← Chapters

ယခင်လို မမောက်မာတော့သော အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများ။

Vol. 5 Ch. 73

ယခင်လို မမောက်မာတော့သော အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများ။

Vol. 5 Ch. 73

ဤစကားများကို ကြားသောအခါ ရှိနေသော ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားကြပြီး အင်မော်တယ်ရှားဂိုဏ်း၏ အကြံအစည်ကို အပြည့်အဝ နားလည်သွားကြသည်။

သူတို့တွင် ငွေမရှိပါက ကင်းလှည့်အဖွဲ့သို့ ဝင်ရောက်ပြီး မီယွင်မြို့ကို တစ္ဆေမိစ္ဆာဂိုဏ်းရန်မှ ကာကွယ်ရန် အသက်စွန့်ရမည် ဖြစ်သည်။ ပြဿနာမှာ တစ္ဆေမိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ နည်းလမ်းများမှာလည်း ဆန်းကြယ်လှပေ၏။

လွန်ခဲ့သောတစ်နှစ်အတွင်း ဒုတိယအဆင့် အစီအရင်၏ အကာအကွယ်ရှိနေသော်လည်း မီယွင်မြို့၏ ကင်းလှည့်အဖွဲ့သည် အကြိမ်ပေါင်းများစွာ ထိခိုက်ဆုံးရှုံးမှု အများအပြားအား ကြုံတွေ့ခဲ့ရသည်။

လက်ရှိအချိန်တွင် ကင်းလှည့်အဖွဲ့သည် လူအင်အားမလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေရလေသည်။

ထို့ကြောင့် အင်မော်တယ်ရှားဂိုဏ်းသည် ဤတစ်ကိုယ်တော်ကျင့်ကြံသူများကို ကင်းလှည့်အဖွဲ့သို့ ဝင်ရောက်စေပြီး၊ မီယွင်မြို့ကို ကာကွယ်ရာတွင် အကူအညီပေးရန် အတင်းအကျပ်ပြုလုပ်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။

တစ်နည်းဆိုရလျှင်၊ သူတို့သည် တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ အင်အားကို လျော့ပါးစေရန် အမြောက်စာအဖြစ် ရှာဖွေနေခြင်းပင် ဖြစ်သည်။

မှန်ပေသည်၊ အလွန်အကျွံ အတင်းအကျပ်ပြုလုပ်ခြင်းသည် တိစ်ကိုယ်တော်ကျင့်ကြံသူများအား ပုန်ကန်မှု ဖြစ်စေနိုင်ပေသည်။

၎င်းသည် မီယွင်မြို့အတွင်းပိုင်းတွင် အရှုပ်အထွေးများ ဖြစ်ပွားလာစေနိုင်ပြီး၊ တစ္ဆေမိစ္ဆာဂိုဏ်းသားများအား အစီအရင်ချိုးဖြတ်နိုင်ရန် အခွင့်အရေးပေးသလို ဖြစ်သွားပေမည်။

ထို့ကြောင့် သူတို့သည် ငှားရမ်းခကို ပစ်မှတ်ထားကာ ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။

စားနပ်ရိက္ခာဈေးနှုန်းများကိုလည်း တိတ်တဆိတ်တိုးမြှင့်လိုက်ပြီး၊ ယင်းက တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဝိညာဉ်ကျောက်တုံးများအား မြန်ဆန်စွာကုန်ဆုံးသွားစေသည်။

ထို့နောက် ၎င်းတို့အား အခြားရွေးချယ်စရာလမ်းမရှိအောင် တွန်းပို့ခဲ့လေ၏။ ဝိညာဉ်ကျောက်တုံး မလုံလောက်သည့် မည်သည့်ကျင့်ကြံသူမဆို ဤတာဝန်အား မဖြစ်မနေ လက်ခံရပေမည်။

