← Chapters

ပထမဆုံး စိတ်ဝိညာဉ်သားရဲ

Vol. 4 Ch. 47

ပထမဆုံး စိတ်ဝိညာဉ်သားရဲ

Vol. 4 Ch. 47

“သောက်ကျိုးနည်း ...  ငါ့ကို စကားပြောလိုက်တာ နင်လား ... ” အန်လင်းသည် အံ့ဩထိတ်လန့် သွားမိသည်။

အန်လင်းသည် သူဖိကြိတ် ထားမိသည့် သနားစဖွယ် ပန်းပွင့်လေးအား ကြည့်လိုက်သည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည်လည်း ပန်းပွင့်လေး၏ အခြေအနေအား အဝေးမှနေ ခြေတကြွကြွဖြင့် စူးစမ်း သုံးသပ် နေကြသည်။

“ဘူး ဟူး ...  သေချာတာပေါ့ ...  ကျွန်မပဲ ...  ကျွန်မက ဘယ်သူ့တွေကိုများ စော်ကားမိထားလို့ ဒီလို ကံဆိုး မိုးမှောင် ကျရတာများလဲရှင် ...  အဟင့်ဟင့် ... ”

ငြင်သာသည့် အသံလေးဖြင့် ပြောနေရင်းပင် နီစွေးနေသည့် ပန်းပွင့်ငယ်သည် သူမ၏ ပူဆွေး သောကများအား ဖွင့်ထုတ်လျက် ရှိသည်။

အန်လင်းမှာ ကြည့်မိလေလေ ပို၍ အံ့ဩမိလေလေ ဖြစ်သည်။ သူက ဆောင့်ကြောင့်ထိုင်ပြီး ပန်းပွင့်လေးအား ပုတ်လိုက်သည်။ “အရမ်း ထူးဆန်းတာပဲ ...  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အဖြစ် တည်ထောင်ပြီး ကတည်းက စိတ်ဝိညာဉ်တွေကို ဖြစ်တည်ခွင့် မပြုတော့ဘူးဆိုတာ နင့်ကို ဘယ်သူကမှ မပြောကြဘူးလား ... ”

“အို့ ...  နာကျင်လိုက်တာ ...  ရှင်က အခုလိုမျိုး သိပ်ရက်စက်ဖို့များ လိုအပ်သလားရှင် ...  ကျွန်မက သေရတော့မှာရှင့် ...  အဲဒါတောင် ရှင့်အနေနဲ့ အခုလိုမျိုး ညှဉ်းပန်းဖို့ လိုသေးသလား ... ” နီစွေးနေသည့် ပန်းပွင့်ငယ်သည် အန်လင်းအား ကြည့်ကာ နှင်းစက်နှင်းပေါက် များကဲ့သို့ မျက်ရည် တပေါက်ပေါက် ကျကာဖြင့် ငိုချင်းချလေသည်။

ထိုအချိန်မှာပင် ရွှမ်ယွမ်ချန်၏ မျက်နှာတွင် လေးနက်မှုများ ပေါ်လာသည်။ “ကျောင်းသား အန်လင်း ...  ဒီပန်းပွင့် စိတ်ဝိညာဉ်က စိတ်ဝိညာဉ်အမြုတေ ဖြစ်တည်တော့မယ့်ပုံပဲ ...  ဒါပေမဲ့လည်း မင်းက သူ့ကို ဖိကြိတ် လိုက်တာကြောင့် သူ့ပင်စည်က ကျိုးကြေသွားရပြီ ...  ငါစိုးရိမ်မိတာတော့ ပန်းပွင့်လေးရဲ့ သွေးအဆီအနှစ်တွေ အကုန်လုံး ဆုံးရှုံးလိုက်ရပြီဆိုရင် သိပ်မကြာခင်မှာ သူသေဆုံး သွားတော့မယ် ဆိုတာပဲ ... ”

“ဟာ ...  အဲဒါဆိုရင် ဘယ်လိုလုပ်ကြမတုန်း ... ” ရွှမ်ယွမ်ချန်၏ ရှင်းပြချက် အပြီးတွင်တော့ အန်လင်းသည် အပြစ်ရှိသည်ဟု ခံစားမိလာသည်။

ထိုပန်းပွင့်စိတ်ဝိညာဉ်လေးသည် လူသားစကားအား ပြောနိုင်သည် မဟုတ်ပါလား။ ဖြစ်နိုင်သည်မှာ ကောင်းကင်နှင့် မြေပြင်၏ ကောင်းချီးပေးမှုအား ရရှိထားပုံပင်။

