ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီ၊ သာပေါင်းညာစား လုမိသားစု။
Vol. 5 Ch. 69
ထိုအချိန်တွင် မီယွင်မြို့အတွင်းရှိ လုမိသားစု၏စံအိမ်တော်။
အဖြူရောင်စကတ်ရှည်ကို ဝတ်ဆင်ထားသော ထင်ရှားပေါ်လွင်စွာ တင့်တယ်လှပသည့် အမျိုးသမီးတစ်ဦးသည် အဓိကနေရာတွင် ထိုင်နေသည်။
သူမ၏ ကျက်သရေရှိသော အမူအရာ၊ လှပသော ခန္ဓာကိုယ်အချိုးအစားနှင့် သဘာဝတရားကိုပင် ဆန့်ကျင်ပုံရသော ဆွဲဆောင်မှုတို့က သူမအား နတ်ပြည်မှ ကြွေကျလာသည့် နတ်သမီးတစ်ပါးအလား ထင်မှတ်မှားစေနိုင်လေ၏။
သူမက အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီဖြစ်လေသည်။
မြို့အပြင်ဘက်တွင် ချောင်းမြောင်းတိုက်ခိုက်ခံရပြီးနောက် သူမသည် အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်မသွားဘဲ မီယွင်မြို့သို့ ပြန်လာရန် ရွေးချယ်ခဲ့သည်။ အကြောင်းမှာ အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်သည့်လမ်းတွင် တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ ချောင်းမြောင်းတိုက်ခိုက်မှုအား မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်ကြောင်း သူမ သိသောကြောင့်ပင်။
ပြန်သွားလျှင် သေဖို့သေချာသလောက် ဖြစ်ရာ၊ မီယွင်မြို့တွင်နေခြင်းကသာလျှင် သူမအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလေသည်။
မီယွင်မြို့၏ ကျော်ကြားလှသော ဒုတိယအဆင့် ထိပ်တန်းအဆင့် ငွေလရောင်အစီအရင်သည် ထူးထူးခြားခြား တိုက်ခိုက်ရေးအစွမ်း မရှိသော်လည်း၊ ကာကွယ်ရေးစွမ်းအား အလွန်ကြီးမားပြီး ရွှေအမြုတေဆရာသခင်တစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်ဟု လူသိများလေသည်။
ဤဒုတိယအဆင့် အစီအရင်ကြောင့်ပင် လုမိသားစုသည် ယောင်သားရဲများ ပြည့်နှက်နေသော တိမ်မြူခိုးတောင်တန်းတွင် ခြေကုပ်ယူထားနိုင်ခြင်းဖြစ်လေသည်။ သို့မဟုတ်ပါက မြို့သည် မကြာခဏဖြစ်ပွားသော သားရဲလှိုင်းများကြောင့် ပျက်စီးသွားခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ကြံ့ကြံ့ခံနိုင်ခဲ့မည် မဟုတ်ပေ။
"ဂိုဏ်းသခင်ငယ်၊ အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေ ယာယီဆုတ်ခွာသွားကြပါပြီ။ ဒါပေမဲ့ ဒီကိစ္စကို ဒီအတိုင်း လက်လျှော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဂိုဏ်းက တပ်ကူတွေ ဘယ်တော့လောက် ရောက်လာမလဲ မသိဘူး။ မီယွင်မြို့က အချိန်အကြာကြီးတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။"
လုမိသားစု၏ ဘိုးဘေး လုဟုန်ရန်က အောက်ဘက်နေရာတွင် ထိုင်ရင်း တွန့်ဆုတ်စွာ မေးလိုက်သည်။
