ရှင့်ကို အဲ့ဒီလိုလူစားမျိုးလို့ မထင်ထားခဲ့ဘူး
Vol. 24 Ch. 356
“အခြားနယ်မြေဘုရင်ရဲ့ မျိုးဆက်တွေနဲ့ ယှဉ်ရင်သာလွန်နေမှာ အမှန်ပဲ...”
လက်ယာရံကာကွယ်သူက ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်၏။
“ကောင်းတယ်...”
နယ်မြေဘုရင်လည်း နှစ်ထောင်းအားရသည့် လေသံနှင့် ဆိုလိုက်၏။ သူ၏ သားက အခြားမျိုးနွယ်များမှ လူငယ်များနှင့် ယှဉ်လျင် သာလွန်နေရမည်ဖြစ်သည်။
“ဒါပေမဲ့ အခြားနယ်မြေဘုရင်ရဲ့ မျိုးဆက်တွေကို လျော့မတွက်နဲ့ ရသမျှ အချိန်အတွင်း သူ့ကို ကြပ်မတ်ထား...”
သူက လက်ယာရံကာကွယ်သူကို အမိန့်ပေးလိုက်၏။ နယ်မြေဘုရင်များ၏ မျိုးဆက်များက ခေသူမဟုတ်ပေ။ ထို့ကြောင့် လက်ရည်စမ်းတိုက်ပွဲဆိုလျှင်တောင် အားကုန်သုံးကာ တိုက်ခိုက်ကြမည်မှာ ကျိန်းသေပင်။
“စိတ်ချပါ..အရှင်...၊ ကျုပ်..အစွမ်းကုန်ကြပ်မတ်လိုက်ပါတယ်...”
လက်ယာရံက အလေးအနက် နာခံလိုက်၏။ သူ၏ တပည့်တစ်ပိုင်း ဖြစ်နေသူကို မည်သူ့လက်ထဲတွင်မျှ မရှုံးစေလိုပေ။ နောက်ထပ် နယ်မြေဘုရင်က အမိန့်ပေးလိုက်ပြန်သည်။
“မကြာခင်..နယ်မြေဘုရင်တွေ ရောက်လာလိမ့်မယ်...၊ မျိုးနွယ်ဝင်တွေကို ပြင်ဆင်မှုတွေလုပ်ခိုင်းထား...”
“အရှင့်...၊ အမိန့်အတိုင်းပါ...”
လက်ယာရံကာကွယ်သူက အလေးနက် နာခံလိုက်သည်။ ထို့နောက် နှုတ်ဆက်ကာ ထွက်ခွာသွား၏။
“လျှပ်စီးနယ်မြေ...၊ ရွှမ်းလင်ကို သတ်ဖြတ်သူ...၊ ရှာတွေ့တာတဲ့ မသေမချင်း ငရဲဆိုတာကို ခံစားစေရမယ်...”
နယ်မြေဘုရင်က ဒေါသလေသံနှင့် ကြုံးဝါးလိုက်၏။
ကောင်းကင်ကျားနယ်မြေတွင် ရှုပ်ထွေးမှုများပြည့်နှက်နေသလို လျှပ်စီးနယ်မြေတွင် လည်း အုပ်အော်သောင်းနင်း ဖြစ်နေကြသည်။
အကြောင်းမှာ ဂိုဏ်းချုပ်များက မဟာမိတ်အဖွဲ့ထူထောင်မည်ဟူသည့် သတင်းကြောင့်ပင်။ ထိုသတင်းက နယ်မြေတစ်ခုလုံး ပျံနှံ့လာပြီး မြို့နယ် အသီးအသီးတွင် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြ၏။
ထိုအစီအစဉ်အား အကြံပေးသူ ဖြစ်သည့် ဟွမ်းရှန့်နန်းတော်သခင်သည်တော့ နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်အတွင်းရောက်ရှိနေသည်။
သူက ကျန်ရှိနေသည့် ဝိညာဉ်နိုးထခြင်းသစ်သီးကို ရွှမ်းလင်အတွက် အကျိုးသက်ရောက်မှု ရှိမရှိ အသုံးပြုကြည့်ရန် ကြိုးစားနေခြင်းဖြစ်၏။
