လမ်းပြ
Vol. 24 Ch. 360
“ဒုတိယအစ်ကို...ရှေ့က မြို့တော်က နတ်ပင်လယ်မြို့တဲ့....”
ပိုင်ကျန့်ယွီက ယာဉ်ပျံထက်မှ မြို့တစ်ခုကို ညွှန်ပြရင်းဆိုလိုက်၏။
“ငါတို့ အဲ့ဒီမြို့မှာ အခြေအနေသွားစစ်ဆေးကြမယ်...”
လုရှင်းယန်က ခေါင်းညိတ်လိုက်ပြီးနောက် ယာဉ်ပျံကို ဆင်းသက်လိုက်သည်။
မြို့နှင့် အနည်းငယ်အလှမ်းဝေးသေးသော်လည်း အာရုံစိုက်ခံရမည်ကို မလိုလားသောကြောင့် ယာဉ်ပျံကို သိမ်းဆည်းလိုက်ခြင်းဖြစ်၏။
ထို့နောက် ဆရာတူတပည့် လေးဦးသည် နတ်ပင်လယ်မြို့တွင်းသို့ ဦးတည်လိုက်ကြသည်။
နတ်ပင်လယ်မြို့တော်သည် လျှပ်စီးနယ်မြေနှင့် ကောင်းကင်ကျားနယ်မြေ၏ နယ်နိမိတ်နှင့် ထိစပ်နေသည့် မြို့တော်တစ်ခုဖြစ်၏။
ကျောက်စိမ်းပန်းမြို့တော်နှင့် ယှဉ်နိုင်သည့် မြို့အရွယ်အစားမဟုတ်သော်လည်း နယ်မြေသခင်တစ်ဦးက ကြီးကြပ်နေသည့် မြို့ တစ်မြို့ဖြစ်သည်။
မြို့တွင်းရှိ ဌာနတစ်ခုတွင် အော်ဟစ်သံများနှင့် ပြည့်နှက်နေ၏။
“နတ်ပင်လယ်မြို့တော်မှာ မင်းရဲ့အဆင့်နဲ့ မြို့စောင့်တပ်သား ဖြစ်နိုင်မယ်ထင်နေလား...၊ အစေခံက အစေခံလိုနေကွ...”
လူအိုကြီးတစ်ဦးက သူ၏ ရှေ့မှ လူငယ်လေးတစ်ဦးကို ဆူပူကြိမ်းမောင်းနေ၏။ ထိုသူက စီမံရေးရာ ဌာနမှုးဖြစ်ပြီး မြို့စောင့်တပ်နှင့် ပတ်သက်သည့် ကိစ္စများကို ကိုင်တွယ်ရသူဖြစ်သည်။
“ကျုပ် အစေခံတပ်သားလုပ်လာတာ ငါးနှစ်ရှိပြီ...၊ မြို့စောင့် တပ်သားအတင့်ကို တက်ချင်တယ်...၊ မြို့တော်ရဲ့ စည်းမျည်းကလဲ အစေခံငါးနှစ်လုပ်ပြီးရင် မြို့စောင့်တပ်သားရာထူးယူခွင့်ရှိတယ်လို့ သတ်မှတ်ထားတယ်မဟုတ်ဘူးလား...”
ထိုလူငယ်က ရဲ့ဝံ့စွာနှင့် ပြန်လည်မေးခွန်းထုတ်လိုက်၏။ သူသည် ဟိုင်တုယီ ဖြစ်ပြီး မြို့စောင့်ဌာနမှ အစေခံတစ်ဦးဖြစ်သည်။
သို့သော် ငါးနှစ်တိုင် အစေခံအဖြစ်ရှိခဲ့ပြီးသော်လည်း မြို့စောင့်တပ်သားရာထူးကို ပေးအပ်ခြင်း မရှိသေးချေ။
“ဒီငါးနှစ်အတွင်း မင်းက စဦးအလွှာကနေတက်မလာနိုင်ဘူးလေ...”
“အလယ်လတ်အလွှာ မရောက်ပဲ မြို့စောင့်တပ်သား ရာထူးကို မပေးနိုင်ဘူးကွ...”
