ပရမ်းပတာည၊ လုယက်ကျင့်ကြံသူများ ရောက်ရှိလာခြင်း။
Vol. 5 Ch. 74
ရက်အနည်းငယ် ကုန်ဆုံးသွားလေ၏။
အင်မော်တယ်ရှားဂိုဏ်း၏ ချော့တစ်ခါ၊ ခြောက်တစ်လှည့် နည်းလမ်းကြောင့် သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားကို နှိမ်နင်းဖြိုခွဲနိုင်ခဲ့သည်။ ထို့ကြောင့် ယခင်က ရှုပ်ထွေးနေခဲ့သော မီယွင်မြို့၏ အခြေအနေသည် လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။
ချမ်းသာသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် သူတို့၏ မူလအိမ်များတွင် ဆက်လက်နေထိုင်နိုင်ပြီး၊ အနှောက်အယှက်မရှိ ကျင့်ကြံနိုင်ကြလေ၏။ အကယ်၍ တစ်ကိုယ်တော်ကျင့်ကြံသူတွင် ငွေမရှိပါက၊ မြို့ပြင်ရှိ တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများကို တိုက်ခိုက်ရမည့် ကင်းလှည့်အဖွဲ့ထဲသို့ ဝင်ရုံသာရှိလေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ မီယွင်မြို့တွင်းရှိ ဖိအားများ သိသိသာသာ လျော့ကျသွားခဲ့လေသည်။
ပြဿနာရှာရန် ကြိုးစားနေသော တစ်ကိုယ်တော်ကျင့်ကြံသူများကို အင်မော်တယ်ရှားဂိုဏ်းမှ သေမင်းထံသို့ ပို့ဆောင်လိုက်သဖြင့် အချိန်တိုအတွင်း မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။
အင်မော်တယ်ရှားဂိုဏ်း၏ နည်းလမ်းများသည် အမှန်တကယ် ထိရောက်ကြောင်း ဝန်ခံရမည်ဖြစ်သည်။
သို့သော် ထိုသို့သော ပရမ်းပတာအခြေအနေများသည် ဖုံးကွယ်ထားခြင်းမျှသာ ဖြစ်သည်။ အင်မော်တယ်ရှားဂိုဏ်း၏ တမင်လှုံ့ဆော်မှုကြောင့် လျှို့ဝှက်တိုက်ပွဲများသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
၎င်းသည် မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းကဲ့သို့သာ ဖြစ်၏။
…
ညဉ့်နက်ချိန်။
ဧပြီလသို့ ရောက်လာသည်နှင့်အမျှ၊ မိုးရာသီ စတင်ခဲ့ပြီး ဤရက်ပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် စိတ်ပျက်အားငယ်မှု အငွေ့အသက်အား ပို၍ကြာရှည်စေသည်။
ခြံဝင်းအိမ်တစ်ခုအတွင်း။
ရူးသွပ်မှုနှင့် အော်ဟစ်သံများ ပြည့်နှက်နေသော ဂီတပွဲကြီးတစ်ခု ပြီးဆုံးသွားပြီးနောက် လူစုခွဲသွားသလို အငွေ့အသက်များက ရစ်သိုင်းနေချေသည်။
အိပ်ရာပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးနှစ်ဦးသည် ကျေနပ်စွာဖြင့် အိပ်မောကျနေကြပြီး၊ သူတို့၏မျက်နှာများသည် အနည်းငယ်နီမြန်းနေကာ နှုတ်ခမ်းထောင့်များက အပြုံးများဖြင့် ကွေးညွတ်နေကာ အတော်လေးပင် ကျေနပ်နေပုံ ရလေ၏။
ရုတ်တရက် ကျိုးစွေ့၏ သိစိတ်ပင်လယ်ထဲသို့ သတင်းအချက်အလက် စီးကြောင်းများ ဝင်ရောက်လာကြသည်။
သူ၏ ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ထဲတွင် ကြီးမားသော အစစ်အမှန်ချီများ လှိုင်းထနေသည်ကို သူ သိလိုက်ရသည်။
သူ၏အချက်အလက်ပြမျက်နှာပြင်အား ကြည့်ရှုလိုက်သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၇) (တိုးတက်မှု ၄၄%)၊ သက်တမ်း - ၂၁ ( ၁၅၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ် (၃၀%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၈၅%) ]
[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၇၅%) ]