"စိတ်အေးအေးထားပါ၊ ဂိုဏ်းချုပ်က ဒီအခြေအနေကို သိရှိပြီးဖြစ်လို့ မကြာခင် တပ်ကူတွေ ပို့လွှတ်လာပါလိမ့်မယ်။"
"ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် အကြီးအကဲတွေ ဝင်ပါလာတာနဲ့ အဲ့ဒီမိစ္ဆာကျင့်ကြံသူလေးတွေ မလွဲမသွေ သုတ်သင်ခံရမှာပါ။"
"ပြီးတော့ ရှင်တို့ လုမိသားစုကလည်း ကြီးမားတဲ့ဂုဏ်ပြုမှုတွေရပြီး အဆင့်အတန်း မြင့်တက်လာမှာပါ။ လုမိသားစုဝင်တစ်ယောက်ယောက်က အင်မော်တယ်ရှားဂိုဏ်းရဲ့ အတွင်းစည်းတပည့်၊ ဒါမှမဟုတ် ပင်မတပည့်တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။"
လန်ယွဲ့ရှီက တည်ငြိမ်စွာဆိုသည်။ သူမသည် အပြင်းအထန် ဒဏ်ရာရထားပြီး ပြန်လည်သက်သာရန် အချိန်လိုအပ်နေသောကြောင့် လုမိသားစု၏ အကာအကွယ်ကို လိုအပ်နေသေးသည်။
"ဒီလိုဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ၊ ကျွန်တော်တို့က အင်မော်တယ်ရှားဂိုဏ်းအတွက်ဆို ဓါးတောင်ကိုကျော်လို့၊ မီးပင်လယ်ကိုတောင် ဖြတ်ရဲပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားလုံးကို မြှုပ်နှံထားပါတယ်။" လုဟုန်ရန်က သူ၏ ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘဲ ပြန်ဖြေလိုက်သည်။
အခြားလုမိသားစုအကြီးအကဲများသည်လည်း ဝမ်းသာသွားသည့် အမူအရာများ ထွက်ပေါ်လာလေသည်။ ဤကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့ပါက၊ ဘိုးဘေးကွယ်လွန်သွားလျှင်ပင် လုမိသားစုသည် အင်မော်တယ်ရှားဂိုဏ်း၏ အရေးပါသော မိသားစုတစ်ခုအဖြစ် အဆင့်အတန်း မြှင့်တက်သွားပေတော့မည်။
ထို့အပြင် သူတို့၏မျက်စိရှေ့မှောက်၌ ရှိနေသူသည် အနာဂတ်တွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိမည့် အနာဂတ်အင်မော်တယ်ရှားဂိုဏ်းချုပ် ဖြစ်လေ၏။
သူမ၏ စကားတစ်ခွန်းဖြင့် သူတောင်းစားတစ်ယောက်ကိုပင် ကြယ်များခူးဆွတ်နိုင်သည့် အာဂယောက်ျားအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
“ကောင်းပြီ၊ ရှင်တို့ သွားလို့ရပြီ။ အစီအရင်ကို သေချာလေးဂရုစိုက်ဖို့ကို သတိရကြပါ။ ဂိုဏ်းကနေ တပ်ကူတွေ ရောက်မလာခင်အထိ ငါတို့ တောင့်ခံထားရမယ်။”
လန်ယွဲ့ရှီက လက်ဝှေ့ယမ်းလိုက်ပြီး အခြားသူများအား နှင်ထုတ်လိုက်လေသည်။
“ကောင်းပါပြီ၊ ဂိုဏ်းသခင်ငယ်။”
လုမိသားစုဝင်အားလုံးက နှုတ်ဆက်လိုက်ကာ၊ လန်ယွဲ့ရှိတစ်ယောက်တည်း ချန်ထားခဲ့ပြီး ထွက်ခွာသွားကြတော့သည်။
…
များမကြာမီတွင် လုမိသားစု အကြီးအကဲအဖွဲ့သည် အခြားတိတ်ဆိတ်သော အခန်းတစ်ခုသို့ ဝင်ရောက်သွားကြသည်။
