ချီသန့်စင်ခြင်း အဆင့်(၇)သို့ တက်လှမ်းခြင်း၊ ဘက်စုံတိုးတက်လာမှု။
Vol. 5 Ch. 70
သို့သော် ကျိုးစွေ့သည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းမနေနိုင်ပေ။
ယခုအခြေအနေသည် အလွန်အန္တရာယ်များလှရာ တစ္ဆေမိစ္ဆာဂိုဏ်းက မီယွင်မြို့၏ ကာကွယ်ရေးအစီအရင်ကို မည်သည့်အချိန်တွင် ချိုးဖျက်ဝင်ရောက်လာနိုင်မည်အား မည်သူမျှကြိုမသိနိုင်ချေ။ အကယ်၍ သူတို့သာ အောင်မြင်သွားပါက သူ၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် အလွန်ပင် အန္တရာယ်များလွန်းလှ၏။
သူသည် မြေအောက်စခန်းတစ်ခုတွင် ပုန်းအောင်းနိုင်သော်လည်း မမျှော်လင့်ထားသောအရာများ ဖြစ်မလာဟု မည်သူက အာမခံနိုင်မည်နည်း။
အကယ်၍ ဒုက္ခပေးနိုင်သည့် ကျင့်ကြံသူတစ်ဦး သို့မဟုတ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဦးက သူကိုယ်တိုင်တည်ဆောက်ထားသော မြေအောက်စခန်းအား ရှာဖွေတွေ့ရှိသွားလျှင် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။
လုံလုံလောက်လောက်အစွမ်းထက်မှသာလျှင် မည်သည့်ရုတ်တရက် သို့မဟုတ် အန္တရာယ်ရှိသောအခြေအနေကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူသည် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်၏ အတိားအဆီးအား ချိုးဖျက်ရန် နှစ်ပေါင်းများစွာ အချိန်ဖြုန်းနေ၍မဖြစ်ပေ။ ဖြစ်နိုင်လျှင် သူ၏အစွမ်းကို အမြန်ဆုံးမြှင့်တင်ရန် ယခုပင် အဆင့်တက်လိုသည်။
ကံကောင်းစွာပင် သူသည် အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။
လပေါင်းများစွာအကြာက ကျိုးစွေ့သည် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများထံမှ အဆင့်ချိုးဖြတ်ဆေးလုံး တစ်လုံးကို ရရှိခဲ့သည်။
ဤလအနည်းငယ်အတွင်း တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် သူ့အား လိုက်လံသတ်ဖြတ်ရန် အစီအစဉ်မရှိဘဲ ထိုဂိုဏ်းတပည့်များကို မေ့လျော့သွားပုံရသောကြောင့်၊ ယခုအခါ အဆင့်ချိုးဖျက်ဆေးလုံးကို သူ၏ကိုယ်ပွားက အချိန်အတော်ကြာကတည်းက ပြန်လည်ယူဆောင်လာခဲ့ပြီးဖြစ်သည်။
ဤဆေးလုံး၏ အကူအညီဖြင့် သူသည် အချိန်များစွာကို ချွေတာနိုင်ပြီး ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။
ဝန်ခံရလျှင် ထိုတစ္ဆေမိစ္ဆာဂိုဏ်းမှကျင့်ကြံသူများအား ကျေးဇူးတင်ရပေမည်။ သူတို့နှင့်သာ မဆုံတွေ့ခဲ့ပါက ဤကဲ့သို့သော အဖိုးတန်သည့် အဆင့်ချိုးဖြတ်ဆေးလုံးအား ရရှိနိုင်မည်မဟုတ်ပေ။
"စလိုက်တာပေါ့။"
ထိုသို့တွေးလိုက်သည်နှင့် ကျိုးစွေ့သည် တွန့်ဆုတ်မနေဘဲ အဆင့်ချိုးဖျက်ဆေးလုံးကို ချက်ချင်း သောက်သုံးလိုက်သည်။
ဘုန်း..။
ချက်ချင်းပင် ဆေးစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်အား ခံစားလိုက်ရသည်။ ၎င်းမှာ အဆင့်ချိုးဖျက်ဆေးလုံး၏ ဆေးစွမ်းအင်ပင် ဖြစ်သည်။
