← Chapters

‘အိပ်မက်ဝိညာဉ်ကူ’နှင့် ‘ရွှေစားကူ'တို့၏ ပေါင်းစပ်တိုက်ကွက်၊ အိပ်မက်ကျူးကျော်ခြင်းနှင့် အကာအကွယ်ချိုးဖြတ်စွမ်းရည်။

Vol. 5 Ch. 75

‘အိပ်မက်ဝိညာဉ်ကူ’နှင့် ‘ရွှေစားကူ'တို့၏ ပေါင်းစပ်တိုက်ကွက်၊ အိပ်မက်ကျူးကျော်ခြင်းနှင့် အကာအကွယ်ချိုးဖြတ်စွမ်းရည်။

Vol. 5 Ch. 75

"အစ်ကိုကြီး၊ ဒီအိမ်ထဲမှာ အချဉ်တစ်ကောင် ရှိတယ်ဆိုတာ သေချာလား။"

[ ဘာသာပြန်သူမှတ်စု - မူရင်းမှာက ဆူဖြိုးတဲ့သိုးတစ်ကောင်လို့ ရေးထားတာပါ။ မြန်မာမှုပြုပြီး စကားပြောတဲ့နေရာမှာ တစ်မျိုးကြီး ဖြစ်သလို ခံစားရလို့ ‘အချဉ်’လို့ပဲ သုံးနှုန်းလိုက်ပါတယ်ခင်ဗျာ။ ]

ဤအချိန်တွင်၊ မီးခိုးရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးသည် မလှမ်းမကမ်းရှိ ကျိုးစွေ့၏အိမ်ကို စိုက်ကြည့်ရင်း စူးစမ်းစွာ မေးလိုက်သည်။

“အေး”

မျက်နှာတွင် အမာရွတ်ရှိသော ကျင့်ကြံသူတစ်ဦး၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက် ပေါ်လာသည်။

"ဒီအိမ်မှာနေတဲ့ ကျင့်ကြံသူတွေက နာမည်ကြီးတယ်။ ပထမတန်းစား ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်ရှိတဲ့ မိန်းမလှကျင့်ကြံသူသုံးယောက်တဲ့။ သူတို့က တခြားယောက်ျားကျင့်ကြံသူတွေအပေါ်မှာ မာနမကြီးဘူး၊ ပြီးတော့ သူတို့ရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်မှာ ရှိတယ်။”

“အဆိုးဆုံးကတော့ ချီသန့်စင်ခြင်း အဆင့်(၄) ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ မျက်နှာဖြူကောင်လေးတစ်ယောက်လည်း ရှိနေတာပဲ။ သူက အဲ့ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက်ကို လက်ဝါးကြီးအုပ်ထားပြီး တခြားသူတွေ အိပ်မက်မက်ရတဲ့ ကောင်းချီးတွေကို ခံစားနေရတယ်တဲ့။"

မနာလိုမှု၊ မုန်းတီးမှုနှင့် မကျေနပ်‌သောအရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။

သိထားရမည်မှာ၊ သူတို့သည် များသောအားဖြင့် အပြင်ဘက်တွင် ဒုက္ခရောက်နေကြပြီး၊ ကြိုးစားလုပ်ကိုင်နေတာတောင်မှ ငတ်တစ်လှည့်၊ပြတ်တစ်လှည့်ဖြစ်ကာ သေလုနီးပါး ဖြစ်နေရချေသည်။

သို့သော် ထိုမျက်နှာဖြူလေးမှာမူ သူ၏ဇနီးများနှင့် မယားငယ်များ၏ ဂရုစိုက်မှုဖြင့် အိမ်တွင် သက်သောင့်သက်သာ ဘဝကို ခံစားနေရ၏။

သူသည် သူ၏နှလုံးသားထဲတွင် ထိုမမျှတမှုအား အလွန်အမင်းမနာလိုဖြစ်နေလေသည်။

"မဖြစ်နိုင်တာကွာ၊ အဲ့ဒီလို ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် မိန်းမသုံးဦးက အဲ့ဒီကောင်လေးကို ယူဖို့မပြောနဲ့ လှည့်တောင်ကြည့်ပါ့မလားဟ။ သူက ဘာတွေများ ပိုင်ဆိုင်နေလို့လဲ။"

ပိန်ပိန်ပါးပါး၊ မေးရိုးချွန်ချွန်ဖြင့် ကျင့်ကြံသူတစ်ယောက်က မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။