ပန်းပွင့်စိတ်ဝိညာဉ်တစ်ခုအနေဖြင့် ထိုအဆင့်တိုင်အောင် ကျင့်ကြံဖို့ရန်မှာ မလွယ်ကူပေ။ အန်လင်း၏ ဖိကြိတ်ခြင်း ခံရမှုကြောင့်သာ သေဆုံးသွားရမည် ဆိုလျှင် အန်လင်းအနေဖြင့် နောင်တကြီးစွာ ရပေလိမ့်မည်။

ရွှမ်ယွမ်ချန်၏ စကားအား ကြားသည့်အခါတွင် နီစွေးနေသည့် ပန်းပွင့်ငယ်သည် သေဆုံး ရတော့မည်ကို သိလိုက်ရသည်။ သူမသည် စတင် တုန်ရီလာပြီးနောက် သတိ လက်လွတ်ဖြင့် ငိုကြွေးတော့သည်။

“ဟင်း ...  ငါတို့ လုပ်နိုင်တာ တစ်ခုတော့ ရှိတယ် ... ” ရွှမ်ယွမ်ချန်က တီးတိုးဆိုသည်။

“ဘာများလဲရှင် ...  မြန်မြန်လေး ပြောပါဦး ... ” ပန်းပွင့် စိတ်ဝိညာဉ်လေးသည် စိုးရိမ်ပူပန်စွာ ပြောသည်။ ပန်းပွင့်စိတ်ဝိညာဉ်လေးသည် အလွန်အမင်း အားနည်းနေပြီ ဖြစ်ကြောင့် သေဆုံး တော့မည်ပင်။

“ဒီပန်းပွင့်စိတ်ဝိညာဉ်ရဲ့ ပင်စည်က ကျိုးကြေသွားတဲ့ အတွက် သူရဲ့ စွမ်းအင် အဆီအနှစ်တွေ အားလုံးက အဆက်မပြတ် ကုန်ဆုံးနေတယ် ... ”

“ကျင့်ကြံသူ တစ်ယောက်နဲ့သာ သခင်နဲ့ အစေခံအဖြင့် ချုပ်ဆိုလိုက်မယ် ဆိုရင်တော့ ကျင့်ကြံသူက သူတို့ရဲ့ သခင်နဲ့ အစေခံ ပတ်သက်မှုက တစ်ဆင့် ဒီပန်းပွင့်စိတ်ဝိညာဉ်ကို စွမ်းအင်တွေ ထောက်ပံ့ပေးလို့ ရတယ် ...  ဒီနည်းနဲ့ပဲ သူ့ရဲ့ စွမ်းအင် အဆီအနှစ်တွေ လျော့ပါးတာကို ဖြေရှင်းနိုင်လိမ့်မယ် ... ”

“စိတ်ဝိညာဉ်အမြုတေ မဖြစ်တည်ခင်မှာ ပြန်ကောင်း သွားမယ် ဆိုရင်တော့ အန္တရာယ်ရှိတဲ့ အခြေအနေကနေ ကင်းလွတ် သွားပါပြီ ... ” ရွှမ်ယွမ်ချန်က အလေးအနက် ဆိုသည်။

ပန်းပွင့် စိတ်ဝိညာဉ်လေး အတွက် သေခြင်း ရှင်ခြင်း အခြေအနေ တစ်ရပ် ဖြစ်သည်။ ထို့အတွက်ကြောင့် သူမသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းခြင်း မရှိဘဲနှင့် “ဆန္ဒ ရှိပါတယ်ရှင် ...  ကျွန်မ အဲဒီလို လုပ်ချင်ပါတယ် ... ”

ထိုသို့ ပြောပြီးနောက် သူ့အား ဝန်းရံနေသည့် လူသုံးယောက်အား သနားစဖွယ် ကြည့်လိုက်သည်။

ထိုသုံးယောက်သည် ကျင့်ကြံသူများ ဖြစ်သည်ကို ပန်းပွင့်လေး သိသည်။ တစ်ယောက် သာလျှင် သဘောတူမည် ဆိုပါက သူမ အသက်ရှင်သန် နိုင်ပေမည်။

“ငါ့ရဲ့ သွေးမျိုးဆက်ကြောင့် ပရမ်းပတာ ချုပ်ဆိုလို မရဘူး ... ” စုရှောင်လန်က ဦးဆုံးပြောသည်။