ရွှေခြင်ဆီဆေးလုံးနှင့်မတူဘဲ အဆင့်ချိုးဖျက်ဆေးလုံး၏ ဆေးစွမ်းအင်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်ပြီး မခုခံနိုင်လောက်အောင်ပင် ဖြစ်သည်။ ဤပြင်းထန်သော ဆေးစွမ်းအင်သည် ဆည်တစ်ခုအား ဒီရေရိုက်ခတ်သည့်နှယ် အတားအဆီးဆီသို့ တိုးဝင်သွားကာ အဆက်မပြတ် ရိုက်ခတ်တော့သည်။
ခလွပ်..။
တစ်ခဏအတွင်းမှာပင် ကျိုးစွေ့သည် မဖျက်ဆီးနိုင်ဟုထင်ရသော အတားအဆီးသည် အဆင့်ချိုးဖျက်ဆေးလုံး၏ ပြင်းထန်သောဆေးစွမ်းအင်ကြောင့်၊ အမှန်တကယ် ကွဲအက်သွားပြီး သေးငယ်သော အက်ကြောင်းများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အကယ်၍ သူကိုယ်တိုင် ကျင့်ကြံခဲ့ပါက ဤသို့သော လက္ခဏာများပြသရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ သို့သော် အဆင့်ချိုးဖြတ်ဆေးလုံး၏အကူအညီဖြင့်၊ အတားအဆီးသည် ချက်ချင်းဆိုသလို ကွဲအက်သွားလေသည်။ ၎င်းသည် ဆေးလုံး၏အာနိသင်ဖြစ်ပြီး အကန့်အသတ်မရှိ အသုံးဝင်လှလေသည်။
ခလွပ်…၊ ခလွပ်…။
ကျိုးစွေ့သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီစွမ်းအားကို လည်ပတ်စေပြီး ပြင်းထန်သော ဆေးစွမ်းအင်ကို အတားအဆီးအား ထပ်ခါထပ်ခါ ရိုက်ခတ်စေရာ အက်ကြောင်းများ ပို၍ပို၍ များပြားလာသည်။
ဘုန်း..။
နောက်တစ်စက္ကန့်တွင် ကြီးမားသော ဆေးစွမ်းအင်၏ အကူအညီဖြင့် ဤအတားအဆီးသည် ချက်ချင်းပင် ကျိုးပျက်သွားတော့သည်။
ချီသန့်စင်ခြင်း အဆင့်(၇)။
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်။
အဆင့်ချိုးဖြတ်ဆေးလုံး၏ အကူအညီဖြင့် ကျိုးစွေ့သည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်၏အတားအဆီးအား အောင်မြင်စွာကျော်ဖြတ်ပြီး၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ အပြည့်အဝဝင်ရောက်နိုင်ခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။
ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီစွမ်းအားသည် ယခင်ကထက် နှစ်ဆတိုးလာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် သူ၏မရီဒန်တစ်ခုချင်းစီတွင် မြစ်တစ်စင်းစီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားပင်လျှင် ပိုမိုမြင့်တက်လာခဲ့သည်။
မူလက သူ၏ဝိညာဉ်အာရုံသည် အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်သော်လည်း၊ ယခုအခါ အခြေတည်အဆင့်အလယ်အလတ်အဆင့်နှင့် တန်းတူဖြစ်နေပြီး သူ၏ဝိညာဉ်အာရုံမှာ များစွာတိုးတက်လာတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ 'ကူပိုးကောင်' ခြောက်ကောင်ဖြစ်သော 'အိပ်မက်ဝိညာဉ်ကူ'၊ ‘ချစ်ခြင်းမေတ္တာကူ’၊ 'ရွှေစားကူ'၊ 'ကိုယ်ပွားကူ'၊ 'စာအုပ်ကူ' နှင့် 'အရက်ကူ' တို့၏ စွမ်းအားများသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
၎င်းတို့အားလုံးသည် အဆင့်တစ် အထွတ်အထိပ်အဆင့်သို့ စုပေါင်းတက်လှမ်းခဲ့ကြပြီး၊ တစ်ကောင်ချင်းစီတွင် ကြီးမားသောစွမ်းအင်ပမာဏကို သယ်ဆောင်ထားကြသည်။
