နယ်မြေဘုရင်ဒေါသထွက်ခြင်း
Vol. 24 Ch. 355
ခန်းမအတွင်းရှိသူများထဲမှ ကျင့်ကြံသူတစ်ဦးက အလျှင်အမြန် တုန့်ပြန်လိုက်၏။ ထိုသူ၏ အရှိန်အဝါက သူမမှလွဲ၍ ခန်းမထဲရှိ ကျင့်ကြံသူများ အားလုံးထက် သာလွန်နေသည်။
“အရှင်မကို လျှောက်တင်ပါတယ်...”
“ပိုင်ဟူအရှင်မြတ်နဲ့ ရွှမ်းဝူအရှင်မြတ်တို့က ဒဏ်ရာတွေကနေသက်သာလာပါပြီ...”
“ဒါပေမဲ့...”
ထိုသူက ဆက်ပြောရန် ခက်ခဲသွားဟန်နှင့် တုန့်ဆိုင်းသွား၏။ သူက မချင့်မရဲ ဖြစ်နေသည်။
ထို့ကြောင့် ပလ္လင်ထက်မှ အမျိုးသမီးက စိတ်မရှည်ဟန်နှင့် မေးလိုက်၏။
“ဒါပေမဲ့ ဘာဖြစ်လဲ...၊ ဆက်ပြော...”
“ချင်းလုံအရှင်မြတ်က...၊ ဒဏ်ရာမသက်သာတဲ့အပြင် သူရရှိထားတဲ့ ဒဏ်ရာတွေကို ဆိုးဆိုးဝါးဝါးရင်ဆိုင်အံတုနေရတယ်...”
ထိုသူက စိုးရွံ့သည့် လေသံနှင့် တင်ပြလိုက်၏။
“ဒီလောက်ကြာညောင်းတဲ့ အချိန်မှာတောင် ချင်းလုံရဲ့ ဒဏ်ရာက မသက်သာဘူးလား...”
အရှင်မက တီးတိုးရေရွတ်လိုက်သည်။
“အရှင်မ...၊ ချင်းလုံအရှင်မြတ်က သူရဲ့ အမွေဆက်ခံသူကို တွေ့ရှိထားတယ်လို့ သတင်းရတယ်...”
ထိုသူက ထပ်လောင်းပြောဆိုလိုက်၏။
အရှင်မက နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများက အနည်းငယ်လှုပ်ရှားသွား၏။ ထိုသတင်းအတွက် အံ့ဩသွားဟန်ရှိသည်။ ထို့နောက် သူမက ထပ်မံညွှန်ကြားလိုက်ပြန်သည်။
“သူတို့သုံးယောက်နဲ့ တွေ့ဆုံမယ်လို့ အသိပေးလိုက်...”
“အမိန့်အတိုင်းပါ...”
ခန်းမအတွင်းရှိကျင့်ကြံသူများက အရိုအသေပြုကာ ထွက်ခွာသွားကြတော့၏။
အရှင်မက ထိုသူများ ထွက်ခွာသွားပြီးနောက်တွင် သူမ၏ ကြည်လင်နေသည့် မျက်ဝန်းများက ရီဝေသွားသည်။
သူမက အတွေးများထဲ နစ်မြောနေဟန်ရှိ၏။ သူမ အဘယ်သို့ တွေးနေသည့် အတွေးများကိုတော့ မည်သူမျှ မသိနိုင်ချေ။
တစ်ဖက်ရှိ ကောင်းကင်ကျားနယ်မြေတွင် ပေနှစ်ဆယ်ခန့်မြင့်မားသည့် ကျင့်ကြံသူတစ်ဦးက အလွန်အမင်း ဒေါသထွက်နေ၏။ ထိုသူက ကောင်းကင်ကျားမျိူနွယ်၏ နယ်မြေဘုရင်တစ်ဦးပင်။
“ဘုန်း...”
