နယ်မြေကိုပြောင်းလဲမည့်အကြံ
Vol. 24 Ch. 352
ယနေ့တိုက်ပွဲတွင် ကောင်းကင်ကျားမျိုးနွယ်အတွက် အကြီးအကျယ် ရိုက်ခတ်မှုကြီး ဖြစ်စေသည်။
သို့သော် ကောင်းကင်ကျားမျိုးနွယ်၏ ခွန်အားကို သိရှိချင်၏။ အကြောင်းမှာ လျှပ်စီးနယ်မြေတစ်ခုလုံးတွင် နယ်မြေသခင်များ လက်တစ်ဆုပ်စာပင် မရှိသော်လည်း ကောင်းကင်ကျားမျိုးနွယ်က နယ်မြေသခင်များကို တစ်ဒါဇင်ခန့် စေလွှတ်နိုင်ခဲ့သည်။
“နန်းတော်သခင်...ဒါက ကောင်းကင်ကျားမျိုးနွယ်က အတော်ဆုံးရှုံးသွားပေမဲ့ သူတို့ရဲ့ အပေါ်ယံပဲရှိသေးတယ်...”
“ကောင်ကင်ကျားမျိုးနွယ်က ကြောက်စရာကောင်းတဲ့ ကာကွယ်သူနှစ်ဦးရှိသေးတယ်...”
ဂိုဏ်းချုပ်များက စတင်ရှင်းပြလိုက်၏။
“သူတို့က ပိုင်နက် အသုံးပြုနိုင်တဲ့ ကျင့်ကြံသူတွေပဲ...”
“နန်းတော်သခင် သိတဲ့အတိုင်းပဲ...၊ သာမန်နယ်မြေသခင်နဲ့...ပိုင်နက်ထုတ်ဖော်နိုင်တဲ့ နယ်မြေသခင်ကြားက ကွာဟချက်က ကြီးမားလွန်းတယ်..”
“နယ်မြေသခင်ဖြစ်သွားရင် ပိုင်နက်မထုတ်ဖော်နိုင်သ၍ နယ်မြေဘုရင် ဖြစ်ဖို့ အခွင့် အလမ်း မရှိသလို...”
“ပိုင်နက် ထုတ်ဖော်သွားနိုင်ရင်လဲ အရှင့်ရဲ့ တပည့်လို...နယ်မြေသခင်များစွာကို ရင်ဆိုင်နိုင်တယ်...”
ခက်သည်က လျှပ်စီးနယ်မြေတွင် သေဆုံးသွားသည့် လျှပ်စီးမျိုးနွယ်ခေါင်းဆောင်တစ်ဦးသာ ရှိခဲ့သည်။ သို့သော် မျိုးနွယ်ချင်း လုပ်ကြံခံရကာ သေဆုံးသွားခဲ့ရ၏။
လျှပ်စီးနယ်မြေမှ နယ်မြေသခင်များက ပိုင်နက်ထုတ်ဖော်နိုင်ခြင်း မရှိသေးသောကြောင့် ကောင်းကင်ကျားနယ်မြေနှင့် ယှဉ်လျင် စွမ်းအား အရာ နိမ့်ကျနေရသည်။
ဟွမ်းက ဂိုဏ်းချုပ်များ၏ ရှင်းလင်းချက်ကြားပြီးနောက်တွင် ကောင်းကင်ကျားမျိုးနွယ်၏ ခွန်အားကို အနည်းငယ်နားလည်သွား၏။
ပိုင်နက် ထုတ်ဖော်နိုင်သည့် နယ်မြေသခင်နှစ်ဦးသာ ရှိသောကြောင့် သူအနေနှင့် စိတ်ပူစရာမလိုတော့ချေ။
နယ်မြေသခင် တပည့်လေးဦးအပြင် ကျောက်ဝမ်အာနှင့်အတူ မော့ရွှယ်အာ၊ ဝမ်မုန့်ယွင်တို့သည် ဝိညာဉ်နိုးထခြင်းသစ်သီးကို စုပ်ယူနေကြပြီဖြစ်သည်။
ထို့အပြင် ထျန်းယလည်းပါဝင်နေ၏။ သို့သော် ကျန်ရှိသည့် သစ်သီးတစ်လုံးကိုတော့ ချန်လှပ်ထားလိုက်သည်။
အခြားတပည့်များအတွက် ပေးအပ်မည်ဖြစ်သော်လည်း အချိန်မကျသေးပေ။
လအနည်းငယ်ကြာလျင် သူ့ကို ထည့်မတွက်လျင်တောင် ဟွမ်းရှန့်နန်းတော်၏ အတွင်းပိုင်း ခွန်အားက ကောင်းကင်ကျားမျိုးနွယ်နှင့် ယှဉ်နိုင်စွမ်း ရှိလာပေတော့မည်။
“နယ်မြေဘုရင်ရဲ့ နောက်မှာ ဘယ်လိုတည်ရှိမှုမျိုးရှိသေးလဲ...”
