မစတင်ခင်ရှုံးနိမ့်ခြင်း
Vol. 24 Ch. 348
ယွဲ့ဝူယောင်က ကောင်းကင်ကျားမျိုးနွယ်များကို ကြည့်ကာ အေးစက်သည့် လေသံနှင့် ဖိနှိပ်လိုက်သည်။
ထို့နောက် သူမနှင့်အတူ လုရှင်းယန်တို့ ထံမှ အရှိန်အဝါများသည် ကောင်းကင်ကျား မျိုးနွယ်များအပေါ် ကျရောက်ကုန်၏။
“ဒီမိန်းကလေး...”
ဟူကျောင်းယွမ်အပါအဝင် ကောင်းကင်ကျားမျိုးနွယ်မှ ကျင့်ကြံသူများသည် ယွဲ့ဝူယောင်ကို စူးစိုက်ကြည့်မိလိုက်သည်။
“နယ်မြေဘုရင်အတွက် သင့်လျော်တဲ့ ကိုယ်လုပ်တော် အဖြစ်ခေါ်သွားမယ်...”
သူတို့က ယွဲ့ဝူယောင်၏ စကားကို လျစ်လျုရှု့လိုက်ပြီးနောက် ညစ်ညမ်းသည့် အကြည့်များနှင့် ယွဲ့ဝူယောင်ကို ကြည့်ရှု့လိုက်ကြ၏။
ထိုမိန်းကလေးက ရွှမ်းလင်နေရာတွင် အစားထိုးရန် သင့်လျော်သည်ဟု မှတ်ချက်ချလိုက်ကြသည်။ သူတို့သည် စိတ်အားထက်သန်လာကြ၏။
သားရဲများ၏ သဘာဝအရ တဏှာရာဂများက ပြင်းထန်လှသည်။ ထို့ကြောင့်ပင် ကောင်းကင်ကျားနယ်မြေဘုရင်က ကိုယ်လုပ်တော်များစွာ ထားရှိခြင်းဖြစ်၏။
ယွဲ့ဝူယောင်က ထိုအကြည့်များကို လျစ်လျုရှုလိုက်သော်လည်း သူမ၏ ဂျုနီယာများက မတူညီပေ။
“မင်းတို့...”
ဟူကျောင်းယွမ်က တုန့်ပြန်ရန်ပြင်လိုက်သော်လည်း သူ၏ စကားများက လည်မြိုအဝတွင် ရပ်တန့်သွားသည်။
အကြောင်းမှာ အလင်းထက်ပင် မြန်ဆန်သည့်အရှိန်နှင့် ဓားစွမ်းအင်လှိုင်းသည် သူ့ထံ ဝင်ရောက်လာသောကြောင့်ပင်။
“မောက်မာလိုက်တာ...”
ကောင်းကင်ကျားမျိုးနွယ်မှ နယ်မြေသခင်တစ်ဦးသည် ချက်ချင်းဆိုသလို ဟူကျောင်းယွမ်၏ ရှေ့တွင် ဝင်ရောက်တားဆီးလိုက်၏။
သူ၏ ထုတ်ဖော်ထားသည့် လက်သည်းနှင့် ဓားစွမ်းအင်လှိုင်းကို ရိုက်ချကာ တားဆီးလိုက်သည်။
“ရွှစ်...ရွှစ်..”
“အား...”