သူတို့၏ ယခင် ပျော်ရွှင်မြူးတူးနေသော မျက်နှာအမူအရာများက ပြောင်းလဲသွားကာ၊ ယခုအခါ သူတို့၏မျက်နှာများမှာ လေးနက်တည်ကြည်နေပြီး စိုးရိမ်ကြောင့်ကြမှုများဖြင့် ဖုံးလွှမ်းနေသည်။
"ဘိုးဘေး၊ ဒီကိစ္စကို ဘယ်လိုမြင်လဲ။ ကျုပ်တို့တွေ အင်မော်တယ်ရှားဂိုဏ်းဘက်က ရပ်တည်မလား၊ ဒါမှမဟုတ် တစ္ဆေမိစ္ဆာဂိုဏ်းဘက်က ရပ်တည်မလား။" လုမိသားစုမှ အကြီးအကဲတစ်ဦးက မေးလိုက်သည်။
သူတို့သည် ကောက်ကျစ်စဉ်းလဲသော မြေခွေအိုကြီးများ ဖြစ်ကြရာ၊ လန်ယွဲ့ရှီ၏ ဆွဲဆောင်မှုရှိသော ကတိကဝတ်များအား လွယ်လွယ်နှင့် မျက်စိမှိတ်ယုံစားကြမည် မဟုတ်ပေ။
သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်ဖြစ်ပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့်သာ လေးစားမှုပြသကာ ဟန်ဆောင်ခဲ့ရခြင်း ဖြစ်၏။
ဟန်ဆောင်ခြင်းနှင့် ပတ်သက်လျှင် ဤမျှသက်ဆိုးရှည်သော မြေခွေးအိုကြီးများအား မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။
"အမှန်အတိုင်းပြောရရင် လမ်းမှန်ဂိုဏ်းရဲ့တပည့်ဖြစ်နိုင်ရင် ဘယ်သူက မိစ္ဆာကျင့်ကြံသူ ဖြစ်ချင်မှာလဲ။" လုမိသားစု၏ ဘိုးဘေး လုဟုန်ရန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ယင်းအား အခြားအကြီးအကဲများလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ မိစ္ဆာလမ်းစဉ်၏ တပည့်သားတစ်ဦးဖြစ်လာခြင်းသည် လမ်းဖြတ်ကူးသော ကြွက်တစ်ကောင်သဖွယ် လူတိုင်း၏ပစ်မှတ်ထားခြင်းကို ခံရပေမည်။
ထို့အပြင် မိစ္ဆာလမ်းစဉ်ပညာရပ် အများစုသည် အချိန်မြန်မြန်ဖြင့် တိုးတက်နိုင်ကာ၊ ကြီးမားသောအစွမ်းကို ပေးစွမ်းနိုင်သော်လည်း၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာရန်မူ မျှော်လင့်ချက် မရှိသလောက် ဖြစ်လေ၏။
အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများသာလျှင် တာအိုရှာဖွေသောလမ်းကြောင်းတွင် မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းကြပေသည်။ တစ်စုံတစ်ယောက်တွင် ထူးချွန်သော စိတ်ဝိညာဉ်အမြစ်များ ရှိပါက အများအားဖြင့် လမ်းမှန်လမ်းစဉ်ကိုသာ ရွေးချယ်ကြပေသည်။
"ဒါဆို ဘိုးဘေးဆိုလိုချင်တာက ကျုပ်တို့ အင်မော်တယ်ရှားဂိုဏ်းကို ထောက်ခံပြီး၊ လန်ယွဲ့ရှီကို အသက်စွန့်ပြီး ကာကွယ်ရမှာလား။"
အကြီးအကဲတစ်ဦးက တီးခေါက်ကြည့်လိုက်သည်။
"တုံးလိုက်တာကွာ။”
လုမိသားစုဘိုးဘေး လုဟုန်ရန်က အေးစက်စွာ ရယ်မောလိုက်ပြီး "ငါတို့ လုမိသားစုက အင်အားနည်းတယ်။ ဘယ်လိုလုပ် ဘက်တစ်ဖက်ကို အလွယ်လေး ရွေးချယ်နိုင်မှာလဲ။ ဘက်မှားရွေးမိရင် ငါတို့မျိုးနွယ်တစ်ခုလုံး ကိစ္စပြတ်သွားလိမ့်မယ်။"