ထိုတာဝန်သည်ကား ကင်းလှည့်အဖွဲ့သို့ ပူးပေါင်းဝင်ရောက်၍ အင်မော်တယ်ရှားဂိုဏ်းအတွက် အမြောက်စာ ဖြစ်လာရန်ပင် ဖြစ်၏။

ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဤနည်းဗျူဟာအား အင်မော်တယ်ရှားဂိုဏ်းက ယခင်ကတည်းက ပြီးပြည့်စုံအောင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်လေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများအနေဖြင့် အပြည့်အဝ ချောင်ပိတ်ခံရသည့် အခြေအနေမျိုးမဟုတ်သေးသရွေ့၊ အင်မော်တယ်ရှားဂိုဏ်းနှင့် အသေအကြေတိုက်ခိုက်လိုကြမည် မဟုတ်ချေ။

"ကောင်းပြီ၊ မင်းတို့ကို စဉ်းစားဖို့ တစ်ရက် အချိန်ပေးမယ်။"

"ငွေစိုက်မလား၊ ခွန်အားစိုက်မလား၊ ဒါမှမဟုတ် သေမလားပေါ့ကွာ။"

အင်မော်တယ်ရှားဂိုဏ်းမှ အရာရှိဖန်ဇယ်၏ မျက်လုံးများက အေးစက်သော အကြည့်များဖြင့် နောက်ဆုံးရာဇသံအား ပေးလိုက်လေသည်။

သူသည် ဤလူအုပ်နှင့် ထပ်မံအချိန်ဖြုန်းနေရန် စိတ်မဝင်စားချေ။ အကယ်၍ အင်မော်တယ်ရှားဂိုဏ်းသည် အလွန်ပင်နီးကပ်လာသော အကျပ်အတည်းနှင့် တစ္ဆေမိစ္ဆာဂိုဏ်းမှ ဝိုင်းထားခြင်းကိုသာ မခံထားရပါက၊ ထိုတစ်ကိုယ်တော်ကျင့်ကြံသူများသည် ကင်းလှည့်အဖွဲသို့ ဝင်ရောက်နိုင်ရန် အရည်အချင်း မပြည့်မီပေ။

ယခု ကင်းလှည့်အဖွဲ့သို့ ဝင်ရောက်ရန် အခွင့်အရေးပေးခြင်းသည် ၎င်းတို့အတွက် ကြီးကျယ်သော ကံကောင်းမှုဟုပင် ယူဆနိုင်ပေသည်။

သို့တိုင်၊ ကျေးဇူးတင်ရမည့်အစား နှောင့်နှေးနေကြပြီး ပြန်လည်အာခံရန်ပင် သတ္တိကောင်းနေရဲချေသည်။

"အရာရှိဖန် ခင်ဗျားပြောတာမှန်ပါတယ်။ မီယွင်မြို့ရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်က အင်မော်တယ်ရှားဂိုဏ်းရဲ့ အစီအမံကို ထောက်ခံတဲ့အနေနဲ့ အိမ်ငှားခကို ပထမဆုံး ပေးချင်ပါတယ်။ မီယွင်မြို့သာ ကျဆုံးသွားရင် ကျွန်တော်တို့အားလုံး ဒုက္ခရောက်ကြမှာပါ။"

ထိုအချိန်တွင် ရှုထျန်းဇယ်က ရှေ့ထွက်လာပြီး ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

သူသည် အင်မော်တယ်ရှားဂိုဏ်းမှ ပြုလုပ်သော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ခြွင်းချက်မရှိ ထောက်ခံကြောင်းနှင့်၊ အပိုဝိညာဉ်ကျောက်တုံးအချို့ ပေးဆောင်ခြင်းမှာ အတော်လေး ကျိုးကြောင်းဆီလျော်သည်ဟု ယုံကြည်ကြောင်း ကြွေးကြော်လိုက်သည်။

"အင်း၊ ဒီထဲမှာ အသိတရားရှိတဲ့သူ တချို့ရှိသေးတာပဲ။”

