မြင့်မြတ်ဟန်နှင့် အမျိုးသမီး
Vol. 24 Ch. 354
ဟွမ်းက မထူးတော့ပြီမို့ တစ်ခါတည်း ပြောရန် တွန်းအားပေးလိုက်၏။
‘မဟုတ်လည်း ပြောမှာပဲကို ဝှေ့လည်ရစ်သီလုပ်နေတယ်...’
“အဟမ်း..”
ထို့ကြောင့် ချန်တောက်လင်က အချိန်မဆွဲတော့ပဲ ချောင်းဟန့်ရင်း ဆိုလိုက်သည်။
“ရှောင်ချီကို ဟွန်းရှန့်နန်းတော်အတွင်း ဝင်ရောက်ဖို့ ဝိညာဉ်အမိန့်လေး ပြုလုပ်ပေးလို့ရမလား...”
ဟွမ်း “...”
ဟွမ်းက ချန်တောက်လင်ကို စူးစိုက်ကြည့်လိုက်မိ၏။
ထိုသူသည် အဘယ်မျှအထိ ကျန်းချီချီကို ကြောက်ရွံ့နေရသနည်း..။
“ဒီလိုပါ နန်းတော်သခင်...၊ ရှောင်ချီကို ဒီအတိုင်း တွန်းအားပေးရင် သူမက ငြင်းပယ်မှာစိုးရွံ့မိလို့ပါ...”
ချန်တောက်လင်က အစောတလျင်ရှင်းပြလိုက်သည်။ ကျန်းချီချီက ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်ခြင်းသည် သူမနှင့်အတူ အန္တရာယ်ကို သယ်ဆောင်လာခြင်း ဖြစ်မည်ကို စိုးရိမ်ကာ ငြင်းဆန်ပေလိမ့်မည်။
ကျန်းချီချီက သူ၏ မျက်စိအောက်တွင် ကြီးပြင်းလာသူ ဖြစ်သောကြောင့် သူမ၏ စိတ်နေစိတ်ထားကို အတွင်းကျကျ သိရှိနေ၏။
ဟွမ်းက ချက်ချင်းဆိုသလို ကျောက်ပြားတစ်ချက် ထုတ်ယူကာ သူ၏ စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ထို့နောက် ချန်တောက်လင်ကို ပေးလိုက်တော့၏။
“ဒီကျောက်ပြားလေး...၊ သူမကို ပေးလိုက်...”
“ကျေးဇူးတင်ပါတယ်နန်းတော်သခင်...”
ယခုတစ်ကြိမ်တွင် ဟွားရှီးယင်၏ နှုတ်မှ ထွက်ပေါ်လာခြင်းပင်။
ဟွမ်း “...”
ကျေးဇူးတင်သံများကို ကြောက်ရွံလာမိ၏။
သို့သော်လည်း ထိုနှစ်ဦးက နှုတ်ဆက်ကာ ထွက်ခွာသွားခြင်း ဖြစ်သည်မို့ သက်ပြင်းချလိုက်သည်။
‘နယ်မြေတစ်ခုကို ကိုင်တွယ်ရတာ မလွယ်ကူပါလား...’
ဟွမ်းက ဖွဲ့စည်းမည့် မဟာမိတ်တွင် ထျန်းဟုန်ကို ဦးဆောင်စေရန် စဉ်းစားထား၏။ သူ၏ ဒုတိယအစ်ကိုက အဖွဲ့အစည်းများကို ဦးဆောင်ရာတွင် အတွေ့အကြုံ ကြွယ်ဝသည်။
ထို့နောက် သူ၏ တပည့်များကို ကြည့်ကာ ညွှန်ကြားမှု ပြုလိုက်သည်။
“တပည့်တို့...၊ ဝမ်အာကျင့်ကြံမှုပြီးသွားတဲ့အချိန် မြို့ငယ်လေးတွေကို သွားပြီး... တပည့်သစ်စုဆောင်းဖို့ မင်းတို့ကို တာဝန်ပေးလိုက်မယ်...”
