ရွှေနီသတ္တုတွင်း တိုက်ခိုက်ခံရခြင်း၊ ကြီးမားသောအရှုပ်အထွေးများ ဖြစ်ပွားလာခြင်း။
Vol. 5 Ch. 67
"ယောက်ျားက ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ။"
ကျိပင်းယွီက ကျိုးစွေ့အား စူးစမ်းစွာ ကြည့်ရင်းမေးလိုက်သည်။
"ဒါက မြေအောက်စခန်းဆိုပေမဲ့ ငါတို့ရဲ့ဘဝကို ပိုကောင်းပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်သင့်တာပေါ့။"
ကျိုးစွေ့က အနည်းငယ်ပြုံးလိုက်သည်။
မည်သို့ပင်ဆိုစေ ဤမြေအောက်စခန်းသည် အခြေခံအားဖြင့် အကြမ်းထည်သပ်သပ် တူးဖော်ထားရုံသာဖြစ်ပြီး နေရာတိုင်းတွင် မြေကြီးများဖြင့် ပြည့်နှက်နေကာ အလွန်ပင် ရှေးရိုးဆန်လေသည်။
ဤနေရာတွင် နေထိုင်ခြင်းသည် သက်တောင့်သက်သာ မရှိပေ။ ထို့ကြောင့် သူသည် ဤမြေအောက်စခန်းကို ပိုမိုသက်တောင့်သက်သာဖြစ်စေရန် သူ၏ဇနီးသည်များအား အနည်းငယ် ပြင်ဆင်စေလို၏။
မတော်လို့ စစ်ပွဲအမှန်တကယ် ဖြစ်ပွားလာပါက သူတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ ပုန်းခိုရပေမည်။
“ယောက်ျား၊ ဒီမှာက အရမ်းမှောင်တယ်။ ကျွန်မတို့ကျင့်ကြံသူတွေက အမှောင်ထဲမှာလည်း မြင်နိုင်တယ်ဆိုပေမဲ့၊ အချိန်အကြာကြီး အမှောင်ထဲမှာ နေရရင်တော့ သက်သောင့်သက်သာရှိမှာမဟုတ်ဘူးလေ။”
"ကျွန်မအကြံပေးချင်တာကတော့ ညလင်းပုလဲ နည်းနည်း ဝယ်သင့်တယ်။ ဒါဆိုရင် မြေအောက်မှာတောင် နေ့ဘက်လို လင်းထိန်နေမှာပဲ။"
ကျိပင်းယွီက အကြံပြုသည်။
ညလင်းပုလဲများသည် သေမျိုးလောကတွင် တန်ဖိုးကြီးရတနာများ ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကတွင်မူ သာမန်သတ္တုရိုင်းမျှသာ ဖြစ်လေ၏။
အလင်းထုတ်လွှတ်ပေးခြင်းမှလွဲ၍ အခြားအသုံးဝင်မှုများစွာ မရှိချေ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် ညလင်းပုလဲ တစ်ပုံကြီးအား ဝယ်ယူနိုင်သည်။
"ယောက်ျား၊ ကျွန်မထင်တာတော့ ကျွန်မတို့ ကုတင်တွေ၊ အိပ်ယာခင်းတွေ၊ အိုးခွက်ပန်းကန်တွေလို ပစ္စည်းတွေ ဝယ်ဖို့လိုမယ်ထင်တယ်။"
"မြေအောက်စခန်းမှာ နေရင်တောင် အဝတ်လျှော်ဖို့၊ ထမင်းဟင်းချက်ဖို့ လိုအပ်နေဦးမှာပဲလေ။"
မုဇီယန်က ဤမြေအောက်စခန်းအား သာမန်အိမ်တစ်လုံးကဲ့သို့ အလှဆင်လိုလေသည်။
"ကောင်းပြီ၊ အဲ့ဒါတွေအကုန်လုံး ဝယ်လိုက်။”
ကျိုးစွေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ မြေအောက်စခန်းထဲက အောက်စီဂျင်နဲ့ ရေကရော အချိန်အကြာကြီး နေဖို့ လုံလောက်ရဲ့လား။"
ရှားကျင်းယန်က သူမ၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားသည်။
"ဒါတွေက ပြဿနာမဟုတ်ပါဘူး။"