သူသည် ကိစ္စတစ်ခုလုံးသည် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရ၏။

"ငါလည်း မပြောတတ်ဘူး၊ ဒါပေမဲ့ ဖြစ်နိုင်တာကတော့ အဲ့ဒီမျက်နှာဖြူကောင်လေးက တကယ်ပဲ မိန်းမတွေကျအောင် စွမ်းဆောင်နိုင်ပုံပဲ။ သူက အဲ့ဒီမိန်းမတွေကို သူ့အပေါ် အရူးအမူးချစ်စေပြီး၊ သူ့ကို ထောက်ပံ့လိုစိတ်ဖြစ်စေတယ်။ ရိုးရိုးသားသားပြောရရင်၊ ငါအမုန်းဆုံးက ဒီလို သူများတွေအပေါ်ကပ်စားတတ်တဲ့ကောင်မျိုးတွေပဲ။ သူတို့မှာ ဘာရည်မှန်းချက်မှကို မရှိကြဘူး။" ဟု အမာရွတ်နှင့် ကျင့်ကြံသူက ပြောလိုက်လေသည်။

သူ၏ရင်ထဲတွင် ခါးသီးမှုလှိုင်းတစ်ခု ဆောင့်တက်လာကာ မနာလိုစိတ်ဖြင့် လွှမ်းမိုးနေပြီး၊ သူသည် ထိုကောင်လေးနှင့် နေရာချင်းလဲချင်စိတ်များ ဖြစ်နေတော့သည်။

"ဒါပေမဲ့ အစ်ကိုကြီး၊ အဲ့ဒီမျက်နှာဖြူကောင်လေးက စိုးရိမ်စရာမဟုတ်ရင်တောင်၊ အဲ့ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက်က အဲ့ဒီလောက်မရိုးရှင်းဘူးလေ။ သူတို့အားလုံးက ချီကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်က ကျင့်ကြံသူတွေပဲဟာကို”

ဖြူဖျော့ဖျော့မျက်နှာရှိ ကျင့်ကြံသူက သတိထားသောလေသံဖြင့် ပြောလိုက်သည်။

ကျင့်ကြံခြင်းလောကတွင် အားကြီးသူ၊ အားနည်းသူအား ကျင့်ကြံမှုအဆင့်ဖြင့်သာ ဆုံးဖြတ်ပေသည်။ ကျား၊မ ခွဲခြားခြင်းဖြင့် မဟုတ်ချေ။

ကျင့်ကြံခြင်းလောကတွင်၊ အားကောင်းသည့် အမျိုးသမီးကျင့်ကြံသူများသည် လူနည်းစုမဟုတ်ပေ။ အကယ်၍ တစ်ချက်ကလေး ပေါ့ဆမိလိုက်ရုံမျှနှင့် သူတို့သေဆုံးသွားနိုင်လေသည်။ ထို့ကြောင့် ဂရုတစိုက် သတိထားရပေမည်။

"စိတ်အေးအေးထား၊ ငါ စုံစမ်းပြီးသားပါကွ။ ဒီမှာနေတဲ့ အမျိုးသမီးကျင့်ကြံသူသုံးယောက်က အတိုက်အခိုက် သိပ်မကောင်းကြဘူး။ သူတို့အားလုံးက ဆေးဖော်စပ်ပညာရှင်တွေ ဒါမှမဟုတ် အဆောင်ပညာရှင်တွေဖြစ်ပြီးတော့ များသောအားဖြင့် သူတို့ရဲ့လက်မှုပညာနဲ့ပဲ ငွေရှာကြတယ်တဲ့။”

"ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက်က ဒီမှာ နေတာ သုံးနှစ်ကြာပြီ၊ မီယွင်မြို့ကနေ ထွက်တာ မရှိသလောက်ပဲတဲ့။"

"မင်းတို့ပဲ စဉ်းစားကြည့်ပေါ့ကွာ၊ သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်က သေချာပေါက်ကို နိမ့်မှာပဲ။ သူတို့က သူတို့ရဲ့ကျင့်ကြံမှုကို တည်ဆောက်ဖို့အတွက် အရင်းအမြစ်တွေကိုပဲ အားကိုးခဲ့ကြတာမျိုး ဖြစ်မယ်။”

"ငါတို့တိုက်ခိုက်လိုက်ရင်ကွာ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အငိုက်တိုက်တာမျိုးနဲ့ ရင်ဆိုင်ရရင် အဲ့ဟာမတွေ သေချာပေါက် ခံနိုင်မှာမဟုတ်ဘူး။"

"ဟုတ်တာပေါ့ကွာ၊ သူတို့ကို သတ်ဖို့မလိုဘူး။ သူတို့ကို ကျွန်ပြုပြီး ငါတို့အတွက် ငွေရှာခိုင်းလို့ရတယ်။"