မှန်ပေသည်၊ ‘ချစ်ခြင်းမေတ္တာကူ’သည် မူလက အဆင့်နှစ် အဆင့်နိမ့်အဆင့်ရှိရာမှ၊ အံ့ဖွယ်ကောင်းလောက်အောင် အဆင့်နှစ် အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားလေသည်။ အားလုံးထဲတွင် သူ၏တိုးတက်မှုက အမြင့်ဆုံးဖြစ်လေသည်။
"မယုံနိုင်စရာပဲ။"
ကျိုးစွေ့ မျက်လုံးများ ဖွင့်လိုက်ရာ အံ့ဩမှုဖြင့် တောက်ပနေသော အရောင်များ လက်သွားသည်။
သူ၏နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ အချိန်များစွာ၊ ဆေးလုံးများစွာ အသုံးပြုပြီးနောက် သူသည် နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုအား ချီသန့်စင်ခြင်းအဆင့်(၇)သို့ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤကြိုးပမ်းမှုသည် နှစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရလေ၏။
သူ၏မိဘများသည် ချီသန့်စင်ခြင်းအဆင့်ခုနစ်သို့ ရောက်ရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်ကို သိထားရပေမည်။ သို့သော် ယခုအခါ သူ၏ကျင့်ကြံမှုသည် လွန်လေပြီးသော သူ၏မိဘများနှင့် တန်းတူဖြစ်နေပြီ ဖြစ်၏။
ဤသတင်းသာ ပေါက်ကြားသွားပါက၊ မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေပေမည်။
ဤသို့သော တိုးတက်မှုအရှိန်သည် ဂိုဏ်းတစ်ခုတွင်ပင် ပါရမီရှင်တစ်ဦး၏ အမှတ်သညာဟု မှတ်ယူရပေမည်။
မှန်ပေသည်၊ သူသည် သူ၏ကျင့်ကြံမှုအစစ်အမှန်အား ကြေညာလောက်အောင် မိုက်မဲမည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါက အခြားသူများသည် တစ်စုံတစ်ခု မှားယွင်းနေသည်အား မုချ အာရုံခံမိသွားပေမည်။
ထူးခြားသောအရာတစ်ခုခုကို မကြုံတွေ့ရဘဲ၊ တစ်စုံတစ်ယောက်၏ကျင့်ကြံမှုသည် ဤမျှလျင်မြန်သော အရှိန်ဖြင့် မည်သို့ တိုးတက်နိုင်ပါမည်နည်း။
၎င်းက မသမာသောကျင့်ကြံသူများ၏အာရုံအား သေချာပေါက် ဆွဲဆောင်မိပေမည်။ သူသည် သိုသိုသိပ်သိပ်နေခြင်းကိုသာ ခုံမင်ပေသည်။ ထိုသို့သော ထင်ရှားကျော်ကြားခြင်းသည် သူ၏စရိုက်နှင့် မကိုက်ညီပေ။
"မဆိုးဘူး။"
ကျိုးစွေ့သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အချက်အလက်ပြမျက်နှာပြင် တစ်ခုတည်းသာလျှင် သူ၏လက်ရှိကျင့်ကြံမှု အမှန်တကယ် မည်မျှအထိ တိုးတက်ပြောင်းလဲသွားသည်အား အသေးစိတ်ပြသပေးနိုင်လေ၏။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၇) (တိုးတက်မှု ၁%)၊ သက်တမ်း - ၂၀ (၁၅၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့် စိတ်ဝိညာဉ်အမြစ် (၂၀%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၈၀%) ]
[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၆၅%) ]
[ အစီအရင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၈၅%) ]
[ ဆေးဖော်စပ်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၄၅%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၉၅%) ]
[ ဓာတ်ငါးပါး ဆေးဖော်ပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၄၅%) ]