ကျိုးစွေ့က ရယ်မောလိုက်ကာ "ငါတို့အောက်တည့်တည့်မှာ ဒုတိယအဆင့် ဝိညာဉ်ကြောတစ်ခု ရှိတယ်။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခုကိုသာ တည်ဆောက်လိုက်ရင် သဘာဝဝိညာဉ်စွမ်းအင်ကို မြေအောက်မှာ အသက်ရှူဖို့ လေအဖြစ် သုံးနိုင်တယ်။ ဝိညာဉ်ကြောအကူအညီမပါရင်တောင် ငါတို့မှာ လေအဖြစ်ပြောင်းလဲနိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်လေကွာ။”
"ရေအတွက်ဆို ပိုလို့တောင် ပြဿနာမရှိဘူး။ မြေအောက်ဥမင် တူးတုန်းက မြေအောက်ရေကြောတွေ အများကြီးတွေ့ခဲ့တယ်။ အဲ့ဒါတွေကို ဆက်သွယ်လိုက်တာနဲ့ ရေချိုတွေ အဆက်မပြတ် ရနေမှာပဲ။"
“ဒီလိုဆိုရင်တော့ ကျွန်မ ဘာမှထပ်ပြောစရာမရှိတော့ပါဘူး။”
ရှားကျင်းယန် ခေါင်းညိတ်လိုက်သည်။ သူမ၏ယောက်ျားဖြစ်သူအား ညင်သာစွာကြည့်လိုက်၏။ သူမ စွဲလမ်းခဲ့ရသော ယောက်ျားသည် အရာအားလုံးအား အမြဲတစေ စေ့စေ့စပ်စပ် စဉ်းစားတတ်ပေသည်။
သူတို့တွင် ရင်သွေးများ ရရှိလာပါက၊ သူသည် ဖခင်ကောင်းတစ်ဦးဖြစ်မည်မှာ သေချာပေသည်။
ထိုအတွေးဖြင့် မဝေးကွာလှသော အနာဂတ်ပုံရိပ်များအား စိတ်ကူးယဉ်မိပြီး သူမမျက်နှာသည် ခပ်ဖျော့ဖျော့နီမြန်းသွားလေ၏။
...
ရက်အနည်းငယ်အကြာ။
မြေအောက်စခန်းအား ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့က စေ့စေ့စပ်စပ် ပြင်ဆင်မွမ်းမံခဲ့ကြလေသည်။ သူတို့သည် နေထိုင်ရန် လိုအပ်သော အသုံးအဆောင်အမျိုးမျိုးအား တပ်ဆင်ကြပြီး အိုးခွက်ပန်းကန်များ၊ အိပ်ယာခင်းများ၊ စောင်များနှင့် ပရိဘောဂအစုံအလင်အား ဝယ်ယူခဲ့ကြတော့လေသည်။
ချက်ချင်းလက်ငင်း ပြောင်းရွှေ့နေထိုင်လျှင်ပင် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။
မှန်ပေသည်၊ လက်ရှိအချိန်သည် ပြောင်းရွှေ့နေထိုင်ရမည့်အချိန် မကျသေးချေ။
မည်သို့ပင် အပြည့်အစုံတပ်ဆင်ထားသည်ဖြစ်စေ၊ ၎င်းသည် မြေအောက်စခန်းတစ်ခုဖြစ်ရာ၊ မြေပြင်ပေါ်ရှိ နေထိုင်မှုအဆင့်အတန်းနှင့်မူ နှိုင်းယှဉ်၍ မရနိုင်ပေ။
အသည်းအသန်အခြေအနေမှမဟုတ်လျှင် ထိုစီမံကိန်းအား အသက်သွင်းမည်မဟုတ်ပေ။
ကျိုးစွေ့သည် အသံလုံအခန်းထဲတွင် ရွှေခြင်ဆီဆေးလုံးတစ်လုံးအား နောက်တစ်ကြိမ် သောက်သုံးလိုက်သည်။
ချက်ချင်းပင် ကြီးမားသော ဆေးစွမ်းအင်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ၊ မရီဒန်များထဲသို့ စီးဝင်သွားပြီး ဒန်တျန် ချီပင်လယ်အတွင်းရှိ အစစ်အမှန်ချီအား အဆများစွာ တိုးပွားစေခဲ့လေသည်။
ရွှေခြင်ဆီဆေးလုံးတစ်လုံး၏ ဆေးစွမ်းအင်သည် သူ၏လပေါင်းများစွာ ကြာအောင် အပြင်းအထန် ကျင့်ကြံရမည့်အချိန်အား ချွေတာပေးနိုင်လေ၏။
'ကူနတ်ဘုရားကျင့်စဉ်' အား လည်ပတ်စေလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီသည် အကြိမ်ကြိမ် လည်ပတ်စီးဆင်းကာ သူ့အား ချီသန့်စင်ခြင်းအဆင့်(၆)၏ အထွတ်အထိပ်အခြေအနေသို့ ပိုမိုနီးကပ်သွားစေတော့သည်။