“ငါလေ့ကျင့်တဲ့ ကျင့်ကြံနည်းစနစ်က အတော်လေး ထူးခြားတယ် ...  အဲဒါကြောင့် ငါလည်းပဲ ပရမ်းပတာတွေ ချုပ်ဆိုလို့ မရဘူး ... ” ရွှမ်ယွမ်ချန်သည်လည်းပဲ လေးနက်သည့် အမူအရာဖြင့် ပြောသည်။

ထို့ကြောင့်ပင် ထိုလူနှစ်ယောက်နှင့် စိတ်ဝိညာဉ် တစ်ခုသည် အန်လင်းအား ကြည့်လာကြတော့သည်။

အန်လင်း  “ ... ”

ပန်းပွင့်စိတ်ဝိညာဉ်လေးအား သေဆုံးလုနီးနီး ဖြစ်အောင် ဖိကြိတ်ခဲ့သူ ဖြစ်သည့်အတွက် ထိုတာဝန်အား သူယူရပေမည်။

သူက တာဝန်ယူမှု မရှိသည့် လူတစ်ယောက် မဟုတ်ရဘဲ ထိုအခြေအနေအား နားလည်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

“အင်း ...  ဒါနဲ့ နင် ပျံနိုင်လား ... ” အန်လင်းသည် ပန်းပွင့် စိတ်ဝိညာဉ်လေးအား ကြည့်ကာ ပြောသည်။

သူသည် တပိုင်လိုမျိုး စိတ်ဝိညာဉ် သားရဲတစ်ကောင်အား ပျိုးထောင်ချင်မိသည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထိုပန်းပွင့် စိတ်ဝိညာဉ်အား နည်းနည်းလေးမျှပင် စိတ်ဝင်စားခြင်း မရှိချေ။

သူမ၏ ရှင်သန်မှုသည် အန်လင်းအပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် အန်လင်း၏ မေးခွန်းအား ကြားလိုက်ရသည့် အခါတွင် မျက်ရည်များ ကျဆင်းတော့မတတ်ပင်။ “ရှင့်အနေနဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ပန်းပွင့်တွေများ မြင်ဖူးခဲ့သလားရှင် ... ”

အန်လင်းသည် စိတ်ပျက်စွာဖြင့် သက်ပြင်း ချလိုက်ပြီးနောက် ဆက်လက်ပြီး မေးခွန်း ထုတ်လိုက်သည်။ “အဲတော့ နင့်မှာ အထူးစွမ်းရည်တို့ ဘာတို့များ ရှိသလား ... ”

“အထူးစွမ်းရည်လား ... ” ပန်းပွင့် စိတ်ဝိညာဉ်လေးသည် ခေတ္တမျှ တွေးတောပြီးနောက် ပျော်ရွှင်စွာဖြင့် “ကျွန်မရဲ့ အမြစ်တွေက ကြီးထွားနိုင်တယ် ...  ကျွန်မက နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်နိုင်တယ် ...  ကျွန်မ ကျင့်ကြံနိုင်သေးတယ်ရှင့် ...  ”

အန်လင်း“ ... ”

ရွှမ်ယွမ်ချန်  “ ... ”

စုရှောင်လန် “ ... ”

ထိုလူသုံးယောက်၏ အမူအရာအား မြင်သည့်အခါ ပန်းပွင့် စိတ်ဝိညာဉ်လေးသည် ထိုအရည်အချင်းများမှာ သူတို့လိုချင်သည့် အရာများ မဟုတ်သည်ကို နားလည် သွားသည်။ သူမသည် အနည်းငယ် တုန်ယင်လာပြီးနောက် အန်လင်းအား သနားစဖွယ် ကြည့်လိုက်သည်။

အန်လင်းသည် သူ့နဖူးအား ရိုက်ကာဖြင့် သက်ပြင်းချလျက် “ထားလိုက်တော့ ...  ဘာပဲဖြစ်ဖြစ် ဒါက ငါ့အမှားပဲလေ ...  ချုပ်ဆိုကြတာပေါ့ ... ”

ထိုသို့ကြားသည့်အခါတွင် ပန်းပွင့်လေးဆီမှ မျက်ရည်များ တစိမ့်စိမ့် စီးကျလာသည်။ “အား ...  ကျေးဇူးတင်ပါတယ်ရှင် ...  ကျေးဇူးတင်ပါတယ် ...  အစ်ကိုကြီး အန်လင်းက တကယ်ကို ကောင်းလွန်းတဲ့ လူတစ်ယောက်ပါ ... ” သူမက ရှိုက်ငိုလိုက်သည်။