အမာရွတ်နှင့် ကျင့်ကြံသူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ချက် လက်သွားလေသည်။

“ဝိုး ဟိုး..၊ မင်းတို့အားလုံးမှာ သိပ်ကိုကောင်းတဲ့ စိတ်ကူးလေးတွေ ရှိကြတာပဲ။"

ထိုအခိုက်အတန့်တွင် ခံစားချက်မဲ့သော အသံတစ်ခုက သူတို့၏ အသိစိတ်ထဲတွင် ပဲ့တင်ထပ်လာလေသည်။

ဘာရယ်…။

အမာရွတ်ရှိကျင့်ကြံသူနှင့် အခြားသူများ ကြက်သီးမွေးညင်းများ ထသွားကြသည်။ သူတို့၏ တည်နေရာသည် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်ကြသည်။

တည်နေရာထုတ်ဖော်ခံရခြင်းသည် လုယက်ရန်ပြင်ဆင်နေသော သူတို့ကဲ့သို့သော သူများအတွက် သေရေးရှင်ရေး အကျပ်အတည်းဟု ဆိုလိုပေသည်။

ပြဿနာမှာ သူတို့သည် ရန်သူက မည်သည့်နေရာတွင် ရှိသည်အား မသိသလို၊ သူတို့မည်သို့ ဖော်ထုတ်ခံခဲ့ရသည်ကိုလည်း မသိရှိကြချေ။

မှန်ပေသည်၊ စကားပြောလိုက်သူမှာ ကျိုးစွေ့ဖြစ်ပြီး၊ သူသည် သူ့တည်နေရာအား ဖော်ပြရန် စိတ်ဝင်စားမှုမရှိချေ။

ရန်သူများအား အဝေးမှပင် သုတ်သင်နိုင်မှတော့၊ အဘယ်ကြောင့် အနီးကပ်တိုက်ခိုက်နေရမည်နည်း။ ယင်းက ရူးသွပ်ခြင်းပင် ဖြစ်၏။

ဘန်း..၊ ဘန်း..၊ ဘန်း…။

ချက်ချင်းပင်၊ မမြင်နိုင်သော ဝိညာဉ်စွမ်းအင်လှိုင်းလုံးတစ်ခုသည် တိတ်တဆိတ် ပျံ့နှံ့ထွက်သွားပြီး၊ အချိန်အားရပ်တန့်လိုက်သည့်အလား ယန်တောင်တန်းကျားငါးကောင်အပေါ်သို့ တစ်ခဏအတွင်း လွှမ်းခြုံသွားလေသည်။

ယင်းသည် ‘အိပ်မက်ဝိညာဉ်ကူ’၏ အစွမ်းဖြစ်သည့် ‘အိပ်မက်ကျူးကျော်ခြင်း’ ဖြစ်လေသည်။

ချီသန့်စင်ခြင်း ဆင့်(၇)သို့ တက်လှမ်းပြီးနောက်၊ ကျိုးစွေ့၏ ဝိညာဉ်စွမ်းအားသည် ကြီးမားသော တိုးတက်မှုကို တွေ့ကြုံခဲ့ရသည်။

ထို့ကြောင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားသည်လည်း ယခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်အောင် တိုးတက်လာခဲ့လေသည်။

ယခင်က ‘အိပ်မက်ကျူးကျော်ခြင်း’အစွမ်းသည် စွမ်းအင်လှုပ်ခတ်မှုအချို့ရှိကာ သတိထားမိနိုင်ခြေ ရှိပေ၏။

ယခုတွင်မူ၊ ၎င်းမှာ မည်သည့်လှုပ်ခတ်မှုမျှ မရှိသလောက်ပင် ဖြစ်လေသည်။ မျက်နှာချင်းဆိုင်ကာ အသုံးပြုလျှင်ပင် ရန်သူသည် မည်သည့်အချိန်က အသုံးပြုလိုက်သည်အား သတိပြုမိမည် မဟုတ်ချေ။

ပိုအရေးကြီးသောအချက်မှာ ကျိုးစွေ့၏ ဝိညာဉ်အာရုံသည် အခြေတည်အဆင့် အလယ်အလတ်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပြီး၊ ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားကို ပိုမိုမြှင့်တင်ပေးကာ၊ ၎င်းကို ပို၍ပင် အစွမ်းထက်စေခြင်းပင်။