ရှုထျန်းဇယ်၏ ရပ်တည်ချက်ကို မြင်သောအခါ အရာရှိဖန်ဇယ်မှာ အတော်လေး ကျေနပ်သွားသည်။ ဤကဲ့သို့သော အသိတရားရှိသော ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းဖြင့် မတန်တဆ ငှားရမ်းခ ကောက်ခံသည့်ကိစ္စသည် ချောချောမွေ့မွေ့ ဖြစ်သွားနိုင်လေသည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက် အခြားတစ်ကိုယ်တော်ကျင့်ကြံသူများလည်း အခြေအနေပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

"အရာရှိဖန်၊ ကျွန်တော်တို့ တကယ်ပဲ မှားသွားပါတယ်။"

"အခု မီယွင်မြို့က အန္တရာယ်ကျရောက်နေချိန်မှာ ငွေရှိတဲ့သူက ငွေနဲ့ကူညီ၊ ခွန်အားရှိတဲ့သူက ခွန်အားနဲ့ကူညီသင့်တာပေါ့။"

"ဟုတ်တယ်၊ ကျွန်တော်တို့က ခွန်အားနဲ့တော့ သိပ်မကူညီနိုင်ပေမဲ့ ငွေတော့ သေချာပေါက် ပေးနိုင်ပါတယ်။"

"အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးတုံး၊ ကျွန်တော်တို့ ပေးပါ့မယ်။"

တစ်ကိုယ်တော်ကျင့်ကြံသူအများပြားက သဘောတူကြောင်း ပြောဆိုလာကြသည်။

ပြောဆိုလိုက်သူအများစုမှာ ချီသန့်စင်ခြင်းအဆင့်(၉)ရှိ အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့တွင် များပြားသော ပိုင်ဆိုင်မှုနှင့် ကြွယ်ဝမှုများ ရှိကြသည်။ အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးတုံးသည် များပြားသော ပမာဏဖြစ်သော်လည်း သူတို့ တတ်နိုင်ကြသေးသည်။

အဆိုးဆုံးမှာ အဆင့်နိမ့် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်သည်။ သူတို့တွင် ဝိညာဉ်ကျောက်တုံးများစွာ မရှိပေ။ သူတို့သည် တစ်နေ့လုပ်၊တစ်နေ့စားများဖြစ်၍ ထပ်မံငှားရမ်းလိုလျှင်ပင် ရွေးချယ်စရာမရှိတော့ပေ။

သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကင်းလှည့်အဖွဲ့သို့ ဝင်ရောက်ပြီး တစ္ဆေမိစ္ဆာဂိုဏ်းနှင့် တိုက်ပွဲဝင်ရန်သာ ဖြစ်သည်။ ငွေမရှိလျှင် အသက်ကို စွန့်စားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဟုတ်ပေသည်၊ ကျိုးစွေ့သည်လည်း တိတ်တဆိတ် ပေးချေရန် ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် အင်မော်တယ်ရှားဂိုဏ်းအတွက် သူ၏အသက်အား စွန့်စားလိုခြင်း မရှိသလို၊ အမြောက်စာဖြစ်လာရန်လည်း စိတ်မဝင်စားချေ။

များမကြာမီ ဝိညာဉ်ကျောက်တုံးအမြောက်အမြား ကောက်ခံပြီးနောက် ဖန်ဇယ်နှင့် အင်မော်တယ်ရှားဂိုဏ်းမှ အခြားကျင့်ကြံသူများ ထွက်ခွာသွားကြသည်။

သူတို့သည် အခြားနေရာများတွင် ဆက်လက်ကောက်ခံရဦးမည် ဖြစ်၏။

အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများအတွက် ဤသည်မှာ လက်လွတ်မခံနိုင်သော အရင်းအမြစ်များကို ညှစ်ယူနိုင်မည့် အခွင့်အရေးဖြစ်လေသည်။

ယင်းအား မြင်မှသာလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း နေအိမ်များထဲသို့ ပြန်ဝင်သွားကြတော့သည်။

