← Chapters

ကောင်းကင်ကျားမျိုးနွယ်များရောက်ရှိလာခြင်း

Vol. 24 Ch. 346

ကောင်းကင်ကျားမျိုးနွယ်များရောက်ရှိလာခြင်း

Vol. 24 Ch. 346

“စကားများလိုက်တာ...”

ဟွမ်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ရွှမ်းဝူကျန်းနှင့် ရွှမ်းဝူကျိတို့ နှစ်ဦးနှင့် အလာဘ၊ သလာဘ ပြောဆိုရန် စိတ်မဝင်မစားပေ။

“ဘုန်း...”

သူတို့၏ ခန္ဓာကိုယ်များကို ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းတစ်ခုက ရိုက်ခက်သွားခဲ့၏။ သူတို့နှစ်ဦးသည် အဝေးသို့ လွင့်စင်ကုန်ကာ သွေးများစွာ အန်ထွက်ကုန်သည်။

“မင်း...”

ရွှမ်းဝူကျန်းတို့ အလွန်ပင်တုန်လှုပ်နေကြသည်။ ထို့ပြင် ဟွမ်းက သူတို့အား ရှင်သန်ခွင့် ပေးမည်မဟုတ်တော့သည်ကို ချက်ချင်းသိလိုက်၏။

“မဟုတ်ဘူး...၊ ငါတို့ကို သတ်လို့မရဘူး..”

“ငါ့တို့ကို သတ်ရင် မင်းက ကတိမတည်တဲ့ကောင်ပဲ...”

ဟွမ်းက များစွာသည့် စကားများ ပြောဆိုမနေချင်တော့ပေ။

သူ၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးတောက်များသည် ကြောက်မက်ဖွယ်ကောင်း လောက်အောင်ပင် ထွက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး...”

အနက်ရောင်မီးတောက်များသည် လျှပ်စီးမြို့တော်တစ်ခုလုံးအား ဝါးမြိုမည့် အသွင်နှင့် တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာ၏။

တစ်ခဏအတွင်းပင် လျှပ်စီးမျိုးနွယ်ဝင်များအားလုံးသည် အနက်ရောင်မီးတောက်များအောက် ခုခံနိုင်စွမ်းကင်းမဲ့ကာ အလဲလဲအပြိုပြို ဖြစ်သွားကြတော့သည်။

ဟွမ်းသည် လျှပ်စီးမြို့တော်တစ်ခုလုံးအား အဆုံးသတ်ခဲ့ခြင်းပင်။ မည်သူ့ကိုမျှ သက်ညှာမှုမပေးခဲ့ပေ။

ဤအရာသည် လျှပ်စီးမျိုးနွယ်ခေါင်းဆောင်အပေါ် ကတိဖျတ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် ထိုစဉ်ကတည်းက သတ်မှတ်ချက်ချပေးခဲ့ပြီးသား ဖြစ်သည်။

သူ့ကို ထပ်မံပြသနာမရှာသ၍ လျှပ်စီးမျိုးနွယ်သည် ပျက်စီးရမည်မဟုတ်ပေ။

သို့သော် လျှပ်စီးမျိုးနွယ်ဝင်များသည် ကောင်းကင်ကျားမျိုးနွယ်၏ နယ်မြေဘုရင်ကို ကြောက်ရွံ့ခြင်းကြောင့် ဟွမ်းအပေါ် အပြစ်များပုံချခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဟွမ်းနှင့် ကောင်းကင်ကျားမျိုးနွယ်နှင့် ပြသနာဖြစ်ပါက သူ့ကို တစ်ခါတည်း ရှင်းလင်းပစ်နိုင်မည်ဟု တွေးကာ တစ်ချက်ခုတ် နှစ်ချက်ပြတ်အကြံပင်။

သို့သော် ဟွမ်း၏ အကြွင်းမဲ့ စွမ်းအားအောက်တွင် မည်သည့်အကြံအစည်မျှ အလုပ်မဖြစ်ခဲ့ပေ။

‘နောင်တ’ဟူသည်ကို တွေးရန် အချိန်ပင်မရလိုက်ချေ။ အနက်ရောင်မီးတောက်များအောက် တစ်ခဏအတွင်း ပျောက်ကွယ်သွားကြရသည်။