ဟွမ်းရှန့်နန်းတော်လည်း တိုးချဲ့ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ ထို့အပြင် ကျောက်ဝမ်အာလည်း ဤတာဝန်တွင် ပါဝင်ရမည်ဖြစ်၏။
သို့သော် နန်းတော်တပည့် ခေါ်ဆောင်ရာတွင် ဟွမ်း၏ သတ်မှတ်တားမြစ်ချက်က များပြားလှသည်။ အဓိက အချက်သည်တော့ ‘အမှိုက်များခေါ်ဆောင်မလာနှင့်’ ဟုပင်။
သူက ကျောက်စိမ်းပန်းအိမ်တော်ကို ကြေညာချက် ထုတ်ပြန်ခိုင်းလိုက်လျင် လွယ်ကူသော်လည်း များပြားသည့် တပည့်များထက် ကျီးဟူကျိကဲ့သို့ လူငယ်များကိုသာ လိုအပ်၏။
“ဟုတ်ကဲ့ပါဆရာ...”
တပည့်များက အလေးနက် နာခံလိုက်၏။ သူတို့သည်လည်း ဟွမ်းရှန့်နန်းတော် တိုးတက်အောင် ပြုလုပ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဟေးယန်က မြန်ဆန်သည့် အရှိန်နှင့် ခန်းမအတွင်း ဝင်ရောက်လာ၏။
“သခင်...၊ ဒါက ဟိုကျားစုတ်ဆီက ရခဲ့တာ...”
ဟေးယန်က သူ၏ လက်တွင်းမှ သွေးစက်တစ်စက်ကို ထုတ်ဖော်ပြသလိုက်သည်။ ထိုသွေးစက်သည် ရေများ ပွက်ပွက်ဆူနေသည့် ဖြစ်နေသည်အလားပင်။
ဟေးယန်သည် ဟွမ်း၏ အမိန့်ကြောင့် လင်းရှန်းတောင်အောက်တွင် သေဆုံးနေသည့် ကောင်းကင်ကျားများ၏ ခန္ဓာကိုယ်ကို ရှင်းလင်းပစ်ရန် ကျန်ရှိနေခဲ့၏။
သူက အားလုံးကို လောင်ကျွမ်းပစ်နိုင်ခဲ့သည်။ သို့သော် ဟူကျောင်းယွမ်ကို လောင်ကျွမ်းချိန်တွင် ထူးဆန်းသည့် သွေးစက် ထွက်ပေါ်လာခဲ့၏။
သူက ထိုသွေးစက်ကို လောင်ကျွမ်းခြင်းမပြုပဲ ထိန်းသိမ်းသယ်ဆောင်လာခဲ့ခြင်းပင်။
“ဒါက...၊ သားရဲသွေးအဆီအနှစ်လား...”
ဟွမ်းက ထိုသွေးစက်ကို ယူဆောင်လိုက်ပြီးနောက် စစ်ဆေးကြည့်လိုက်၏။ ၎င်းတွင် ပူပြင်းသည့် မီးစွမ်းအင်များ ထွက်ပေါ်နေသည်။
ထိုအရာသည် ကောင်းကင်ကျားမျိုးနွယ်၏ သွေးအဆီအနှစ်ပင်။ ထူးဆန်းသည်မှာ ကောင်းကင်ကျားများစွာအနက် ဟူကျောင်ယွမ်ထံမှ ထွက်ပေါ်လာခြင်းပင်။
၎င်းက အဆင့်မြင့် သွေးမျိုးဆက်ကြောင့် ဖြစ်နိုင်မည်ဟု ခန့်မှန်းလိုက်၏။
ထို့နောက် ဟွမ်းက လုရှင်းယန်ကို ကြည့်ကာ ဆိုလိုက်၏။
“ရှင်းယန်...၊ ဒီသွေးအဆီအနှစ်ကို ချီဟူကို စုပ်ယူခိုင်းလိုက်...”
၎င်းသည် ချီဟူနှင့် သင့်လျော်လှ၏။ ချီဟူက ကောင်းကင်ကျားမျိုးနွယ်ဖြစ်သော်လည်း သွေးမျိုးဆက်နိမ့်ကျဟန်ရှိသည်။ ထို့ကြောင့် သူ့တွင် မည်သည့် ထူးခြားချက်မျှ မရှိပေ။
“ကျေးဇူးပါဆရာ...”
