← Chapters

မီယွင်မြို့အား တိုက်ခိုက်ခြင်း၊ ဒုတိယအဆင့် ငွေလရောင်အစီအရင်။

Vol. 5 Ch. 68

မီယွင်မြို့အား တိုက်ခိုက်ခြင်း၊ ဒုတိယအဆင့် ငွေလရောင်အစီအရင်။

Vol. 5 Ch. 68

မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်မှုသည် မီယွင်မြို့ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများစွာအား အကြီးအကျယ် တုန်လှုပ်စေခဲ့သည်မှာ ထင်ရှားပေသည်။

ထိုမိစ္ဆာကျင့်ကြံသူများက အင်မော်တယ်ရှားဂိုဏ်းအား ပေါ်ပေါ်တင်တင် ရင်ဆိုင်ရဲမည်ဟု သူတို့ မည်သည့်အခါကမှ မထင်ထားခဲ့ကြချေ။

တစ်ခဏအတွင်းမှာပင် တစ်ကိုယ်တော်ကျင့်ကြံသူများစွာ စတင်ထိတ်လန့်လာကြသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေက ရွှေနီသတ္တုတွင်းကို ရုတ်တရက် တိုက်ခိုက်ရတာလဲ။ သူတို့က အင်မော်တယ်ရှားဂိုဏ်းနဲ့ စစ်ခင်းဖို့ ကြံနေကြတာလား။"

"ကြားရတာတော့ အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေက တစ္ဆေမိစ္ဆာဂိုဏ်းက တပည့်တွေတဲ့၊ သူတို့က အင်မော်တယ်ရှားဂိုဏ်းကို မျက်စိကျနေတာ ကြာပြီတဲ့။"

"မဟုတ်လောက်ပါဘူး၊ ဂိုဏ်းကြီးနှစ်ခုက စစ်ဖြစ်တော့မယ်လို့ ဆိုလိုတာလား။ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ကြားမညှပ်အောင် မြန်မြန်ထွက်သွားသင့်တယ်။”

"ဟားဟား၊ အိပ်မက်သာ ဆက်မက်နေလိုက်။ တစ္ဆေမိစ္ဆာဂိုဏ်းတပည့်တွေက ဒီတိမ်မြူခိုးတောင်တန်းတစ်ဝိုက်ကို ဝိုင်းထားပြီးပြီလို့ ကောလာဟလတွေ ထွက်နေတယ်။ ထွက်သွားရဲတဲ့ ဘယ်တစ်ကိုယ်တော်ကျင့်ကြံသူမဆို အသတ်ခံရမှာပဲ။"

"ဟုတ်တယ်၊ ကျင့်ကြံသူတချို့ ထွက်ပြေးဖို့ ကြိုးစားပြီးပြီ။ ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူတွေက လုယက်ပြီး သတ်ပစ်လိုက်ကြတယ်။ အလောင်းတောင် ပြန်မတွေ့ဘူး။"

"ဒါကတော့ တကယ်ကို ကံဆိုးတာပဲ။ ငါတို့က အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူတွေမှ မဟုတ်တာ၊ ဘာလို့ ငါတို့ကို ပစ်မှတ်ထားရတာလဲ။"

"သူတို့က ငါတို့ကို တမင်ပစ်မှတ်ထားနေတာ မဟုတ်ဘူး၊ ငါတို့က ကြားထဲက မြေစာပင်ဖြစ်သွားတာ။ အလွယ်တကူ လုယက်လို့ရမယ့် ရတနာတွေ ရှိမှတော့ ဘယ်သူက လက်ရှောင်မှာလဲကွ။ မင်းသေချင်ရင်တော့ မီယွင်မြို့ကနေ ထွက်သွားလိုက်ပေါ့။"

"အင်မော်တယ်ရှားဂိုဏ်းကရော ဘာလုပ်နေလဲ။ ဒီလောက်ကြီးတဲ့ကိစ္စ ဖြစ်နေတာကို။"

"သေတော့မသေချာဘူး၊ ဒါပေမဲ့ အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲနှစ်ယောက်တော့ လှုပ်ရှားနေပြီလို့ ကြားတယ်။ ဒါပေမဲ့ ရလဒ်ကတော့ မသိရသေးဘူး။"

"ငါတို့ မီယွင်မြို့ထဲမှာပဲ ပုန်းနေသင့်တယ်။ အနည်းဆုံးတော့ ဒီမှာ ဒုတိယအဆင့် ကာကွယ်ရေးအစီအရင် ရှိတယ်၊ မိစ္ဆာကျင့်ကြံသူတွေ အလွယ်တကူ ဝင်လာလို့ရမှာမဟုတ်ဘူး။"