ဌာနမှုးက ကြိမ်းမောင်းလိုက်ပြန်၏။ အလယ်လတ်အလွှာ မရောက်လျင် နှစ်ပေါင်းရာချီ၍ အစေခံ လုပ်လျင်တောင် မြို့စောင့်တပ်သာအဆင့်သို့ တိုးပေးမည်မဟုတ်ပေ။
ဟိုင်တုယီက စိတ်ပျက်သွားသည်။ သူ စဦးအလွှာမှ အဆင့်တက်မလာခြင်းက သူရရှိသည့် အရင်းအမြစ်များကို အပြည့်အဝ မရရှိသောကြောင့်ပင်။
သူက အရင်းအမြစ်များ အပြည့်အဝရရှိချင်သောကြောင့် မြို့စောင့်တပ်သားရာထူးကို ရယူလိုခြင်းဖြစ်သည်။
အစေခံများတွင် အဆင့်ဆင့်ဖိနှိပ်မှုများ ရှိနေကြပြီး အားကြီးသူမှ အနိုင်ယူနိုင်စမြဲပင်။
မည်မျှပင် ကြိုးစားပါစေ ခွန်အားတိုးမလာလျှင် အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ်နှစ်ပေါင်း ဆယ်ချီကြာရှည်ပေတော့မည်ဟု တွေးမိသွားကာ သူ၏စိတ်ကာ ပျက်ယွင်းသွားရသည်။
သူ၏ အရင်းအမြစ်များလုယက်ခံရမှုကို ဌာနမှုးက ဖြေရှင်းပေးမည်မဟုတ်ပေ။ သူ၏ ညံ့ဖျင်းမှုကြောင့် လုယက်ခံရခြင်းသာ။ ဌာနမှုးတွင် ထိုအရာကို ဖြေရှင်းရန် တာဝန်မရှိပေ။
သူက စိတ်ပျက်လက်ပျက်နှင့် မြို့စောင့်ဌာနမှ ထွက်ခွာလာခဲ့သည်။ ပြင်ပသို့ ရောက်ရှိချိန်တွင် ဟိုင်တုယီက လှောင်ပြောင်ရယ်မောနေသည့် အသံများကို ကြားလိုက်ရ၏။
“ဟားဟား...၊ မင်းမြို့စောင့်တပ်သား ဖြစ်မလာသေးဘူးလား...”
“စိတ်မကောင်းစရာပဲကွာ...၊ မင်းထက်နောက်ကျပြီး ဝင်ခဲ့တဲ့ ငါတောင် မြို့စောင့်တပ်သားဖြစ်သွားပြီကွ...”
မြို့စောင့်ဝတ်စုံနှင့် လူငယ်က အူလိုက်သဲလိုက်ရယ်မောနေသည်။ ထိုသူက အလယ်လတ်အလွှာသို့ ရောက်ရှိသွားပြီး မြို့စောင့်တစ်ဦးဖြစ်လာခဲ့၏။
“ခွေးကောင်...မင်းငါ့ရဲ့ အရင်းအမြစ်တွေကို လုယူပြီး မြို့စောင့်ဖြစ်လာတာကွ...”
ဟိုင်တုယီက ဒေါသတကြီးလေသံနှင့် အော်ဟစ်လိုက်၏။ ထိုသူက အင်အားကြီးသူများနှင့် ပူးပေါင်းကာ သူထံမှ အရင်းအမြစ်များကို လုယူခဲ့သည်။ ခိုစဉ်က သူ့ကို အနိုင်ယူနိုင်သော်လည်း သူ၏ နောက်တွင် အင်အားကြီးသည့် မြို့စောင့်များ ရှိနေ၏။
ထို့ကြောင့်ပင် အမြဲလိုလို အနိုင်ကျင့်ကာ ဖိနှိပ်ခံခဲ့ရသည်။
“ဘုန်း...”
မြို့စောင့်က မြန်ဆန်သည့် အရှိန်နှင့် ဟိုင်တုယီကို ကန်ချလိုက်သည်။
“အစေခံက..မြို့စောင့်တပ်သားကို စော်ကားလို့ရမယ်ထင်နေလား...”
မြို့စောင့်လူငယ်က သူ၏ နောက်မှ ပါရှိသည့် အစေခံများကို လက်အမူအယာပြလိုက်၏။
အစေခံနှစ်ဦးက အလျင်အမြန်နှင့် ဟိုင်တုယီ လဲကျနေသည့်နေရာသို့ ရောက်ရှိလာကာ ထပ်မံရိုက်နှက်လိုက်ကြသည်။
“မြို့စောင့်တစ်ဦးကို အသရေဖျတ်တဲ့ အကျိုးဆက်ကွ...”
