အသည်းလေးရေ ... လူကြုံမှာချင်နေတာလား ...
Vol. 4 Ch. 45
အချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။ ကျောင်းသားများ အနေဖြင့် သေမျိုးကမ္ဘာသို့ ဆင်းသက်ပြီး တာဝန် ထမ်းဆောင်ရန် သုံးရက်သာလျှင် ကျန်ရှိတော့သည်။
သေမျိုးကမ္ဘာသို့ အဦးဆုံး ဆင်းရမည့် ကျောင်းသားများအဖွဲ့ကို တည်ပြုပြီး ဖြစ်သည်။ နေရာ သုံးနေရာသာလျှင် ရရှိသည့်အတွက် အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား ရွေးချယ် ထားသည်။
ရွှမ်ယွမ်ချန်သည် ကျောင်းသားသစ်များထဲတွင် အသန်မာဆုံး ဖြစ်သည့်် အတွက် ပထမနေရာတွင် ရွေးချယ်ခံရသည်။
သေမျိုးဘာသာစကားတွင် ကျွမ်းကျင်မှု မရှိသည့်အတွက် ကံမကောင်းစွာဖြင့်ပင် စုချန်းရန်သည် ရွေးချယ်ခြင်း မခံရပါ။
ထို့ကြောင့် အင်မော်တယ် အဆင့်ဇယား၏ အဆင့် ၂၅ ဖြစ်သူ စုရှောင်လန်အား စုချန်းရန်နေရာတွင် အစားထိုးလိုက်သည်။
ထို့နောက်တွင် သေမျိုးကမ္ဘာသားဖြစ်သူ ကျောင်းသားအန်လင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် မွေးဖွားကြီးပြင်းရုံတင်မက ထူးချွန်သည့် စွမ်းရည်များကိုပါ ပိုင်ဆိုင်ထားသည် အန်လင်းအား ဆရာများသည် မြင့်မားစွာ မျှော်လင့်ထားကြသည်။ ထို့ကြောင့် ယခုတာဝန်တွင် သူ့အား အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် အန်လင်းသည် အလွန်အမင်း ဂုဏ်ယူနေမိသည်။ အစ်ကိုကြီး ချန်သည်ပင်လျှင် သူ၏ အဖွဲ့ဝင် ဖြစ်လာသည် မဟုတ်ပါလား။ ဖိအားတွေ များလိုက်တာနော် ... ။
ထိုနေ့တွင် မမျှော်လင့်ထားသည့် ဧည့်သည် တစ်ယောက်သည် သူ့အခန်းရှေ့သို့ ရောက်ရှိ လာခဲ့သည်။
“စီနီယာ လျှို ... ဘယ်လေတိုက်ပြီး ရောက်လာတာတုန်းဗျ ... ”
ဧည့်သည်သည် ကမ္ဘာပေါ်မှ အင်တာနက်အား စွဲလမ်းနေသူ လျှိုချန်ဟွမ် ဖြစ်သဖြင့် အန်လင်းမှာ စိုးရိမ်စိတ်များ ဝင်လာတော့သည်။
အန်လင်းပြန်လည် သက်သာလာစဉ်တွင် လျှိုချန်ဟွမ်သည် တစ်ခေါက်လာရောက် လည်ပတ်ခဲ့ပြီး ဖြစ်သည်။
အန်လင်းအား သတိရလွန်းသဖြင့် သူမရောက်လာခြင်း မဟုတ်ပေ။ တစ်ခုခုအား သေချာပေါက် ဖုံးကွယ် ထားလိမ့်မည်။
“ဟီးဟီး ... အန်လင်းရေ ... ငါ့ကို သတိရနေတာလား ... ” လျှိုချန်ဟွမ်က နူးညံ့စွာ ဆိုသည်။
သူမမျက်နှာတွင် အပြုံးပန်းကလေးများ ပွင့်ဖူးလာကြပြီး သူမ၏ ခရမ်းရောင် မျက်ဝန်းများသည် တလက်လက် တောက်ပလျက် ရှိနေသည်။