သူ၏ ရှေ့တွင် လွင့်မြောနေသည့် ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားတွင် သေခြင်းစွမ်းအင်များနှင့် ဖုံးလွှမ်းနေသည်။
ထိုအရာက ဗိမာန်အတွင်းမှ စုပ်ယူထားသောကြောင့်ပင်။
ဟွမ်းက ဝိညာဉ်နိုးထခြင်း သစ်သီးကို ရွှမ်းလင်၏ ရှေ့တွင် ထားရှိလိုက်၏။ ထိုနောက်တွင် ရွှမ်းလင်က ကိုယ်တိုင်စုပ်ယူနိုင်စွမ်း မရှိသောကြောင့် ဟွမ်းက လုပ်ဆောင်ပေးနေခြင်းပင်။
သူ၏ စွမ်းအင်များနှင့် သစ်သီး၏ စွမ်းအင်များကို ထိန်းသိမ်းကာ ရွှမ်းလင်၏ ဝိညာဉ်အတွင်းသို့ ထည့်သွင်းပေးနေသည်။
ဝိညာဉ်နိုးထခြင်းသစ်သီး၏ စွမ်းအင်များက ရွှမ်းလင်၏ ဝိညာဉ်တွင် တဖြည်းဖြည်းနှင့် နေရာယူလာ၏။
ထိုသို့နှင့် အချိန်အနည်းငယ် ကြာပြီးနောက်တွင် ဝိညာဉ်နိုးထခြင်းသစ်သီး၏ စွမ်းအင်များက ရွှမ်းလင်၏ ဝိညာဉ်အတွင်းသို့ ရောက်ရှိသွားသည်။
ဟွမ်းက သူ၏ လုပ်ဆောင်ချက် ပြီးဆုံးသွားပြီမို့ ရွှမ်းလင်၏ အပြောင်းအလဲများကို စောင့်ကြည့်နေ၏။
ဝိညာဥ်နိုးထခြင်း သစ်သီးက သူမအတွက် အကျိုးသက်ရောက်ဟန်ရသည်။ ရွှမ်းလင်၏ ဝိညာဉ်က လှုပ်ရှားမှုတစ်ချို့ဖြစ်တည်လာပြီး သူမက သစ်သီး၏ စွမ်းအင်များကို ချေဖြတ်မှု ပြုနေဟန်ရ၏။
သို့သော် သူမ၏ စွမ်းအင် ချေဖြတ်မှုနှုန်းက နှေးကွေးနေသည်။
“ရှေ့ဆက်ပြီး မင်းကိုယ်တိုင်အားထုတ်ရလိမ့်မယ်...”
ဟွမ်းက သူမကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
သူသည် ဝိညာဉ်နိးထခြင်းသစ်သီးမှ စွမ်းအင်များကို သူမထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ သူမဝိညာဉ် နိုးထရန် သူမကိုယ်တိုင်သာ လုပ်ဆောင်ရတော့မည်ဖြစ်၏။
ထို့နောက် ဟွမ်းက သူမကို ဆက်လက်စောင့်ကြည့်ခြင်း မရှိတော့ပဲ ထွက်ခွာသွားတော့သည်။
ဟွမ်း ထွက်ခွာသွားပြီးနောက်တွင် ရွှမ်းလင်၏ ဝိညာဉ်က တုန့်ပြန်ချင်နေသည့်အလား အနည်းငယ် လှုပ်ရှားလာ၏။ ထိုအပြင် ကြည်လင်နေသည့် သူမ၏ ဝိညာဉ်ခန္ဓာက အနည်းငယ် တောက်ပလာသည်။
သို့သော် ဟွမ်းက ထွက်ခွာသွားသည့် အတွက်ကြောင့် သတိမထားမိလိုက်ပေ။
ဟွမ်းက သူ၏ ခန်းမအတွင်း ပြန်လည်ထွက်ပေါ်လာ၏။ ထိုအချိန်တွင် ချီဟူက ကောင်းကင်ကျားသွေးစက် စုပ်ယူနေမှုကို ခံစားမိသွားသည်။
“သူက ကောင်းကင်းကျားမျိုးနွယ်က တိုက်ရိုက်ဆင်းသက်လာတဲ့သားရဲ မဟုတ်ပေမဲ့ စွမ်းအင်ချင်း သွေဖယ်မှု ရှိပုံမရဘူး...”
