ကျန်းချီချီ၏ ဇစ်မြစ်
Vol. 24 Ch. 353
“နန်းတော်သခင်...၊ ဟွမ်းရှန့်နန်းတော်မှာ ရှောင်ချီအတွက် နေရာတစ်ခုလောက်ပေးဖို့ တောင်းဆိုချင်ပါတယ်...”
ချန်တောက်လင်က ခက်ခဲနေသည့် လေသံနှင့် ဆိုလိုက်၏။ ထွက်ခွာသွားတော့မည် ဟွားရှီးယင်က ချန်တောက်လင်၏ စကားကြောင့် သူမ၏ ခြေလှမ်းများရပ်တန့်သွားခြင်းဖြစ်သည်။
သူမက ကျန်းချီချီနှင့် ပတ်သက်လျှင် ဂရုစိုက်တတ်၏။
ဟွမ်းက ထူးဆန်းသည့် တောင်းဆိုမှုကြောင့် နားမလည်နိုင်ဖြစ်သွားသည်။
သူမက နှင်းဓားဂိုဏ်းက မဟုတ်ပေဘူးလော။ အဘယ်ကြောင့် ဟွမ်းရှန့်နန်းတော်ထဲ ပို့ဆောင်နေရသနည်း။
ဟွမ်းက ချန်တောက်လင်၏ အသွင်ကြောင့် လေးနက်သွားကာ မေးလိုက်၏။
“ဘာကြောင့်လဲ...”
“ဒါက...”
ချန်တောက်လင်က အကြောင်းအရင်းကို ထုတ်ဖော်ရန် အခက်တွေ့နေဟန်ရသည်။
“သူမရဲ့ ဇာစ်မြစ်က လင်းထျန်းဘုံက မဟုတ်ဘူး...”
ချန်တောက်လင်က အကြောင်းစုံ ရှင်းပြရန်ဆုံးဖြတ်လိုက်တော့၏။
ကျန်းချီချီက သူတို့ဆရာ၏ သမီးဖြစ်သူပင်။ ထို့ကြောင့် သူတို့က ကျန်းချီချီကို အလေးအနက်ထားကာ ဂရုစိုက်နေကြခြင်းဖြစ်သည်။
ဟွားရှီးယင်က ခေါင်းညိတ်လိုက်၏။ ထိုအကြောင်းအရာများကို သူမ သိရှိထားပြီးဖြစ်သည်။
“သူမရဲ့ မိခင်က နှင်းလစံအိမ်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်ခဲ့တယ်...”
ဟွမ်း၏ ချန်တောက်လင်၏ ရှင်းပြမှုများကို တည်တည်ငြိမ်ငြိမ်နှင့် နားထောင်နေ၏။
နှင်းလစံအိမ်တွင် အမျိုးသမီးကျင့်ကြံသူများသာ တည်ရှိကြပြီး တပည့်များရှာဖွေရာတွင်လည်း ရေခဲစွမ်းအင်အသုံးပြုနိုင်သည့် မိန်းကလေးများကို ခေါ်ယူကြသည်။
ထို့အပြင် နှင်းလစံအိမ်တွင် ‘လောကီရေးရာများနှင့် အဆက်အသွယ်ဖြတ်ကာ နေထိုင်ရမည်’ဟူသည့် စည်းမျဉ်းရှိနေ၏။
ကျန်းချီချီ၏ ဖခင် ကျန်းရွှမ်လုက နှင်းလစံအိမ်၏ အကြီးအကဲဖြစ်သူ ပင်းယီရှောင်းနှင့် ချစ်ခင်စုံမက်ခဲ့ကြသည်။
သို့သော် အချိန်ကြာကြာ ကြည်နူးခွင့်မရခဲ့ချေ။ နှင်းလစံအိမ်က သိရှိသွားခဲ့၏။ စံအိမ်သခင်မက ပင်းယီရှောင်း၏ ခန္ဓာကိုယ်က ညစ်ညမ်းသွားခဲ့ပြီ ဟုဆိုကာ အပြစ်ဒဏ်ကို သေမိန့်ချမှတ်ခဲ့သည်။
ထိုအကြောင်းကို ကျန်းရွှမ်လုက သိလိုက်ရသည်နှင့် ဒေါသများ မထိန်းနိုင်တော့ချေ။
သူက မတုန့်မဆိုင်းနှင့် နှင်းလစံအိမ်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့၏။
နှင်းလစံအိမ်၏ တည်ရှိမှုများနှင့် အပြင်းအထန် တိုက်ခိုက်ကြပြီးနောက်တွင် ပင်းယီရှောင်းကို ကယ်ဆယ်ကာ ထွက်ပြေးနိုင်ခဲ့သည်။
ပြင်းထန်သည့်ညတိုက်ပွဲဖြစ်ခဲ့သောကြောင့်ညသူကိုယ်တိုင်လည်း ဒဏ်ရာများစွာ ရရှိခဲ့ရ၏။