[ အစီအရင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၅%) ]
[ ဆေးဖော်စပ်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၉%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၂၅%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၁၅%) ]
[ မီးလုံးပညာ - အကြီးစားအောင်မြင်မှုအဆင့် (၉၅%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]
[ 'ချစ်ခြင်းမေတ္တာကူ' - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'ကိုယ်ပွားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အရက်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'ရွှေစားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'စာအုပ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ ]
အထက်ပါအချက်အလက်များကို သူ အလွန်ကျေနပ်မိလေသည်။ ပြီးခဲ့သော တစ်နှစ်တာကာလအတွင်း သူ၏ စွမ်းရည်အမျိုးမျိုးသည် များစွာ တိုးတက်လာခဲ့ကြောင်း ပြသနေပြီး၊ သူ၏ တစ်နှစ်တာ ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်ခဲ့ကြောင်း သက်သေပြနေသည်။
"ငါ့ကျင့်ကြံမှုက တစ်ဝက်လောက်တောင် တိုးတက်လာတာလား။ နောက်တစ်နှစ်ကျော်လောက်ဆိုရင် ငါ ချီသန့်စင်ခြင်း အဆင့်(၈) ကို တက်လှမ်းနိုင်တော့မယ်ထင်တယ်"
ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်လေလေ၊ တိုးတက်မှု နှေးလေလေဖြစ်သည်။
သာမန် ချီကျင့်ကြံသူတစ်ဦးသည် ချီသန့်စင်ခြင်း အဆင့်(၇) မှ အဆင့်(၈) သို့ တက်လှမ်းလိုပါက ဆယ်နှစ်ခန့် ပြင်းထန်စွာ ကျင့်ကြံခြင်းမရှိဘဲ မဖြစ်နိုင်ပေ။ သို့သော် သူသည် တစ်နှစ်အတွင်းမှာပင် ခရီးတစ်ဝက်နီးပါးကို ရောက်ရှိနေပြီဖြစ်၏။
ဆေးလုံးများ၏ အကူအညီအပြင်၊ ဤအရာအားလုံးသည် သူ၏ ကျင့်ကြံဖော်သုံးယောက်နှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို လေ့ကျင့်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ၎င်းမှာ ကျင့်ကြံခြင်းအရှိန်မြှင့်စက်ကို အသက်သွင်းလိုက်သကဲ့သို့ ဖြစ်သည်။
တူနှစ်ကိုယ်ကျင့်ကြံမှု တစ်ကြိမ်စီတိုင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီအား သိသိသာသာ တိုးပွားစေနိုင်သည်။
သို့သော်၊ များပြားလွန်းသော အကြိမ်အရေအတွက်ကြောင့် သူသည် အတော်လေးပင် ပင်ပန်းနွမ်းနယ်သည်ဟု ခံစားနေရပြီး၊ ပြန်လည်အားဖြည့်ဆေးများကိုပင် မှီဝဲနေရလေ၏။
မဟုတ်ပါက၊ သူသည် ဤညို့ငင်တတ်သော အမျိုးသမီးသုံးဦးကို မြင်သည်နှင့်တစ်ပြိုင်နက် ထွက်ပြေးရုံသာရှိပြီး၊ သူ၏အချိန်အများစုအား ကျင့်ကြံရေးအခန်းထဲတွင်သာ အိပ်စက်ရင်း ဖြတ်သန်းရပေမည်။
ဤသည်မှာ ယောက်ျားတစ်ယောက်အတွက် စိန်ခေါ်မှုဖြစ်၏။
ပြင်ပအခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ အိမ်ရှိဇနီးသည်များကို ကိုင်တွယ်ရသည်ဖြစ်စေ၊ သူသည် သန်မာသော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
