← Chapters

၂နှစ်၊ လောက နှစ်ခု၏ စစ်ပွဲ

Vol. 71 Ch. 1137

၂နှစ်၊ လောက နှစ်ခု၏ စစ်ပွဲ

Vol. 71 Ch. 1137

နေသာသော လူသားလောက ဖြစ်စေ၊ လနှစ်စင်းရှိသော နတ်ဆိုးဘုံ ဖြစ်စေ။ သီဆို ကခုန်ခြင်း ဖြစ်စေ၊ ဖရိုဖရဲနှင့် မတည်ငြိမ်မှုဖြစ်စေ၊ ၎င်းတို့က အမြဲပင် အလုပ်ရှုပ်ပြီး သာမန် ဖြစ်နေကျပင်။

ထိုသို့ သာမန်ဖြစ်ကာ အလုပ်များသော လောကကြီးအတွက်၊ သူ၏နှလုံးသားထဲမှ လူများကို ကာကွယ်ရန် သာမန်လူများ ကဲ့သို့ သာမန်ရုပ်ရည်ရှိသော အမျိုးသား တစ်ဦးက မြူခိုးထဲတွင် လမ်းလျှောက်ရင်း လမ်းတစ်ခုကို ရှာဖွေနေခဲ့ကြောင်းကို လူအနည်းငယ်စုသာ သိကြသည်။

သေခြင်းနှင့် အနီးစပ်ဆုံး ပင်လယ်ကို ဖြတ်ကျော်၊ တကိုယ်တည်း သဲကန္တာရကို ဖြတ်သန်း၊ အိပ်မက်ဆိုး မီးတောင်ကို ဖြတ်လျှောက်ရင်း... သူ၏ ခြေလှမ်းများ မရပ်တန့်သွားသေးပေ။

အဆုံးမရှိနိုင်‌လောက်။ သူက နှလုံးသား လမ်းညွှန်မှုကို ရှာဖွေနေခြင်း ဖြစ်သည်။

အချိန်က ရေလိုပင်။ သတိမထားမိ ခင်မှာပင် ၂နှစ် ကုန်လွန်သွားခဲ့၏။

တောက်ပသော နေရောင်ခြည်အောက် ထင်ဟပ်နေသည်က သွေးရောင်ပင်။

မူလ နွေးထွေးသော ရောင်ခြည်က အေးစက်သွားခဲ့သည်။

“ဒိုင်း ဒိုင်း ဒိုင်း...”

ရှည်လျားသော ပြောင်းတံ အနက်က သေခြင်းတရား အလင်းကို လျင်မြန်စွာ ပစ်နေပြီး အသက်များကို တစ်ယောက်ပြီး တစ်ယောက် ရိတ်သိမ်းနေ၏။

မှော်သေနတ်။

လွန်ခဲ့သော ၂နှစ်နှင့် နှိုင်းယှဉ်လျှင် မှော်သေနတ်က ယခုအခါ အတော်လေး ပိုမိုတိုးတက်နေပြီ ဖြစ်သည်။ ထိုသို့သော လျင်မြန်စွာ ဆက်တိုက် ပစ်ခတ်နိုင်သည့် အစွမ်းထက် သတ်ဖြတ်ရေးလက်နက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့သည်။ ၎င်းက တိုက်ခိုက်ရေး ပုံစံကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ မှော်ပညာနှင့် အဝေးပစ် ပါရမီ မရှိသော လူများပင်လျှင် အစွမ်းထက် အဝေးပစ် တိုက်ခိုက်မှုများကို ဆောင်ရွက်ရန် သေနတ်များ သုံးနိုင်သည်။ မှန်ပေသည်။ သေနတ်များသည်လည်း ကျည်ဆန်၊ အကွာအဝေး၊ တိကျမှုနှင့် ပစ်ခတ်နိုင်စွမ်းတို့ဖြင့် အကန့်အသတ် ရှိသည်။ အဆင့်တစ်ခု အထက်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များ အတွက်မူ ၎င်းတို့က စစ်မှန်သော ခြိမ်းခြောက်မှု တစ်ခု မဖြစ်စေနိုင်ပေ။

