နယ်မြေသခင်များကိုသတ်ဖြတ်ခြင်း
Vol. 24 Ch. 350
“မသေ...ဘူးလား...”
လျှိုမင်ယွမ်က အနည်းငယ် အံ့ဩသွားရသည်။ အမှောင်လက်ဝါးနှင့် ဟူကျောင်းယွမ်ကို အဆုံးသတ်ရန် ကြံရွှယ်ခဲ့၏။
သို့သော် ထိုသူက ထင်ထားသည်ထက် အားကောင်းဟန်ရသည်။
“မင်း...တရားလွန်သွားပြီကွ...”
ဟူကျောင်းယွမ်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူသည် သွေးများ အဆက်မပြတ် အန်နေရသော်လည်း ကုန်းရုန်းထလာသည်။
ထို့နောက် သူ၏ စွမ်းအင်များကို ထိန်းချုပ်ကာ လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။
“ကောင်းကင်ကျားရဲ့ မရဏလမ်း...”
သူ၏ ခန္ဓာကိုယ်ထက်တွင် အရိုးအက်သံများ ထွက်ပေါ်လာပြီးနောက် မျက်ဝန်းများက စတင်နီရဲလာ၏။
ထို့အတူ ခန္ဓာကိုယ်မှ သွေးကြောများလည်း အမြှောင်းလိုက် ထလာကာ ကောင်းကင်ကျားကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
သို့သော် ထိုမျှနှင့် မရပ်တန့်သေးချေ။
သူ၏ ခန္ဓာကိုယ်ထက်တွင် မီးတောက်များ လောင်ကျွမ်းလာခဲ့ပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။ သူ့ ခန္ဓာကိုယ်က အခြားကောင်းကင်ကျားများထက်ပင် ကြီးမားလွန်းနေ၏။
ထိုအရာသည် ကောင်းကင်ကျားမျိုးနွယ်၏ တားမြစ်ကျင့်စဉ်တစ်ခုပင်။
၎င်းက သွေးစွမ်းအင်များကို လောင်ကျွမ်းစေကာ တခဏအတွက် စွမ်းအင်များ အရူးအမူး တိုးမြင့်လိုက်ခြင်းပင်။
သို့သော် ၎င်းက သွေးစွမ်းအင်ကုန်ဆုံးနှုန်းကြောင့် ဝိညာဉ်သန္ဓေသားကိုပင် ထိခိုက်သွားစေနိုင်သည်။
ထိုအရာက အန္တရာယ်များလှသော်လည်း ဟူကျောင်းယွမ်တွင် ရွှေးချယ်စရာအခြားနည်းလမ်း မရှိတော့ချေ။ မဟုတ်ပါက လျှိုမင်ယွမ်၏ ပိုင်နက်အတွင်း ထိန်းချုပ်ကာ သတ်ဖြတ်ခံရနိုင်ပေမည်။
“မင်း...၊ သေကို သေရမယ်...”
ဟူကျောင်းယွမ်က အသံနက်ကြီးနှင့် ဆိုကာ လျှိုမင်ယွမ်ကို ရိုက်ချလိုက်သည်။ တားမြစ်ကျင့်စဉ်ကို ထုတ်သုံးလိုက်ရခြင်းအတွက် လျှိုမင်ယွမ်ကို သေအောင် သတ်ဖြတ်ရပေမည်။
မဟုတ်လျင် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုပင်။ သူက နောက်ဆုတ်၍ မရတော့ချေ။
“ဝုန်း...”