ဤချီသန့်စင်ခြင်း အဆင့်(၉)ရှိ ယန်တောင်တန်းကျားငါးကောင်ပင် ယင်းအား ခုခံနိုင်စွမ်း မရှိချေ။

ချက်ချင်းဆိုသလို၊ သူတို့သည် အိပ်မက်ကမ္ဘာတစ်ခုထဲသို့ နစ်မြုပ်သွားကြတော့သည်။

ဤအချိန်တွင်၊ သူတို့သည် ကြက်သေသေနေသော ကြက်များကဲ့သို့ဖြစ်ပြီး၊ သူတို့၏အာရုံငါးပါးသည် ပိတ်ဆို့ခံထားရကာ အပြင်လောကတွင် ဖြစ်ပျက်နေသည်များအား သတိမထားနိုင်ကြတော့ချေ။

ဝှစ်..၊ ဝှစ်..၊ ဝှစ်..။

နောက်တစ်စက္ကန့်တွင်၊ ရွှေရောင်အလင်းတန်းများ လေထဲတွင် ပျံသန်းသွားသည်။ ၎င်းမှာ သံသယဖြစ်ဖွယ်မရှိ 'ရွှေစားကူ'တစ်အုပ် ြစ်လေသည်။ သူတို့သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ တောင်ပံများခတ်၍ ယန်တောင်တန်းကျားငါးကောင်ဆီသို့ တိုးဝင်သွားကြတော့သည်။

အကာအကွယ်ချိုးဖြတ်ခြင်း..။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ သူတို့သည် တားဆီးမရနိုင်သော ဓားအလင်းတစ်ခုကဲ့သို့ ယန်တောင်တန်းကျားငါးကောင်၏ ဦးခေါင်းများအား ချက်ချင်းထိုးဖောက်သွားလေသည်။

သူတို့ဝတ်ဆင်ထားသော ကာကွယ်ရေး မှော်ပစ္စည်းများသည် ချက်ချင်း ချိုးဖြတ်ခံလိုက်ရပြီး ဘာမှ မတတ်နိုင်တော့ချေ။

ဤသည်မှာ ‘ရွှေစားကူ’များ၏ အကာအကွယ် ချိုးဖြတ်နိုင်သော စွမ်းရည် ဖြစ်လေသည်။

ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုပင်လျှင် ၎င်းကို ခုခံရန် ခက်ခဲပေလိမ့်မည်။ ဤသည်မှာ ‘ရွှေစားကူ’များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြစ်လေသည်။

ဘုန်း…

ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသော အမူအရာများဖြင့် ထိုကျင့်ကြံသူများသည် မျက်လုံးအပြူးသားဖြင့် တစ်ယောက်ပြီးတစ်ယောက် တစ်ဘိုင်းဘိုင်း လဲကျသွားလေသည်။

သူတို့၏ အဆုံးသတ်က ဤမျှ လျင်မြန်စွာ ရောက်လာမည်ဟု မမျှောင်လင့်ထားကြချေ။

ကျော်ကြားသော ယန်တောင်တန်းကျားငါးကောင်သည် တစ်ခဏချင်း သတ်ဖြတ်ခံလိုက်ရချေသည်။

"မဆိုးဘူး။ ကူကောင်တွေရဲ့ စွမ်းအားက အများကြီးတိုးတက်လာတာပဲ။”

ဤမြင်ကွင်းကို အာရုံခံမိသောအခါ၊ ကျိုးစွေ့ အတော်လေးကျေနပ်သွားလေသည်။

ထင်ရှားသည်မှာ၊ အဆင့်တစ် ထိပ်တန်းအဆင့်သို့ တက်လှမ်းပြီးနောက်၊ အိပ်မက်ဝိညာဉ်ကူ’နှင့် ‘ရွှေစားကူ’တို့၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့သည်။

အထူးသဖြင့် 'အိပ်မက်ဝိညာဉ်ကူ'နှင့် ‘ရွှေစားကူ’များ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ချောမွေ့ပေသည်။

အိပ်မက်များ၏ စွမ်းအားသည် ကာအကွယ်ချိုးဖြတ်နိုင်သောအစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ပြိုင်ဘက်ကင်းစွာ အရာအားလုံးကို တတ်စွမ်းနိုင်ပြီး၊ မည်သည့်နေရာသို့မဆို ထိုးဖောက်ဝင်ရောက်နိုင်သွားလေ၏။

“ငါ့အထင် အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် ဒီလိုပေါင်းစပ်မှုနဲ့ဆို အတိုင်းအတာတစ်ခုအထိ ဒုက္ခရောက်နိုင်တယ်။”

"အင်း၊ ငါ သတိထားသင့်သေးတယ်။"

