← Chapters

အဆုံးသတ်

Vol. 24 Ch. 351

အဆုံးသတ်

Vol. 24 Ch. 351

ကောင်းကင်ကျားမျိုးနွယ်မှ ရောက်ရှိလာသည့် ကျင့်ကြံသူများ သေဆုံးကုန်ကြရ၏။ ကောင်းကင်အလွှာများလည်း အသက်မရှင်ခဲ့သလို၊ နယ်မြေသခင်များလည်း မလွတ်မြောက်နိုင်ခဲ့ချေ။

ထိုကျင့်ကြံသူများ၏ နောက်သို့ မကြာမီ လိုက်ပါရတော့မည့် ဟူကျောင်းယွမ်သည် အတင်းအကန် ရုန်းကန်နေရ၏။

လျှိုမင်ယွမ်က ဝေဒနာအပြင်းအထန် ခံစားနေရသည့် ဟူကျောင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ပိုင်နက်ကို ရုတ်သိမ်းလိုက်သည်။

ဟူကျောင်းယွမ်က သူ၏ လက်မှ မလွတ်မြောက်တော့မည်မှာ ကျိန်းသေသွားပြီဖြစ်၏။

ဒါဇင်ခန့်ရှိသည့် နယ်မြေသခင်များနှင့် တိုက်ခိုက်ရခြင်းသည် သူ့အတွက် အလွန်မောဟိုက်သွားစေခဲ့သည်။

“ဒါက...”

လျှပ်စီးနယ်မြေမှ ဂိုဏ်းချုပ်များ မှင်သက်ကုန်ကြ၏။ ကောင်းကင်ထက်ရှိ အမှောင်ထုကြီး ပျောက်ကွယ်သွားချိန်တွင် ပုံပျက်ပန်းပျက်ဖြစ်နေသည့် ကျားအသွင်ခန္ဓာကိုယ်များက ကျဆင်းလာသောကြောင့်ပင်။

“ဘုန်း...”

ဒါဇင်ခန့်ရှိသည့် ခန္ဓာကိုယ်ကြီးများသည် မြေပြင်ပေါ်သို့ အရှိန်ဟုန်ပြင်းပြင်းကျဆင်းသွားသည်။

“ဘယ်လိုတောင် အစွမ်းထက်တာလဲ...”

ယန်ကျီးဝေ့က အံ့ဩလွန်းသည့် လေသံနှင့် ရေရွတ်မိသွား၏။ မနေ့တစ်နေ့ကပင် စဦးအလွှာ ကျင့်ကြံသူလေးသည် နယ်မြေသခင်များစွာကို တစ်ချိန်တည်း ဖြေရှင်းနိုင်နေပြီ ဖြစ်သည်။

နယ်မြေသခင် အဆင့်သို့ ရောက်ရှိသည်မှာ ကြာလွန်လှသည့် သူတို့ပင် ထိုသို့ လုပ်နိုင်စွမ်း မရှိပေ။

“ဆရာရော တပည့်တွေရော တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”

ယင်ထျယ်ဟုန်နှင့် ကျုံးလုဟယ်တို့ စိတ်ချင်းဆက်နေသည့်အလား တူညီစွာ ရေရွတ်လိုက်ကြ၏။

သူတို့က ခေါင်းမာစွာနှင့် ဟွမ်းရှန့်နန်းတော်ကို အတိုက်အခံ မပြုမိသည်ကိုပင် ကံကောင်းသည်ဟု တွေးမိသွား၏။

မဟုတ်ပါက..၊ ဟွမ်း မဆိုထားနှင့် သူ၏ တပည့်များပင် သူတို့အား ဖြေရှင်းနိုင်စွမ်း ရှိနေသည်။

အံ့ဩမှုနှင့် အတူ ဝမ်းသာမှုတစ်ချို့ဝင်ရောက်လာ၏။ ဤအတိုင်းဆိုလျှင် ကောင်းကင်ကျားနယ်မြေ၏ ဖိနှိပ်မှုကို ကြောက်ရွံ့စရာ မလိုတော့ချေ။

သို့သော် အနာဂတ်တွင် ဟွမ်းက မည်သို့ ဆက်ဆံမည်ကို မတွေးနိုင်သေးသောကြောင့် စိုးရိမ်စိတ်တစ်ချို့ ဝင်ရောက်လာ၏။

“ဘာမှ စိုးရိမ်မနေနဲ့...၊ နန်းတော်သခင်သာ ဖိနှိပ်ချင်ရင် ကျွန်မတို့ကို အစောကြီးကတည်းက ဖိနှိပ်မှုတွေ လုပ်နေလောက်ပြီ...”