“ငါ့ကို လူကောင်းဆိုပြီး သာမန်ကာလျှံကာ တံဆိပ်မကပ်ပါနဲ့နော် ... ” အန်လင်းသည် ပန်းပွင့် စိတ်ဝိညာဉ်လေးအား စိုက်ကြည့်လိုက်သည်။

ပန်းပွင့် စိတ်ဝိညာဉ်လေးသည် ကြောက်လန့်တကြား အနောက် ဆုတ်လိုက်ပြီးနောက် သူမ ဘာမှားသွားသလဲ မသိပေ။

အန်လင်းသည် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်တွင် ရှိစဉ် သခင်နှင့် အစေခံအဖြစ် ချုပ်ဆိုသည့် အင်မော်တယ် မန္တန်အား သင်ကြားခဲ့ရသည်။ ထိုမန္တန်သည် ထိုမျှလောက် လျင်မြန်စွာ အသုံးဝင် လာလိမ့်မည်ဟု တွေးမကြည့်ဖူးပေ။

များပြားလှသည့် လက်တံဆိပ်များကို ဖွဲ့စည်းပြီးနောက် စိတ်စွမ်းအင် အများအပြား စုပြုံလာသည်။ ချက်ချင်းဆိုသလိုပင် လက်ချောင်းအား ကိုက်ဖြတ်လိုက်ပြီး လက်ချောင်းထိပ်မှ ရွှေရောင်ပြေးများ ပါဝင်သည့် သွေးတစ်စက် ပေါ်ထွက်လာသည်။

“အခု နင့်ရဲ့ ခုခံနိုင်စွမ်းတွေ အားလုံးကို ခဝါချပြီး ငါ့သွေးစက်ကို လက်ခံရမယ် ... ” အန်လင်းက ပန်းပွင့် စိတ်ဝိညာဉ်လေးအား ပြောသည်။

ထိုသို့ပြောရင်း ပန်းပွင့် စိတ်ဝိညာဉ်လေး၏ ပွင့်လွှာပေါ်သို့ ရွှေရောင် သွေးအဆီအနှစ် တစ်စက်အား ချပေးလိုက်သည်။

ထိုသွေးအဆီအနှစ်သည် ပန်းပွင့် စိတ်ဝိညာဉ်လေး၏ ကိုယ်ထည် အတွင်းသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။ ပန်းပွင့် စိတ်ဝိညာဉ်လေးသည် ညင်သာစွာ ညည်းညူ လိုက်ပြီးနောက် စတင်၍ တုန်ယင်လာသည်။

များမကြာမီအချိန်မှာပင် အန်လင်းသည် သူနှင့် ထိုပန်းပွင့် စိတ်ဝိညာဉ် လေးတို့တွင် ဖျက်ဆီးလို့ မရနိုင်သည့် ဆက်သွယ်ချက်တစ်ခု ရှိသွားပြီဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအင် အဆီအနှစ်များသည် လေထဲမှတဆင့် ပန်းပွင့် စိတ်ဝိညာဉ်လေးထံ စီးဆင်းသွားသည်။

အန်လင်းသည် သက်ပြင်း ချလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ပန်းပွင့် စိတ်ဝိညာဉ်လေးအား ကောက်ယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့ကြောင့်ပင် ယနေ့မှစ နောက်များတွင် အန်လင်းထံတွင် ပြုစုယုယရမည့် စိတ်ဝိညာဉ် သားရဲတစ်ကောင် အဖတ်တင်နေပြီ ဖြစ်သည်။

“အား ... . သခင့်ရဲ့ အိတ်ကပ်က နွေးနေတာပဲနော် ...  ကြိုက်လိုက်တာရှင် ... ”

အသက်စွမ်းအင်များ ဖြည်းညင်းစွာဖြင့် ပြန်လည် ကောင်းမွန်နေသည်ကို ခံစားမိသည့် အတွက် ပန်းပွင့် စိတ်ဝိညာဉ်လေးသည် သခင်ဖြစ်သူအား မျက်နှာချိုသွေးကာ ပျော်ရွှင်လာအောင် ပြုလုပ်ပေးရမည် ဖြစ်သည်။ အနာဂတ်တွင် သူ၏ စိတ်ဝိညာဉ် အမြုတေ ဖြစ်တည်လာရန်မှာလည်း သခင့်ထံတွင် မှီတည် နေသည်လေ။