“အဟမ်း ... စီနီယာ လျှို ... ပြောစရာရှိတာ ပြောပါဗျ ... ” အန်လင်းသည် လျှိုချန်ဟွမ်၏ စကားပြောသည့် အပြုအမူကို မည်သို့မျှ သည်းမခံနိုင်ချေ။
လျှိုချန်ဟွမ်သည် သက်ပြင်း အသာချပြီးနောက် စိတ်ပျက်သည့် အကြည့်များဖြင့် ... “အန်လင်း ... နင်စကားပြောတဲ့ အခါမှာ ပိုပြီးတော့ သဘောကျချင်စရာ ကောင်းအောင် မပြောတတ်ဘူးလား ... ဟမ် ... ဒီလိုပုံမျိုးနဲ့ဆိုရင်တော့ နင့်အတွက် တာအို လက်တွဲဖော်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးနော် ... ”
ထိုသို့ ကြားလိုက်ရသည့် အခါတွင် အန်လင်းရင်ထဲတွင် တင်းကျပ်လာတော့သည်။ “ခင်ဗျားရဲ့ စိတ်တိုချင်စရာ ကောင်းတဲ့ အပြောအဆိုနဲ့ရော တာအိုလက်တွဲဖော် ရှာတွေ့မယ်လို့ ထင်နေတာလား ... ”
လျှိုချန်ဟွမ်သည် အောင်ပွဲခံသည့် သဘောဖြင့် နှုတ်ခမ်းကို တွန့်ကွေး လိုက်သည်။ “ငါက ရာနဲ့ချီတဲ့ မေတ္တာစာတွေကို မီးရှို့ပစ်ခဲ့တာပါနော် ... ဘာပြောချင်သေးလဲ ... ”
ထိုသို့ကြားလိုက်ရသည့် အခါတွင် အန်လင်းရင်ထဲ၌ နာကျင်လာမိသည်။ ငါ့စိတ်တွေ နာကျင်လိုက်တာနော် ...
“နတ်ဘုရားမလေး လျှို ရောက်ရှိလာသည့် အတွက် ဂုဏ်ယူမိပါတယ် ခင်ဗျာ ... ဘယ်လို အကြောင်းမျိုးများ ရှိလို့ ရောက်လာတာပါလဲ ဗျ ... ” အန်လင်းက ရှုံးနိမ့်သည်ဟု ခံစားနေရပြီး သူ့အသံတွင် စိတ်တိုသည့် အရိပ်အယောင်များ ပါနေသည်။
“ကောင်းပါပြီဟယ် ... ငါဒီကို ရောက်လာတာက နင့်ကို မေးစရာ ရှိလို့ပါ ... ” အန်လင်းက သူမနှင့် အသေးအဖွဲလေးများအား ငြင်းခုံမည့်ဟန် မရှိတော့သဖြင့် လျှိုချန်ဟွမ် မျက်နှာတွင် ရိုးသားသည့် သွင်ပြင် ပေါ်လာသည်။
“ပြောလေ ... ဘာအကြောင်း မို့လို့လဲ ... ”
ခက်ခဲသည့်အရာ မဟုတ်ဘူးဆိုလျှင် အန်လင်းက ကူညီပေးရန် ဆန္ဒရှိသည်။
“နင်က သေမျိုးကမ္ဘာကို သွားမှာလေ ... ဟုတ်တယ်မလား ... ငါက ပစ္စည်းဝယ်ဖို့ လူကြုံလေး မှာလိုက်ချင်လို့ပါ ... ” လျှိုချန်ဟွမ် မျက်နှာတွင် စိတ်အား ထက်သန်သည့် အကြည့်များနှင့် ဖြစ်သည်။
“လူကြုံမှာမယ် ဟုတ်လား ... ” အန်လင်း မျက်လုံးများသည် ဂနာမငြိမ် ဖြစ်လာသည်။ ဘာလို့ တခြားသူတွေ အားလုံးက ကမ္ဘာခြားကနေ လူကြုံမှာ နေကြတာတုန်း ... တခြား ဂြိုဟ်သားတွေ အတွက်ရော လူကြုံဝယ်ပေးဖို့ လိုသေးသလားဗျ ...