ဟွားရှီးယင်က ဟွမ်းကို တိတ်တခိုးကြည့်ရင်း ဂိုဏ်းချုပ်များကို ပြောလိုက်သည်။ ဟွမ်း၏ ခွန်အားနှင့် ယခင်ကတည်းက ထိုသို့ ပြုလုပ်နိုင်ပြီး ဖြစ်၏။

သို့သော် ဟွမ်းတွင် ထိုသို့ ရည်ရွယ်ချက်မျိုး မရှိဟု ဟွားရှီးယင်၏ အလိုလိုသိစိတ်က သတိပေးနေသည်။ သူမ၏ ဆဌမအာရုံကို ယုံကြည်ရန် ရွေးချယ်လိုက်၏။

သတိထားရမည်မှာ အမျိုးသမီးများ၏ အလိုလိုသိစိတ်က ကြောက်မယ်ဖွယ် မှန်ကန်လေ့ရှိသည်ကိုပင်။

“အား...”

ဟူကျောင်းယွမ်က အာခေါင်ခြစ်အော်ကာ ရုန်းကန်နေရသည်။ သူ၏ မျက်နှာက ရှုံ့တွနေပြီး ခန္ဓာကိုယ်သည် တွန့်လိမ်နေရ၏။

သူ၏ ကြီးမားသည့် ခန္ဓာကိုယ်က တောင်တန်းများကို ကြမ်းကြမ်းတမ်းတမ်းရိုက်ခက်ကာ လှုးလှိမ့်နေရသည်။

အမှောင်စွမ်းအင်သည် သူ၏ ဝိညာဉ်သန္ဓေသားကို ကြီးမားသည့် အမှောင်ထုအတွင်း ဆွဲသွင်းထား၏။

သူမည်မျှပင် တွန်းလှန်ပါစေ အမှောင်ထုအတွင်းမှ ရုန်းထွက်နိုင်စွမ်းမရှိတော့ပေ။

မိနစ်ပိုင်းအကြာတွင် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငြိမ်သက်လာပြီး ရုန်းကန်မှုသည် လျော့ရဲလာ၏။

“ဖောင်း...”

တခဏအကြာတွင် သူ၏ ဝိညာဉ်သန္ဓေသားက ပေါက်ကွဲထွက်ကာ ဟူကျောင်းယွမ်၏ အသက်ဓာတ် ချုပ်ငြိမ်းသွားတော့သည်။

ဂိုဏ်းချုပ်များက အသက်ပင် မရှုရဲပဲ ကြည့်ရှု့နေမိ၏။ ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်ပင်။

“ဆရာ...”

လျှိုမင်ယွမ်က ဟူကျောင်းယွမ်၏ အဖြစ်အပျက်ကို စိတ်မဝင်စားဟန်နှင့် သူ၏ ဆရာထံသို့ ချည်းကပ်လိုက်သည်။

သူက အလွန်ပင်ပန်းနေပြီ ဖြစ်၏။ စိတ်စွမ်းအင်နှင့် အမှောင်စွမ်းအင်များ အလွန်အကျွံ သုံးစွဲခဲ့ရခြင်းဖြစ်သည်။

လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့နှစ်ဦး လျှိုမင်ယွမ်ကို စွမ်းအင်များ ဖြည့်တင်းပေးလိုက်၏။

“မင်းတို့ရဲ့ ခွန်အားတွေ တိုးတက်လာပြီ...”