ဟွမ်းက ဂိုဏ်းချုပ်များကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ သူ၏ သက်တမ်းတစ်လျောက်တွင် ထိပ်သီးဆိုသူများ၏နောက်တွင် ထိပ်သီးထက်သာလွန်သူများ ရှိနေသည်ကို များစွာကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
တစ်စုံတစ်ဦးနှင့် အချင်းများ ခဲ့သော်လည်း ထိုတစ်စုံတစ်ဦးနောက်တွင် အဆင့်အဆင့် ထွက်ပေါ်လာသည့် အကြောင်းအရာများကို ရင်းနှီးနေ၏။
ထို့ကြောင့် မေးခွန်းထုတ်လိုက်ခြင်းပင်။
“ကောင်းကင်ကျားမျိုးနွယ်က အထွတ်အမြတ်နတ်သားရဲ ဆိုတဲ့တည်ရှိမှုတစ်ခုရဲ့ မျိုးဆက်တွေဖြစ်တယ်လို့ ကြားဖူးပေမဲ့ ကျုပ်တို့က အတိအကျမသိထားဘူး...”
ယန်ကျီးဝေ့က တွေဝေဟန်နှင့် ဖြေလိုက်၏။ ကောင်းကင်ကျားမျိုးနွယ်၏ ရာဇဝင်ကို တိတိကျကျ သိရှိမထားပေ။
ဟွမ်းက အသာခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် ယန်ကျီးဝေ့က မေးမြန်းမှုပြုလိုက်သည်။
“နန်းတော်သခင်ရဲ့ တပည့်က အမှောင်မျိုးနွယ်ဝင်လား...”
“မဟုတ်ဘူး...၊ သူက အမှောင်ဝိညာဉ်ကို ရရှိထားရုံပဲ...”
ဟွမ်းက မည်သို့မည်ပုံရရှိခဲ့သည်ကိုတော့ အတိအကျ ထုတ်ဖော်ခြင်း မရှိခဲ့ချေ။ သို့သော် လျှိုမင်ယွမ်က ကမ္ဘာငယ်မှ မွေးဖွားသူဖြစ်ကြောင်း ပြောဆိုခဲ့၏။
ဂိုဏ်းချုပ်များက တွေဝေကုန်၏။ ထိုအဖြစ်ကို အံ့ဩမှုအစား နားမလည်မှုများဝင်ရောက်နေသည်။
“နန်းတော်သခင်...၊ အမှောင်ဝိညာဉ်က ရရှိရုံနဲ့ မျိုးနွယ်ဝင်မဟုတ်ပဲ မပေါင်းစပ်နိုင်ဘူး...”
ယန်ထျယ်ဟုန်က ရှုပ်ထွေးသည့် လေသံနှင့် ဆိုလိုက်၏။
“ဘာကိုဆိုလိုတာလဲ...”
ဟွမ်းက နားမလည်သည့် အသွင်နှင့်မေးလိုက်၏။
“နန်းတော်သခင်...၊ အမှောင်မျိုးနွယ်ဆိုတာက မျိုးနွယ်ကြီးတစ်ခုပဲ...”
“သူတို့ရဲ့ မျိုးဆက်သွေးမပါပဲ အမှောင်ဝိညာဉ်နဲ့ မပေါင်းစည်းနိုင်သလို အမှောင်စွမ်းအင်ကိုလဲ ထိန်းချုပ် သုံးနိုင်မှာ မဟုတ်ဘူး...”
ထိုအရာက မျိုးနွယ်ကြီးများ၏ အားသာချက်ပင်။ ကမ္ဘာငယ်ကကဲ့သို့ မျိုးဆက်ကျင့်စဉ် တစ်ခုတည်းနှင့် မျိုးနွယ်တစ်ခု ဖြစ်လာခဲ့ခြင်းမဟုတ်ပေ။
ကျင့်စဉ်အပြင် မျိုးဆက်သွေးပါရှိမှသာ အမှောင်မျိုးနွယ်၊ ကောင်းကင်ကျားမျိုးနွယ်တို့၏ စွမ်းအင်များကို အသုံးချနိုင်မည်ဖြစ်သည်။
“ဒါက...”
