ဆုအကြီးကြီး ဆွတ်ခူးသည့်အတွက် ဂုဏ်ယူပါတယ် ...
Vol. 4 Ch. 44
အန်လင်း နိုးထလာသည့် သတင်းသည် ကျောင်းတစ်ခုလုံး ပျံ့နှံ့သွားသည်။
ကန့်သတ်မဲ့ပြိုင်ပွဲ ပြီးသည့်နောက်တွင် အန်လင်းသည် ကျောင်းတော်၌ အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
သူ့မျိုးဆက်ထဲတွင် ပြိုင်ဘက်ကင်း ကျက်သရေရှိ တင့်တယ်လွန်းသူအဖြစ် ညွှန်းဆိုခြင်း ခံရသည်။
ကျောင်းသားများသည်လည်း တစ်ယောက်ပြီး တစ်ယောက် လာရောက်ကာ အသိအမှတ်ပြုသည့် အနေဖြင့် လက်ဆောင်များ ပေးကြသောကြောင့် သိုလှောင်ခန်း တစ်ခုလုံးတွင် လက်ဆောင်များဖြင့် ပြည့်နေတော့သည်။
ရိုးရိုးသားသား ပြောရမည် ဆိုလျှင် သူ့အခုလက်ရှိ ခံစားချက်များကို ဖော်ပြသည့်အခါတွင် အလွန်အမင်း မြှောက်လုံး ပင့်လုံးများသည်ပင်လျှင် လုံလောက်မှု မရှိချေ။
သူယခု ခံစားနေရသည်မှာ “အလွန်အမင်း အစစ်အမှန် အလွန်အကြူး မြှောက်ပင့်ခံနေရခြင်း ... ”
ကျောက်စိမ်းယုန်သည်လည်း အန်လင်း အဆင်ပြေကြောင်းနှင့် သူ့ဦးနှောက်တွင် မည်သည့် ပြဿနာမျှ ဖြစ်ပွားခြင်း မရှိကြောင်း သေချာပြီးသည့်နောက်တွင် လစန္ဒာနန်းတော်သို့ ပြန်သွားပြီ ဖြစ်သည်။
အန်လင်းနိုးလာသည်ကို မြင်သည့်အခါ စုရှောင်လန်၏ မျက်လုံးများသည် နီရဲလာသည်။ ထို့နောက်တွင် ရွှေရောင် တောက်ပနေသည့် ဓားတစ်လက်အား ကမ်းပေးလိုက်သည်။
ထိုဓားသည် အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်ပြီး ကန့်သတ်မဲ့ ပြိုင်ပွဲတွင် အန်လင်း အနိုင်ရရှိမှုကြောင့် ရရှိသော ဆုဖြစ်သည်။
ဆုပေးပွဲ အခမ်းအနား ကျင်းပစဉ်က အန်လင်းသည် မေ့မျောနေဆဲ ဖြစ်သည့်အတွက် စုရှောင်လန်သည် အန်လင်းကိုယ်စား ဆုကို လက်ခံထားခြင်း ဖြစ်သည်။
ထို့အပြင် အန်လင်းသည် အင်မော်တယ်အဆင့် ဇယားတွင် နံပါတ်စဉ် ချိတ်ခဲ့သည့် အတွက်ကြောင့် ကျောက်စိမ်းစေတီ အတွင်းတွင် ခန္ဓာကိုယ် ကျင့်ကြံရန် အခွင့်အရေးလည်း ရရှိထားသည် ဖြစ်သည်။ သို့ပေမဲ့လည်း ကျောက်စိမ်းစေတီ ဖွင့်သည့် အချိန်၌ သူသည် သတိမေ့မျောနေဆဲ ဖြစ်သည့်အတွက် ထိုအခွင့်အရေးအား လွဲချော်ခဲ့ပြန်သည်။