သူက လက်ထဲမှ သေရည် ခရားတစ်ခုကို ဒေါသတကြီးနှင့် ပစ်ပေါက်လိုက်သည်။
ကောင်းကင်ကျားမျိုးနွယ်၏ အကြီးအကဲများနှင့် လက်အောက်ငယ်သားများကို လျှပ်စီးနယ်မြေသို့ လွှတ်လိုက်သော်လည်း ပြန်လည်ရောက်ရှိမလာခဲ့ပေ။
ထို့အပြင် ဟူကျောင်းယွမ်၏ အသက်မီးအိမ်သည် ငြိမ်းသက်သွားခဲ့၏။ ထိုအရာက သူတို့သေဆုံးသွားခြင်းကို ညွှန်ပြနေသည်။
ထို့နောက် ဒေါသမာန်ဟုန် တောက်လောင်နေသည့် လေသံနှင့် အော်ငေါက်လိုက်၏။
“ဘယ်သူလဲ...ဆိုတာ...သိအောင်စုံစမ်း...၊ အခုချက်ချင်း လျှပ်စီးနယ်မြေကို ချေမှုန်းဖို့ သွားကြစမ်း...”
သူ၏ ရှေ့ရှိ လက်အောက်ငယ်သားများက နယ်မြေဘုရင်၏ ဒေါသကြောင့် တုန်လှုပ်နေကြသည်။
ထိုအချိန်တွင် ကြီးမားသည့် ပုံရိပ်တစ်ခုက သူတို့ရှိရာ ခန်းမသို့ ဆင်းသက်လာ၏။ ထိုသူ့ထံမှ ပြင်းပြသည့် စွမ်းအင်အငွေ့အသက်များ ပေါ်ထွက်နေသည်။
အသွင်သည် အိုမင်းဟန်ရသော်လည်း သန်မာအားကောင်းသည့် အရှိန်အဝါကို ထုတ်ဖော်ထား၏။
ထိုသူက ကောင်းကင်ကျားမျိုးနွယ်၏ လက်ယာရံကာကွယ်သူ တစ်ဦးဖြစ်သည်။
လက်ယာရံကာကွယ်သူက နယ်မြေဘုရင်ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် ကြိုးစားလိုက်၏။
“အရှင်...၊ ကျောင်းယွမ်ကိုတောင် သတ်ဖြတ်ရဲမှတော့...၊ သူတို့မှာ အားကိုးစရာ ရှိနေပြီလို့ ဆိုလိုတာပဲ...”
တစ်လျှောက်လုံးတွင် လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများက မည်သူမျှ အာခံရန် မဝံ့ရဲချေ။
အကြီးအကဲချုပ်ကိုပင် လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများက သတ်ဖြတ်ရဲသည့်အထိ အလွန်အတင့်ရဲနေပြီဖြစ်၏။
လက်ယာရံကာကွယ်သူက လျှပ်စီးနယ်မြေတွင် တစ်စုံတစ်ခု ရှိနေမည်ဟု မှန်းဆလိုက်သည်။
“ဟုတ်တယ်...၊ ငါလောသွားတယ်...”
လက်ယာရံကာကွယ်သူ၏ ရှင်းပြမှုကြောင့် နယ်မြေဘုရင်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်နိုင်သည်။
သူက ဟူကျောင်းယွမ်၏ သေဆုံးမှုကြောင့် သူ၏ ဒေါသကို မထိန်းနိုင်လိုက်ခြင်းဖြစ်၏။
သူက ရွှမ်းလင်အတွက် တမန်တော်ကို စေလွှတ်လိုက်သော်လည်း တမန်တော်က ရွှမ်းလင်သေဆုံးသွားကြောင်း သတင်းပြန်ပို့ခဲ့သည်။
ထို့ကြောင့်ပင် ဟူကျောင်းယွမ်ကိုယ်တိုင်ဦးဆောင်စေကာ လျှပ်စီးနယ်မြေကို ဖြေရှင်းရန် စေလွှတ်ခဲ့၏။ သို့သော် အကြောင်းအရင်း တိတိကျကျ မသိရပဲ ဟူးကျောင်ယွမ်၏ အသက်မီးအိမ်ပင် ငြိမ်းသက်သွားခဲ့သည်။
ဟူကျောင်းယွမ်နှင့် နယ်မြေသခင်များစွာ သေဆုံးမှုက သူတို့အတွက်ဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုနိုင်သည်။
သူတို့တွင် နယ်မြေသခင်များစွာ ရှိသေးသော်လည်း ကာကွယ်သူနှစ်ဦးမှလွဲ၍ အားလုံးထဲတွင် ဟူကျောင်းယွမ်က အသန်မာဆုံးသူဖြစ်၏။
ထို့သို့သူ ဆုံးရှုံးလိုက်ရခြင်း အတွက် တခဏမျှ ဒေါသမထိန်းနိုင်လိုက်ခြင်းဖြစ်သည်။
“ပြီးတော့အရှင်...၊ နယ်မြေဘုရင်...စုဝေးပွဲအတွက် အခြားနယ်မြေဘုရင် လာရောက်တော့မဲ့ အချိန်က သိပ်မကျန်တော့ဘူး...”