မှော်သေနတ် ရေပန်းစားလာခြင်းက အဝေးပစ်တိုက်ခိုက်မှုကို တာဝန်ယူသော ပုံမှန်လေးသမားများအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။ လေးသမား များစွာက မှော်သေနတ်သမားများအဖြစ် ‘အသက်မွေးဝမ်းကျောင်းပြောင်း’ ခဲ့သည်။ လေးပညာအတွက် ကျော်ကြားသော နတ်သူငယ်မျိုးနွယ်စုပင် ခြွင်းချက်မရှိပေ။ မှန်ပေသည်။ ၎င်းမှာ ပုံမှန် လေးသမား များကိုသာ ရည်ညွှန်း၏။ ထိုအဆင့် သေနတ်များနှင့် ပတ်သက်လျှင် ၎င်းတို့မှာ သက်မဲ့ အရာဝတ္ထုများသာ ဖြစ်သည်။ သေနတ် ကိုယ်တိုင်မှလွဲ၍ အခြား စွမ်းအားကို မထုတ်ဖော်နိုင်ပေ။

ကိုယ်ပိုင် စွမ်းအားကို ပေါင်းစပ်၍ ထူးခြားသည့် တိုက်ခိုက်မှု အမျိုးမျိုးကို ထုတ်နိုင်သော အဆင့်မြင့် နတ်သူငယ် မှော်လေးသမားများအတွက်မူ ထိုသို့သော စိုးရိမ်စရာ မရှိပေ။ ထို့ပြင် မှော်သေနတ်က မူလက နတ်သူငယ်မျိုးနွယ်စု၏ တီထွင်မှု တစ်ခုဖြစ်ပြီး နတ်သူငယ်များက အမြင် အာရုံ၊ အကြားအာရုံနှင့် သဘာဝ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းတို့တွင် သာမန် မျိုးနွယ်များထက် များစွာ သာလွန်ရာ မှော်သေနတ်က် နတ်သူငယ် လက်ထဲတွင် စွမ်းအား ပိုထုတ်ဖော်နိုင်၏။

မှော်ပညာရှင် အသက်မွေးဝမ်းကျောင်းမှာမူ သက်ရောက်မှု နည်းလှ၏။ တစ်ဖက်တွင်မူ မှော်သေနတ်က မှော်ပညာရှင်များကို သတ်ဖြတ်ရာတွင် ပိုမို၍ ထိရောက်သည်။ အထူးသဖြင့် ချောင်းမြောင်းပစ်ခြင်းပင်။ အခြား တစ်ဖက်တွင်မူ သေနတ်များကို ကျွမ်းကျင်သော မှော်ပညာရှင်များလည်း တစ်ကိုယ်ရေ အားနည်းချက်များကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်း ပေးခဲ့သည်။ ဥပမာအားဖြင့် အနီးကပ် ရောက်လာပြီး ရန်သူကို ပစ်ခတ်ရန် နှောင့်နှေးစေရန် သေနတ်တိုတစ်လက်ကို အသုံးပြုနိုင်ခြင်း၊ မှော်စွမ်းအား ကုန်ဆုံးပြီး နောက်တွင်ပင် ခြိမ်းခြောက်နိုင်သေးခြင်း စသည်တို့ပင်။

တိုက်ခိုက်ရေး ပါရမီ မရှိသော အရပ်သားများပင် အဆင့်အတန်း အချို့ ရှိသောလူများနှင့် ယှဉ်ရန် သေနတ်များ အသုံးပြုနိုင်သည်။ မှော်သေနတ်များ ပေါ်ပေါက်လာခြင်းက လူတိုင်း၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင် ပေးခဲ့ပြီး အရာများစွာ၏ ပုံစံကို ပြောင်းလဲ စေခဲ့သည်ဟု ဆိုနိုင်ပေသည်။