ကန့်သတ်မဲ့ပြိုင်ပွဲတွင် အလွန်ကောင်းမွန်စွာ အစွမ်းပြနိုင်ခဲ့သည့် အတွက် အန်လင်းသည် နတ်ဘုရား သင်္ချိုင်းတောင်သို့ ဝင်ရောက်ခွင့်ရသည်။ အင်မော်တယ် အဆင့်ဇယား၏ ထိပ်ဆုံး ဆယ်ယောက်နှင့် အတူ ဝင်ရောက်ကာ တာအိုအား နားလည် သဘောပေါက်စေရန် လေ့လာခွင့် ရခဲ့သည်။ သို့ပေမဲ့လည်း နတ်ဘုရားသင်္ချိုင်းတောင် ဖွင့်သည့်အချိန်၌ သူသည် သတိလစ်နေဆဲ ဖြစ်သည့်အတွက် ထိုအခွင့်အရေးအားလည်း လက်လွှတ်ခဲ့ရပြန်သည်။
အန်လင်းသည် နိုးထလာသည့် အခါမှသာ ထိုအကြောင်းများကို သိလိုက်ရသဖြင့် သူ့မျက်နှာတွင် မျက်ရည်ချောင်း စီးလာတော့သည်။ ထိုကဲ့သို့သော ရွှေအခွင့်အရေးများအား လက်လွှတ်လိုက်ရခြင်းကို ရိုးရှင်းစွာ ဖော်ပြ၍ မရနိုင်ချေ။
ထို့အပြင် သူက နှစ်လလုံးလုံး မေ့မျောနေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ သူ့ကိုယ်သူ ဖောက်ခွဲခြင်း၏ အကျိုးဆက်များသည် သူ့ထံတွင် ကျန်ရှိမနေတော့ခြင်းပင်။
နိုးထလာသည့် အချိန်တွင် သူက အားနည်းမှုကို မခံစားရရုံသာမက အရမ်းကို အားမာန်အပြည့်နှင့် တက်ကြွနေသည်ဟု ခံစားရပြီး အကန့်အသတ်မဲ့သည့် စွမ်းအင်များကို ရရှိနေသလိုပင်။ ထိုသည်မှာ မူလဖန်ဆင်းခြင်း ဆေးလုံး၏ သက်ရောက်မှုကြောင့်ပင် ဖြစ်သည်။
အန်လင်းနှင့် စုရှောင်လန်တို့သည် ကျောင်းကွင်းပြင်ကို ဖြတ်လျှောက်သွားကြသည်။
ပြင်းထန်သည့် ဒဏ်ရာများမှ ပြန်လည်သက်သာလာစ ဖြစ်သည့်အတွက် အပြင်ထွက်ပြီး လှုပ်ရှားပေးခြင်းသည် အလွန်တရာ အကျိုးကျေးဇူး များစေသည်။
ထိုအချိန်မှာပင် စုရှောင်လန်သည် အင်မော်တယ် အဆင့်ဇယား၏ အသစ်ပြင်ဆင်မှုများကို ပြောပြနေသည်။
အန်လင်း၏ ကောင်းကင်တာအိုရဲ့ လက်ချောင်းသည် မြေပြင်အား အက်ကွဲစေသည့် အပြင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနိုင်သည့် နည်းစနစ်တစ်ခုလည်း ဖြစ်သည်။
ဘေးကင်းမှု မရှိသည့် အတွက်ကြောင့် အန်လင်း၏ တိုက်ခိုက်နိုင်စွမ်းအား တွက်ချက်သည့် အခါတွင် ထိုတိုက်ခိုက်မှုအား ထည့်သွင်း တွက်ချက်ခြင်း မပြုပေ။
ရလဒ်အနေဖြင့် အန်လင်းသည် အဆင့် ၂၃ တွင် ရပ်တည်နေသည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများအား ထည့်တွက်ခြင်း မရှိလျှင် အန်လင်း၏ အဆင့်သည် အမြင့်ဆုံး ဖြစ်သည်။
ထိုအဆင့်ဇယားသည် ကျောင်းတော်ရှိ သူ့ရပ်တည်မှုအား အနည်းငယ်သာ ပြောင်းလဲစေခဲ့သည် မဟုတ်။
ကျောင်းသားများသည် သူ့အား ကျောင်းတော်၏ နံပါတ် တစ် ပါရမီရှင်အဖြစ် မြင်နေကြခြင်း ဖြစ်သည်။