"ဒီအခြေအနေက မကောင်းဘူး။"

အိမ်ပြန်ရောက်ပြီးနောက် ကျိုးစွေ့သည် မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။

အခြေအနေတစ်ခုလုံးတွင် တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။ အကြောင်းမှာ အင်မော်တယ်ရှားဂိုဏ်းသည် အလွန်အမင်း ဖော်ရွေလွန်းနေသောကြောင့် ဖြစ်သည်။

သူသိခဲ့ဖူးသော အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများသည် ဤကဲ့သို့ မဟုတ်ပေ။ ထိုမျှကျိုးကြောင်းဆီလျှော်စွာ ပြောဆိုဆက်ဆံနေခြင်းက အဓိပ္ပါယ်မရှိပေ။ အင်မော်တယ်ရှားဂိုဏ်း၏ တပည့်များသည် တစ်ကိုယ်တော်ကျင့်ကြံသူများအား ဤသို့ နူးညံ့သိမ်မွေ့စွာ မည်သည့်အခါက ပြောဆိုခဲ့ဖူးသနည်း။

"ဘာဖြစ်လို့လဲ ယောက်ျား။ တစ်ခုခု မှားနေတာကို ခံစားမိလို့လား။"

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့က ကျိုးစွေ့အား စူးစမ်းစွာ ကြည့်လိုက်ကြသည်။

"ဟုတ်တယ်၊ တစ်ခုခုတော့ မှားနေပြီ။ ငါသာ အထင်မမှားရင် အင်မော်တယ်ရှားဂိုဏ်းရဲ့ အခြေအနေက ဆိုးနေလောက်ပြီ။ သူတို့ တပ်ကူတွေတောင် မလွှတ်နိုင်လောက်ဘူး။”

"သူတို့သာ တကယ်တပ်ကူလွှတ်နိုင်ခဲ့ရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို လွှတ်ပြီး အပြင်က တစ္ဆေမိစ္ဆာဂိုဏ်းသားတွေကို အခုလောက်ဆို သတ်ပြီးလောက်ပြီ။ ဘာလို့ တစ်နှစ်လုံး ဘာသတင်းမှမကြားရဘဲ တောင့်ခံထားရမှာလဲ။"

ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။

"ယောက်ျား ဆိုလိုတာက တစ္ဆေမိစ္ဆာဂိုဏ်းက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဌာနချုပ်ကို တိုက်ခိုက်နေလို့ အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်လုံး အာရုံစိုက်နေရပြီး ဌာနချုပ်ကနေ တပ်ကူမလွှတ်နိုင်တော့ဘူးလား။"

"မဖြစ်နိုင်တာ၊ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီက ငါတို့ မီယွင်မြို့မှာ ရှိနေတာ မဟုတ်လား။ သူက အင်မော်တယ်ရှားဂိုဏ်းရဲ့ ရွှေအမြုတေမျိုးစေ့ပဲ၊ သူတို့က သူ့ကို ဒီအတိုင်းတော့ စွန့်ပစ်မှာ မဟုတ်လောက်ဘူး။"

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ အနည်းငယ် တုန်လှုပ်သွားကြသည်။

"သူတို့က လက်လျှော့လိုက်တာမဟုတ်ဘူး၊ သူတို့မှာ စွမ်းရည်မရှိတော့တာ ဖြစ်နိုင်တယ်။ ဆန္ဒရှိပေမယ့် လုပ်နိုင်စွမ်းမရှိတော့တာ။”

"တစ္ဆေမိစ္ဆာဂိုဏ်းက အင်မော်တယ်ရှားဂိုဏ်းအပေါ်မှာ ဖိအားအများကြီး ပေးထားလောက်တယ်၊ အဲ့ဒါကြောင့် အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအားလုံး လှုပ်ရှားလို့မရအောင် ဖြစ်နေတာ။"