အထင်ရှားဆုံးမှာ စစ်ပွဲပင်။

ဥပမာအားဖြင့် လက်ရှိ မိုးကြိုး အင်ပါယာက စီးနင်းဖြူ အင်ပါယာကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

အကြောင်းရင်းမှာ မိုးကြိုးအင်ပါယာ၏ သတ္တမမြောက် မင်းသား ဒီဝါက စီးနင်းဖြူအင်ပါယာ၏ တော်ဝင်မင်းသမီး မိုင်ဂျင်းကို နှစ်သက်ပြီး လက်ထပ်ခွင့် တောင်းရန် သွားခဲ့သည်။ ငြင်းပယ်ခြင်း ခံရပြီးနောက် သူက စီးနင်းဖြူအင်ပါယာ၌ မတော်တဆ သေဆုံးသွားခဲ့ပြီး ၎င်းသည် စစ်ပွဲကို ဖြစ်ပွားစေခဲ့သည်။ အမှန်မှာ မိုးကြိုး အင်ပါယာ၏ သတ္တမမြောက် မင်းသားက ကိုယ်လုပ်တော် တစ်ဦး၏ သားဖြစ်ပြီး အချစ်မခံရသူ ဖြစ်သည်ကို အမြင်စူးရှသော လူတိုင်း သိကြပေသည်။ တစ်ချိန်တည်းပင် စီးနင်းဖြူအင်ပါယာ၏ တော်ဝင်မင်းသမီးက ဘုရင်မင်းကြီး၏ အချစ်တော် ဖြစ်သည်။ လက်ထပ်ခွင့် တောင်းခြင်း ရှုထောင့်တစ်ခုမှ ကြည့်လျှင် အောင်မြင်နိုင်ချေ သုညနီးပါးပင်။

လူတိုင်း သိကြသည့်အတိုင်း မိုးကြိုး အင်ပါယာက စီးနင်းဖြူအင်ပါယာ၏ နယ်မြေကို ဟိုးကတည်းက တပ်မက် နေခဲ့သည်။ ထိုသို့ လက်ထပ်ခွင့် တောင်းခံခြင်းက မိုးကြိုးအင်ပါယာမှ ညွှန်ကြားပြီး သရုပ်ဆောင်ခဲ့သော ဇာတ်လမ်းကောင်းတစ်ခု ဖြစ်နိုင်သည်။ သနားစရာ ဒီဝါက စွန့်ပစ်ခံ ကလေး တစ်ယောက်မျှသာ ဖြစ်သည်။ စစ်ပွဲကို ကြေညာပြီးနောက် မိုးကြိုးအင်ပါယာက စီးနင်းဖြူ အင်ပါယာမှ မြို့၇မြို့ကို လျင်မြန်စွာ အနိုင်ယူခဲ့သည်ကို ကြည့်လျှင် ကြိုတင် ကြံစည်မှုများဖြင့် ပြုလုပ်သော ကျူးကျော်မှု တစ်ခု ဖြစ်ကြောင်းကို မြင်နိုင်သည်။ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ကန့်သတ် ခံရပြီးနောက် မှော်သေနတ်က စစ်ပွဲ တစ်ခုလုံးကို လွှမ်းမိုးလုနီးပါး ဖြစ်ခဲ့သည်။

စီးနင်းဖြူအင်ပါယာက အတော်အတန် ဝေးလံပြီး တွင်းထွက် သယံဇာတများ ကြွယ်ဝကာ မိုးကြိုး အင်ပါယာသည် နဂါးလင်းလက် အင်ပါယာ လက်အောက်ခံ နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ ထိုကဲ့သို့ ကျူးကျော်မှုက နဂါးလင်းလက်အင်ပါယာ လှုံ့ဆော်ပြီး လျှို့ဝှက်ပံ့ပိုးပေးဖွယ် ရှိသည်။ ပစ်မှတ်မှာ စီးနင်းဖြူ အင်ပါယာ၏ သယံဇာတများပင်။