"ငါ့ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ။ 'နဂါးဆင်ကူ' ကိုသာ သန့်စင်နိုင်ခဲ့ရင် ငါချက်ချင်း သန်မာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး နဂါးဆင်ရဲ့စွမ်းအားကို ရရှိလိမ့်မယ်။ အဲ့ဒီအခါကျရင် တစ်ပြိုင်တည်းနဲ့ ဆယ်ယောက်လောက်ကို ကိုင်တွယ်နိုင်လိမ့်မယ်။"
ကျိုးစွေ့က သူ၏လက်သီးကို ဆုပ်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ သူသည် အဓိကပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သော နဂါးအသွင်ပြောင်းဂျင်ဆင်းကိုသာ ရရှိထားပြီး၊ အခြားအဓိကပါဝင်ပစ္စည်းဖြစ်သော ဆင်ရိုင်းမြက်ကို ရှာမတွေ့နိုင်သေးပေ။ ၎င်းသည် ငွေနှင့်ပင် ဝယ်ယူ၍မရသော အလွန်ရှားပါးသည့် စိတ်ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်လေသည်။
သူသည် မူလက မီယွင်မြို့တွင် ရှာဖွေရန် စီစဉ်ခဲ့သော်လည်း ဆိုင်အားလုံးကို စစ်ဆေးပြီးသည့်တိုင် ဆင်ရိုင်းမြက်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် 'နဂါးဆင်ကူ' ကို ဖော်စပ်ရန် အစီအစဉ်ကို ယာယီစွန့်လွှတ်ပြီး အနာဂတ်တွင် အခွင့်အရေးရရန် စောင့်ဆိုင်းနေရတော့သည်။
"ဟင်..။"
ရုတ်တရက် ကျိုးစွေ့၏ မျက်လုံးများမှ အရောင်တစ်ချက် လက်သွားသည်။
သူ၏ နက်ရှိုင်းသော အခြေတည်အဆင့် ဝိညာဉ်အာရုံမှတစ်ဆင့်၊ သူ့အိမ်အနီးတွင် ကိုယ်ယောင်ဖျောက်ထားသော တည်ရှိမှုငါးခု ရုတ်တရက်ပေါ်လာသည်ကို သူအာရုံခံမိလိုက်သည်။
သူ၏ ဝိညာဉ်အာရုံသည် ပေတစ်ရာပတ်လည်အထိ ဖြန့်ကျက်နိုင်ပြီး အခြေတည်အဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ကျင့်ကြံသူအများအပြားသည် သူ၏ ထောက်လှမ်းမှုမှ မလွတ်မြောက်နိုင်ပေ။
ဤမဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်ငါးဦးမှာ ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူ သုံးဦးနှင့် အဆင့်(၈) ကျင့်ကြံသူ နှစ်ဦးဖြစ်သည်။ သူတို့သည် သူ့အိမ်သို့ တိတ်တဆိတ် ရောက်လာပုံကိုထောက်ရှုလျှင်၊ မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားပေသည်။
"လုယက်ကျင့်ကြံသူတွေလား..။"
ကျိုးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွာသည်။ သူသည် အလားတူသတင်းများကို ယခင်က ကြားဖူးခဲ့သည်။ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူအများအပြားသည် ငွေကြေးအခက်အခဲကြောင့် အိမ်ငှားခ မပေးနိုင်သလို၊ အင်မော်တယ်ရှားဂိုဏ်း၏ အမြောက်စာဖြစ်ရန်လည်း ဆန္ဒမရှိကြပေ။
ထို့ကြောင့် ဤကျင့်ကြံသူများသည် အခြားကျင့်ကြံသူများကို လုယက်ကာ သူတို့၏ ဝိညာဉ်ကျောက်တုံးများကို သိမ်းပိုက်လာကြသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကျင့်ကြံသူအများအပြား ညဘက်တွင် လုယက်ခံခဲ့ရပြီး အချို့မှာ ကြီးမားသောဆုံးရှုံးမှုကိုပင် ခံစားခဲ့ရသည်။
"သူတို့က ငါ့ကို ပစ်မှတ်ထားရဲတဲ့ သတ္တိတော့ ရှိသားပဲ။" ကျိုးစွေ့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ လှိုင်းထသွားသည်။
အမှန်အတိုင်းဆိုရလျှင်၊ ဤအဖြစ်အပျက်သာ အနည်းငယ်စောပြီး ဖြစ်ခဲ့ပါက သူစိုးရိမ်မိပူပန်မိပေမည်။ သို့သော် ယခုအချိန်သည် အရင်ကနှင့် မတူတော့ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း အဆင့်(၇) သို့ တက်လှမ်းခဲ့ပြီဖြစ်ရာ၊ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေပြီဖြစ်သည်။