နာကျင်နေသည့် ဟိုင်တုယီက အစေခံနှစ်ဦး၏ ရိုက်နှက်မှုများကို ပြန်လည် မတုန့်ပြန်နိုင်တော့ပေ။
သို့သော်လည်း သူ၏ မျက်လုံးများက မြို့စောင့်ကို သတ်ဖြတ်လိုသည့်အလား ကြည့်ရှုနေသည်။
မြို့စောင့်သည်တော့ ဟိုင်တုယီ ရိုက်နှက်ခံနေရသည်ကိုသာ ပြုံး၍ ကြည့်နေ၏။
“ဝုန်း...”
ထိုအချိန်တွင် ထူးဆန်းသည့် အနက်ရောင်လှိုင်းတစ်ခုက အစေခံနှစ်ဦးကို ရိုက်ခတ်သွား၏။
“ဘုန်း...”
ထိုအဖြစ်အပျက်ကြောင့် မြို့စောင့်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။
သူ၏ အစေခံနှစ်ဦး အဝေးသို့ လွင့်စင်သွားကာ ချက်ချင်း သတိလစ်သွားကြသောကြောင့်ပင်။
“ဘယ်သူလဲကွ..နတ်ပင်လယ်မြို့စောင့်ကို တိုက်ခိုက်ရဲတာလဲ...”
မြို့စောင့်က ဒေါသတကြီးနှင့် အော််ဟစ်လိုက်၏။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ထိုလူငယ်က အေးစက်သည့် အကြည့်များနှင့် မြို့စောင့်ကို ကြည့်လိုက်၏။
မြို့စောင့်က လျှိုမင်ယွမ်ကို ဒေါသတကြီး ကြိမ်းမောင်းရန်ပြင်လိုက်သည်။
“သေချင်နေ...”
သို့သော်လည်း လျှိုမင်ယွမ်က အနက်ရောင်စွမ်းအင်လှိုင်းတစ်ခုကို အသာယာ ထုတ်ဖော်လိုက်၏။
“ဘုန်း...”
အမှောင်စွမ်းအင်လှိုင်းက မြို့စောင့်ကို ရိုက်ခတ်သွားသောကြောင့် သူ၏ စကားဆုံးအောင် မပြောလိုက်ရချေ။
အဆောက်အဦး နံရံတစ်ခုနှင့် ဝင်ဆောင့်သွားသည်။
“အဟွတ်...”
မြို့စောင့်က သွေးအန်လိုက်ရ၏။ သူက အလွန်ပင် တုန်လှုပ်နေသည်။ မြန်ဆန်လှသည့် စွမ်းအင်လှိုင်း ထွက်ပေါ်လာမှုကို တုန့်ပြန်နိုင်စွမ်း မရှိခဲ့ချေ။
“မင်း...ဘယ်သူလဲ...”
မြို့စောင့်က တုန်ယင်နေသည့် လေသံနှင့် မေးလိုက်၏။ သူနှင့် ရွယ်တူဟုသာ ထင်ရသည့်လူငယ်က သူမခန့်မှန်းနိုင်သည့် စွမ်းအင်မျိုးကို ထုတ်ဖော်နေနိုင်သည်။
သူ၏ ကြောက်ရွံ့စိတ်က ရုတ်ချည်း တိုးပွားလာ၏။
လျှိုမင်ယွမ်က မြို့စောင့်၏ အမေးကို ဂရုမစိုက်ချေ။ လဲကျနေသည့် လူငယ်ကို ထူပေးရန်ပြင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်...၊ သခင်လေး..”
ဟိုင်တုယီက ခက်ခဲသည့် လေသံနှင့် ဆိုလိုက်၏။
ထို့နောက် လျှိုမင်ယွမ်၏ ရုပ်အသွင်ကြောင့် အံ့ဩသွားလေသည်။ ထိုသူက သူနှင့် ရွှယ်တူမျှသာ ရှိသေးဟန်ရပြီး မိန်းမငယ်လေးများ မြင်မြင်ချင်း စွဲလမ်းသွားစေနိုင်သည့် မျက်နှာမျိုးပိုင်ဆိုင်ထား၏။
ထို့ထက်ထူးခြားသည်မှာ သူထံမှ ထွက်ပေါ်နေသည့် စွမ်းအင်အငွေ့အသက်များက အလွန်သန်မာလှသည်။
ထို့အပြင် လျှိုမင်ယွမ်၏ အသွင်က အေးစက်စက်ခံစားချက်များ ပေးစွမ်းနေသော်လည်း သူ့ကို ဝင်ရောက်ကူညီပေးခြင်းကြောင့် နွေးထွေးသည့်သူဟု ကောက်ချက်ချလိုက်၏။
“မလိုပါဘူး...”