ထိုသတင်းကို ကြားသည့်အခါတွင် အန်လင်းသည် ခြောက်သွေ့စွာ ပြုံးလိုက်သည်။ သူ၏ ဟိတ်ဟန်ထုတ်ရန် စားရိတ်သည် လွန်စွာ ကြီးမားလွန်းလှသည်။ သူ့ကိုယ်သူ ဖောက်ခွဲရာမှ သေလုနီးနီး ဖြစ်ခဲ့သည်။ ယခုအခါတွင်လည်း ချန်အယ်၏ မျက်နှာသာပေးမှု အတွက် ပေးဆပ်ရန် မဖြစ်နိုင်လောက်သည့် ပမာဏခန့် တင်ကျန်နေသေးသည်။
ထို ကိုယ့်ကိုယ်ကိုယ် သေစေနိုင်လောက်သည့် နည်းစနစ်အား မည်သို့ပင် ဆိုစေကာမူ ဒုတိယအကြိမ် ထပ်မံ အသုံးပြုလိမ့်မည် မဟုတ်တော့ချေ။
ဝမ်ရွှမ်ကျန့်သည် အန်လင်းကြောင့် သတိလစ် သွားခဲ့သော်လည်း သူ၏ တိုက်ခိုက် နိုင်စွမ်းသည် တစ်ကျောင်းလုံးတွင် အမြင့်ဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် အဆင့်ဇယား၏ နံပါတ် တစ်နေရာတွင် ရပ်တည်နေဆဲပင်။
လျှိုချန်ဟွမ်သည် အဆင့် ၂ ဖြစ်ပြီး ယန်ချန်းဝူမှာတော့ အဆင့် ၃ ဖြစ်သည်။
ထူးချွန် ပြောင်မြောက်သည့် စွမ်းရည်များကြောင့် ရွှမ်ယွမ်ချန်နှင့် စုချန်းယန်တို့သည် အင်မော်တယ် အဆင့်ဇယား၏ နံပါတ် ၉ နှင့် ၈ နေရာတွင် အသီးသီး ရပ်တည်နေသည်။ ထိုသည်က ကြီးမားသည့် သတင်းတစ်ရပ်ဖြစ်ပြီး ကျောင်းအတွင်း အတော်လေး ဂယက်ထသွားစေခဲ့သည်။
အန်လင်း၏ ဆင့်ခေါ်သားရဲ တပိုင်သည်လည်း အင်မော်တယ်အဆင့်ဇယားတွင် မပါဝင်ခဲ့သည့် အတွက် ဆူပူမှု ဖြစ်ပွားခဲ့သေးသည်။ ထိုဆူပူမှုသည် ကျောင်းသားများ ဆန္ဒပြရာမှ ဖြစ်ပေါ်ခဲ့ခြင်းပေ။ (တပိုင်ကို လောလောဆယ် ကိုယ်ပိုင်သားရဲလို့ ခေါ်တာကနေ ဆင့်ခေါ်သားရဲလို့ ပြောင်းလိုက်မယ်နော်)
သို့ပေမဲ့လည်း ထိုဖြစ်ရပ်အတွက် ကျောင်းမှ တရားဝင် ထုတ်ပြန်ကြော်ငြာချက်မှာ_
“တပိုင်သည် စိတ်ဝိညာဉ်သားရဲ ဖြစ်ပြီး အင်မော်တယ်တစ်ဦး မဟုတ်ပေ။ သူ့ရဲ့ စွမ်းဆောင်ရည်များကို အကဲဖြတ်ရန် စိတ်ဝိညာဉ်သားရဲ အဆင့်ဇယားအား ဦးစွာပြုလုပ်ဖို့ လိုအပ်ပေသည်”
ထိုအကြောင်းကြောင့် အန်လင်းသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
တပိုင်သည် မနေ့ကပင် အန်လင်းထံ လာရောက်လည်ပတ်ခဲ့ပြီး သူ၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့သည်။ သူက ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကာ အကောင်းဆုံး တိုက်ခိုက်ခဲ့ပြီး စွမ်းဆောင်မှု အများအပြား ရှိခဲ့သည်။ သို့သော်လည်း သူ၏ အလုပ်ကြိုးစားမှု အတွက် ဘာတစ်ခုမျှ ပြန်ရရှိခဲ့ခြင်း မရှိချေ။