"ဒီအချိန်မှာ မီယွင်မြို့ကလူတွေကြားထဲမှာ မငြိမ်မသက်မှုတွေ ဖြစ်လာရင်၊ တစ္ဆေမိစ္ဆာဂိုဏ်းက သူလျှိုတွေရဲ့ ပရိယာယ်တွေနဲ့ ပေါင်းလိုက်ရင် မြို့က လုံးဝ ကျိုးပေါက်သွားနိုင်တယ်။"

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ရင်း သူ၏ထင်မြင်ချက်ကို ချပြလိုက်သည်။

"ဒီလိုသာဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။" မုဇီယန်က အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ဘာကြောက်စရာရှိလို့လဲ။"

ထိုစကားကို ကြားသောအခါ ကျိုးစွေ့က ရယ်မောလိုက်ပြီး "ငါတို့က အင်မော်တယ်ရှားဂိုဏ်းရဲ့ တပည့်တွေမှမဟုတ်တာ။ မြို့တကယ်ကျိုးပေါက်သွားရင်တောင် သူတို့အရင်ဆုံးသတ်မှာက အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူတွေပဲ၊ ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေ မဟုတ်ဘူး။"

“အင်း၊ မိစ္ဆာလမ်းစဥ်ကျင့်ကြံသူတွေက လုယက်သတ်ဖြတ်ဖို့ ကြိုးစားပြီး ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းပစ်နိုင်တဲ့ အလားအလာလည်း ရှိတယ်။ ဒါပေမဲ့ ငါတူးခဲ့တဲ့ မြေအောက်စခန်းက ဒီလိုအချိန်အတွက် ပြင်ဆင်ထားတာ မဟုတ်ဘူးလား။”

"မငြိမ်မသက်ဖြစ်တာနဲ့ ငါတို့ မြေအောက်စခန်းထဲမှာ ပုန်းပြီး ဝင်ပေါက်ကို ပိတ်၊ နှစ်ဝက်လောက်ဖြစ်ဖြစ်၊ နှစ်အနည်းငယ်လောက်ဖြစ်ဖြစ် အောင်းနေလိုက်မယ်။ အဲ့လောက်ကြာတဲ့အထိတော့ အရှုပ်အထွေးတွေ မပြီးသေးဘူးလို့ ငါမယုံဘူး။"

သူသည် ယခုအချိန်တွင် အလွန်တည်ငြိမ်နေသည်။

အင်မော်တယ်ရှားဂိုဏ်းနှင့် တစ္ဆေမိစ္ဆာဂိုဏ်းကြားက စစ်ပွဲ၏ အနိုင်အရှုံးသည် သူ့အတွက် အရေးမကြီးပေ။ သူလိုအပ်သည်မှာ ဤအရှုပ်အထွေးမှ ရှင်သန်လွတ်မြောက်ရန်သာ ဖြစ်သည်။

သူတို့သည် မြေအောက် မီတာရာပေါင်းများစွာနက်သော စခန်းထဲတွင် ပုန်းအောင်းလိုက်သည်နှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူတို့ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

အခြေတည်အဆင့် ဝိညာဉ်အာရုံသည် အတားအဆီးမရှိမှသာ ပေဆယ်ဂဏန်းအထိ ရောက်ရှိနိုင်သည်။ မြေအောက်သို့ ဖြန့်ကျက်ပါက ပေအနည်းငယ်သည်က အကန့်အသတ်ဖြစ်ပေမည်။

မည်သည့်ကျင့်ကြံသူကမှ မြေအောက် မီတာရာပေါင်းများစွာထိ ဖြန့်ကျက်နိုင်မည်မဟုတ်ဟု သူယုံကြည်ပေသည်။

"ဒီရက်ပိုင်းအတွင်း အိမ်အပြင်မထွက်နဲ့။ တကယ်လို့ ပြဿနာတစ်ခုခုဖြစ်လာရင် ငါတို့ မြေအောက်စခန်းထဲမှာ ချက်ချင်းပုန်းမယ်။" ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ။"

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။

All Chapters