လျှပ်စီးမြို့တော်က မိနစ်ပိုင်းအတွင်း စွန့်ပစ်ထားသည့် မြို့အလား ဖြစ်တည်သွား၏။

ရွှမ်းဝူကျန်းတို့က အနက်ရောင်မီးတောက်၏ လောင်ကျွမ်းမှုကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ချေ။

ဟွမ်း၏ အနက်ရောင်မီးတောက် ပြန်လည်ရောက်ရှိလာချိန်တွင် လျှပ်စီးမြို့တော်ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ပဲ ထွက်ခွာသွားသည်။

နောက်တစ်ရက်တွင် လျှပ်စီးနယ်မြေတစ်ခုလုံး တုန်လှုပ်စေသည့် သတင်း ထပ်မံ ပေါ်ထွက်လာ၏။

လျှပ်စီးမြို့တော်ရှိ လျှပ်စီးမျိုးနွယ်ဝင်များ တစ်ဦးတစ်လေမျှ မကျန်ရစ်တော့သောကြောင့်ပင်။

ထိုသတင်းက လျှပ်စီးနယ်မြေတစ်ခုလုံး တောမီးအလား လျှင်မြန်စွာ ပျံနှံ့သွားတော့သည်။ လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများက ထိုအရာအတွက် နှစ်ထောင်းအားရ ဝမ်းသာပျော်ရွှင်နေကြ၏။

သို့သော် သူတို့မသိနိုင်သည့် ကပ်ဘေးတစ်ခုလည်း တဖြည်းဖြည်းနှင့် ချည်းကပ် လာနေပြီဖြစ်သည်။

ထိုအရာက လျှပ်စီးနယ်မြေကို ဦးတည်လာနေသည့် ကြီးမားသည့် ယာဉ်ပျံကြီးတစ်ခုပင်။

ထိုယာဉ်ပျံကြီးပေါ်တွင် ကြမ်းကြုတ်သည့် အရှိန်အဝါများစွာ ပါရှိနေပြီး

“အကြီးအကဲချုပ်...၊ တမန်တော်ဟူချင်းဝမ်နဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်သွားပါတယ်...”

ထွားကြိုင်းလှသည့် လူတစ်ဦးသည် သူ၏ ရှေ့ရှိ အမျိုးသားတစ်ဦးကို တင်ပြဟန်ရှိနေ၏။ ထိုသူ၏ ခန္ဓာကိုယ်က သာမန်ကျင့်ကြံသူများထက် နှစ်ဆခန့်ကြီးမားသည်။

လူသားတစ်ဦး ဖြစ်သည်ဟု အတိအကျ မဆိုသာပေ။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ်က လူသားအသွင်နှင့် ဖြစ်သော်လည်း မျက်နှာက ကျားတစ်ကောင်၏ အသွင်ဆောင်နေသည်။

သူသည် ကောင်းကင်ကျားမျိုးနွယ်မှ လူသားအသွင်ပြောင်းလဲထားသည့် သားရဲတစ်ကောင်ပင်။

သို့သော် သူ၏ ရှေ့တွင်ရှိသည့် မျိုးနွယ်အကြီးအကဲချုပ်က လူသားနှင့် တထေရာတည်း ထပ်တူကျနေ၏။

“ဘယ်လိုဖြစ်တာလဲ...”

အကြီးအကဲချုပ်ဖြစ်သူ ဟူကျောင်းယွမ်က မျက်မှောင်ကြုတ်သွားကာ တင်းမာသည့် လေသံနှင့် မေးလိုက်၏။

“ကျုပ်တို့...၊ လျှပ်စီးနယ်မြေထဲ ရောက်လာတဲ့ အကြောင်းကို တမန်တော်ဟူကို ဆက်သွယ်လိုက်ပေမဲ့...”

“တမန်တော်ဟူကို ဘယ်လိုမှ ဆက်သွယ်လို့မရဘူး...”