လုရှင်းယန် ပျော်ရွှင်သွား၏။ ထိုသွေးစက်က ချီဟူအတွက် အလွန်အသုံးဝင်လှသည်။ ယခင်က သူတို့နှစ်ဦးအကြား ကွာဟချက်များစွာ မရှိသော်လည်း ဝိညာဉ်နိုးထခြင်းသစ်သီးကို အသုံးပြုပြီးနောက်တွင် ချီဟူက များစွာ နိမ့်ကျနေခဲ့၏။
ပဋိညာဉ်စာချုပ်အရ ချီဟူတိုးတက်လာလျင် လုရှင်းယန်အတွက် အကျိုးများသော်လည်း လုရှင်းယန်တိုးတက်သည့်နောက် ချီဟူမလိုက်နိုင်ခဲ့ပေ။
ထို့အပြင် ချီဟူက တိုက်ခိုက်ရေးအပိုင်းတွင် အသုံးမဝင်သလောက်ပင်။
သို့သော်လည်း လုရှင်းယန်က သူနိမ့်ကျခဲ့စဉ် ကတည်းက တူယှဉ်တွဲ ရှိလာသည့် ပဋိညာဉ်သားရဲ ဖြစ်သည်မို့ မစွန့်ခွာနိုင်ပေ။
ထိုမျှမကသေး..၊ သူ၏ ငရဲကိုးဘုံမီးတောက်ဖြစ်တည်လာမှုသည် ချီဟူနှင့် တစိတ်တပိုင်း ဆက်နွယ်နေ၏။
ထို့နောက်တွင် တပည့်များက ထွက်ခွာသွားတော့သည်။
ဟွမ်းက သူတို့၏ ပုံရိပ်များကို ကြည့်ရင်း ပြုံးနေမိသည်။ ထိုကလေးများက သူပျိုးထောင်ခဲ့သည့် ပျိုးပင်လေးများပင်။
ယခုတွင် တောက်ပမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။
ထို့နောက်တွင် သူ၏ အတွေးထဲ အစိမ်းရောင်ပိုးသားဝတ်စုံနှင့် သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်များမြင်ယောင်လာ၏။
ဟွမ်း၏ နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားကာ တီးတိုး ရေရွတ်လိုက်သည်။
“ယွီဟွာ...ဘယ်နေရာမှာ ရှိနေမလဲ...”
သူမ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော်ရှိသွားပြီဖြစ်သည်။ ဟွမ်းက ယခုအချိန်ထိ သူမနှင့် ပတ်သက်သည့် သတင်းအစအနကိုပင် မတွေ့ရှိရသေးချေ။
“လင်းထျန်းဘုံမှာ ရှိနေလောက်မလား..”
ဟွမ်းက နန်းတော်၏ ကိစ္စများ ရှင်းလင်းပြီးပါက သူမကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ခန်းမအတွင်းမှ ပျောက်ကွယ်သွားတော့၏။
မြင့်မားသည့် ကောင်းကင်ထက်တွင် လွင်မြောနေသည့် ဗိမာန်တစ်ခု တည်ရှိနေ၏။
ဗိမာန်တော်တစ်ခုလုံးကို ရဲရဲနီနေသည့်ပတ္တမြား အရောင်နှင့် ရွှေရောင်များဖြင့် ရောယှက်ကာ ခြယ်သထားသည့်အလားပင်။
ဗိမာန်ပတ်လည်တွင် မီးတောက်များနှင့်တူသည့် နီနီရဲရဲပန်းများက သာယာလှပစွာ ဖူးပွင့်နေ၏။ ထူးဆန်းသည်မှာ ဗိမာန်တစ်ခုလုံးက မီးတောက်များနှင့် လွှမ်းခြုံနေသော်လည်း ပူလောင်မှုကို မခံစားရချေ။
ထို့အပြင် ငြင်သာစွာစီးဆင်းနေသည့် မြင့်မားသည့် ရေတံခွန်တစ်ခုပင် ရှိနေသေး၏။ ၎င်း၏ စီးဆင်းသံကြောင့် စိတ်နှလုံးပင် ကြည်လင်ကာ အေးချမ်းသွားစေနိုင်သည်။