အန်လင်းက ဟွန့်ခနဲ အသံပြုပြီးနောက် “နင်က ငါ့ရဲ့ စွမ်းအင် အဆီအနှစ်တွေကို နေ့တိုင်းစားလို့ ရတယ် ...  ဒါပေမဲ့ နောက်ကျရင် ပြန်ပေးရမယ် ဆိုတာ သိထားနော် ...  တစ်နေ့ကို စိတ်ဝိညာဉ် ကျောက်တုံး တစ်ရာပဲ ...  ဈေးဆစ်လို့ မရဘူးမှတ် ... ”

“အိုး ...  ကောင်းပါပြီရှင် ... ” ပန်းပွင့် စိတ်ဝိညာဉ်လေးသည် အလျင်အမြန်ပင် သဘောတူ လိုက်သည်။

သူမက စိတ်ဝိညာဉ် ကျောက်တုံးဆိုသည်ကို မသိသော်လည်းပဲ အရင်ဦးဆုံး သဘော တူညီလိုက်ခြင်းဖြင့် သခင့်အား ဒေါသထွက်ခြင်း မဖြစ်စေတော့ပေ။ သူမလည်း အမှားမရှိတော့။

စုရှောင်လန်သည် ထိုသည်ကို မြင်ရသည့်အခါတွင် ရယ်မော မိတော့သည်။ အန်လင်းအား သခင်အဖြစ် မှတ်ယူရခြင်းသည် ထိုပန်းပွင့် စိတ်ဝိညာဉ်လေးအတွက် အမှန်တကယ်ကို သနားစရာ ကောင်းလွန်းသည်။

“ဟုတ်သားပဲ ...  သခင်ရှင့် ...  ကျွန်မမှာလေ နာမည်မရှိသေးဘူး ...  နာမည်လေး ပေးပေးလို့ ရမလားဟင် ... ” ပန်းပွင့် စိတ်ဝိညာဉ်လေးသည် စိတ်ဝိညာဉ် အမြုတေ ဖြစ်တည် လာသည့် အခါတွင် သူမအတွက် နာမည်တစ်ခု ရွေးချယ်ဖို့ စီစဉ်ထားပြီး ဖြစ်သည်။ သို့ပေမဲ့လည်း အန်လင်းသည် သူမ၏ သခင် ဖြစ်လာပြီ ဖြစ်သည်ကြောင့် အန်လင်းထံမှ ခွင့်ပြုချက် မရှိဘဲနှင့် ကိုယ့်သဘောနှင့်ကိုယ် အမည်ပေးခြင်းသည် မကောင်းဘူးဟု ယူဆမိသည်။

“ဟမ် ...  အဲဒါမှ တကယ့် ပြဿနာပဲ ... ”

အန်လင်းသည် မေးစေ့အား ပွတ်နေမိသည်။ ခဏမျှ စဉ်းစား ပြီးသည့်နောက် “နင့်တစ်ကိုယ်လုံးက ရဲရဲတောက် နေတာဆိုတော့ ... . ရှောင်းဟုန် လို့ ခေါ်မယ် ... ” (ရှောင်းဟုန်သည် အနီလေး ဟု အဓိပ္ပာယ်ရသည်)

ထိုနာမည်အား ကြားသည့်အခါတွင် ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် ယိမ်းယိုင် သွားပြီးနောက် ပေါက်ကွဲတော့ မတတ်ပင် ဖြစ်သွားကြသည်။

အိတ်ကပ်အတွင်းရှိ ပန်းပွင့် စိတ်ဝိညာဉ်လေးသည်လည်း တက်ကြွနေရာမှ ရုတ်ခြည်း ဆိုသလို တိတ်ဆိတ် သွားတော့သည်။

အချိန် အတော်ကြာပြီးသည့် နောက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“သခင်ရေ ...  နောက်ထပ် နာမည်တစ်ခု ရွေးပေးရင်ကောရှင် ... ”

ပန်းပွင့် စိတ်ဝိညာဉ်လေး၏ ပွင့်လွှာလေးပေါ်တွင် နှင်းစက်လေးတစ်ခု ပေါ်လာပြီး ဝမ်းနည်းသည့် လေသံဖြင့် ပြောသည်။