ထိုနယ်မြေသခင်သည် နာကျင်စွာဟစ်အော်လိုက်ရ၏။
သူထုတ်ဖော်ထားသည့် ကျားအသွင် လက်တစ်ဖက်က ပြတ်တောက်သွားရသည်။ သူက အလွယ်လေးထိန်းနိုင်မည်ဟု ထင်ခဲ့သော်လည်း သူ၏ အတွေးနှင့် တထပ်တည်း မကျခဲ့ပေ။
ထိုမျှမက ဒုတိယဓားချက်က သူ၏ မျက်လုံးအစုံကို ခုတ်ဖြတ်သွားခဲ့သည်။
မြန်ဆန်သည့် အဖြစ်အပျက်ကြောင့် နယ်မြေသခင်များ ထိတ်လန့်ကုန်ကြ၏။ ထိုသာမန်ရုပ်ရည်နှင့် လူငယ်၏ ဓားစွမ်းအင်က မြန်ဆန်မှုအပြင် သန်မာလွန်းသည်။
ထို့အပြင် ပေါ်ထွက်လာသည့် လူငယ်လေးဦးသည် အသက်ရာပိုင်းမျှသာ ရှိသေး၏။ နယ်မြေသခင်အဆင့် စွမ်းအားများ ထုတ်ဖော်နေခြင်းက မယုံနိုင်ဖွယ်ကောင်းလွန်းသည်။
နယ်မြေသခင်အဆင့်သည် တက်ရောက်ချင်စိတ်ရှိတိုင်း ရောက်သွားနိုင်သည့် အဆင့်မျိုးမဟုတ်ပေ။
ကောင်းကင်အလွှာမှ နယ်မြေသခင်အဆင့်ကို ချိုးဖြတ်နိုင်ရန် များစွာသည့် အရင်းအမြစ်နှင့် အချိန်များပေးဆပ်ရမည်ဖြစ်သည်။
သို့သော် ထိုသို့ပေးဆပ် လျင်တောင် အလွယ်တကူရောက်ရှိနိုင်ခြင်း မဟုတ်ပေ။
သူတို့၏ သက်တမ်းသောင်းချီကြိုးစားပြီးမှ ရောက်ရှိလာသည့် နယ်မြေသခင် အဆင့်သည် ရာပိုင်းမျှသာ သက်တမ်းရှိသေးသည် လူငယ်များ အဘယ်သို့ ရောက်ရှိနေရသနည်း။
အဖြေကတော့ ရှင်းပေသည်။ ဝိညာဉ်နိုးထခြင်းသစ်သီးကြောင့်ပင်။
ထိုသစ်သီးက နယ်မြေသခင်များကို နယ်မြေဘုရင် ဖြစ်စေနိုင်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်များကို နယ်မြေသခင်အဆင့်သို့ ရောက်ရှိစေနိုင်သောကြောင့်ပင်။
သူတို့လေးဦးသည် တစ်လကျော်မျှ ထိုသစ်သီး၏ စွမ်းအင်များကို ချေဖြတ်ပြီးနောက် နယ်မြေသခင်များ ဖြစ်လာကြလေသည်။
ကောင်းကင်ကျားမျိုးနွယ်များ တုန်လှုပ်နေချိန်တွင် စူးရှလှသည့် အသံထွက်ပေါ်လာ၏။
“ဟမ့်...၊ မင်းတို့က သေဖို့ပဲ ထိုက်တန်တယ်...”
ပိုင်ကျန့်ယွီက ဒေါသများလွှမ်းခြုံနေသည့် လေသံနှင့် ဆိုလိုက်၏။ ထိုတိရိစ္ဆာန်များ၏ မျက်ဝန်းများသည် ရွံ့ရှာဖွယ်အတိပင်။ ထို့ကြောင့် သူက မျက်လုံးများကိုပါ ဖောင်ထုတ်ပစ်ခဲ့ခြင်းပင်။
သူ၏ ဓားသွားအလား စူးရှသည့် စိတ်အာရုံက ဟူကျောင်းယွမ်တို့ အပေါ်တွင် လွှမ်းခြုံထားလေ၏။
“မင်း...”
ဟူကျောင်းယွမ်က ထိုလူငယ်၏ မောက်မာမှုကြောင့် ဒေါသထွက်သွားရသည်။
‘ငယ်ငယ်ရွယ်ရွယ်နဲ့ နယ်မြေသခင်ဖြစ်နေတော့ရော ဘာအရေးလဲ..’
သူတို့ထံတွင် နယ်မြေသခင်များစွာ ပါရှိ၏။ ထိုလူငယ်များကို ရှင်းလင်းရန် မခက်ခဲပေ။ ထို့ကြောင့် ဟူကျောင်းယွမ်က နယ်မြေသခင်များကို အမိန့်ပေးလိုက်သည်။
“သတ်ကြစမ်း...”
ဟူကျောင်းယွမ်၏ အမိန့်ရလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ကျားမျိုးနွယ်မှ ကျင့်ကြံသူများသည် ယွဲ့ဝူယောင်တို့ကို သတ်ဖြတ်ရန် တိုးဝင်သွားကြ၏။
ကောင်းကင်အလွှာ ကျင့်ကြံသူများက အနီရောင်ကျားပုံရိပ်များကို ထုတ်ဖော်ကာ ယွဲ့ဝူယောင်တို့ထံ ခုန်အုပ်လိုက်ကြသည်။
“ဟမ့်...”