ဟွမ်းက သူ၏ စိတ်အာရုံနှင့် ချီဟူ၏ အခြေအနေကို ကြည်ရှုလိုက်သည်။ ချီဟူက သွေးစက် စုပ်ယူမှုသည် ချောမွေ့နေ၏။
ချီဟူသည် ကောင်းကင်ကျားမျိုးနွယ်နှင့် တိုက်ရိုက် မပတ်သက်သော်လည်း မျိုးနွယ်တစ်ခုတည်းက ဆင်းသက်လာဟန်ရသည်။
ထို့နောက် ဟွမ်းက လင်းရှန်းတောင်တန်းပေါ်ရှိ အခြေအနေများကို စစ်ဆေးကြည့်လိုက်၏။
ထျန်းယွမ်ကုန်းမြေမှ ကျင့်ကြံသူများ၏ အဆောက်အဦးသစ်များ တည်ဆောက်မှုက ပြီးဆုံးလုနီးနီး ဖြစ်လာခဲ့သည်။
ထို့အပြင် သူ၏ တပည့်များကလည်း တောင်ပေါ်ရှိ လိုအပ်သည့် ကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေကြ၏။
“အနှေးနဲ့ အမြန် ဟွမ်းရှန့်နန်းတော်က တိုးတက်လာတော့မှာပဲ...”
ဟွမ်းက တီးတိုးရေရွတ်လိုက်၏။ ထိုအချိန်တွင် လင်းရှန်းတောင်တန်းပေါ်သို့ အဖြူရောင်ပုံရိပ်လေးတစ်ခု ရောက်ရှိလာသည်ကို ခံစားမိသွားသည်။
“သူမ..ရောက်လာတာ..ထင်ထားတာထက် မြန်သားပဲ...”
ဟွမ်းက သူ၏ လက်ကို ဝှေ့ယမ်းကာ လေဟာနယ်မုခ်ဝကို ဖွင့်ဟပေးလိုက်၏။ သူမက ကျန်းချီချီပင်။ သို့သော် သူမ၏ မျက်နှာအမူအယာက အနည်းငယ် အလိုမကျနေသည့်အသွင်ပေါက်နေသည်။
ခဏအကြာတွင် ဟွမ်းရှိရာ ခန်းမအတွင်းသို့ ရောက်ရှိလာ၏။
“ကျွန်မ...၊ ရှင့်ကို အထင်ကြီးခဲ့တာ...၊ အာဏာသုံးတက်တဲ့ လူစားမျိုးလို့ မထင်ထားဘူး...”
ကျန်းချီချီက တင်းမာသည့် လေသံနှင့် ခရီးရောက်မဆိုက် ဆိုလိုက်၏။
ဟွမ်း “...”
‘ဘာတွေ ဖြစ်လာတာတုန်း...’
ဟွမ်းက နားမလည်နိုင်ဖြစ်သွားရသည်။ သူမည်သည့်အချိန်က အာဏာသုံးခဲ့ပါသနည်း..။
စဉ်းစား၍ပင် မတက်နိုင်တော့ချေ။
ကျန်းချီချီက အနည်းငယ် ဒေါသထွက်နေဟန်ရ၏။
သူမက နယ်မြေသခင်အဆင့်ကို ထုတ်ဖော်ခဲ့ရပြီး တားမြစ်ကျင့်စဉ်ကို အသုံးပြုခဲ့ခြင်းကြောင့် သူမ၏ စွမ်းအင်များကို ပြန်လည် ထိန်းညှိရန် အချိန်ယူခဲ့သည်။
ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် သူ၏ စွမ်းအင်စီးဆင်းနှုန်းက ပြန်လည်ချောမွေ့လာခဲ့၏။ ထို့ကြောင့် သူမ အခန်းမှ ထွက်လာချိန်တွင် ချန်တောက်လင်က ဝမ်းနည်းသည့် မျက်နှာနှင့် စောင့်ဆိုင်းနေသည်။
“ဘာဖြစ်တာလဲ...”