ကျားမျက်နှာနှင့် သူက စိုးရွံ့သည့် လေသံနှင့် တင်ပြလိုက်သည်။ သူ၏ မှန်းဆမှုကို ထပ်လောင်း ပြောဆိုလိုက်၏။

“တမန်တော်ဟူ တစ်ခုခုများဖြစ်နေမလား...”

“ဝုန်း...”

ဟူကျောင်းယွမ်က သူ၏ ရှေ့မှ စားပွဲအား ဒေါသတကြီးနှင့် ရိုက်ချလိုက်သည်။ ရိုက်ချက်သည် ကြမ်းတမ်းလွန်း၏။ စားပွဲပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

သူသည် ကျားမျက်နှာနှင့် သူကို ကြည့်ကာ မာန်မဲလိုက်၏။

“အဓိပ္ပါယ်မရှိတာ...၊ ဟူချင်းဝမ်ကို လျှပ်စီး နယ်မြေရဲ့ ဘယ်ကျင့်ကြံသူမှ အဲ့ဒီလို လုပ်နိုင်စွမ်းမရှိဘူး...”

လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများသည် ကောင်းကင်ကျားမျိုးနွယ်ကို စော်ကားရန် နေနေသာသာ ရဲရဲဝံ့ဝံ့ပင် မကြည့်ရဲချေ။

ထို့ကြောင့် ဟူကျောင်းယွမ်သည် တမန်တော်ဟူ၏ အသက်အန္တရာယ်ကို စိတ်မပူမိချေ။

“ငယ်သားက...မှားယွင်းတဲ့ အတွေး တွေးမိသွားပါတယ်...”

ကျားမျက်နှာနှင့် သူက ကြောက်လန့်တကြား ဒူးထောက်ကာ တောင်းပန်လိုက်၏။

“ယာဉ်ပျံကို ပိုင်ရှင်မဲ့တောင်တန်းဆီ အမြန်ဆုံးရောက်အောင် အရှိန်တင်စမ်း...”

ဟူကျောင်းယွမ်သည် ပြင်းထန်သည့် လေသံနှင့် အမိန့်ပေးလိုက်၏။

လက်အောက်ငယ်သား၏ အတွေးကြောင့် သူ၏ ဒေါသများ ပြင်းထန်လာကာ တည်ငြိမ်မှု ပျက်ပြားသွားရသည်။

နယ်မြေဘုရင်၏ ကိုယ်လုပ်တော် သေဆုံးသွားပြီ ဟူသည့် သတင်းကြောင့် သူသည် အလွန် ဒေါသထွက်နေရပြီး ဖြစ်၏။

ထိုအရာက နယ်မြေဘုရင်နှင့် ကောင်းကင်ကျားမျိုးနွယ်ကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်။ သူတို့ကို နယ်မြေဘုရင်ရှိသည့် နယ်မြေကြီးများကပင် ထိုသို့ စိန်ခေါ်ရဲခြင်းမရှိချေ။

သို့သော် ကိုယ်လုပ်တော်တစ်ဦးအတွက် ကောင်းကင်ကျားနယ်မြေဘုရင်ကိုယ်တိုင် ဖြေရှင်းရန် အရေးမပါလှချေ။

ထို့ကြောင့်ပင် ဒါဇင်ခန့်ရှိသည့် ကောင်းကင်ကျားမျိုးနွယ်မှ နယ်မြေသခင်အဆင့်များကို ခေါ်ဆောင်လာခဲ့သည်။ ကောင်းကင်အလွှာကျင့်ကြံသူများလည်း အများပြား ပါရှိသေး၏။

ထိုသို့ အင်အားနှင့် လျှပ်စီးနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူများကို တစ်ခဏအတွင်း ချေမှုန်းရန် လုံလောက်သည်။

ဟူကျောင်းယွမ်၏ အမိန့်ကြောင့် လက်အောက်ငယ်သားများသည် ယာဉ်ပျံ၏ ဗဟိုချက်တွင် ကောင်းကင်သလင်းကျောက်များစွာ ထည့်သွင်း၍ ယာဉ်ပျံ၏ အရှိန်ကို မြင့်တင်လိုက်ကြရ၏။