အသေအချာပင်။ စီးနင်းဖြူ မြို့တော် ကျဆုံးသည်နှင့် ‘စီးနင်းဖြူအင်ပါယာ’ ဟူသော အမည်က သမိုင်းတွင် လုံးဝ ကျန်ရစ်သွားတော့သည်။

၎င်းမှာ လောဘနှင့် ရည်မှန်းချက် ကြီးမားမှု၏ ပထမဆုံးသော သားကောင် မဟုတ်သလို နောက်ဆုံးလည်း မဟုတ်။

နေက သွေးများနှင့် မီးတောက်များဖြင့် ပြည့်နှက်နေသော နေရာ အနှံ့တွင် ထွန်းလင်းနေသည်။ အောင်ပွဲခံသူများ၏ ကြွေးကြော်သံများ နောက်ကွယ်တွင် မရေတွက်နိုင်သော ဝိညာဉ်များ၏ ငိုကြွေး မြည်တမ်းသံများ ရှိနေသည်။ မည်သို့ပင် ဆင်ခြေပေး ဖုံးကွယ်စေကာမူ စစ်ပွဲ၏ အနှစ်သာရမှာ အရက်စက်ဆုံးပင်။

နတ်ဆိုးဘုံ၌-

ကြီးမားသော စစ်ပွဲတစ်ခု ဖြစ်နေပြီး မှော်သေနတ်များ တောက်ပခဲ့သော ဇာတ်ခုံများထဲမှ တစ်ခုလည်း ဖြစ်သည်။

သို့သော် တကယ့် သေခြင်းတရားနှင့် သွေးများ မရှိခဲ့ပေ။

ထိုအရာက မှော်ဂိမ်း ‘အနှိုင်းမဲ့ စစ်သည်တော်အွန်လိုင်း’၏ အပတ်စဉ် အထူး မကောင်းဆိုးဝါး ဝိုင်းရံတိုက်ခိုက်ပွဲ ဖြစ်သည်။

ကစားသမားများ တည်ရှိရာ မြို့များက ဂူသင်္ချိုင်း မကောင်းဆိုးဝါး အများအပြား၏ တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။ ဂူသင်္ချိုင်းများတွင် ပေါ်ထွက်လေ့ရှိသော ထိုမကောင်းဆိုးဝါးများက အတော်လေး ကြမ်းလှ၏။ ကြောက်စရာ အကောင်းဆုံး အရာမှာ အဆုံးမဲ့သော အရေအတွက်ပင်။ သူတို့ထဲတွင် ခေါင်းဆောင်အဆင့်နှင့် လက်ရွေးစင်အဆင့် လူဆိုးဗိုလ်များလည်း ရှိနေသည်။ ၎င်းမှာ အဆုံးမဲ့ ပင်လယ် တစ်ခုနှင့်တူပြီး ကစားသမား အားလုံး အတွက် အိပ်မက်ဆိုး တစ်ခုဟု ဆိုနိုင်သည်။

မြို့ရိုးပေါ်မှ လောက်လေးများက ပေါက်ကွဲနိုင်သော အဆိပ်မြှားများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်နေသည်။ မှော်သလင်းကျောက် အမြောက်က ပျက်စီးခြင်းအလင်းကို ပစ်လွှတ်နေပြီး နောက်ဘက်မှ ပြင်းထန်သော အသံနှင့် အတူ မီးတောက်များ လွှမ်းခြုံနေသော ကျောက်တုံးကြီးများကို ပစ်လွှတ်လိုက်၏။ မကောင်းဆိုးဝါး ပင်လယ်ထဲ အပေါက် အမျိုးမျိုး ဆက်တိုက်ပေါ်ထွက်လာသည်။

သို့သော် မကောင်းဆိုးဝါးများက အနည်းငယ်မျှပင် သက်ရောက်မှု မရှိဘဲ အပေါက်များ လျင်မြန်စွာ ပြန်လည် ပြည့်သွားပြီး ဆက်တိုးဝင် လာကြသည်။ ရှေ့ဆုံးမှ လှိုင်းလုံးက မကုန်ခမ်းနိုင်ဘဲ ပို၍ပင် သောင်းကြမ်းလာ၏။