ထို့ကြောင့် သူတို့နှစ်ဦးက နှင်းလစံအိမ်နှင့် ဝေးလံ ခေါင်သီလှသည့် လင်းထျန်းဘုံသို့ ရောက်ရှိလာကာ ဇာတ်မြုပ်နေထိုင်ခဲ့ကြ၏။
သို့သော် ကံတရားက ရက်စက်လှသည်။ ပင်းယီရှောင်းက ကျန်းချီချီကို မွေးဖွား ပြီးချိန်တွင် သေဆုံးသွားခဲ့ရ၏။
များစွာ မကြာလိုက်။ ကျန်းရွှမ်လုလည်း နှင်းလစံအိမ်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရခြင်းကြောင့် ဆိုးရွားနေသည့် ဒဏ်ရာများက သူ၏ အသက်ကို နုတ်ယူသွားခဲ့သည်။
ကျန်းချီချီအရွယ်မရောက်ခင်အထိ ကျန်းရွှမ်လုက သူ၏ အသက်ကို နည်းလမ်းပေါင်းစုံနှင့် ဆွဲဆန့်ထားခဲ့၏။ သို့သော်လည်း ကံကြမ္မာ၏ အလိုကို မလွန်ဆန်နိုင်ခဲ့ချေ။
ထို့ကြောင့် လင်းထျန်းဘုံမှ ရရှိခဲ့သည့် သူ၏ တပည့်များဖြစ်သည့် ချန်တောက်လင်တို့ထံတွင် ကျန်းချီချီကို စောင့်ရှောက်ရန် မှာကြားပေးခဲ့၏။
အကြောင်းမှာ သူမက ပင်းယီရှောင်းထံမှ ဆင်းသက်လာသည့် အေးခဲလဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည်။
ထိုသို့ ဖြစ်ပါက နှင်းလစံအိမ်သည် ခံစားသိရှိသွားနိုင်ပြီး ကျန်းချီချီကို လာရောက်ရှာဖွေနိုင်ပေမည်။
ကျန်းရွှမ်လု၏ နောက်ဆုံး အမှာစကားမှာ သူ၏ သမီးကို နှင်းလစံအိမ်၏ လက်ထဲ ကျရောက်မသွားစေရန် ဖြစ်သည်။
ကျန်းချီချီက သူမ၏ ဘဝတစ်လျှောက်စွမ်းအင်များကို ပိတ်လှောင်ဖုံးကွယ်ကာ နေထိုင်ခဲ့ရ၏။
“ဒါပေမဲ့ အဲ့ဒီသူ ရောက်ရှိလာတုန်းက သူမရဲ့ စွမ်းအားကို ထုတ်ဖော်ခဲ့တယ်...”
ချန်တောက်လင်က သူပူပန်နေသည့် အရာကို အကြောင်းစုံရှင်းပြလိုက်သည်။
ကျန်းချီချီထံမှ စွမ်းအင်တစွန်းတစထွက်ပေါ်မှုကို နှင်းလစံအိမ်က အာရုံခံမိသွားမည်ကို စိုးရွံ့နေခြင်းပင်။ ထိုသို့သာ ဖြစ်သွားပါက သူ၏ဆရာ ကျန်းရွှမ်လုကို မျက်နှာ ပြနိုင်မည်မဟုတ်တော့ပေ။
ရှင်းချန်ဖုန်းကဲ့သို့ တည်ရှိမှုကိုပင် ရင်မဆိုင်နိုင်ခဲ့ချေ။ ထို့ကြောင့် နှင်းလစံအိမ်သာ ရောက်ရှိလာပါက မည်သို့မျှ တောင့်ခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။
ထို့ကြောင့် သူက ကြံရာမရသည့်အဆုံး ဟွမ်း၏ ကာကွယ်မှုအောက် ရောက်ရှိစေလိုခြင်းဖြစ်၏။
ဟွားရှီးယင်က အတော်မှင်သက်သွားပုံရသည်။ သူမ၏ မျက်ဝန်းအိမ်များက ကျယ်ပြန့်နေပြီး နှုတ်ခမ်းပါးလေးပင် ပွင့်ဟနေ၏။
ထိုအဖြစ်အပျက်များကို ယခုမှ သူမ သိရှိလိုက်ရခြင်း ဖြစ်သည်။
သူမက ဒေါသအနည်းငယ် ရောပြွန်းနေသည့် လေသံနှင့် ချန်တောက်လင်ကို မာန်မဲလိုက်၏။
“ရှင်..ဒီအဖြစ်အပျက်တွေကို ဘာလို့ ကျွန်မကို မပြောပြခဲ့ရတာလဲ...”