"လမ်းမှန်လမ်းစဥ်ဖြစ်ဖြစ်၊ မိစ္ဆာလမ်းစဥ်ဖြစ်ဖြစ် အသက်ရှင်နေမှသာ ရွေးချယ်ခွင့်ရှိတယ်။ ငါတို့သာ သေသွားရင် လမ်းမှန်၊လမ်းမှား ဆွေးနွေးနေလို့ ဘာအဓိပ္ပါယ်ရှိတော့မလဲ။ ဂိုဏ်းနှစ်ခုကြားက စစ်ပွဲအတွက်တော့ ငါတို့ တစ်လှမ်းချင်းပဲ သွားရမှာပဲ။"
"ဘိုးဘေးဆိုလိုချင်တာကို ကျွန်တော်နားလည်ပါပြီ။" လုမိသားစု၏ အကြီးအကဲက သဘောပေါက်သွားသည်။
"လက်ရှိအချိန်မှာ အင်မော်တယ်ရှားဂိုဏ်းနဲ့ တစ္ဆေမိစ္ဆာဂိုဏ်းကြားက ရလဒ်ကို မသိနိုင်သေးတော့ တစ်လှမ်းချင်းပဲ သွားရမယ်။ အင်မော်တယ်ရှားဂိုဏ်းက ပိုအားကောင်းရင် ငါတို့က လန်ယွဲ့ရှီကို ထောက်ခံမယ်။ တစ္ဆေမိစ္ဆာဂိုဏ်းက ပိုအားကောင်းရင်တော့ သူတို့ဘက်ပြောင်းပြီး လန်ယွဲ့ရှီကို အပ်လိုက်မယ်။ အခြေအနေကိုလိုက်ပြီး ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်မှသာ ငါတို့ ရှင်သန်နိုင်မှာပဲ။"
"မှန်တယ်။" လုဟုန်ရန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အနည်းဆုံးတော့ လုမိသားစုမှာ ငါ့အစီအစဉ်တွေကို နားလည်နိုင်တဲ့ ဉာဏ်ကောင်းသူနည်းနည်းတော့ ရှိသေးတာပဲ။”
"မင်းတို့ မှတ်ထားရမှာက အခု ငါတို့မှာ ဘက်ရွေးဖို့ အခြေအနေမရှိသေးဘူး။ မီယွင်မြို့က အနည်းဆုံး သုံးနှစ်လောက်တော့ တောင့်ခံထားနိုင်သေးတော့ လောလောဆယ် အင်မော်တယ်ရှားဂိုဏ်းကို ကူညီထောက်ပံ့ပေးထားနိုင်တယ်။"
"အဲ့ဒီသုံးနှစ်အတွင်းမှာ တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ အင်မော်တယ်ရှားဂိုဏ်းကြားက အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ လုံလောက်သင့်တယ်။ အဲ့ဒီအချိန်အထိ အင်မော်တယ်ရှားဂိုဏ်းက ငါတို့ကို ကူညီဖို့ မလာဘူးဆိုရင်တော့ ငါတို့မိသားစုကို သစ္စာမရှိဘူးလို့ အပြစ်မတင်နဲ့ပေါ့ကွာ။”
သူ၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။
“ဟုတ်ကဲ့ပါ၊ ဘိုးဘေး။” လုမိသားစုဝင်များက သဘောတူစွာဖြင့် တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြလေသည်။
ရက်အနည်းငယ်အကြာတွင် မီယွင်မြို့အတွင်းပိုင်းမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။
မြို့ပြင်ရှိ တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် မနက်၊ နေ့လည်၊ ညနေတို့တွင် မီယွင်မြို့ကို အခါအားလျော်စွာ တိုက်ခိုက်သော်လည်း၊ မြို့၏ ဒုတိယအဆင့် အစီအရင်ကြီးကြောင့် တိုက်ခိုက်မှုများအား အလွယ်တကူ တွန်းလှန်နိုင်ခဲ့လေသည်။
ထို့ကြောင့် မြို့ထဲတွင် နေထိုင်သော ကျင့်ကြံသူများ စိတ်သက်သာရာရသွားကြသည်။