တစ်ကိုယ်တော်ကျင့်ကြံသူများအကြားတွင် ပူလောင်သော ဆွေးနွေးမှုများ ကျွတ်ကျွတ်ညံနေပြီး၊ အားလုံးမှာ အလွန်ပင် စိတ်သောကရောက်နေကြလေတော့သည်။

မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။ သူတို့သည် ဂိုဏ်းကြီးနှစ်ခုကြားက တိုက်ပွဲထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရပြီး ဂရုမစိုက်မိပါက ‌သေသွားလျှင်ပင် မြုပ်စရာနေရာရှိမည်မဟုတ်ချေ။

ဤအချိန်အတွင်း၊ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် ပတ်ဝန်းကျင်ရှိ ဈေးမြို့များမှ မီယွင်မြို့သို့ စုပြုံရောက်ရှိလာကြပြီး၊ ဘေးကင်းသောခိုလှုံရာတစ်ခု ရှာဖွေရန် မျှော်လင့်နေကြသည်။

သို့သော် ဤအချိန်တွင်၊ မီယွင်မြို့သည် မြို့တံခါးများကို ပိတ်လိုက်ပြီး ကျင့်ကြံသူအားလုံးကို အပြင်ဘက်တွင် ထားရန် ၎င်း၏ကာကွယ်ရေးအစီအရင်ကို အသက်သွင်းခဲ့သည်။

အကြောင်းရင်းမှာ မိစ္ဆာကျင့်ကြံသူများ မြို့ထဲသို့ ခိုးဝင်ခြင်းကိုကာကွယ်ရန်ဖြစ်လေ၏။

တစ်ကိုယ်တော်ကျင့်ကြံသူများ တုန်လှုပ်ကာ ဒေါသထွက်သွားတော့သည်။ မီယွင်မြို့သည် သူတို့၏နောက်ဆုံးထွက်‌ေါက်အား ဖြတ်တောက်လောက်အောင် ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သို့သော်၊ ဒုတိယအဆင့် အစီအရင်၏ ကာကွယ်ရေးစွမ်းအားနှင့် ရင်ဆိုင်ရသောအခါ၊ သူတို့တွင် ဖောက်ထွင်းရန် အခွင့်အရေးမရှိခဲ့ပေ။

တစ်ကိုယ်တော်ကျင့်ကြံသူများသည် တိမ်မြူခိုးတောင်တန်းထဲသို့ ပိုမိုနက်ရှိုင်းစွာ စွန့်စားဝင်ရောက်၍၊ ရှင်သန်နိုင်မည့် တစ်စုံတစ်ရာအား တွေ့ရှိနိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့၏။

...

ဝှစ်..၊ ဝှစ်..၊ ဝှစ်..။

ထိုအခိုက်တွင် မိစ္ဆာကျင့်ကြံသူ ရာပေါင်းများစွာသည် မီယွင်မြို့အပြင်ဘက်တွင် ပေါ်ထွက်လာကြလေသည်။ တစ်ဦးချင်းစီသည် မှော်လက်နက်များကို ကိုင်ဆောင်ထားပြီး ခြေဖဝါးအောက်မှ တိမ်တိုက်များ ထွက်ပေါ်နေသည်။

ကောင်းကင်တစ်ခုလုံးသည် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး၊ သူတို့၏ မိစ္ဆာစွမ်းအားများက ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

အခြေတည်အဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက်တွင် ပေါ်လာကြပြီး၊ နတ်ဘုရားများသဖွယ် မာနကြီးစွာဖြင့် မီယွင်မြို့အား အပေါ်စီးမှ ကြည့်နေကြသည်။

"တစ္ဆေအိုကြီးလု၊ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီကို ခုချက်ချင်း အသာတကြည် ထုတ်ပေးလိုက်စမ်း။ သူ မီယွင်မြို့ထဲမှာ ပုန်းနေတာ ငါသိတယ်။ မင်းသာ သူ့ကို ထုတ်ပေးရင် နောင်နှစ်တစ်ရာအတွင်း မီယွင်မြို့ကို ဘာအနှောင့်အယှက်မှ မပေးဘူးလို့ ငါကတိပေးတယ်။"

အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက ဟစ်အော်လိုက်ရာ သူ၏အသံသည် မိုခြိမ်းသံအလား မီယွင်မြို့တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။

မီယွင်မြို့ရှိ ကျင့်ကြံသူတိုင်းနီးပါး သူ၏စကားအား ရှင်းလင်းစွာ ကြားလိုက်ရသည်။

မီယွင်မြို့အား သူတို့တိုက်ခိုက်လိုခြင်းမှာ အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီအား ရှာဖွေလိုခြင်း ဖြစ်သည်မှာ ထင်ရှားပေသည်။