လျှိုမင်ယွမ်က မလိုအပ်ကြောင်းပြောဆိုလိုက်၏။ သူက ဟိုင်တုယီ အနိုင်ကျင့်ခံနေရချိန်တွင် သူ၏ အတိတ်ကအဖြစ်အပျက် တစ်ချို့ကို ပြန်လည်မြင်ယောင်လာခဲ့သည်။
အစေခံများက လူအများ၏ နင်းဖက်ဖြစ်နေရသည်ကို ဒေါသထွက်သွား၏။ အကြောင်းအရင်း မတူညီသော်လည်း သူကိုယ်တိုင် တစ်ချိန်က ထိုသို့ ဖိနှိပ်ခံရဖူးသည်။
ထို့ကြောင့်ပင် ဟိုင်တုယီဘက်မှ နေ၍ ကူညီပေးလိုက်ခြင်းဖြစ်၏။
“သခင်လေးက...ဘယ်သူများလဲ...”
ဟိုင်တုယီက သိလိုစိတ်နှင့် မေးခွန်းထုတ်လိုက်သည်။
“ငါက တစ်ခြားမြို့ကလာတာ...၊ မင်းအဆင်ပြေရင် ဒီမြို့ထဲမှာ ငါတို့အတွက် လမ်းပြပေးမလား...”
လျှိုမင်ယွမ်က ဟိုင်တုယီကို ညင်သာသည့် လေသံနှင့် မေးလိုက်၏။ ထိုလူငယ်လေးကို ဤအတိုင်းမထားခဲ့လိုပေ။ သူ၏ နောက်ကွယ်တွင် ထပ်မံအနိုင်ကျင့်လိမ့်မည်ဟူသည့် ခံစားချက်များ ရရှိနေသည်။
“ငါတို့လား...”
ဟိုင်တုယီက အံ့ဩသွား၏။ လျှိုမင်ယွမ်တစ်ယောက်ထဲသာ မြင်မိသော်လည်း ငါတို့ဟု ရည်ညွှန်းနေသည်။
ထိုအရာက နောက်ထပ် စီနီယာများ ပါရှိနေသည်လော..။
“ရပါတယ်...သခင်လေး...၊ ကျုပ်အဆင်ပြေတယ်...”
သူ၏ အတွေးများကို ဖယ်ရှားလိုက်ကာ စိတ်လှုပ်ရှားသည့် လေသံနှင့် အလျင်အမြန်နှင့် သဘောတူလိုက်၏။
သူက လျှိုမင်ယွမ် ရည်ညွှန်းသည့် အခြားသူများကို မတွေ့ရှိသော်လည်း ရှေ့မှ ဦးဆောင်ကာ ထွက်ခွာသွားသည်။
လျှိုမင်ယွမ်တို့ ထွက်ခွာသွားပြီးနောက်တွင် အထပ်မြင့်အလွှာများနှင့် စားသောက်ဆိုင်တစ်ခုအတွင်းမှ တီးတိုးရေရွတ်သံပေါ်ထွက်လာ၏။
“အမှောင်စွမ်းအင်လား...၊ အမှောင်မျိုးနွယ်က ကျင့်ကြံသူတွေ လျှပ်စီးနယ်မြေထဲရောက်နေတာလား...”
ထိုသူသည် အနည်းငယ်အိုမင်းနေဟန်ရပြီး လျှိုမင်ယွမ်တို့၏ အဖြစ်အပျက်ကို စောင့်ကြည့်နေခဲ့၏။
ထို့ကြောင့် အမှောင်စွမ်းအင်များ ထွက်ပေါ်လာခြင်းကို သတိထားမိသွားသည်။
ထို့နောက် သူက တိတ်တတိတ်နှင့် သူ၏ စိတ်အာရုံကို လျှိုမင်ယွမ်၏ အပေါ်တွင် ပစ်မှတ်ထားလိုက်၏။
သီတင်းကျွတ် အခါသမယမှ စ၍ အားလုံးကျန်းမာ ချမ်းသာ
ဘေးဘယာကင်းကွာ၍
လိုရာဆန္ဒပြည့်ကြပါစေခင်ဗျာ။