ပိုင်ကျန့်ယွီက သတ်ဖြတ်လိုသည့် အကြည့်နှင့် ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်းဆိုသလို နေရာမှ ပျောက်ကွယ်သွား၏။
“…”
ကောင်းကင်အလွှာ ကျင့်ကြံသူများသည် ငေးငိုင်သွားသည်။ ထိုလူငယ်သည် အဘယ်ကြောင့် သူတို့၏ နောက်သို့ ရောက်ရှိနေမှန်း မသိလိုက်ရချေ။
သို့သော် ရုတ်ချည်းဆိုသလို သူတို့၏ အမြင်အာရုံများ ကွယ်ပျောက်သွားပြီး ခံစားချက်များ ကင်းမဲ့သွားသည်ဟု တွေးမိလိုက်၏။
“ဘယ်လို...”
ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည့် လျှပ်စီးနယ်မြေမှ နယ်မြေသခင်များက တုန်လှုပ်ခြောက်ခြားသွားကြလေသည်။
သူတို့က ကောင်းကင်ကျားမျိုးနွယ်ရောက်ရှိလာမှုကြောင့် ဟွမ်းကို အကူအညီပေးရန် ရောက်ရှိလာသော်လည်း ဟွမ်း၏ တပည့်များက လက်စောင်းထက်နေ၏။
သို့သော် လွန်ခဲ့သည့် တစ်လကမှ သူတို့လေးဦးသည် စဦးအလွှာကျင့်ကြံသူများသာဖြစ်နေကြသေးသည်။
သို့သော် တစ်လအတွင်း အဆင့်ကြီးတစ်ခု ကျော်တက်သွားခြင်းကို မည်သို့မျှ လိုက်မှီအောင် တွေးတောနိုင်စွမ်းမရှိပေ။
‘နန်းတော်သခင်မှာ ဝိညာဉ်နိုးထခြင်း သစ်သီးတွေ ဘယ်နှစ်လုံးတောင် ရှိနေတာလဲ...၊ ဒါပေမဲ့ ရှင်းချန်ဖုန်းပြောခဲ့တာ သစ်စေ့တွေပါ...’
လင်းရှန်တောင်တန်းသို့ ရောက်ရှိလာသည့် ဟွားရှီးယင်က အတွေးများစွာ ဝင်ရောက်နေသည်။
ထိုလူငယ်များ နယ်မြေသခင်ဖြစ်လာခြင်းသည် ဝိညာဉ်နိုးထခြင်း သစ်သီးကြောင့်ဟု ယူဆလိုက်၏။ သို့သော် သစ်စေ့နှင့် သစ်သီးကို မည်သို့မျှ ဆက်စပ် မတွေးတောနိုင်ချေ။
သူမက ထိုအကြောင်းအရင်းကို သိချင်ခဲ့သော်လည်း ဟွမ်းကို တိုက်ရိုက်မေးရန် မသင့်လျော်ချေ။ ထိုသို့ မေးမြန်းပါက သူမကိုပင် အထင်သေးသွားနိုင်သည်။
ထို့ကြောင့် အောင့်အီးသည်းခံခဲ့ရ၏။
ယာဥ်ပျံထက်ရှိ ဟူကျောင်းယွမ်၏ တုန်လှုပ်ခြောက်ခြားမှုများက အဆမတန်မြင့်မားလာသည်။
ထိုဓားစွမ်းအင်နှင့် လူငယ်က အခြားသူများလိုက် မှီနိုင်စွမ်းမရှိသည့် အလျင်မျိုးနှင့် ကောင်းကင်အလွှာ ကျင့်ကြံသူများကို ခုတ်ပိုင်းခဲ့သည်။
သူ၏ အမြန်နှုန်းသည် နယ်မြေဘုရင်တစ်ဦးအောက် အနည်းငယ်သာလျော့ကျနိုင်ပေမည်။
ထို့သို့ လျင်မြန်မှုအောက်တွင် ကောင်းကင်အလွှာ ကျင့်ကြံသူများသည် ဘာဖြစ်သွားမှန်း မသိလိုက်ရချေ။