လက်ယာရံကာကွယ်သူက ဆက်လက်ပြောဆိုလိုက်၏။
နယ်မြေဘုရင်က နားလည်သည့် အသွင်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ စိတ်တည်ငြိမ်လာပြီး ညွှန်ကြားချက်အသစ်ကို ထပ်မံပြောဆိုလိုက်၏။
“တိတ်တဆိတ်ပဲ စုံစမ်းမှုလုပ်ဖို့ လက်ဝဲရံကာကွယ်သူကို အမိန့်ပေးလိုက်...”
“နားလည်ပါပြီ...”
သို့မှသာ လက်အောက်ငယ်သားများက အလျှင်အမြန်နှင့် ခန်းမအတွင်းမှ ထွက်ခွာသွားကြ၏။ သူတို့က လက်ယာရံကာကွယ်သူကို ကျေးဇူးတင်သည့် အကြည့်များနှင့် ကြည့်သွားခဲ့ကြသည်။
လက်အောက်ငယ်သားများ ထွက်ခွာသွားပြီးနောက်တွင် လက်ယာရံကာကွယ်သူက သူ၏ အတွေးတစ်ချို့ကို ထုတ်ပြောလိုက်၏။
“အရှင်...၊ ရှင်းချန်ဖုန်းဆိုတဲ့သူက လျှပ်စီးနယ်မြေကို ထွက်ခွာသွားတယ်...၊ သူနဲ့ ပြသနာဖြစ်ခဲ့တာမျိုး ဖြစ်နေမလား...”
“မဖြစ်နိုင်ဘူး...၊ အဲ့ဒီလူက နယ်မြေကိစ္စတွေ ဝင်ပါမှာ မဟုတ်ဘူး...၊ ပြီးတော့ ချင်းယွမ်ကို ကြယ်ပြာစံအိမ်ရဲ့ တပည့်အဖြစ် ခေါ်ဆောင်သွားမယ်လို့ ကတိပေးဖူးတယ်...”
နယ်မြေဘုရင်က ရှင်းချန်ဖုန်း မဖြစ်နိုင်ကြောင်း အခိုင်အမာဆိုလိုက်၏။
ရှင်းချန်ဖုန်းနှင့် သူက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သိကျွမ်းလာခဲ့သူဖြစ်သည်။
ထိုသူသည် အဆင့်အတန်းမြင့်မားသည့် ကြယ်ပြာဂြိုလ်မှ ကျင့်ကြံသူဖြစ်၏။ ထို့ကြောင့် ဤသို့ နယ်မြေငယ်များကို စိတ်မဝင်စားချေ။
ရှင်းချန်ဖုန်းက နယ်မြေသခင်အဆင့်သာ ဖြစ်သော်လည်း ဂြိုလ်ပေါင်းများစွာကိုပင် ထူးခြားစွာနှင့် လှည့်ပတ်သွားလာနိုင်စွမ်း ရှိသူဖြစ်နေ၏။
ထို့အပြင် ကောင်းကင်ကျားနယ်မြေသို့ ရောက်ရှိပြီးနောက်တွင် မျိုးနွယ်၏ နယ်မြေသခင်နှင့် တော်တော်လေး ရင်းနှီးမှုရှိလာခဲ့သည်။
နယ်မြေသခင်က ထိုသို့ရင်းနှီးလာပြီးနောက် ပြင်ပလောကရှိ ဂြိုလ်များအကြောင်းသိရှိလာခဲ့၏။
နယ်မြေသခင်၏ သားဖြစ်သူ ဟူချင်းယွမ် မွေးဖွားပြီးနောက်တွင် ရှင်းချန်ဖုန်းက သူကြယ်ပြာစံအိမ်သို့ ပြန်မည့်အချိန်တွင် ခေါ်ဆောင်သွားမည်ဟု ဆိုဖူးခဲ့သည်။
သို့သော် လွန်ခဲ့သည့် လအနည်းငယ်က သူစိုက်ပျိုးထားသည့် ရတနာ တစ်ခုပျောက်ဆုံးသွားခြင်းကြောင့် ဒေါသတကြီးနှင့် ရောက်လာခဲ့၏။