ဟွမ်းက သူ၏ တပည့်များကို ချီးကျုးလိုက်သည်။ သတ်ဖြတ်ခြင်းသည် ဂုဏ်ယူရန် မသင့်လျော်သော်လည်း ထိုသို့ ထိပ်သီးအဆင့်များကို သတ်ဖြတ်နိုင်စွမ်း ရှိလာသည်က သူတို့၏ တိုးတက်မှုပင်။

သွေးသံရဲရဲ လမ်းကြောင်းများကို ဖြတ်သန်းပြီးမှ သူရဲကောင်းတွေ ထွက်ပေါ်လာကြခြင်းပင်။

ထို့နောက် ဟွမ်းက သေဆုံးနေသည့်ကောင်းကင်ကျားများကို အနက်ရောင်မီးတောက်များနှင့် လောင်ကျွမ်းစေလိုက်၏။ သူ၏ ပိုင်နက် အတွင်း သေဆုံးနေကြခြင်းသည် ရှုမြင်ချင်စရာမကောင်းပေ။

“သခင်မလေးနဲ့ သခင်လေးတို့ နယ်မြေသခင်ဖြစ်လာတာကို ဂုဏ်ပြုပါတယ်...”

ဂိုဏ်းချုပ်များက အလျှင်အမြန် ရောက်ရှိလာကာ ဂုဏ်ပြုစကားဆိုလိုက်ကြ၏။ ထိုလူငယ်များက ချီးကျုးဖွယ်ကောင်းသည်။

“ကျေးဇူးတင်ပါတယ်...”

လုရှင်းယန်တို့က ပြန်လည် လေးစားမှု ပြလိုက်၏။ ထိုသို့ ချီးကျုးမှုအတွက် ဂုဏ်မောက်ခြင်း မရှိပေ။

သူတို့ယခုကဲ့သို့ ဖြစ်လာခြင်းမှာ သူတို့ ဆရာ၏ ပြုစုပျိုးထောင်ခဲ့မှုကြောင့်ပင်။ သူတို့၏ ဆရာနှင့်သာ မဆုံတွေ့ခဲ့ပါက ကမ္ဘာငယ်မဆိုထားနှင့် မြို့ငယ်လေးမှပင် ထွက်ခွာလာနိုင်မည်မဟုတ်ပေ။

“ဂိုဏ်းချုပ်ငါးဦးကို နန်းတော်ထဲ ဖိတ်ခေါ်ခဲ့...”

ဟွမ်း တပည့်များကို ညွှန်ကြားပြီးနောက် ပျောက်ကွယ်သွား၏။

တပည့်များ “...”

ခဏအကြာတွင် တပည့်လေးဦးက ဂိုဏ်းချုပ်များကို ဦးဆောင်ကာ လှေကားတစ်ထောင်ကို ဖြတ်ကျော်လိုက်ကြရသည်။ ထို့နောက် ဟွမ်းရှန့် နန်းတော်အတွင်းသို့ ဝင်ရောက်သွားတော့၏။

သူတို့၏ ဆရာဖြစ်သူက လင်းရှန်တောင်ကို ထိန်းချုပ်နိုင်သောကြောင့် လှေကားတစ်ထောင် တက်စရာမလိုခဲ့ချေ။

သို့သော် သူ၏ တပည့်များနှင့် အခြားကျင့်ကြံသူများသည်တော့ မတူညီစွာနှင့် တစ်ထစ်ချင်းသာ တက်ရောက်ကြရ၏။

ထိုသို့ အကြံမျိုး မည်သို့ပေါ်ပေါက်လာသည်ကိုပင် မေးခွန်းထုတ်ချင်သွားသည်။

ဤနေရာတွင် ရောက်ရှိနေသည့် ဂိုဏ်းချုပ်များက များပြားသော်လည်း ဟွမ်းက ထိပ်သီးဂိုဏ်းချုပ်လေးဦးနှင့် နှင်းဓားဂိုဏ်းချုပ် ချန်တောက်လင်တို့ကိုသာ ဝင်ရောက်ခွင့်ပေးခဲ့၏။

အခြားဂိုဏ်းချုပ်များနှင့် ရင်းနှီးခြင်း မရှိသောကြောင့် မဟုတ်ပဲ ဖိတ်ခေါ်ရန် မလိုအပ်သေးသောကြောင့်ပင်။

ချန်တောက်လင်က ပျော်ရွင်သွားမိ၏။ နယ်မြေသခင်များကြားမှ ကောင်းကင်အလွှာ ကျင့်ကြံသူဖြစ်သည့် သူ့အား အရေးပေးသောကြောင့်ပင်။

“တကယ်ကို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာပဲ...”