ပန်းပွင့်စိတ်ဝိညာဉ်လေးအား ရှောင်းဟုန်ဟု နာမည်ပေးခြင်းသည် လူသားများအား လီကောင်းတန်နှင့် ဝမ်အားရှဟု နာမည်ပေးခြင်းနှင့် ခြားနားခြင်း မရှိချေ။ (လီကောင်းတန်သည် ခွေးဉလီ ဟု ဘာသာပြန်ဆိုနိုင်ပြီး ဝမ်အားရှသည် အရူးဝမ်ဟု ဘာသာပြန်ဆိုနိုင်သည်)

ကမ္ဘာကြီးပေါ်မှာ ပန်းပွင့်ပေါင်း သန်းရာနဲ့ချီပြီးတော့ ရှိတယ်လေရှင် ...  အဲဒါကို သူတို့ရဲ့ အရောင်ကို လိုက်ပြီး နာမည်ပေးမလို့လား ...  အဲဒါက ပန်းပွင့်လေးတွေကို ဆဲရေးတိုင်းထွာ လိုက်တာနဲ့ မခြားဘူးရှင့် ...

“မရဘူး.”

အန်လင်းမျက်နှာတွင် အခိုင်အမာ ဆုံးဖြတ်ပြီးဟန် ရှိသည်။ “ဒီနာမည်က နင်နဲ့အရမ်းကို လိုက်ဖက်တယ်လို့ ငါထင်တယ် ...  ရှောင်းဟုန်ရေ ...  နင့်သခင်ရဲ့ အာရုံခံနိုင်စွမ်းကို နင်ယုံကြည်ရမယ် ... ”

“အမ် ဟမ် ...  ရှောင်းဟုန် နားလည်ပါပြီရှင် ...  သခင်ရွေးပေးတဲ့ နာမည်လေးက အကောင်းဆုံးပဲ ... ” သူ့အိတ်ကပ်ထဲမှနေ ပန်းပွင့် စိတ်ဝိညာဉ်လေး၏ ချိုသာသည့် အသံလေး ထွက်ပေါ်လာသည်။

အဖြစ်မှန်မှာမူ ပန်းပွင့် စိတ်ဝိညာဉ်လေးသည် အလွန်အမင်း ဝမ်းနည်းနေမိသည်။ သို့ပေမဲ့လည်း သူမသည် အားတင်း၍ ပြုံးနေရသည်။

ရှင်သန်နိုင်ရန်အတွက် အန်လင်းအား မှီခိုရမည်ဟု မည်သူက ပြောခဲ့သနည်း။

ပန်းပွင့်စိတ်ဝိညာဉ်လေး၏ စကားအား ကြားသည့် အခါတွင် အန်လင်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ် လိုက်သည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် အန်လင်း၏ အိတ်ကပ်အား ဂရုဏာ သက်စွာ ကြည့်လိုက်ကြပြီး တစ်ခုခု ပြောဆိုရန် အတွက် ရပ်လိုက်ကြသည်။

သူ့အိတ်ကပ်ထဲတွင် ပန်းပွင့် စိတ်ဝိညာဉ် လေးမှာ မျက်ရည်ချောင်းစီးသည် အထိ ငိုကြွေးနေမှန်း အန်လင်းသတိမပြုမိချေ။

“အမ် ...  ငါ့အိတ်ကပ်က စိုနေပါ့လား ...  ရှောင်းဟုန်ရေ ...  နင်အဆင်ပြေရဲ့လား ... ” အန်လင်းက စိုးရိမ်တကြီး မေးသည်။

လမ်းလျှောက်နေရင်းဖြင့် သူ့အိတ်ကပ်လေးမှာ စိုစွတ်လာသည်ကို သတိထားမိလိုက်သည်။

“ကျ ...  ကျွန်မ အဆင်ပြေပါတယ်ရှင် ...  ရှောင်းဟုန်က မွေးရပ်မြေကို စွန့်ခွာ လာခဲ့ရတာကြောင့် အတော်လေး ဝမ်းနည်းနေမိလို့ပါ ... ” ပန်းပွင့် စိတ်ဝိညာဉ်လေးက ရှိုက်လိုက်သည်။

သေချာတာပေါ့ ... ။ အန်လင်းပေးခဲ့သည့် နာမည်ကြောင့် ထိုမျှလောက် ငိုကြွေးနေရမှန်း ဘယ်တော့မှ ပြောလိမ့်မည် မဟုတ် ... .။

***

All Chapters