လျှိုမင်ယွမ်က ပုံရိပ်ယောင်သားရဲတစ်ကောင် ဖော်ထုတ်ကာ တားဆီးလိုက်သော်လည်း ချက်ချင်းဆိုသလို ဖျတ်ဆီးခံလိုက်ရသည်။
ဟူကျောင်းယွမ်၏ စွမ်းအင်များက လျှိုမင်ယွမ်၏ ပိုင်နက်ထဲမှာပင် ဆယ်ဆခန့် မြင့်တက်လာ၏။
ထိုအချင်းအရာကြောင့် လျှိုမင်ယွမ်က မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း ပြာယာ ခပ်မသွားပေ။
လျှိုမင်ယွမ်က ပိုင်နက်ရရှိခဲ့သည်မှာ မကြာသေးချေ။ ထို့ကြောင့် ဟူကျောင်းယွမ်ကို အပြည့်အဝ မဖိနှိပ်နိုင်သည်မှာ သာမန်မျှပင်။
ထို့အပြင် ဟူကျောင်းယွမ်က အခြားနယ်မြေသခင်များနှင့် ကွဲပြားသည့် အသွင်ကို ထုတ်ဖော်ထား၏။ သူ၏ မျက်ဝန်းများက ရဲရဲတောက်နီမြန်းနေပြီး ခန္ဓာကိုယ်တွင်လည်း အနီရောင်သွေးကြောများက ထောင်ထနေသည်။
“သေစမ်း...”
ဟူကျောင်းယွမ်က ဆက်တိုက်ဆိုသလို ရိုက်ချက်များကို ထုတ်ဖော်ကာ လျှိုမင်ယွမ်ကို ဖိအားပေးလိုက်သည်။
ဟူကျောင်းယွမ်၏ ရိုက်ချက်မှ ကြမ်းတမ်းလှသည့် လက်သည်းများ ထွက်ပေါ်လာ၏။ ထိုလက်သည်းများက လျင်မြန်လွန်းပြီး လျှိုမင်ယွမ်၏ အနီးသို့ တခဏအတွင်းရောက်ရှိလာသည်။
လျှိုမင်ယွမ်က တိမ်းရှောင်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်နေရ၏။ အမှောင်ပိုင်နက် အတွင်းမှာပင် ဟူကျောင်းယွမ်၏ ခွန်အားသည် သန်မာလာနေဆဲပင်။
ဟူကျောင်းယွမ်က မရပ်တန့်ပေ။ ဆက်တိုက်ပင် ကုတ်ခြစ်မှုများ ဖော်ထုတ်ကာ တိုက်ခိုက်နေသည်။
လျှိုမင်ယွမ်က ဤအတိုင်း ရင်ဆိုင်နေလို့ မဖြစ်တော့ချေ။ သူက အခြားနယ်မြေသခင်များကိုလည်း ပိုင်နက်အတွင်း ချုပ်နှောင်ထားရသောကြောင့် စွမ်းအင်အများအပြား ကုန်ဆုံးနေသည်။
ထို့ကြောင့် သူသည် ရှောင်ရှားနေရင်း မြန်ဆန်သည့် လက်အသွင်ပြုလုပ်လိုက်၏။
“အမှောင်ထု၏ လှည့်စားမှု့..”
လျှိုမင်ယွမ်က အမှောင်စွမ်းအင်များကို စုဝေးကာ သူ၏ ရှေ့တွင် များပြားသည့် အမှောင်စွမ်းအင်အလွှာများ ထွက်ပေါ်လာ၏။
“ရွှစ်...”
ထပ်မံ ဝင်ရောက်လာသည့် လက်သည်းချက်များက လျှိုမင်ယွမ်ထံ ဦးတည်ဝင်ရောက်လာသည့် အချိန်တွင် ထိုအလွှာများက ရုတ်ချည်းပေါ်ထွက်လာကာ တားဆီးလိုက်သည်။
ထိုအချိန်တွင် အမှောင်ထုအလွှာများက ကြီးမားသည့် စွမ်းအင်လက်သည်းချက်များကို စုပ်ယူလိုက်သည့် အလားကွယ်ပျောက်သွား၏။
ဟူကျောင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ထိုပါးလွှာသည့် အလွှာများက သူ၏ လက်သည်းချက်များကို အသာယာ စုပ်ယူသွားနိုင်သည်ကို ကြည့်ကာ တွေဝေသွား၏။
“ခင်ဗျားရဲ့ စွမ်းအားတွေ တိုးတက်လာရင်တောင် ကျုပ်ပိုင်နက်ထဲမှာ အသုံး မဝင်ဘူး...”