သူတို့၏ ဦခေါင်းများသည် ခန္ဓာကိုယ်နှင့် ကင်းကွာကုန်၏။ ထို့အပြင် သူတို့၏ မျက်လုံးများတွင်လည်း သွေးများ စီးကျနေသည်။
ထိုသူများက ကောင်းကင်အလွှာများ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်တည်း မဟုတ်ပေ။ အယောက်နှစ်ဆယ်ခန့် တစ်ပြိုင်နက်တည်း သတ်ဖြတ်ခံလိုက်ရခြင်းပင်။
ဟူကျောင်းယွမ်၏ အတွေးများ အပြောင်းကပြန် ဖြစ်ကုန်သည်။
သူက လျှပ်စီးနယ်မြေကို ဖိနှိပ်ရန်ကြံရွယ်လိုက်သော်လည်း အစွမ်းထက်သည့် ခံစားချက်များ ပေးစွမ်းနေသည့် နယ်မြေသခင်လေးဦးနှင့် ဂိုဏ်းချုပ်များစွာ ရောက်ရှိနေပြီဖြစ်၏။
သူ့တွင် နယ်မြေသခင် ဒါဇင်ခန့်ပါရှိသော်လည်း လေးဦးသည် ဒဏ်ရာရရှိထားပြီး တစ်ဦးသည် လက်ဖြတ်ခံခဲ့ရသည်။
နယ်မြေသခင်များတွင် သူအပါအဝင်မှ ခုနစ်ဦးသာ ကောင်းကောင်းမွန်မွန် ရှိတော့၏။ အခြေအနေမဟန်တော့ပေ။
ဟူကျောင်းယွမ်က အံကို တင်းတင်းကြိတ်လိုက်မိသည်။ တိုက်ပွဲသည် မစခင်ကတည်းက ရှုံးနေပြီဖြစ်၏။
သို့သော် ဟန်ကိုယ့်ဖို့ ယူလိုက်သည်။
“မင်းတို့ နယ်မြေဘုရင်ရဲ့ အမျက်ဒေါသကို မကြောက်ဘူးလားကွ...”
“ထွက်ပြေးချင်တာလား...၊ လင်းရှန်တောင်တန်းက လာချင်သလိုလာ ပြန်ချင်သလို ပြန်ခွင့်ရမဲ့ နေရာလို့ ထင်နေလား...”
လုရှင်းယန်သည် ခက်ထန်သည့် လေသံနှင့် ကြုံးဝါးလိုက်၏။ သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။
သူတို့၏ ဆရာကို တိုက်ခိုက်ရန်ကြိုးစားက သူတို့၏ စီနီယာအစ်မကို ရိုင်းစိုင်းသည့် အကြည့်များနှင့် ကြည့်ရှုခဲ့သူများကို အလွယ်တကူ လွတ်မြောက်ခွင့် မပေးနိုင်ချေ။
ချက်ချင်းဆိုသလို ငရဲကိုးဘုံမီးတောက်များ လောင်ကျွမ်းနေသည့် သူ၏ လှံကို ဟူကျောင်းယွမ်၏ ယာဉ်ပျံကို ဦးတည်ကာ ပစ်လွှတ်လိုက်သည်။
ငရဲကိုးဘုံမီးတောက်၏ ကြမ်းတမ်းသည့် လောင်ကျွမ်းမှုနှင့်အတူ ဖီးနစ်နှလုံးသားလှံသည် လေထုကို ထိုးခွဲကာ ယာဉ်ပျံပေါ်သို့ စိုက်ရောက်သွား၏။
“ဝုန်း...”
ယာဉ်ပျံတစ်ခုလုံးသည် အပြင်းအထန်ခါယမ်းသွားပြီး မီးတောက်များ စွဲထင်နေသည့် လှံသည် ယာဉ်ပျံ၏ ဗဟိုချက်သို့ စိုက်ဝင်သွားသည်။
“ဝုန်း..ဝုန်း...”
ဗဟိုချက်၏ ထိခိုက်သွားမှုကြောင့် ယာဉ်ပျံမှ ပေါက်ကွဲသံများ အဆက်မပြတ် ပေါ်ထွက်လာ၏။