ယခုအခါ သူသည် သူ၏ကျင့်ကြံဖော်များ၏ ကျော်ကြားမှုကို ချေးငှားပြီး ဟန်ဆောင်နေစရာ မလိုတော့ဘဲ၊ သူတစ်ယောက်တည်းဖြင့် အခြားသော ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို အလွယ်တကူ ရင်ဆိုင်နိုင်ပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်း တိုးတက်လာခဲ့ပြီ မဟုတ်လော။
ထို့အပြင် သူ၏ 'အိပ်မက်ဝိညာဉ်ကူ' သည် အဆင့်တစ် ထိပ်တန်းအဆင့်သို့ တက်လှမ်းသွားပြီဖြစ်သောကြောင့်၊ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပေါင်းလိုက်ပါက ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် သူ့အတွက် ပြဿနာမဟုတ်တော့ပေ။
ဤသို့တွေးမိပြီးနောက် သူသည် အိပ်မောကျနေသော သူ၏ကျင့်ကြံဖော်များကို မနှိုးရန် ဆုံးဖြတ်လိုက်ပြီး၊ သူ၏ 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားကို ပေတစ်ရာကျော်ကျယ်သော ပတ်ဝန်းကျင်သို့ တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။
မလှမ်းမကမ်းတါင် တိတ်တဆိတ် ပုန်းအောင်းနေသော ကျင့်ကြံသူငါးယောက်သည် ကျိုးစွေ့၏အိမ်အနီးသို့ ရောက်ရှိလာလေသည်။
သူတို့သည် အခြားဒေသများမှ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ပြီး၊ တိမ်မြူခိုးတောင်တန်းတွင် သယံဇာတပေါကြွယ်ဝပြီး ဝိညာဉ်ကျောက်တုံးများ များပြားကြောင်း ကြားသိရသဖြင့်၊ မီယွင်မြို့တွင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ရောက်လာကြသူများဖြစ်သည်။
အခြားနေရာများတွင် သူတို့သည် "ယန်တောင်တန်းကျားငါးကောင်" ဟု လူသိများသည်။
အခြားဒေသများတွင် သူတို့ သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများနှင့် လုယက်ခဲ့သော ဥစ္စာဓနများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ သို့သော် သူတို့ မီယွင်မြို့သို့ ရောက်ရှိပြီး မကြာမီမှာပင် တစ္ဆေမိစ္ဆာဂိုဏ်း၏ ကျူးကျော်မှုကို ရုတ်တရက် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ယခုအခါ သူတို့သည် မီယွင်မြို့တွင် ပိတ်မိနေပြီး ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေဖြစ်နေလေသည်။
ပို၍ စိတ်ပျက်စရာကောင်းသည်မှာ အတိတ်က ဝိညာဉ်ကျောက်တုံးများကို အသုံးအစွဲကြီးခဲ့မှုကြောင့်၊ ယခုအခါ အင်မော်တယ်ရှားဂိုဏ်းမှ တိုးမြှင့်လိုက်သော အိမ်ငှားခကို မတတ်နိုင်တော့ခြင်းပင်ဖြစ်သည်။ သူတို့သည် အများဆုံး တစ်လသာ ခံနိုင်တော့မည် ဖြစ်၏။
ထို့ပြင် သူတို့သည် ကင်းလှည့်အဖွဲ့သို့ ဝင်ရောက်ပြီး အင်မော်တယ်ရှားဂိုဏ်းအတွက် အမြောက်စာအဖြစ် အသုံးတော်ခံရန်လည်း ဆန္ဒမရှိကြပေ။
ထို့ကြောင့် အတော်ကြာ စဉ်းစားပြီးနောက် သူတို့သည် သူတို့၏ နည်းလမ်းဟောင်းအတိုင်းသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
အခြားကျင့်ကြံသူများကို လုယက်ခြင်း၊ “သူဌေးတွေဆီက ခိုးယူ၍ ဆင်းရဲသားများအား ကူညီခြင်း”ဟူသော ခေါင်းစဉ်အောက်တွင် မိမိတို့ဘာသာ ချမ်းသာလာအောင် လုပ်ဆောင်ကြတော့သည်။