တစ္ဆေမိစ္ဆာဂိုဏ်းအတွက် ဤအင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်အား ဖမ်းဆီးခြင်းက အလွန်ပင် ကောင်းမွန်လှ၏။ သူမသည် အနာဂတ်တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့်သူ ဖြစ်သည်။ အင်မော်တယ်ရှားဂိုဏ်းအား တတိယမြောက် ရွှေအမြုတေတစ်ဦးအား မွေးထုတ်နိုင်လိုက်စေပါက၊ အခြားဂိုဏ်းများ ရှင်သန်နိုင်မည်မဟုတ်ပေ။

"ဟားဟားဟား..၊ ပေါက်ကရတွေ လာပြောမနေကြနဲ့။ လန်ယွဲ့ရှီ မီယွင်မြို့မှာ မရှိဘူး၊ မင်းတို့ လူမှားနေပြီ။ မြန်မြန်ထွက်သွားကြ။"

မြို့အတွင်းမှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာသည်။ စကားပြောလိုက်သူမှာ လုမိသားစု၏ ဘိုးဘေးဖြစ်သူ လုဟုန်ရန် ဖြစ်လေ၏။

ဖြစ်နိုင်လျှင် သူသည် တစ္ဆေမိစ္ဆာဂိုဏ်းအား ရင်မဆိုင်ချင်ပေ။ သူ၏ သေးငယ်သော လုမိသားစုလေးက တ‌စ္ဆေမိစ္ဆာဂိုဏ်းအား မည်သို့ တွန်းလှန်နိုင်မည်နည်း။

ပြဿနာမှာ လုမိသားစုသည် တစ္ဆေမိစ္ဆာဂိုဏ်းအား မကိုင်တွယ်နိုင်သလို၊ အင်မော်တယ်ရှားဂိုဏ်းကိုလည်း ရင်မဆိုင်နိုင်ပေ။

လန်ယွဲ့ရှီသာ မီယွင်မြို့၌ တစ်ခုခုဖြစ်သွားပါက လုမိသားစုသည်လည်း သေချာပေါက် ပျက်စီးသွားရပေမည်။

အရေးအကြီးဆုံးမှာ မိစ္ဆာကျင့်ကြံသူများသည် အမြဲတစေ ကောက်ကျစ်တတ်ကာ သစ္စာမဲ့တတ်ကြသည်။ အရူးများသာလျှင် ၎င်းတို့၏ကတိစကားအား ယုံကြပေမည်။ သူသည် ‌မြေခွေးအိုကြီးတစ်ယောက်ဖြစ်ရာ ‌‌သူတို့၏ စကားအနည်းငယ်ဖြင့် ကြောက်လန့်သွားမည့်သူ မဟုတ်ပေ။

"ကောင်းတယ်..၊ သိပ်ကိုကောင်းတယ်..၊ တစ္ဆေအိုကြီးလု။ မင်းက အလိုက်တသိ ကမ်းတဲ့လက်ကို ပုတ်ချမှတော့ မီယွင်မြို့ ပျက်စီးသွားတဲ့အခါ မင်းရဲ့ လုမိသားစုလည်း မျိုးတုံးပြီသာမှတ်တော့။" အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဘုန်း…။

တစ်ခဏအတွင်း အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူ ငါးယောက်ခြောက်ယောက်နှင့်အတူ ချီသန့်စင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ ထောင်ပေါင်းများစွာတို့သည် မီယွင်မြို့သို့ တစ်ပြိုင်နက်တည်း မန္တန်မျိုးစုံဖြင့် ကျည်ဆန်မိုးရွာသည့်အလား ပစ်ခတ်တိုက်ခိုက်ကြတော့သည်။

သို့သော် လုမိသားစုသည် မီယွင်မြို့ရှိ ဒုတိယအဆင့် ကာကွယ်ရေးအစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်ရာ၊ ကြီးမားသော စွမ်းအင်အတားအဆီးတစ်ခု ပေါ်ထွက်လာသည်။

ထိုအတားအဆီးပေါ်တွင် ပြွတ်သိပ်နေသော သင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး စိတ်ကူးပင်မယဉ်နိုင်လောက်သည့် စွမ်းအားများ ပါဝင်နေသည်။ တိုက်ခိုက်လာသော မန္တန်များအားလုံးသည် ပင်လယ်ထဲသို့ ခဲပစ်ထည့်သည့်နှယ် ဖြစ်သွားလေသည်။ လှိုင်းဂယက်အချို့ကိုသာ ဖန်တီးနိုင်ပြီး အစီအရင်အား အပြည့်အဝ မချိုးဖျက်နိုင်ခဲ့ပေ။

တရစပ်တိုက်ခိုက်ပြီး ခဏအကြာတွင် တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားသည်။ အစစ်အမှန်ချီ အများအပြား ကုန်ဆုံးသွားသည်မှာ ထင်ရှားပေသည်။