ထိုအချိန်တွင် လျှိုမင်ယွမ်၏ အေးစက်သည့် အသံထွက်ပေါ်လာသည်။
“ခင်ဗျားရဲ့ တိုက်ကွက်တွေ ခင်ဗျားကို ပြန်ပေးမယ်...”
လျှိုမင်ယွမ်က သူ၏ လက်အသွင်ကို ထပ်မံပြောင်းလဲလိုက်၏။
“သွားစမ်း...”
ထိုအချိန်တွင် အမှောင်ထုအလွှာပါးလေးမှ တုန်ခါမှုတစ်ချို့ ထွက်ပေါ်လာပြီး ကြမ်းတမ်းသည့် လက်သည်းချက်များ ထွက်ပေါ်လာသည်။
“ဘာ...”
ဟူကျောင်းယွမ် တုန်လှုပ်သွား၏။ ထိုလက်သည်းများက သူထုတ်ဖော်ခဲ့သည့် လက်သည်းချက်များပင်။
“ဝှစ်...”
လက်သည်းချက်များသည် သူတိုက်ခိုက်ခဲ့သည့် အတိုင်း မြန်ဆန်စွာနှင့် ပြန်လည်ရောက်ရှိလာသည်။
“ကာကွယ်စမ်း...”
ဟူကျောင်းယွမ် ကြုံးဝါးလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထုထည်ကြီးမားသည့် အနီရောင်အလွှာတစ်ခု ပေါ်ထွက်လာ၏။
ထိုအလွှာက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား ကာကွယ်လိုက်ရသည်။
“ဝုန်း..ဝုန်း..ဝုန်း..”
သူထုတ်ဖော်ခဲ့သည့် လက်သည်းချက်များသည် များပြားလွန်း၏။
ထို့ကြောင့် သူကိုယ်တိုင်လည်း အများအပြားခုခံနေရသည်။ လက်သည်းများသည် ဆက်တိုက်ဆိုသလို တိုးဝင်လာနေ၏။
သူ၏ ကာကွယ်ထားသည့် အလွှာသည် ခိုင်မာလှသော်လည်း သူ၏ လက်သည်းများက ကြမ်ကြုတ်မှုများ ပြည့်နှက်နေသောကြောင့် အတော်ဖိအား များနေရသည်။
“အား...”
ဟူကျောင်းယွမ်က စွမ်းအင်များကို ဖောက်ခွဲကာ ထိုလက်သည်းများအားလုံးကို တားဆီးလိုက်တော့၏။
ထိုအချင်းအရာကြောင့် သူက လက်သည်းများကို တားဆီးနိုင်ခဲ့သည်။ သို့သော် အတော်ပင် စွမ်းအင်ကုန်ဆုံးသွား၏။
ထို့အပြင် သူ အသုံးပြုထားသည့် တားမြစ်ကျင့်စဉ်က အကန့်အသတ်သို့ ရောက်ရှိလာပြီဖြစ်သည်။
သို့သော် အသက်ရှုရန် အချိန်ယူလိုက်ချိန်တွင် သူ၏ နားထဲ လျှိုမင်ယွမ်၏ အသံသည် မိုးကြိုးမုန်တိုင်းအလား ဝင်ရောက်လာ၏။
“အမှောင်ထုနဲ့အတူ ပျက်စီးခြင်း...”
လျှိုမင်ယွမ်၏ လက်ညိုးမှ သေးငယ်သည့် အမှောင်စွမ်းအင်လှိုင်း တစ်ခုက လျှင်မြန်သည့် အရှိန်နှင့် ဟူကျောင်းယွမ်ထံ တိုးဝင်လာသည်။
“ဘုန်း...”
ဟူကျောင်းယွမ်က အမှောင်စွမ်းအင်လှိုင်းကို ရိုက်ချလိုက်၏။
သူက အားနည်းလာသော်လည်း တုန့်ပြန်နိုင်စွမ်းကင်းမဲ့သည်အထိ အားမနည်းသေးပေ။
သို့သော် သူ၏ လက်သည် အောက်ခြေကိုသာ ရိုက်ခတ်မိသွားသည်။
“ဘာ...”