ခန်းမအတွင်းရှိ လျှိုမင်ယွမ်က အလွန်အံ့ဩသွား၏။ သူက ဗဟိုနယ်မြေ၏ လင်းအိမ်တော်မှ ပျိုးထောင်ခဲ့သည့် အစေခံတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
ထို့ကြောင့် သူ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ဂိုဏ်းချုပ်များ၏ ရှင်းပြချက်ကို ကြားသိလိုက်ရချိန်တွင် စိတ်ရှုပ်ထွေးသွားသည်။
ဟွမ်းလည်း အံ့ဩမှုကို ခံစားမိသွား၏။ အန့်လျန်က သူ၏ အစ်ကိုဖြစ်သူ အန့်ယွမ်၏ ဝိညာဉ်ကို မွေးကင်းစအရွယ် လျှိုမင်ယွမ်၏ စိတ်ဝိညာဉ်အတွင်း ထည့်သွင်းခဲ့သည်ဟု သိရှိထားသည်။
“ကျုပ်တို့က သတိပေးရုံပါ..၊ အမှောင်မျိုးနွယ်သာ ဒီကိစ္စကို သိရှိသွားရင် ပဋိပက္ခဖြစ်လာနိုင်တယ်...”
ယန်ကျီးဝေ့က ပြောဆို၏။
“ကောင်းပြီ...”
ဟွမ်းက နားလည်ကြောင်းဆိုလိုက်သည်။ ထိုကိစ္စက ရှုပ်ထွေးသော်လည်း ပြသနာမရှိပေ။ သို့သော် အန့်လျန် ဝိညာဉ် အသက်ရှင်သေးသည်လားတော့ မသိသေးချေ။ သူ့ကို နတ်ဘုရားဗိမာန်၏ ငါးထပ်မြောက်အလွှာတွင် ချုပ်နှောင်ထားသောကြောင့်ပင်။
ဟွမ်းက ထိုကိစ္စစစ်ဆေးရန် မှတ်ထားလိုက်၏။ ထိုကိစ္စများကို ခဏတာ ဖယ်ရှားလိုက်ပြီးနောက် ဂိုဏ်းချုပ်များကို ကြည့်ကာ ဆိုလိုက်သည်။
“ကျုပ်...ခင်ဗျားတို့ကို ဖိတ်ခေါ်လိုက်တဲ့ အကြောင်းအရင်းက...”
ဂိုဏ်းချုပ်များ၏ စိတ်အာရုံက ဟွမ်း၏ စကားသံပေါ် ကျရောက်သွားသည်။ ဟွမ်းက တည်ငြိမ်လေးနက်သည့် လေသံနှင့် ဆိုလိုက်၏။
“ကျုပ်ဒီနယ်မြေကို ပြောင်းလဲချင်တယ်...”
ဂိုဏ်းချုပ်များက ဟွမ်း၏ စကားကြောင့် တုန်လှုပ်သွားကြသည်။ တစ်ခဏအတွင်း သူတို့စိတ်အတွင်း များစွာသည့် အတွေးများ ပေါ်ထွက်လာ၏။
ဟွမ်းသာ လျှပ်စီးနယ်မြေကို ချုပ်ကိုင်ချင်ပါက သူတို့တွင် တွန်းလှန်နိုင်သည့် ခွန်အား မရှိပေ။ စိုးထိတ်မှုကို ခံစားလာမိသည်။
လျှပ်စီးမျိုးနွယ်မရှိတော့သော်လည်း နောက်ထပ် အင်အားကြီး အဖွဲ့အစည်းက ရောက်ရှိနေပြန်၏။
“နန်းတော်သခင်က ဘယ်လိုပြောင်းလဲမှု လုပ်ချင်တာလဲ...”
ယန်ကျီးဝေ့က တည်ငြိမ်သည့် လေသံနှင့် မေးလိုက်၏။ သို့သော် သူ၏ လေသံသည် တုန်ခါမှုတစ်ချို့ ပါဝင်နေသည်။ သူက တည်ငြိမ်အောင် ထိန်းကာ ပြောနေရသည့်ဟန်ပင်။
ဟွမ်းက ထိုသူများ၏ ပြောင်းလဲမှုကို ကြည့်ကာ အံ့မိသွား၏။
‘ဘယ်လိုတွေ ဖြစ်ကုန်တာတုန်း...’