သူတို့သည်သာ လုံးဝအားကုန်သွားအောင်ထိ ထုတ်သုံးပါက၊ မြို့အတွင်းရှိကျင့်ကြံသူများက ရုတ်တရက်တိုက်ခိုက်လာနိုင်ပေသည်။ ထိုအခါတွင် သူတို့ အကြီးအကျယ်အထိနာရပေမည်။

"ချီးတဲ့မှ၊ ဒါက ဒုတိယအဆင့် ထိပ်တန်းအဆင့် ငွေလရောင်အစီအရင်ပဲ။ သူ့ရဲ့ကာကွယ်မှုက ပြိုင်ဘက်ကင်းတယ်။ ငါတို့အားလုံး သုံးရက်သုံးညလောက် ဆက်တိုက် တိုက်ခိုက်ရင်တောင် ဒီအစီအရင်ကို နည်းနည်းလေးမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။"

"လုမိသားစုလေးက တိမ်မြူခိုးတောင်တန်းမှာ နှစ်ပေါင်းတစ်ရာကျော်ကြာ ရှင်သန်ရပ်တည်ပြီး၊ သားရဲလှိုင်းပေါင်းများစွာကို တွန်းလှန်နိုင်ခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ သူတို့မှာ တကယ်ကို အရည်အချင်းရှိတာပဲ၊ လျှော့တွက်လို့မရဘူး။"

"ဒီအတိုင်း ဆက်တိုက်ခိုက်နေလို့ကတော့ ငါတို့ရဲ့အချိန်နဲ့ မှော်စွမ်းအင်တွေကို ဖြုန်းတီးနေရုံပဲ ရှိမှာ။"

"ငါတို့က အဲ့ဒီတစ္ဆေအိုကြီးလု၊ မြို့ထဲမှာ ပုန်းနေတာကို ဒီအတိုင်း ကြည့်နေရတော့မှာလား။"

"မလောစမ်းပါနဲ့၊ ဒီတစ်ခေါက် တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အစီအစဉ်က မီယွင်မြို့ကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ မီယွင်မြို့က အရေးမကြီးဘူး၊ အဓိကက အဲ့ဒီမိန်းမ လန်ယွဲ့ရှီကို သတ်ဖို့ပဲ။"

"ဟုတ်တယ်။ ငါတို့လုပ်နေတာက အာရုံလွှဲရုံသပ်သပ်ပဲ။ အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲနှစ်ယောက်ကို သူတို့ဂိုဏ်းကနေ ထွက်လာအောင် တွန်းအားပေးနေတာ။ သူတို့ထွက်လာတာနဲ့ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲတွေက တိုက်ခိုက်လိမ့်မယ်။ အောင်မြင်ခဲ့ရင် အင်မော်တယ်ရှားဂိုဏ်းကို လုံးဝဖြိုခွဲနိုင်လိမ့်မယ်။ အရေးမပါတဲ့ မီယွင်မြို့ကတော့ ဘာမှမပြောပဘူး။”

"ဟုတ်သားပဲ။ ဒီလိုဆို မီယွင်မြို့ကို ပိတ်ဆို့ထားကြရအောင်။ ဒီမြို့က ကျင့်ကြံသူတွေ အချိန်အကြာကြီး တောင့်ခံနိုင်မယ်လို့ ငါမယုံဘူး။ သူတို့အစားအစာကုန်သွားရင် မြို့က သူ့အလိုလို ပျက်ဆီးသွားမှာပဲ။”

"ငါကြားတာတော့ ဘိုးဘေး လုဟုန်ရန်ရဲ့ သက်တမ်းက ကုန်တော့မှာတဲ့။ ဒါဆိုရင် ငါတို့ ဝင်စရာတောင်မလိုဘူး။ သူသေသွားတာနဲ့ မြို့ရဲ့ ကာကွယ်ရေးအစီအရင်က သူ့အလိုလို ပြိုကျသွားပြီး အဲ့ဒီအခါကျမှ တိုက်ရိုက်ဝင်စီးလို့ရပြီ။"

မိစ္ဆာကျင့်ကြံသူများသည် မီယွင်မြို့ကို ကိုင်တွယ်ရန် နည်းဗျူဟာအမျိုးမျိုးကို ဆွေးနွေးကြသည်။

သူတို့သည် မြို့၏ ဒုတိယအဆင့် ငွေလရောင်အစီအရင်ကို ချက်ချင်းမချိုးဖျက်နိုင်ကြောင်း သိရှိသွားသောအခါ၊ တိုက်ခိုက်မှုကို ယာယီရပ်ဆိုင်းကာ မြို့အပြင်ဘက်တွင်သာ နေ၍ ဝန်းရံထားရန် ရွေးချယ်လိုက်ကြလေသည်။

All Chapters