ကျိုးစွေ့သည် သူ၏လက်ရှိအစွမ်းကို စမ်းသပ်ရန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို ရှာဖွေရန်ပင် စဉ်းစားလိုက်မိချေသည်။

ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ ဤတစ်ကိုယ်တော်ကျင့်ကြံသူများအား ဘာမှအားမစိုက်ရဘဲ သတ်ဖြတ်နိုင်ပြီးနောက်၊ သူ၏မာနသည် အနည်းငယ် ထောင်လွှားချင်လာသည်အား ဝန်ခံရပေမည်။

ပြိုင်ဘက်ကင်းဟု မဆိုရဲသော်လည်း လက်ရှိတွင် သူ့အား ယှဉ်ပြိုင်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

ထိုအခြေအနေက မထောင်လွှားမိစေရန် ထန်းချုပ်ရသည်မှာ ခက်လှချေသည်။

သို့သော် သူသည် မကြာမီ စိတ်တည်ငြိမ်သွားပြီး သူ၏ထောင်လွှားလိုစိတ်အား ဖိနှိပ်နိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် အင်မော်တယ်လမ်းစဉ်အား လိုက်စားနေသူတစ်ဦးဖြစ်၏။

စွန့်စားရမည်များအား ရှောင်ရှားရနိုင်သရွေ့ သူ ရှောင်ရှားရပေမည်။

ခေါင်းမာသော ဆယ်ကျော်သက်တစ်ယောက်ကဲ့သို့ နေရာတိုင်းတွင် ပြဿနာရှာခြင်း၊ ရန်သူများဖန်တီးခြင်းနှင့် ဘေးအန္တရာယ်များအားဖိတ်ခေါ်ခြင်းအား မပြုလုပ်မိရန် လိုအပ်ပေသည်။

ဝိညာဉ်ရှာဖွေခြင်း..။

သို့သော်၊ ကျိုးစွင့်သည် မရပ်တန့်ခဲ့ပေ။ သူသည် ‘အိပ်မက်ဝိညာဉ်ကူ’၏ ဒုတိယစွမ်းအားဖြစ်သော ဝိညာဉ်ရှာဖွေခြင်းကို ဆက်လက်အသုံးပြုခဲ့လေသည်။

သူသည် ဤကျင့်ကြံသူငါးဦးသည် သူ့အား ဒုက္ခပေးရန် ရုတ်တရက် အဘယ်ကြောင့် ကြိုးစားသည်ကို သိချင်သေး၏။

သာမန်အားဖြင့်၊ သူသည် ဤကာလအတွင်း မည်သူ့ကိုမျှ ရန်မစခဲ့ပေ။ ထို့ကြောင့် လူအချို့သည် အဘယ်ကြောင့် သူ့အား ပစ်မှတ်ထားကြသည်နည်း။

ဤအခြေအနေက အတော်လေးပင် ထူးဆန်းလှပေသည်။

ထို့ကြောင့်ပင် သူသည် ဤတစ်ကိုယ်တော်ကျင့်ကြံသူများ၏ မှတ်ဉာဏ်များကို ရှာဖွေပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကို ကြည့်ရှုလိုပြီး၊ တစ်စုံတစ်ယောက်က သူ့အပေါ် အကောက်ကြံခဲ့ခြင်းဖြစ်မည်အား စစ်ဆေးလိုပေသည်။

ဘန်း..။

ကြီးမားသော မှတ်ဉာဏ်လှိုင်းတစ်ခုသည် ဒီရေကဲ့သို့ 'အိပ်မက်ဝိညာဉ်ကူ'ထံသို့ စီးဝင်သွားလေသည်။

တစ်ချိန်တည်းမှာပင်၊ ဝိညာဉ်စွမ်းအင်များသည် ‘အိပ်မက်ဝိညာဉ်ကူ’၏ ဝါးမျိုးခြင်းကို ခံလိုက်ရကာ၊ ၎င်း၏ကိုယ်ပိုင်စွမ်းအားကို ဆက်တိုက်ဆိုသလို မြှင့်တင်ပေးလိုက်တော့သည်။

"ရှုထျန်းဇယ်..။”

ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်စက် အလင်းတစ်ချက်နှင့်အတူ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာလေသည်။

ယန်တောင်တန်းကျားငါးကောင်၏ မှတ်ဉာဏ်မှတစ်ဆင့် သူသည် ရှုထျန်းဇယ်၏ ပုံရိပ်ကို ရှင်းလင်းစွာ သိမြင်လိုက်ရလေသည်။

All Chapters