ဟူကျောင်းယွမ်က အထိတ်ထိတ်အပြာပြာ ဖြစ်သွားရ၏။
အမှောင်စွမ်းအင်လှိုင်းသည် သူ၏ မျက်ခုံးနှစ်ခုအကြား တိုးဝင်လာသောကြောင့်ပင်။
“မဟုတ်ဘူး...”
သူက ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း လျှိုမင်ယွမ်၏ အမှောင်စွမ်းအင်လှိုင်းက အတားအဆီးများကို မျက်ကွယ်ပြုသည့်အလား သူ၏ ဝိညာဉ်ပင်လယ်အတွင်းဝင်ရောက်သွားသည်။
“အား...”
ဟူကျောင်းယွမ် နာကျင်စွာ ဟစ်အော်လိုက်ရ၏။
အမှောင်စွမ်းအင်သည် သူ၏ ဝိညာဉ်သန္ဓေသားကိုပင် ဝင်ရောက်ကာ ရစ်ပတ်သွားသောကြောင့်ပင်။
“သေစမ်း...”
ဟူကျောင်းယွမ်က အမှောင်စွမ်းအင်၏ ချုပ်နှောင်မှုကို ရုန်းကန်ရန်ကြိုးစားလိုက်ရသည်။
ထိုအချိန်တွင် လျှိုမင်ယွမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ ကြမ်းတမ်းသည့် အမှောင်စွမ်းအင်များသည် ပုံရိပ်ယောင်သားရဲများ ကြောင့် စွမ်းအင်ကုန်ခမ်းစ ပြုနေသည့် နယ်မြေသခင်များကို ထိမှန်သွားသည်။
ထိုသူများက မြန်ဆန်သည့် တုန့်ပြန်ချက်ကို မဖော်ထုတ်နိုင်ခဲ့ချေ။
“အား...”
ခေတ္တမျှ အမှောင်စွမ်းအင်များနှင့် သူတို့၏ စိတ်အာရုံထွေပြားသွားချိန်တွင် ပုံရိပ်ယောင်သားရဲများ၏ လက်များက သူတို့၏ ခန္ဓာကိုယ်တွင် ဖောက်ထွက်နေခဲ့သည်။
“ဘယ်လို...”
သူတို့၏ အသွင်ပြောင်းခန္ဓာကိုယ်များသည် သန်မာလွန်းလှ၏။ သို့သော် သားရဲများက ပုံရိပ်ယောင်သာ ဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်စွမ်းရှိနေသည်။
သူတို့က မယုံနိုင်သည့် အသွင်နှင့် ငေးကြောင်ကြည့် နေမိ၏။
ထိုအချိန်တွင် ပုံရိပ်ယောင်သားရဲများက ကျန်လက်တစ်ဖက်နှင့် သူတို့၏ ဦးခေါင်းများကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
“ဘုန်း...”
ဖရဲသီးတစ်လုံးကို ပြင်းထန်စွာရိုက်ခွဲလိုက်သည့် အလားပင်။ သန်မာပါသည် ဆိုသည့် ကောင်းကင်ကျားများ၏ ဦးခေါင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ကျားအသွင်နှင့် နယ်မြေသခင်များက တစ်ဦးပြီး တစ်ဦးလဲကျကာ သေဆုံးရတော့၏။
လျှိုမင်ယွမ်၏ အမှောင်စွမ်းအင်များကို စိတ်စွမ်းအင်များနှင့် ရောယှက်ကာ အသုံးပြုသည့် တိုက်ခိုက်မှုကို နယ်မြေသခင်များက တုန့်ပြန်ရန်ပင် ခက်ခဲလွန်းလှသည်။
လျှိုမင်ယွမ်က မည်သည့် ခံစားချက်မျှ မရှိသည့်အလား ထိုမြင်ကွင်းများကို သွေးအေးစွာ ကြည်ရှုနေ၏။