“ဆရာက ဒီအကြောင်းတွေကို သိရှိသူနည်းလေ၊ ဆိုးကျိုးနည်းလေ ဆိုပြီး မှာထားခဲ့လို့ပါ...”
ချန်တောက်လင်က သက်ပြင်းချကာ ဆိုလိုက်၏။ ဟွားရှီးယင် ထိုသို့ ဆက်ဆက်ထိမခံ ဖြစ်နေရခြင်းသည် အကြောင်းအရင်းရှိ၏။
သူ၏ လင်းထျန်းဘုံသို့ ရောက်ရှိချိန်တွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသည့် ဟွားရှီးယင်တို့ ညီအစ်မ နှစ်ဦးကို ကယ်တင်ပေးခဲ့သောကြောင့်ပင်။
ထို့ကြောင့်ပင် သူမတို့က အသက်ရှင်နေခဲ့ရခြင်းဖြစ်ပြီး ကျန်းချီချီကို အလွန်ပင် ဂရုစိုက်နေခြင်းဖြစ်သည်။ သူမတို့ကျေးဇူးရှင်၏ သမီးဖြစ်သူပင်။
ဟွမ်းက ထိုအဖြစ်အပျက်ကို နားထောင်ရင်း သုံးသပ်တွေးတောနေ၏။
ကျန်းချီချီတွင် ထိုသို့ အခြေအနေမျိုး ရှိခဲ့မည်မှန်း မသိခဲ့ပေ။ ထို့အပြင် ရှင်းချန်ဖုန်းက သူကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းချီချီက မတက်သာပဲ စွမ်းအင်များ ထုတ်ဖော်ခဲ့ရ၏။
ဟွမ်းက အချိန်မှီရောက်ရှိလာနိုင်ခဲ့သော်လည်း အနည်းငယ်နောက်ကျသွားကာ ကျန်းချီချီထံမှ စွမ်းအင် တစွန်းတစ ထွက်ပေါ်သွားခဲ့ရသည်။
နှင်းလစံအိမ်သည် မည်သို့ စွမ်းအားနှင့် အဆင့်အတန်းကို မသိရှိရသေးပေ။
ချန်တောက်လင်နှင့် ဟွားရှီးယင်တို့ မျှော်လင့်တကြီး အမူအယာများနှင့် ဟွမ်း၏ အဖြေကို စောင့်ဆိုင်းနေကြ၏။
“သူမကို ဟွမ်းရှန့်နန်းတော်မှာ ခေါ်ထားဖို့က ပြသနာမရှိဘူး...”