ကောင်းကင်ကျားယာဉ်ပျံသည် လျှပ်စီးနယ်မြေ အတွင်းဝင်ရောက်လာပြီးနောက် ထိုယာဉ်ပျံမှ ပေါ်ထွက်နေသည့် အရှိန်အဝါများကို နယ်မြေသခင်ဂိုဏ်းချုပ်များက ခံစားမိသွားကြသည်။

သူတို့သည် ထိတ်လန့်ကုန်ကြ၏။

ကောင်းကင်ကျားမျိုးနွယ်ကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရခြင်းကြောင့် သူတို့၏ ကြောက်ရွံ့စိတ်များကို ချက်ချင်း ထိန်းချုပ်နိုင်စွမ်း မရှိကြချေ။

သို့သော် တဖြည်းဖြည်းနှင့် သူတို့၏ ကြောက်ရွံ့စိတ်များကို ထိန်းချုပ်ကာ လင်းရှန်တောင်တန်းသို့ အလျှင်အမြန် ထွက်ခွာလာ၏။

အကြောင်းမှာ ကောင်းကင်ကျားမျိုးနွယ်၏ ယာဉ်ပျံသည် လင်းရှန်တောင်၏ နယ်နိမိတ်အတွင်း ရောက်ရှလာသောကြောင့်ပင်။

“အကြီးအကဲချုပ်...၊ ဒီနေရာက ပိုင်ရှင်မဲ့တောင်တန်း ရှိခဲ့တဲ့ တည်နေရာပဲ...”

လက်အောက်ငယ်သားသည် တွေဝေစွာညွှန်ပြလိုက်၏။

သူတို့ ယခင်က ဤတောင်တန်းသို့ ရောက်ရှိဖူးခဲ့သော်လည်း အခြားတောင်တန်းများကို လွှမ်းမိုးရပ်တည်နေသည့် တောင်တန်းကြီး ပျောက်ကွယ်နေသည်။

အခြားတောင်တန်းများနှင့် တန်းတူမျှသာ ရှိတော့ပြီး ထူးဆန်းသည့် လှေကားထစ်များ တည်ဆောက်ထားသည့် တောင်တန်းတစ်ကိုသာ တွေ့လိုက်ရ၏။

“နေဦး...”

ဟူကျောင်းယွမ်သည် မျက်မှောင်ကြုတ်စွာ တားဆီးလိုက်၏။

သူက လင်းရှန်တောင်၏ လေဟာနယ်ကို ညွှန်ပြကာ ယာဉ်ပျံကို ရပ်တန့်ရန် အမိန့် ပေးလိုက်သည်။ သူ၏ အမြင်တွင် ထူးဆန်းမှု တစ်ကို ခံစားလိုက်ရသောကြောင့်ပင်။

ထို့ကြောင့် ယာဉ်ပျံကြီးကို လင်းရှန်တောင်တန်းနှင့် အကွာဝေးတစ်ခု ထိန်းကာ ရပ်တန့်လိုက်၏။

လင်းရှန်းတောင်တန်းမှ ထူးဆန်းသည့် စွမ်းအင် အငွေ့အသက်များကို ခံစားမိသောကြောင့်ပင်။

ထို့နောက် ဟူကျောင်းယွမ်က လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

“အဲ့ဒီနေရာကို တိုက်ခိုက်စမ်း...”

လက်အောက်ငယ်သားများသည် မတုန့်ဆိုင်းပေ။ ယာဉ်ပျံပေါ်မှ ထွက်ခွာကာ စွမ်းအင်များစုစည်း၍ လေဟာနယ်တွင် ဖုံးကွယ်နေသည့် လင်းရှန်တောင်တန်းကို ပစ်လွှတ်လိုက်၏။

ကောင်းကင်အလွှာကျင့်ကြံသူ ဆယ်ဦးခန့်ထံမှ စွမ်းအင်လှိုင်းများသည် အလင်း၏ အလျင်နှင့် လေဟာနယ်ကို ထိုးခွင်းသွားသည်။

“ရွှီး...”

သို့သော် လေဟာနယ်၏ တုန့်ပြန်မှုကြောင့် ဟူကျောင်းယွမ် မျက်မှောင်ကြုတ်သွားရသည်။

“ဘာဖြစ်တာလဲ...”

All Chapters