်အနေဖြင့် သူမရဲ့ယောက်ျားအား ကြွင်းမဲ့ ယုံကြည်ရပေမည်။ သူမရဲ့ယောက်ျားက 'ရွှေစားကူ'များအား မည်သည့်နေရာမှ ရရှိလာသည်အား စိတ်မဝင်စားပေ။

"စိတ်မပူပါနဲ့၊ သူတို့ရဲ့ အဓိကအစာက သတ္တုရိုင်းတွေပဲ။ တကယ်လို့ ဗိုက်ဆာနေရင် မြေကြီးတောင် စားနိုင်တယ်။ အထူးတလည် ဘာမှလုပ်နေစရာ မလိုပါဘူး။"

ကျိုးစွေ့က လက်ဝှေ့ယမ်းလိုက်ပြီး 'ရွှေစားကူ' များမှာ မွေးမြူရလွယ်ကူကြောင်း အမူအရာပြလိုက်သည်။

သူတို့ထက် ပို၍မွေးမြူရလွယ်ကူသည့် ‘ကူပိုးကောင်’မရှိသည်မှာ စဉ်းစားကြည့်ရန်ပင် မလိုချေ။

"ဒါက တကယ်ကို ထူးခြားတာပဲ၊ ဒါပေမဲ့ ရှင်က သတိကြီးလွန်းတယ်။ မဖြစ်သေးတဲ့ စစ်ပွဲတစ်ခုအတွက် စိုးရိမ်ပြီး ကိုယ့်အိမ်နောက်ဖေးမှာတင် မြေအောက် မီတာသုံးရာမှာ မြေအောက်စခန်းတစ်ခု တူးထားတယ်။"

ရှားကျင်းယန်က နှုတ်ခမ်းမဲ့ကာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေလေသည်။

သူမသည် သတိကြီးသော ကျင့်ကြံသူများစွာကို တွေ့ဖူးသော်လည်း ဤယောက်ျားကဲ့သို့ သတိကြီးလွန်းသူကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"မဟုတ်ဘူး၊ ဒီလိုလည်း မဟုတ်သေးဘူး။ အနာဂတ်အတွက် ကြိုတင်မစီစဉ်နိုင်တဲ့သူက၊ လက်ရှိအခိုက်အတန့်မှာလည်း ပြင်ဆင်နိုင်စွမ်းရှိမှာမဟုတ်ဘူး။ ရှေ့ရေးကို ကြိုမမြင်တတ်သူက နယ်မြေတစ်ခုကို အုပ်ချုပ်ဖို့ မထိုက်တန်ဘူး။"

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

"စစ်ပွဲက တကယ်မဖြစ်လာနိုင်သလို မီယွင်မြို့ကလည်း ပရမ်းပတာအခြေအနေရဲ့ ဗဟိုချက်မဖြစ်လာနိုင်ဘူးဆိုပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူသိနိုင်မလဲ။ တကယ်ဖြစ်လာခဲ့ရင် နောင်တရဖို့တောင် နောက်ကျသွားလိမ့်မယ်။"

"ဒီမြေအောက်စခန်းကို ဆောက်ထားရင် တကယ်စစ်ဖြစ်လာတဲ့အခါမှာ ငါတို့အတွက် လုံခြုံတဲ့နေရာတစ်ခု ရှိနေလိမ့်မယ်။ ဘာမှမဖြစ်ခဲ့ရင်တောင် ငါတို့ ဘာမှဆုံးရှုံးသွားတာ မရှိဘူး‌လေ။” ကျိုးစွေ့က ဆက်ပြောလိုက်သည်။

သူ၏စကားကို ကြားသောအခါ ရှားကျင်းယန်ပင် ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။

"ရှင်ပြောတာ မှန်ပါတယ်။"

ဖြစ်နိုင်သည်မှာ ဤအကြောင်းကြောင့်ပင် ထိုစဥ်က ချီသန့်စင်ခြင်း အဆင့်(၁)သာ ရှိသေးသော ဤယောက်ျားသည် မီယွင်မြို့တွင် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။

သတိကြီးခြင်းသည် အားနည်းချက်မဟုတ်ချေ။

အန္တရာယ်များပြည့်နှက်နေသော ဤလောကတွင် ၎င်းသည် အမှန်တကယ်တွင် အားသာချက်တစ်ခုဖြစ်၏။

ဤသို့သောလူမျိုးသာလျှင် ကျင့်ကြံခြင်းလောကတွင် ရှေ့ဆက်၍ ခရီး‌ဝေးဝေးရောက်အောင် လျှောက်လှမ်းနိုင်ပေမည်။

All Chapters