ထို့အပြင် သူ ကျောင်းတော်ထဲတွင် သွားလာသည့် အခါတိုင်း ကျောရိုးထဲမှနေ စိမ့်ပြီး အေးတက် လာသည်ကို ခံစားနေရသည်။ တစ်ယောက်ယောက်သည် သူ့အား စောင့်ကြည့်လျက် ရှိကာ သူ့အား အသည်းအသန် စားသောက်ပစ်ရန် ကြံစည်နေပုံပင်။
ထိုလူများသည် ခမ်းနားကြီးကျယ်သည့် လူနှင့်ခွေး အတွဲ၏ အနိုင်ယူခံ ခဲ့ကြရသူများ သို့မဟုတ် အန်လင်းရူး ပရိသတ်များသာ ဖြစ်မည်ဟု အန်လင်းက ယုံကြည်ထားသည်။
အမှန်ပင်။ အန်လင်းတွင် ပရိသတ် အများအပြား ရှိနေပြီ ဖြစ်သည်။
သူသည် စူပါစတား တစ်ယောက် ဖြစ်နေလေပြီ။
စုရှောင်လန်နှင့် လမ်းလျှောက် နေစဉ်တွင် တောင်မှ ကျောင်းသားများစွာသည် သူ့အနောက်တွင် စီတန်းလျက် လိုက်ပါနေကြသည်။
အန်လင်းသည် သက်ပြင်းအသာ ချလိုက်မိသည်။ နာမည်ကြီး စူပါစတားတွေကို ကိုးကွယ်တဲ့ အလေ့အထက ကျင့်ကြံခြင်း ကမ္ဘာမှာတောင် ရှိနေတုန်းပဲလား ... ။
ကောင်းကင်တာအိုရဲ့ လက်ချောင်း၏ ပုံရိပ်သည် အခြား ကျောင်းသားများအပေါ် လွှမ်းမိုး နိုင်စွမ်းအား သူလျှော့တွက် ခဲ့မိသည်။
ကောင်းကင်တာအိုရဲ့ လက်ချောင်းအကြောင်း တွေးမိသည့်အခါတွင် ချန်းချန်းအား အမှတ်ရလိုက်မိသည်။
ထိုမျှလောက် ကြောက်မက်ဖွယ် တိုက်ကွက်အား သင်ယူနိုင်ခဲ့ခြင်းမှာ ချန်းချန်းကြောင့် ဖြစ်သည်။ ချန်းချန်းသည် သေချာပေါက်ကို မရိုးရှင်းပေ။
“အိုး ... ဟုတ်သားပဲ ... ချန်းချန်းကကော အင်မော်တယ် အဆင့်ဇယားမှာ နံပါတ်စဉ် ဘယ်လောက်ချိတ်လဲ ... ”
“ချန်းချန်း ဆိုတာ ဘယ်သူလဲ ... ” စုရှောင်လန်သည် သူမမျက်ခုံးအား နှိပ်နယ်နေရင်း အံ့ဩတကြီး ပြန်မေးလာသည်။
“ဟမ် ... ဝမ်ရွှမ်ကျန့်ကို ကြောက်လန့်တကြားနဲ့ မြေပြင်ပေါ် လဲကျသွားအောင် လုပ်ခဲ့တဲ့ လူလေ ... ”
“ဪ ... အဲလူလား ... သိပ်တော့ မသေချာဘူးနော် ... ဒါပေမဲ့ အင်မော်တယ် အဆင့် ဇယားမှာ သူ့နာမည်ပါတယ်လို့ ငါမထင်ဘူး ... ” စုရှောင်လန်သည် နားလည်သွားသည့် အမူအရာဖြင့် ပြောသည်။
မရေမရာ မသေမချာ ဖြစ်နေတယ် ဟုတ်လား ...
ထိုထိတ်လန့်ဖွယ် ပုံရိပ်များအား ပြန်လည်တွေးမိချိန်တိုင်းတွင် အန်လင်း၏ စိတ်နှလုံးသည် အလွန်တရာ စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ သူမက ချန်းချန်း အကြောင်းကို မေ့တော့မလို့ ဟုတ်လား ... ။
ဆရာတွေက အဲဒီ မြင်ကွင်းကို သေချာပေါက်ကို မြင်ခဲ့တယ် ... အင်မော်တယ် အဆင့်ဇယားမှာ သူမပါနိုင်စရာ အကြောင်းမှ မရှိတော့ဘဲကို ...