ထို့အပြင် ဂိုဏ်းချုပ်များက သူ့ကို သတိထားသည့် အကြည့်များနှင့် ကြည့်နေကြသည်။
ပြောင်းလဲသွားမှုကို လိုက်၍ မမှီတော့ချေ။ သို့သော်လည်း သူက ထိုသူများ၏ အမူအယာကို လျစ်လျုရှု့ကာ ဆိုလိုက်၏။
“ဒီနယ်မြေမှာ လျှပ်စီးမျိုးနွယ်က မရှိတော့ဘူး..”
“ဒါ့ကြောင့် ဒီနယ်မြေကို မဟာမိတ် အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲချင်တယ်...”
“ဘယ်လို...”
ဂိုဏ်းချုပ်များ အံ့ဩသွားကြသည်။ ထိုအရာသည် သူတို့ မထင်မှတ်ထားသည့် အရာပင်။ ဂိုဏ်းချုပ်များ မှင်သက်ကုန်သည်။
ထိုအချိန်တွင် ဟွမ်းက အသေးစိတ်ရှင်းပြလိုက်၏။
သူသည် မဟာမိတ်အဖွဲ့အစည်းတစ်ခုနှင့် ဤနယ်မြေထိန်းသိမ်းလိုခြင်းပင်။ မဟာမိတ်အတွင်း ဂိုဏ်းချုပ်များက သာတူညီမျှ အခွင့်အရေးရရှိမည်ဖြစ်ပြီး မည်သည့် ဖိနှိပ်မှုမျှလက်ခံမည်မဟုတ်ပေ။
“ဒါက...အရမ်းသင့်လျော်တယ်...၊ နန်းတော်သခင်...၊ ကျုပ်မဟာမိတ်ဖွဲ့ဖို့ သဘောတူတယ်...”
ယန်ကျီးဝေ့က ဦးစွာ ဆိုလိုက်၏။ သူတို့သည် ယခင်က စိတ်ကူးရှိခဲ့သော်လည်း လျှပ်စီးမျိုးနွယ်ကို ကျော်လွန်၍ မဟာမိတ်အဖွဲ့ တည်ဆောက်နိုင်ခြင်း မရှိခဲ့ချေ။
ထို့နည်းတူ အခြားဂိုဏ်းချုပ်များလည်း ထောက်ခံလိုက်ကြသည်။
သူတို့က နယ်မြေပြောင်းလဲမှုနှင့် ပတ်သက်၍ စိုးရိမ်ခဲ့သော်လည်း မဟာ မိတ်အဖွဲ့ တည်ဆောက်မည် ဖြစ်သောကြောင့် စိတ်အေးသွားကြ၏။
“မဟာမိတ်အဖွဲ့ ကိစ္စကို တစ်နှစ်အတွင်း ဆောင်ရွက်ကြပါ...”
ဟွမ်းက ထပ်မံညွှန်ကြားလိုက်၏။
“ပြီးတော့ ခင်ဗျားတို့လေးဦးက ဦးဆောင်ပြီး လုပ်ကြ...”
ဂိုဏ်းချုပ်များက နားလည်သည့် အသွင်နှင့် လက်ခံလိုက်ကြသည်။ ဟွမ်း၏ ဆုံးဖြတ်ချက်က အလွန်သင့်လျော်၏။ သူတို့တွင် ကန့်ကွက်စရာ မရှိချေ။
ထို့ကြောင့် ဂိုဏ်းချုပ်များက ထိုကိစ္စများကို စတင်စီမံရမည် ဖြစ်သောကြောင့် ထွက်ခွာရန် နှုတ်ဆက်လိုက်၏။ သူတို့က ဤနယ်မြေရှိ ကျင့်ကြံသူများကို အသိပေးရဦးမည်ဖြစ်သည်။
သူတို့က ငြင်းဆန်မည်မဟုတ်ဟု ယုံကြည်ထားကြ၏။
ဂိုဏ်းချုပ်သုံးဦးထွက်ခွာသွားသော်လည်း ချန်တောက်လင်နှင့် ဟွားရှီးယင်သည် ကျန်ရှိနေခဲ့ကြသည်။
“ခင်ဗျားတို့မှာ တစ်ခုခု ပြောစရာရှိသေးလား...”