“ဘာတွေ ဝယ်ချင်လို့တုန်း ... ”
“အင်း ... သိပ်တော့ မများပါဘူး ... League of Legends, Overwatch, Arena of Valor, Onmyoji နဲ့ တခြားဂိမ်းတွေ ထည့်ထားတဲ့ နောက်ဆုံးပေါ် laptop တစ်လုံး ... နောက်ဆုံးပေါ် စပီကာတစ်လုံးနဲ့ အိုင်ဖုန်း 8 နှစ်လုံး ပြီးရင် ၆၅ လက်မ Sony 4k ultra HD TV တစ်လုံး လိုချင်သေးတယ် ... ”
လျှိုချန်ဟွမ်က တတွတ်တွတ် ပြောနေသော်လည်း အန်လင်းမျက်နှာသည် မည်းမှောင် လာနေပြီ ဖြစ်သည်။
ဒါက မများဘူးလား ... ဟမ်း ... ဒါကြီးက သောက်ရမ်းကို များမနေဘူးပေါ့ ...
အခန်းထဲတောင် ဆန့်ပါ့မလား ဒါတွေက ...
“အဲဒါတွေ အကုန်လုံးကို ကျွန်တော် တစ်ယောက်တည်း မသယ်နိုင်ဘူးလေဗျ ... ဒီလိုဆိုရင်ကော အဲဒီပစ္စည်းတွေကို စုစည်းညီညွတ် ကျောင်းတော်ဆီ သင်္ဘောနဲ့ ပို့ခိုင်းလိုက်လို့ ရလားဗျ ... ” အန်လင်းက သရော်ကာ ပြောလိုက်သည်။ သူ့စိတ်ကို တည်ငြိမ်အောင် မနည်း ကြိုးစားနေရခြင်း ဖြစ်သည်။
ဟာသပဲဗျ ... အဲဒီပစ္စည်းတွေနဲ့ဆို တောင်ကုန်း အသေးလေး တစ်လုံးလောက်တောင် ဖြစ်လာနိုင်တယ်ဗျ ...
“အဲဒါနဲ့ ပတ်သက်လို့ ငါအကုန်လုံး စဉ်းစားပြီးပါပြီဟယ် ... ” လျှိုချန်ဟွမ်က လက်စွပ်တစ်ကွင်း ထုတ်လိုက်ပြီးနောက် ပြုံးကာဖြင့် “ဒီသိုလှောင် လက်စွပ်က ပေတစ်ရာ ပတ်လည်လောက် ကျယ်တယ် ... ဒါက အဆင့်မြင့် သိုလှောင် လက်စွပ်ဖြစ်ပြီး ကာလတန်ဖိုး စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းလောက် တန်တယ် ... ”
“သာမန်ကျင့်ကြံခြင်း ဂိုဏ်းတွေရဲ့ အကြီးအကဲတွေတောင် ဝယ်ဖို့ မတတ်နိုင်ဘူးနော် ... ဒီသိုလှောင်လက်စွပ်ကို လူကြုံ ဝယ်ပေးတဲ့အတွက် အဖိုးအခလို့ သတ်မှတ်လိုက်ပေါ့ဟယ် ... ”
“ဒီဟာ ... ” အန်လင်းမျက်လုံးများက ပြူးကျယ် လာကြသည်။ ထိုသိုလှောင် လက်စွပ်သည် သူ့အား အလွန်ဖြားယောင်းလျက် ရှိနေသည်။
“ဒါနဲ့ လက်စွပ် ပုံစံလေးကို ပြောင်းလို့ရသေးလားဗျာ ... ” အန်လင်းက ခါးသီးစွာ ပြုံးလိုက်သည်။
လျှိုချန်ဟွမ် လက်ထဲရှိ သိုလှောင် လက်စွပ်သည် ... . ပန်းရောင် ဖြစ်နေသည့်အပြင် ပန်းပွင့်ပုံ ထွင်းထု ထားသေးသည်။
အန်လင်းသာ ထိုလက်စွပ်အား ဝတ်လိုက်မည် ဆိုလျှင် ... ... .