"နီးနေပြီ။ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်းအဆင့်(၆) အထွတ်အထိပ်ကို ရောက်တော့မယ်။"
ကျိုးစွေ့က အချက်အလက်ပြမျက်နှာပြင်အား စစ်ဆေးပြီးနောက် ရွှေခြင်ဆီဆေးလုံးတစ်လုံး သောက်သုံးပြီးချိန်တွင် သူ၏ကျင့်ကြံမှုအဆင့်သည် ချီသန့်စင်ခြင်းအဆင့်(၆)၏ ကိုးဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်အား တွေ့ရှိလိုက်ရလေသည်။
နောက်ထပ် ငါးရာခိုင်နှုန်းသာ တိုးမြှင့်နိုင်ပါက၊ ချီသန့်စင်ခြင်း အဆင့်(၇)သို့ တက်လှမ်းနိုင်ပေမည်။
ထိုအခါ သူသည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာမည် ဖြစ်၏။
ရွှမ်ပေါင်မျှော်စင် လေလံပွဲကြောင့်သာမဟုတ်လျှင်၊ သူသည် ဤကဲ့သို့သော ကောင်းမွန်သည့် ဆေးလုံးများကို ဝယ်ယူနိုင်မည်မဟုတ်သလို၊ သူ၏ကျင့်ကြံမှုသည်လည်း ဤမျှလျင်မြန်စွာ တိုးတက်လာမည် မဟုတ်ချေ။
"သိပ်မကြာခင် ငါ ချီသန့်စင်ခြင်းအဆင့်(၇)ကို တက်လှမ်းဖို့ ကြိုးစားလို့ရလောက်ပြီ။”
ကျိုးစွေ့က ကျေနပ်စွာ လက်သီးဆုပ်လိုက်ျလသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော အစစ်အမှန်ချီစွမ်းအင်က သူ့အား ကြီးမားသော လုံခြုံမှုကို ပေးစွမ်းပေသည်။
မည်မျှပင် ကောင်းမွန်သော မြေအောက်စခန်းဖြစ်စေကာမူ မိမိ၏ကျင့်ကြံမှုအဆင့်က ပေးစွမ်းသော လုံခြုံမှုနှင့် မနှိုင်းယှဉ်နိုင်ပေ။
အကယ်၍ သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၊ သို့မဟုတ် ရွှေအမြုတေ ဆရာသခင်တစ်ဦးဖြစ်ပါက၊ သူသည် မြေအောက်စခန်းအား သေချာပေါက် လိုအပ်မည်မဟုတ်ပေ။
သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် အန္တရာယ်ပြုမည့် မကောင်းဆိုးဝါးအားလုံးအား ချေမွပစ်နိုင်ပေမည်။ ထိုအခါတွင် မည်သူက သူ့အား ရန်စရဲမည်နည်း။
"ဟင်..။”
ထိုအခိုက်တွင် ကျိုးစွေ့၏ နှလုံးသား လှုပ်ရှားသွားသည်။ သူသည် 'ရွှေစားကူ' ထံမှ ပေးပို့လာသော သတင်းအချက်အလက်အချို့ကို အာရုံခံမိလိုက်လေသည်။
ရွှေနီသတ္တုတွင်းတွင် 'ရွှေစားကူ' အကောင်တစ်ရာခန့် ကျန်ရှိနေသေးလေသည်။
ထိုရွှေနီသတ္တုတွင်းသည် ရွှေစားကူများအတွက် အစားအသောက်နေရာဖြစ်ပြီး၊ သူတို့သည် ဤကဲ့သို့သော ကောင်းမွန်သည့်နေရာကို လွယ်လွယ်ကူကူ စွန့်လွှတ်မည်မဟုတ်ပေ။
'ရွှေစားကူ' ထံမှ ပေးပို့လာသော မြင်ကွင်းများကို ချက်ချင်းပင် တွေ့မြင်လိုက်ရလေသည်။
အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူအချို့သည် ရွှေနီသတ္တုတွင်းတွင် ရုတ်တရက်ပေါ်လာပြီး မိုင်းတွင်းလုပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြဟန်တူပေသည်။
နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ တိုက်ခိုက်ကြသဖြင့် ကျင့်စဉ်ပညာရပ်များ အသုံးပြုမှုကြောင့် သတ္တုတွင်းတစ်လျှောက်လုံးတွင် ပြိုကျမှုများ ဖြစ်ပွားခဲ့လေသည်။