[ မီးလုံးပညာ - အကြီးစားအောင်မြင်မှုအဆင့် (၄၅%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင့်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]
[‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'ကိုယ်ပွားကူ’ - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အရက်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'ရွှေစားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'စာအုပ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်။]
ရုတ်တရက် အသေးစိတ်အချက်အလက်များစွာ သူ၏ရှေ့တွင် ပေါ်လာလေသည်။
‘စာအုပ်ကူ’၏အစွမ်းသည် လျှို့ဝှက်ဆန်းကြယ်စွာ အကန့်အသတ်မဲ့ဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်နှင့် ကျွမ်းကျင်မှုများအား အသေးစိတ်အချက်အလက်များအနေဖြင့် ပြောင်းလဲပြသပေးနိုင်သောကြောင့်၊ သူ၏ကျင့်ကြံမှုရလဒ်များကို စစ်ဆေးရာတွင် များစွာလွယ်ကူစေသည်အား ဝန်ခံရပေမည်။
‘စာအုပ်ကူ’၏အစွမ်းမျိုးသည်သာ အပြင်လောကတွင် တည်ရှိပါက၊ ကျင့်ကြံခြင်းလောကတွင် အားကောင်းသော ကျင့်ကြံသူများစွာအား မည်မျှပင် မွေးထုတ်ပေးနိုင်မည်အား မပြောနိုင်ချေ။
"သိပ်မဆိုးဘူး၊ စိတ်ဝိညာဉ်အမြစ်ရဲ့ ပင်ကိုယ်ပါရမီက ဆက်ပြီးတိုးတက်နေတုန်းပဲ။ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ တက်လှမ်းနိုင်ရင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ရဲ့ အရည်အချင်းနဲ့ နှိုင်းယှဉ်နိုင်ပြီ၊ ဒါဆိုရင် ကျင့်ကြံမှုအရှိန်ကို သေချာပေါက် တိုးတက်စေမှာပဲ။ ဒါပေမဲ့ ချက်ချင်းလက်ငင်း တိုးတက်ဖို့တော့ မဖြစ်နိုင်သေးဘူး။"
"ဓားသိုင်းပညာ၊ အဆောင်ပညာ၊အစီအရင်ပညာနဲ့ အခြားဟာတွေလည်း အတိုင်းအတာတစ်ခုတော့ တိုးတက်သွားတာပဲ။”
"ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ဆေးဖော်စပ်ပညာ ကျင့်ကြံမှု တိုးတက်လာတာပဲ။ နောက်ထပ် တစ်နှစ်ခွဲလောက်ဆိုရင် ပထမအဆင့် ထိပ်တန်းအဆင့် ကျွမ်းကျင်မှုနယ်ပယ်ကို မြှင့်တင်နိုင်လောက်ပြီ၊ အဲ့ဒီအခါကျရင် ငါ ဒုတိယအဆင့် ဆေးဖော်ပညာရှင်အဖြစ် ကူးပြောင်းနိုင်ပြီ။"
"ဒါက အနာဂတ်ကျင့်ကြံမှုအတွက် သော့ချက်ဖြစ်လို့ အရေးအကြီးဆုံးပဲ။ လောလောဆယ်တော့ ဆေးဖော်စပ်ပညာကိုပဲ အာရုံစိုက်ထားသင့်တယ်။"
ကျိုးစွေ့သည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း အချက်အလက်ပြမျက်နှာပြင်ကို ကြည့်ကာ ကျင့်ကြံရမည့် နောက်တဆင့်အား စတင်စီစဉ်နေသည်။
မီယွင်မြို့သည် လက်ရှိတွင် တစ္ဆေမိစ္ဆာဂိုဏ်း၏ ဝိုင်းရံခြင်းကို ခံထားရသောကြောင့် အန္တရာယ်ဖြင့် ကြုံတွေ့နေပုံပေါ်သော်လည်း၊ မီယွင်မြို့တွင် ဒုတိယအဆင့် အစီအရင်၏ ကာကွယ်မှုရှိနေသောကြောင့် ချက်ချင်းထိုးဖောက်ခံရမည့်အန္တရာယ်မရှိပေ။
ထို့ကြောင့် ရေတိုတွင် မီယွင်မြို့အတွက် အန္တရာယ်များစွာ မရှိသေးပေ။ သူသည် အချိန်ကာလတစ်ခုအထိ သူ၏ကျင့်ကြံမှုအပေါ် ဆက်လက်အာရုံစိုက်ထားနိုင်သေးသည်။