သူ့အား ပုံမှန်မဟုတ်သည့် လူတစ်ယောက်အနေဖြင့် ရှူမြင်ကြလိမ့်မည် ဖြစ်သည်။
“ဘာလို့တုန်း ... ဒီလက်စွပ်က အရမ်းလှတာပဲကို ... ” လျှိုချန်ဟွမ်က စဉ်းစား မရနိုင်အောင် ရှိနေသည်။
“ကျွန်တော့်ရဲ့ နေရာလေးကနေ နည်းနည်းလောက်များ စဉ်းစား မပေးနိုင်ဘူးလားဗျာ ... ” အန်လင်းသည် ပြောစရာစကားများပင် ဆွံ့အသွားခဲ့ရသည်။
“အာ ... စဉ်းစားကြည့်တာပေါ့ ... ငါသာ နင့်နေရာမှာ ဆိုရင် တကယ်ကို သဘောကျမိမှာ ... ပန်းရောင်က အရမ်းကို လှတယ်လေ ... ” လျှိုချန်ဟွမ်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူမခေါင်းလေးအား အသာ စောင်းလိုက်သည်။
အန်လင်း နှလုံးသားလေးမှာ ဆုပ်ကိုင်ထားသလို ခံစားရပြီး နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်လာတော့သည်။
ဒါက ကျုပ်ဘက်ကနေ စဉ်းစားတယ်လို့ ခေါ်တာလား ဟမ် ...
ဒီမိန်းမရဲ့ စိတ်အခြေအနေက ပုံမှန်ရော ဟုတ်ကြရဲ့လားဗျာ ...
ကံကောင်းစွာဖြင့်ပင် လျှိုချန်ဟွမ်တွင် အခြားသိုလှောင် လက်စွပ်တစ်ကွင်း ရှိနေသေးသည်။ အန်လင်းသည် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် အသနားခံပြီးသည့် နောက်တွင်မှ ငွေရောင် သိုလှောင်လက်စွပ်ဖြင့် လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်စွပ်သည် ကြည့်ကောင်းသည့် သွင်ပြင် ရှိမနေသော်ငြား ပန်းရောင် လက်စွပ်ထက် အပုံကြီး သာသေးသည်။
အန်လင်းအား သူမလိုချင်သည့် ဈေးဝယ်စာရင်း ပေးပြီးသည့်နောက်တွင် လျှိုချန်ဟွမ် ပြန်သွားတော့သည်။
အန်လင်းသည် အလွန်ပီတဖြစ်လျက်နှင့် သိုလှောင်လက်စွပ်အား ဝတ်ဆင်လိုက်သည်။ ထိုငွေရောင် သိုလှောင် လက်စွပ်သည်လည်း အဆင့်မြင့် သိုလှောင်လက်စွပ် ဖြစ်သည်။ ထိုလက်စွပ် များသည် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းခန့် တန်ကြေးရှိသည်။
ကျင့်ကြံခြင်းကမ္ဘာတွင် ထိုကဲ့သို့ အဆင့်မြင့် သိုလှောင် လက်စွပ်များသည် ရတနာတစ်ပါး ဖြစ်သည်။ သေမျိုးကမ္ဘာမှ ပစ္စည်းများအား လမ်းကြုံဝယ်ပေးခဲ့ခြင်းဖြင့် သိုလှောင် လက်စွပ်တစ်ကွင်း ရရှိလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဘယ်လိုလုပ်ပြီး မပျော်ဘဲ နေနိုင်မည်နည်း။
အန်လင်းသည် သိုလှောင်လက်စွပ်အား စိတ်မရှည်စွာဖြင့် သန့်စင်ပြီးနောက် သူ၏ အနက်ရောင် အုတ်ခဲနှင့် ဓားတို့ကို ပစ်ထည့်လိုက်သည်။
သူက အခြားသော ပစ္စည်းများထဲမှနေ ဆေးရည်များ၊ အဆောင်လက်ဖွဲ့များ၊ ဝင်္ကပါပြားများကို ကောက်ယူပြီးနောက် သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တော့သည်။ သူ့အခန်းပတ်လည်တွင် ပြန့်ကျဲလျက်ရှိသည့် လက်ဆောင်ပစ္စည်းများ အားလုံးသည် သူ၏ ချစ်လှစွာသော ပရိသတ်များမှ ပေးပို့ထားခြင်း ဖြစ်သည်။