ထို့ကြောင့် နယ်မြေဘုရင်က ထိုသူကို နယ်မြေတစ်ခုလုံးရှာပေးမည်ဟု အကြံပြုခဲ့သည်။
သို့သော် သူက စိတ်မရှည်သောကြောင့် သူကိုယ်တိုင်ပင် ရှာဖွေကာ လျှပ်စီးနယ်မြေအတွင်း ဝင်ရောက်သွားခဲ့ခြင်းပင်။
သူတို့နှစ်ဦး၏ ရင်းနှီးမှုအရ ကောင်းကင်ကျားမျိုးနွယ်များကိုတော့ ရန်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် ရှင်းချန်ဖုန်း မဖြစ်နိုင်တော့ချေ။
လက်ယာရံကာကွယ်သူက နားလည်သည့် အသွင်နှင့် လက်ခံလိုက်သည်။ သူကိုယ်တိုင်လည်း နယ်မြေဘုရင်နှင့် ရှင်းချန်ဖုန်း၏ ရင်းနှီးမှုကို သိရှိထား၏။
သို့သော် ပြင်ပမှ ရောက်ရှိလာသည့် ကျင့်ကြံသူဖြစ်သောကြောင့် တထစ်ချ မယုံရဲချေ။
လျှပ်စီးနယ်မြေတွင် ရှန်းချန်ဖုန်း မဟုတ်လျှင် အခြားမည်သူမျှ ဟူကျောင်းယွမ်ကို ရန်မပြုနိုင်ချေ။ ထိုအရာက သူတို့အား စဉ်းစားရခက်သွားစေသည်။
ထို့ကြောင့် နယ်မြေဘုရင်က သူကိုယ်တိုင်သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် အခြား နယ်မြေဘုရင်များ ရောက်ရှိလာမည်အချိန်က နီးကပ်နေပြီဖြစ်သောကြောင့် လက်ဝဲရံကာကွယ်သူကို စေလွှတ်ခဲ့သည်။
“ဒီကိစ္စကို နယ်မြေသခင် တွေ့ဆုံပွဲပြီးမှ စီမံမယ်...”
နယ်မြေဘုရင်က သူ၏ ဆွေးနွေးမှုကို ရပ်တန့်လိုက်၏။
“ချင်းယွမ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ...”
နယ်မြေဘုရင်က သူ၏ သားဖြစ်သူအကြောင်းကို မေးလိုက်၏။
အခြားနယ်မြေဘုရင်များနှင့် တွေ့ဆုံလျှင် မျိုးဆက်အသစ် အချင်းချင်း လက်ရည်စမ်း တိုက်ပွဲများနှင့် ယှဉ်ပြိုင်မှု ပြုကြဦးမည်ဖြစ်သည်။
“သခင်လေးရဲ့ ပါရမီက တကယ်ကောင်းတယ်...၊ အရင်းအမြစ်တွေနဲ့ ထပ်ပေါင်းလိုက်တော့ နှစ်ငါးရာအတွင်း နယ်မြေသခင်အဆင့်ကို ချိုးဖြတ်နိုင်သွားပြီလေ...၊ အခု နယ်မြေသခင်ရဲ့ ပိုင်နက် ထုတ်ဖော်နိုင်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး...”
လက်ယာရံကာကွယ်သူက ဟူချင်းယွမ်အကြောင်းဆိုချိန်တွင် သူ၏ စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားသည့်အလား ညှင်သာသွား၏။ သူ၏ မျက်နှာတွင် ဂုဏ်ယူမှု့ အပြည့်နှင့်ပင်။
သူက ဟူချင်းယွမ်ငယ်စဉ်ကတည်းကတည်းက သင်ကြားပြသပေးခဲ့သူ ဖြစ်သည်။