ဟွမ်းက အခြေအနေကို သုံးသပ်ပြီးနောက် ချန်တောက်လင်ကို ကြည့်ကာဆို၏။
သူက ယခင်အချိန်များဆိုလျင် ဤအဖြစ်အပျက်များကို အာရုံစိုက်မှု နည်းပါးမည်ဖြစ်သော်လည်း ယခုတွင် သူ၏ နှလုံးသားသည် ပျော့ပြောင်းလာပြီ ဖြစ်သည်။
ဟွမ်း၏ စကားကြောင့် ချန်တောက်လင်၏ မျက်နှာသည် ဝင်းပလာ၏။
ဟွားရှီးယင်၏ ပျော်ရွှင်နေမှုကို တွန့်ကွေးသွားသည့် သူမ၏ နှုတ်ခမ်းများက ဖော်ကျုးနေသည်။
သူမက ကျန်းချီချီအကြောင်း သိရှိပြီးနောက်တွင် သူမကို နှင်းဓားဂိုဏ်းတွင် မထားလိုတော့ပေ။
သို့သော် သူမ၏ ကျောက်စိမ်းပန်ဂိုဏ်းသည်လည်း လုံလောက်သည့် အကာအကွယ်မပေးနိုင်ချေ။
ထို့ကြောင့် ဟွမ်းရှန့်နန်းတော်တွင် လက်ခံစေလိုသည်။
ဟွမ်း၏ စကားမဆုံးသေးချေ။
“ဒါပေမဲ့...၊ သူမကို ကျုပ်တပည့်အဖြစ် သတ်မှတ်လို့လည်း မရပြန်ဘူး...”
ချန်တောက်လင် “...”
ဟွားရှီးယင် “...”
‘ဘယ်လို ကျောက်တုံးနှလုံးသား အတွေးနဲ့ တပည့်အဖြစ် သတ်မှတ် ဖို့စိတ်ကူးထားတာတုန်း...’
သူတို့နှစ်ဦးသည် မျက်လုံးများ လှန်လိုက်မိ၏။ ဤသူ၏ အတွေးများကို လိုက်မမှီတော့ချေ။ တော်သေးသည်က တပည့်အဖြစ် သတ်မှတ်ရန် မဆုံးဖြတ်လိုက်သောကြောင့်ပင်။
ဟွမ်းက ထိုအရာကို အနည်းငယ်ရှုပ်ထွေးနေရ၏။ ကျန်းချီချီနှင့် စတင်တွေ့ဆုံချိန်ကတည်းက သူတို့နှစ်ဦး၏ ပတ်သက်မှုသည် ရှုပ်ထွေးလှ၏။
အချိန်တိုအတွင်း ဆက်ဆံရေးမျိုးစုံ ပြောင်းလဲခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ တပည့်အဖြစ်လည်း သတ်မှတ်၍ မရတော့ပေ။
ထို့အပြင် ဟွမ်းရှန့်နန်းတော်၏ တပည့်အဖြစ်သတ်မှတ်ရန်လည်း သူမက နယ်မြေသခင်တစ်ဦးဖြစ်နေပြန်သည်။ ရှုပ်ထွေးလှ၏။
“နန်းတော်သခင်...၊ သူမကို ခန်းမသခင်အဖြစ်လက်ခံပေးရင်ရော...”
ဟွားရှီးယင် အကြံပြုလိုက်ရ၏။ ဟွမ်း၏ ရှုပ်ထွေးနေပုံကို ကြည့်ကာ မနေနိုင်တော့ပေ။ ထိုသူက စွမ်းအားကြီးမားသော်လည်း လောကီရေးရာ ကိစ္စများကို မကိုင်တွယ်နိုင်ဟု မှတ်ချက်ပြုမိသွားသည်။
“ဟုတ်သားပဲ...”
ဟွမ်းက ယခုမှ အတွေးပေါက်သွားဟန်ရ၏။ ဟွမ်းရှန့်နန်းတော်တွင် နတ်ဆိုးခန်းမ တစ်ခုသာ ရှိနေသည်။
ထို့အပြင် နတ်ဆိုးခန်းမသခင် မော့ရွှယ်အာက တပည့်ရေးရာနှင့် ပတ်သက်သည့် ကိစ္စများကို စိတ်ဝင်စားဟန်မရချေ။
ဟွမ်းက လက်ခံလိုက်လေ၏။
“ကျေးဇူးတင်ပါတယ်...နန်းတော်သခင်...”
ဟွမ်း အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်လိုက်၏။ သူက လင်းထျန်းဘုံရောက်စတွင် ကျန်းချီချီထံမှ အကူအညီများစွာ ရရှိခဲ့သည်။ ထို့ကြောင့် သူမကို ခေါ်ထားရန်အတွက် မခက်ခဲပေ။
“နန်းတော်သခင်...”
ချန်တောက်လင်က အနည်းငယ် ထပ်တောင်းဆိုချင်နေဟန်ရ၏။ သို့သော် ခက်ခဲနေပုံပေါက်နေပြန်သည်။
“ဘာကိစ္စကျန်သေးတာလဲ...”