သိုလှောင်လက်စွပ်အား အလွန်နှစ်သက်စွာ ကြည့်နေစဉ်မှာပင် အတွေးတစ်ခုသည် သူ့စိတ်ထဲ ရောက်ရှိလာသည်။ ထိုအတွေးသည် သူ့အား ကမ္ဘာသစ်တစ်ခု၏ တံခါးပေါက်ကို ဖွင့်လှစ် ပေးလိုက် သကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်အား ဖြတ်သန်းကာ သေမျိုးကမ္ဘာသို့ ဆင်းခွင့်ရသည့် အခွင့်အရေးသည် ကျောင်းသားတိုင်း ရရှိသည် မဟုတ်။
သေမျိုးကမ္ဘာမှ ပစ္စည်းများအား နှစ်သက်သူ ကျောင်းသားများ အတွက် ထိုအရာများအား ရရှိရန် ကြီးမားသည့် အခွင့်အရေး တစ်ရပ် ဖြစ်သည်။
သေမျိုးကမ္ဘာမှ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအား ကျင့်ကြံခြင်း ကမ္ဘာတွင် စတင် လိုက်သင့်ပြီလား ... ။
သိုလှောင်လက်စွပ်၏ ထားရှိနိုင်သော ပမာဏ၊ ပစ္စည်းများ သယ်ယူရာတွင် ကြုံတွေ့ရမည့် အခက်အခဲများအရ ကျောင်းသားတစ်ဦးလျှင် စိတ်ဝိညာဉ် ကျောက်တုံး မည်မျှကျသင့်မည်ကို တွက်ချက် လိုက်သည်။
အန်လင်းမျက်လုံးများက အရောင် လက်လာပြီးနောက်တွင် အချိန်ဆွဲ မနေတော့ဘဲနှင့် ဆောင်ရွက်လိုက်သည်။
အန်လင်း၏ ကြော်ငြာသည် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော် တစ်ဝှမ်းတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတော့သည်။
အသည်းလေးရေ ... လူကြုံမှာချင်နေတာလား ...
ကျသင့်သည့် စိတ်ဝိညာဉ်ကျောက်တုံး ပေးနိုင်နေသမျှ ဟောဒီ အန်လင်းလေးက သင်အလိုရှိသမျှ သေမျိုးပစ္စည်းများကို ကူညီပြီး ဝယ်ယူပေးပါ့မယ်ဗျ ... ။ လူတိုင်းလူတိုင်း တန်းတူညီမျှပါပဲ ခင်ဗျာ ... ။ အရည်အသွေးပိုင်းလည်း အာမခံပါတယ်ဗျ ... ။
ထိုသတင်းသည် ကျောင်းတစ်ကျောင်းလုံးသို့ မုန်တိုင်းသဖွယ် ရိုက်ခတ်သွားသည်။
အန်လင်းက ဘယ်သူလဲ ... ။
ကျောင်းရဲ့ နာမည်ကြီး စူပါစတား တစ်ယောက်လေ ... ။
ထို့အပြင် သူသည် သေမျိုးကမ္ဘာမှ လာသူ ဖြစ်သည့်အတွက် ထိုနေရာနှင့် အလွန် ရင်းနှီးပေသည်။
ထို့ကြောင့် သူသည် ယုံကြည်နိုင်သူ တစ်ဦးဖြစ်သလို အရည်အသွေးပိုင်းနှင့် ပတ်သက်၍လည်း အာမခံပေးနိုင်သူ ဖြစ်သည်။
ထိုသို့ဖြင့် သေမျိုးကမ္ဘာမှ ယဉ်ကျေးမှု အလေ့အထများအား နှစ်သက် သဘောကျသည့် ကျောင်းသားများသည် အန်လင်းထံတွင် တစ်ဦးပြီးတစ်ဦး ပစ္စည်းလာမှာကြတော့သည်။
တချို့က စပီကာများ၊ သီချင်းခွေများ၊ တချို့က မုန့်အမျိုးမျိုး၊ တချို့က စိတ်ဝင်စားစရာ ရုပ်ရှင်များအား ဒေါင်းလော့ လုပ်လာခဲ့ရန်၊ တချို့က မည်သည့် စိတ်ဝင်စားစရာ မဆို ယူလာခဲ့ပေးရန် ... . စသည်ဖြင့် မှာကြသည်။
သုံးရက်အတွင်းမှာပင် အန်လင်းသည် သယ်ယူ ပို့ဆောင်ခ အနေဖြင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်း ရရှိလိုက်တော့သည်။
စိတ်ဝိညာဉ် ကျောက်တုံးများ စုပုံထားသည့် တောင်ပူစာလေးနှင့် သိုလှောင် လက်စွပ် အတွင်းရှိ အမှာစာများကိုကြည့်ကာ ပျော်ရွှင်မှုကြောင့် ထခုန်မိတော့သည်။
***