အန်လင်းက ခေါင်းခါလိုက်ပြီးနောက် ထိုကိစ္စအား ထပ်မတွေးချင်တော့ပေ။
လူတိုင်းက ဒီကိစ္စကို ပေါင်းပြီးတော့ ဖုံးကွယ်ထားတာပဲ နေမယ် ... ။ မဟုတ်ရင် ဒီလိုမျိုး ဖြစ်စရာ မရှိဘူး။
ကန့်သတ်မဲ့တိုက်ပွဲသည် အန်လင်းအတွက် လုံးဝကို အတွေ့အကြုံကောင်း တစ်ခု ဖြစ်ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည် မဟုတ်ပါလား။
သေစေနိုင်လောက်သည့် နည်းစနစ်ကို ဘေးဖယ်ထားမည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အခြေခံသည် တာအိုခန္ဓာ အဆင့် ၇ မှ တာအိုခန္ဓာ အဆင့် ၉ သို့ တက်ရောက် နိုင်ခဲ့သည်။ ထို့အပြင် အဆင့်တစ် အထွတ်အထိပ် မြေကြာပန်း အတတ်နှင့် နတ်ဘုရားခွန်အား နည်းစနစ်တို့တွင် ကျွမ်းကျင် တတ်မြောက်ခဲ့သည်။
ထို့အပြင် အဆင့်နှစ် အင်မော်တယ် ဆေးလုံးအား စားခဲ့ရသေးသည်ကြောင့် အရမ်းကို ခွန်အား ပြည့်ဝကာ တက်ကြွနေသည် မဟုတ်ပါလား။ သူ့ပရိသတ်များထံမှ လက်ဆောင်များ တောင်ပုံရာပုံ ရရှိသေးသည့် အပြင် အဆင့်မြင့် မှော်လက်နက် တစ်ခုအားလည်း ဆုအဖြစ် လက်ခံ ရရှိခဲ့သေးသည်။
တကယ်ကို အကျိုးအမြတ်များစွာ ရရှိသည် မဟုတ်ပါလား ...
အာ ... ဟုတ်သားပဲ ... အင်မော်တယ် အဆင့်ဇယားမှာ နံပါတ်စဉ် ချိတ်လို့ရှိရင် စနစ်က ဆုပေးဦးမယ်လို့ ပြောထားတာပဲ ...
အန်လင်းက သူ့စိတ်ထဲတွင် ရှိသည့် စနစ်အား ဖွင့်လိုက်ကာ ‘အထူးစစ်ဆင်ရေး’ ကဏ္ဍသို့ ဝင်ရောက်လိုက်သည်။
“စစ်ဆင်ရေး အောင်မြင်ပြီးမြောက် သွားသည့်အတွက် ဂုဏ်ယူပါတယ် လက်ခံသူ ... မှော်ရတနာ တစ်မျိုး ကံစမ်းခွင့် ရရှိပါတယ် ... အောက်တွင် ဖော်ပြထားသည်များမှ တစ်ခုရရှိနိုင်ရန် အခွင့်အရေးရှိပါတယ် ... ”
“မှော် လက်နက် (အခု ၁၀၀ ရရှိနိုင်)
စိတ်ဝိညာဉ် လက်နက် (အခု ၅၀ ရရှိနိုင်)
အင်မော်တယ် လက်နက် (၁၀ ခု ရရှိနိုင်)
အတုမဲ့ လက်နက် (၂ ခု ရရှိနိုင်)”
ထိုစာလုံးများအား ကြည့်ပြီးနောက် အန်လင်းမျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် လောင်ကျွမ်းလျက် ရှိသည်။
စနစ်ရဲ့ ကံစမ်းခွင့်ကနေ စိတ်ဝိညာဉ် လက်နက်သာမက အင်မော်တယ် လက်နက်ပါ ကံထူးနိုင်သည် မဟုတ်ပါလား။
သာမန်ကျင့်ကြံခြင်း ဂိုဏ်းများအတွက် စိတ်ဝိညာဉ် လက်နက်များသည် တန်ဖိုးကြီး ရတနာများအဖြစ် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ထိပ်တန်းအဆင့်ရှိ ကျင့်ကြံခြင်း ဂိုဏ်းများ အတွက်မူ အင်မော်တယ် လက်နက် များသည် မရှိမဖြစ် ရတနာများ ဖြစ်သည်။
အတုမဲ့လက်နက်များကို သူမသိသော်ငြား အလွန်အမင်း စွမ်းအားကြီးသည့် လက်နက် ကိရိယာများ ဖြစ်မည်ဆိုတာ သေချာသည်။
အန်လင်းက အငမ်းမရဖြင့် ကံစမ်းမဲ နှိုက်လိုက်တော့သည်။
ရုတ်တရက်ဆိုသလိုပင် စနစ်သည် တောက်ပ လာတော့သည်။
“တင် ဒ လင် ... ”
“ဆုအကြီးကြီး ဆွတ်ခူးသည့် အတွက် ဂုဏ်ယူပါတယ် ... ”
ထိုသို့ ကြားလိုက်သည့် အခါတွင် အန်လင်းသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ မူးလဲ သွားမတတ်ပင်။
ဆုအကြီးကြီး ပေါက်ပြီကွ ...