ဂိုဏ်းချုပ်များက လင်းရှန်တောင်အတွင်းရောက်ရှိသွားချိန်တွင် မှင်သက်ကုန်ကြ၏။

နယ်မြေငယ်တစ်ခုကို လေဟာနယ်တွင် ဖုံးကွယ်ထားခြင်းပင်။

ထို့အပြင် ဟွမ်းရှန့်နန်းတော်၏ တည်ဆောက်မှုသည် ရိုးရှင်းပြီး နွေးထွေးဖော်ရွေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

“မြို့တော်တစ်ခုစာလောက် ကျယ်ဝန်းတယ်...”

ကျုံးလုဟယ်က အံ့ဩလေသံနှင့် ဆိုလိုက်၏။

ဟွမ်းရှန့်နန်းတော်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်များကို နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ခြင်းပင်။

ထို့အပြင် ဂိုဏ်းချုပ်များက စကား အချို့ ပြောဆိုချင်နေဟန်ရ၏။

“ဟွမ်းရှန့်နန်းတော်ထဲက ကျင့်ကြံသူတစ်ချို့က ခွန်အားနိမ့်ကျနေတုန်းပဲ...”

ယင်ထျယ်ဟုန်က ပတ်ဝန်းကျင်ကို လေ့လာရင်း မှတ်ချက်တစ်ချို့ တီးတိုးပေးလိုက်၏။

ထိုသူများက ကမ္ဘာငယ်မှ ကျင့်ကြံသူများ ဖြစ်သောကြောင့် စဦးအလွှာသို့ ရောက်ရှိနေသည့် ကျင့်ကြံသူများပင် နည်းပါးလှသည်။

“နန်းတော်သခင်ရဲ့ တပည့်တွေတောင် တခဏလေးနဲ့ တိုးတက်လာတာ...၊ ဒီကျင့်ကြံသူတွေ တိုးတက်ဖို့ဆိုက မခက်ခဲလောက်ဘူး...”

ယန်ကျီးဝေ့က အသေချာ တွေးတောပြီးနောက် ယင်ထျယ်ဟုန်၏ စကားကို ပြင်ဆင်ပေးလိုက်၏။

“ပြီးတော့...ရှင်တို့ ခံစားမိလား...၊ ဒီနေရာရဲ့ စွမ်းအင်သိပ်သည်းနှုန်းကို...”

ယန်ကျီးဝေ့၏ စကားကို ဟွားရှီးယင်က ထပ်မံ၍ ဖြည့်စွက်လိုက်သည်။ သူမက ဟွမ်းရှန့်နန်းတော်သို့ ရောက်ရောက်ချင်း သတိထားမိခဲ့ခြင်းဖြစ်၏။

“ဒါ...”

ဂိုဏ်းချုပ်များက ယခုမှ သူတို့၏ ခန္ဓာကိုယ်တွင် တရကြမ်း တိုးဝင်နေသည့် စွမ်းအင်များကို သတိထားမိသွား၏။

တိုးဝင်နေသည့် စွမ်းအင်များက များပြားလှသည်။ သို့သော် အလွန်အမင်း သန့်စင်နေပြီး နူးညံ့သိမ်မွေ့စွာ စီးဝင်မှုကြောင့် သူတို့က ချက်ချင်းသတိမထားမိခဲ့ပေ။

“ဒီနှုန်းနဲ့ဆိုရင် နန်းတော်သခင်ရဲ့ တပည့်တွေလို ပါရမီမရှိတဲ့ သာမန်ကျင့်ကြံသူတွေတောင် နှစ်ရာဂဏာန်းလောက်နဲ့ ကောင်းကင်အလွှာ ရောက်ဖို့ ခဲယဉ်းမယ်မထင်ဘူး...”

ဂိုဏ်းချုပ်ငါးဦးက အံ့ဩမှုများကို ချိုးနှိပ်လိုက်ရင်း လုရှင်းယန် ဦးဆောင်သွားသည့် ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။

ထို့နောက် ဟွမ်းကို လေးစားမှုပြလိုက်သည်။

“နန်းတော်သခင်...”

ဂိုဏ်းချုပ်များ နေရာယူပြီးနောက်တွင် ဟွမ်းက ဝေ့ဝှိုက်မနေတော့ပဲ တည့်တည့် မေးလိုက်၏။

“ကောင်းကင်ကျားမျိုးနွယ်ရဲ့ ခွန်အားက ဘယ်လိုရှိလဲ...”

All Chapters