ကျန်းချီချီက ချန်တောက်လင်၏ အသွင်ကြောင့် စိတ်ရှုပ်ထွေးကာ မေးမြန်းလိုက်၏။
ချန်တောက်လင်က ဟွမ်းရှန့်နန်းတော်တွင် ကောင်းကင်ကျားမျိုးနွယ်များရောက်ရှိလာသည့် အကြောင်းအရင်းများကို ပြန်လည်ရှင်းပြလိုက်သည်။
“အခြားဂြိုလ်က နယ်မြေဘုရင်တစ်ဦးကိုတောင် ဟွမ်းက ရိုက်နှက်နိုင်ခဲ့တာပဲ...၊ ကောင်းကင်ကျားမျိုးနွယ်က နယ်မြေဘုရင်ကို ကြောက်ရွံ့နေမယ်မထင်ဘူး...”
ကျန်းချီချီက အဖြစ်အပျက်အစုံကို သိရှိသွားပြီးနောက်တွင် ဟွမ်း၏ဘက်မှ ယုံကြည်မှု အပြည့်နှင့် ဆိုလိုက်၏။
သူမက ဟွမ်းအပေါ် အလွန်ပင် ယုံကြည်မှု ရှိလှသည်။
“အဲ့ဒါက ပြသနာမဟုတ်ဘူး...”
ချန်တောက်လင်က ပူဆွေးသည့် လေသံနှင့် ဆိုလိုက်၏။
“ဘာက ပြသနာလဲ...”
ကျန်းချီချီက ချန်တောက်လင်၏ အမူအယာကို နားလည်နိုင်စွမ်း မရှိတော့ပေ။
“ပြသနာက...”
“နန်းတော်သခင်က...ရှောင်ချီကို သူရဲ့ နန်းတော်ထဲ ဝင်ရလိမ့်မယ်တဲ့...”
ချန်တောက်လင်က ခက်ခဲသည့် လေသံနှင့် ဆိုလိုက်၏။
ကျန်းချီချီက ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူမက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ဘာကြောင့်လဲ...”
“အကြောင်းအရင်းကိုတော့ ဖြေရှင်းချက် မပေးလိုက်ဘူး...၊ ဒါပေမဲ့ ရှောင်ချီကျင့်ကြံမှုပြီးစီးတာနဲ့ ဟွမ်းရှန့်နန်းတော်ထဲ နေရလိမ့်မယ်လို့ အမိန့်ပေးလိုက်တယ်...”
ချန်တောက်လင်က ဟွမ်း၏ စကားကို မလွန်ဆန်နိုင်ခဲ့သည့်အလား ဆိုလိုက်၏။
ကျန်းချီချီ၏ မျက်ခုံးနှစ်ခုက ထိစပ်လုမတက်ပင် ကွေးညွတ်လာသည်။ ဟွမ်းက အဘယ့်ကြောင့် သူမကို ခေါ်ဆောင်နေသည်ကို နားမလည်နိုင်ချေ။
“ရှောင်ချီ...၊ မင်းရဲ့ စီနီယာအစ်ကိုရဲ့ စွမ်းအားက နိမ့်ကျလွန်းလို့ နန်းတော်သခင်ရဲ့ စကားကို လွန်ဆန်ဖို့ မဝင်ရဲဘူး...”
ချန်တောက်လင်၏ လေသံက သူ့ကိုယ်သူ အားမရဖြစ်နေသည့် ပုံစံပေါက်နေပြီး အမူအယာသည် ဝမ်းနည်းပက်လက်ဖြစ်ကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျတော့မည့်အသွင်ပင်။
ဟွမ်းက ဖိအားပေးကာ ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်ခိုင်းသည့်အလားဖြစ်သွားသည်။ ထို့အပြင် ဟွမ်းက သူမကို သိမ်းသွင်းချင်နေသည့် ပုံစံမျိုး သက်ရောက်သွား၏။
ထိုနောက် ကျန်းချီချီ၏ အမူအယာက ပြန်လည်တည်ငြိမ်သွားသည်။ သူမက ချန်တောက်လင်၏ အမူအယာကို အသေးစိတ်စစ်ဆေးနေ၏။ ထိုသူက သရုပ်ဆောင်ရာတွင် ပီပြင်သူ ဖြစ်ခဲ့သောကြောင့်ပင်။
ထို့ကြောင့် တင်းမာသည့် လေသံနှင့် ဆိုလိုက်၏။
“စီနီယာအစ်ကို...၊ ရှင့်စကားတွေက မဟုတ်မမှန်ဘူးဆိုရင်...၊ ကျွန်မ..ရှင့်ကို ရိုက်ရလိမ့်မယ်....”