မည်သို့ပင်ဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူများ မီယွင်မြို့အား မထိုးဖောက်နိုင်သေးသရွေ့ သူတို့ လုံခြုံနေမည် ဖြစ်သည်။
အချိန်အားလပ်သော ကျင့်ကြံသူအချို့ပင်လျှင် မြို့ရိုးပေါ်သို့တက်ကာ မိစ္ဆာကျင့်ကြံသူများအား လှောင်ပြောင်ကြလေ့ရှိလေသည်။ ထိုသို့ဖြင့် နဂိုကပင် ရိုင်းစိုင်းကြမ်းကြုတ်သော မိစ္ဆာကျင့်ကြံသူများအား ပေါက်ကွဲစေကာ ဒေါသူပုန်ထနေစေတော့သည်။
ကျိုးစွေ့မှာမူ ဤသို့ အားလပ်နေခြင်းမရှိဘဲ အိမ်တွင်သာ အပြင်းအထန် ကျင့်ကြံနေပြီး သူ၏ကျင့်ကြံမှုကို မြှင့်တင်ရန် ရွှေခြင်ဆီဆေးလုံးကို သောက်သုံးနေခဲ့သည်။
ဝူးရှ်…။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီသည် အံ့အားသင့်ဖွယ် အရှိန်ဖြင့် တိုးပွားလာသည်အား သူအာရုံခံမိလိုက်သည်။ ကြီးမားသော ဆေးစွမ်းအင်သည် အစစ်အမှန်ချီ၏ စွမ်းအားအဖြစ် ပြောင်းလဲကာ သူ၏မရီဒန်များနှင့် ဒန်တျန် ချီပင်လယ်ထဲတွင် အဆက်မပြတ် စီးဆင်းလည်ပတ်နေသည်။
ထိုအခိုက်တွင် သူသည် သူ၏ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီ၏ အထွတ်အထိပ်စွမ်းအားကို ခံစားလိုက်ရသည်။
ချီသန့်စင်ခြင်း အဆင့်(၆) ပြီးပြည့်စုံခြင်းအဆင့်။
သံသယဖြစ်စရာမလိုပေ။ လပေါင်းများစွာ ကြိုးစားကျင့်ကြံပြီးနောက် ကျိုးစွေ့သည် နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုအား ချီသန့်စင်ခြင်းအဆင့်(၆)၏ ပြီးပြည့်စုံသောအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။
"ဒါ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ရဲ့ အတားအဆီးလား…။"
သို့သော် ထိုအခိုက်တွင် ကျိုးစွေ့သည် သူ၏ အတွင်းပိုင်း အစစ်အမှန်ချီသည် အတားအဆီးတစ်ခုအား ဝင်တိုက်မိသကဲ့သို့ ဖြစ်နေသည်ကို အံ့ဩစွာ သတိပြုမိလိုက်သည်။ သူ မည်သို့ပင် လည်ပတ်စေကာမူ ၎င်းမှာ တိုးပွားမလာတော့ချေ။
ဤအတားအဆီးအား ချိုးဖျက်ရန် အဆက်မပြတ် ပြင်းထန်စွာ ကျင့်ကြံအားထုတ်ရန် လိုအပ်ပြီး၊ အောင်မြင်စွာ ကျော်လွှားနိုင်ရန် နှစ်ပေါင်းများစွာ အဆက်မပြတ် စိန်ခေါ်နေရပေမည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် နှစ်ပေါင်းများစွာဆိုသည်မှာပင် တိုတောင်းသည်ဟု ယူဆနိုင်သည်။ ဤသည်မှာ သူ သတ္တမအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
အကယ်၍ သူသည် နဝမအဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားဆဲဖြစ်ပါက၊ ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်၏ အတားအဆီးအား ချိုးဖျက်ရန် အနည်းဆုံး နှစ်နှစ်ဆယ်ခန့် လိုအပ်မည် ဖြစ်၏။