ပြိုကျပျက်စီးမှုများကြောင့် ဖုန်တစ်ထောင်းထောင်း ထနေလေ၏။
'ရွှေစားကူ' များသည် အန္တရာယ်အား အာရုံခံမိပြီး ထိုကျင့်ကြံသူများနှင့် ထိပ်တိုက်မတွေ့စေရန်၊ သတ္တုတွင်းအတွင်းပိုင်းသို့ အလျင်အမြန် တိုးဝင်သွားသောကြောင့် မြင်ကွင်းများမှာ ရုတ်တရက် ပြတ်တောက်သွားလေ၏။
မည်သို့ပင်ဖြစ်စေ သူတို့သည် ရွှေနီကို စားသုံးရန်သာ ထိုနေရာတွင် ရှိနေကြခြင်းဖြစ်ရာ၊ သူတို့သည် ကျင့်ကြံသူများနှင့် ပဋိပက္ခဖြစ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူစိမ်းကျင့်ကြံသူများအား မြင်သည်နှင့် ရှောင်တိမ်းကြလေသည်။
ယင်းမှာ ကျိုးစွေ့ပေးခဲ့သော အမိန့်ဖြစ်လေ၏။
"ဒါဆို၊ အင်မော်တယ်ရှားဂိုဏ်းရဲ့ ရွှေနီသတ္တုတွင်း တိုက်ခိုက်ခံလိုက်ရတာလား။ တစ္ဆေမိစ္ဆာဂိုဏ်းက အင်မော်တယ်ရှားဂိုဏ်းကို ိထိပ်တိုက်ရင်ဆိုင်ပြီးတော့ စစ်ပွဲ စတင်ဖို့ ဆုံးဖြတ်လိုက်တာလား။"
ကျိုးစွေ့၏ မျက်လုံးများက ထက်မြက်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။
'ရွှေစားကူ' ထံမှ ရရှိသော မြင်ကွင်းများအရ အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် ကောက်ကျစ်ယုတ်ညံ့သောအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေလေ၏။ ၎င်းတို့သည် မိစ္ဆာကျင့်ကြံသူများမှတစ်ပါး မဖြစ်နိုင်ချေ။
သူသည် တစ္ဆေမိစ္ဆာဂိုဏ်းသည် အင်မော်တယ်ရှားဂိုဏ်းနှင့် အမှန်တကယ် စ်ပွဲစတင်ပြီလားအား အတည်မပြုနိုင်သေးသော်လည်း၊ မိစ္ဆာကျင့်ကြံသူများက ရွှေနီသတ္တုတွင်းကို တိုက်ခိုက်ခဲ့သည့်အချက်မှာ ငြင်းဆိုဖွယ်မရှိပေ။
"အခြေအနေတွေက ပရမ်းပတာဖြစ်တော့မှာပဲ။”
ကျိုးစွေ့သည် ချက်ချင်းပင် အလောသုံးဆယ်ဖြစ်မှုအား ခံစားလိုက်ရတော့သည်။
သူသည် ဤသို့သောအဖြစ်အပျက်များကို ကြိုတင်မျှော်လင့်ထားသော်လည်း အမှန်တကယ်ဖြစ်ပျက်လာသောအခါ ပူပန်မှုအား မခံစားဘဲ မနေနိုင်ချေ။
ကြိုတင်ပြင်ဆင်မှုများ မညမျှပင်လုပ်ထားသည်ဖြစ်စေ၊ မမျှော်လင့်ထားသော တစ်စုံတစ်ရာ မဖြစ်ပွားဟု မည်သူမျှ အာမမခံနိုင်ပေ။
သူခန့်မှန်းထားသည့်အတိုင်းပင်
နောက်တစ်နေ့တွင် ရွှေနီသတ္တုတွင်းအား မိစ္ဆာကျင့်ကြံသူများ တိုက်ခိုက်သည့်သတင်းသည် မီယွင်မြို့သို့ ရောက်ရှိလာခဲ့လေသည်။
အင်မော်တယ်ရှားဂိုဏ်း၏ ကျင့်ကြံသူအများစုသည် ချောင်းမြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြရလေ၏။
မိုင်းတွင်းလုပ်သားများစွာသည်လည်း ထိုကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။
သတိကြီးသော ကျင့်ကြံသူ အနည်းငယ်သာ အသက်ရှင်လွတ်မြောက်ခဲ့ကြလေ၏။
သူတို့သည် ဘေးဒုက္ခမှ လွတ်မြောက်ရန် မီယွင်မြို့သို့ အလျင်အမြန် ပြန်ပြေးလာကြတော့သည်။