ကြားသလား ... ဟမ် ... ဆုအကြီးကြီး ပေါက်တယ်တဲ့ ...
အင်မော်တယ် လက်နက်များလား ဟင် ...
အန်လင်းက စနစ်ကို ကြည့်လိုက်သည့် အခါတွင်_
“အတုမဲ့လက်နက် ဖရိုဖရဲ သတ္တုအုတ်ခဲအား ရရှိသည့်အတွက် ဂုဏ်ယူပါတယ် ... ”
“ထိုအုတ်ခဲသည် အလွန်အမင်း မာကျောသည်။ ကမ္ဘာပေါ်တွင် အမာဆုံးသော အုတ်ခဲတစ်ခု ဖြစ်သည်။”
“ထိုအုတ်ခဲ၏ ထောင့်များ အစွန်းများတွင် အနုစိတ် ပုံဖော်ထားပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံးသော လက်ရာတစ်ခု ဖြစ်သည်။”
“ထိုအုတ်ခဲသည် အလွန်နက်မှောင်ကာ ကမ္ဘာပေါ်တွင် အနက်ဆုံးသော အရာ ဖြစ်သည်။”
ဝှစ် ...
အလွန်နက်မှောင်နေသည့် အုတ်ခဲနက် တစ်လုံးသည် အန်လင်းလက်ပေါ်တွင် ပေါ်လာသည်။
အမ် ... ကိုင်ရတာ တော်တော်လေး ကောင်းသားပဲ ... သတ္တုနဲ့ တူလွန်းတယ် ...
အန်လင်း ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေပြီး သွေးများပင် အန်ထွက်တော့မလို ခံစားနေရသည်။
ဒါက အုတ်ခဲတစ်လုံး ဟုတ်တယ်နော် ...
မင်းက ဘယ်လိုပဲ ဖော်ညွှန်းနေပစေ ဒီဟာက သောက်အုတ်ခဲ တစ်လုံးပဲကွ ...
မစင်ပုံလိုပဲ ... နတ်မိမယ်ဆီကပဲ လာပစေ အဓိကအချက်ဖြစ်တဲ့ မစင်ဆိုတာက ပြောင်းမသွားဘူးကွ ...
အေး ... ဒီသောက်အုတ်ခဲက ငါ့ရဲ့ ဆုကြီးလို့ လာမပြောနဲ့ ...
အခြားသူများ တိုက်ခိုက်ချိန်တွင် ဆေဘာဓားများကို ဝှေ့ယမ်းကြသည်။ သူကတော့ ထိုအုတ်ခဲ တစ်လုံးနှင့် ဘာလုပ်ရမည်နည်း။ လှည့်ပတ်ကာ အုတ်ခဲဖြင့် ခေါင်းများအား လိုက်ပေါက် ရမည်လား။
အန်လင်း၏ အမြင်အာရုံထဲတွင် အမည်းစက်များ ပေါ်လာသည်။ ဒဏ်ရာများမှ သက်သာလာပြီး နောက်တွင် သူ့လက်ထဲရှိ အုတ်ခဲသည် သူ့အား အလွန်အမင်း ဒေါသ ထွက်လာစေခဲ့သည် ... ။
***