ထိုဗိမာန်၏ ခန်းမတစ်ခုတွင် တင့်တယ်သည့် ဟန်ပန်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးလျှောက်လှမ်းဝင်ရောက်လာသည်။
သူမသည် ရွှေချည်မျှင်များနှင့် ယက်လုပ်ထားကာ ရှည်လျားသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။
ဦးခေါင်းတွင် သူမ၏ အထင်ကရ သင်္ကေတဖြစ်ဟန်ရှိသည့် ရွှေနီရောင်အဆင်းနှင့် သရဖူတစ်ခုကို ဆင်မြန်းထားသည်။
၎င်းသရဖူသည် ရှားပါးသည့် ကျောက်သလင်းနီများနှင့် မီးပတ္တမြားများကို ရောယှက် အသုံးပြုထားပြီး၊ လှုပ်ရှားတိုင်း အလင်းရောင်များနှင့် တောက်ပနေ၏။
သူမက ခန်းမထဲရှိ ပလ္လင်ထက်သို့ လျှောက်လှမ်းလာချိန်တွင် မြေပြင်ကိုပင် မထိတထိ လျှောက်နေသယောင်၊ ကျက်သရေရှိရှိနှင့် တည်ငြိမ်အေးဆေးစွာ လှုပ်ရှားနေသည်။
သူမ၏ အနေအထားသည် အရာခပ်သိမ်းက သူမ၏ အောက်တွင် တည်ရှိနေသည့်အလား မားမားမတ်မတ်နှင့် ရပ်တည်နေ၏။
သူမ၏ မျက်နှာက လျှောက်လှမ်းလာသည့် တစ်လျှောက်လုံး မည်သည့် ခံစားချက်မျှမရှိသည့်အလား ငြိမ်သက်ပြီးနေပြီး အပြုအမူများက တင့်တယ်လှ၏။
ထို့အပြင် သူမ၏ မျက်နှာသည် ကန်ရေပြင်အလား တည်ငြိမ်နေပြီး မြင်သူတကာတိုင်းအတွက် အေးမြမှုကို ခံစားသွားနိုင်သည်။ သူမ၏ အသွင်သည် ညစ်ညမ်းသည့် အရာများကို ဖယ်ရှားသွားစေနိုင်သည်အထိ ကြည်လင်နေ၏။
သူမ၏ နောက်တွင် မြင့်မြတ်သည့် စွမ်းအင် စက်ဝန်းတစ်ခုက တစ်ခုက ဝန်းရံထားပြီး လေးစားရိုသေစေနိုင်သည့် သူမ၏ အရှိန်အဝါက ခန်းမတစ်ခုလုံးကို သက်ရောက်နေ၏။
သူမက လျှောက်လှမ်းလာရင်း ပလ္လင်အနားသို့ ရောက်ရှိချိန်တွင် တည်ငြိမ်စွာနှင့် နေရာယူလိုက်သည်။
သူမ၏ ကြည်လင်တောက်ပနေသည့် မျက်လုံးအစုံသည် ခန်းမအတွင်းရှိသူများအားလုံးကို ကြည့်လိုက်၏။
“အရှင်မ...”
ထိုသူများက သူမကို တပြိုက်နက်တည်း အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ လေသံများက ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေ၏။
“အဲ့ဒီသုံးယောက်ရဲ့ အခြေအနေက ဘယ်လိုလဲ...”
သူမက ခန်းမအတွင်းရှိသူများအားလုံးကို မေးလိုက်၏။ သူမ၏ အသံက ကြည်လင်နေပြီး လွန်ဆန်၍မရနိုင်သည့် စွမ်းအင်တစ်ချို့ ပါဝင်နေသည်။
သို့သော် ထိုသူများက ဖိနှိပ်မှုကို မခံစားရပဲ သူမ၏ အရှိန်အဝါက လေပြေညင်းအလား အေးမြမှုကိုသာ ပေးစွမ်းနေသည်။