အအေးခံချိန်ကြောင့် မှော်သလင်းကျောက် အမြောက်များ၏ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားပြီး လောက်လေးများ၏ တိုက်ခိုက်မှုနှုန်းက မကောင်းဆိုးဝါးလှိုင်း ရောက်ရှိလာခြင်းကို မတားဆီးနိုင်တော့။ မကောင်းဆိုးဝါးများက မြို့ရိုးနှင့် အတော် နီးကပ်လာပြီ ဖြစ်သည်။

မှော်သလင်းကျောက်အမြောက်များ၊ လောက်လေးနှင့် ဒူးလေးများအားလုံးကို ချန်လွေ့က အိုဆိုင်ဒန် မင်းသားနှင့် သွေးရောင်အင်ပါယာတို့နှင့် စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ ၎င်းတို့သည် တစ်ချိန်က ထင်ရှား ပေါ်လွင်ခဲ့ပြီး ထူးချွန်သော ရလဒ်များ ရရှိခဲ့ကာ သွေးရောင်အင်ပါယာ စစ်တပ်၏ အင်အားအကြီးဆုံးတပ်များပင် များစွာ ထိခိုက်ခံစားခဲ့ရသည်။

ယနေ့ သူတို့ကို လုံးဝမကြောက်သော များပြားလှသည့် မကောင်းဆိုးဝါးများကို ရင်ဆိုင်ရာတွင် ၎င်းတို့သည် အားမတန် သကဲ့သို့ ထင်ရသည်။

အကယ်၍ ထိုသို့သော အခြေအနေမျိုး လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ခဲ့လျှင် ကစားသမားအဖွဲ့က ဖရိုဖရဲ ဖြစ်သွားပြီ ဖြစ်သော်လည်း ယခု ကစားသမားတိုင်း အလွန် တည်ငြိမ်နေပုံရသည်။ လွန်ခဲ့သော နှစ်များအတွင်း ကစားသမားများသည် ထိုသို့သော ဝိုင်းရံတိုက်ခိုက်ပွဲမျိုးကို အကြိမ် ရာပေါင်းများစွာ ကြုံခဲ့ရသည်။ သူတို့က နည်းဗျူဟာ၊ ပူးပေါင်း ဆောင်ရွက်မှု၊ စိတ်ပညာနှင့် အခြားသော အရာများတွင် ရင်ဆိုင်တိုက်ခိုက်မှုအတွက် ကြွယ်ဝသော အတွေ့အကြုံများ အတော် စုဆောင်းနိုင်ခဲ့ကြသည်။

မြို့ရိုးထိပ်နံရံပေါ် သေနတ်ပြောင်းများ ရှိနေသည်။ ထိုအဓိက ပစ်ခတ်ရေး စင်မြင့်များပေါ်၌ အထူးသေနတ်တစ်မျိုး ထောင်ထားပြီး ဖြစ်သည်။ ထိုသို့ သေနတ် အမျိုးအစား၏ ဖွဲ့စည်းပုံမှာ သာမန်ထက် ပိုမို၍ ရှုပ်ထွေးသည်။ အထင်ရှားဆုံးမှာ ပြောင်းခြောက်ခု ရှိနေခြင်းပင်။ ၎င်းမှာ သံကြိုး တစ်မျိုးမျိုးနှင့် တူသော အပြိုင် ချိတ်ဆက်ထားသည့် ကျည်ဆန် အပြာ တန်းရှည်တစ်ခု ဖြစ်သည်။

သို့သော် သေနတ်များထဲမှ တစ်လက်မှ မပစ်ခတ်ခဲ့ပေ။ သူတို့အားလုံး စောင့်ဆိုင်း နေကြသည်။

အခွင့်အရေးတစ်ခုကို စောင့်နေကြ၏။

ပျံသန်းနေသော ပုံရိပ်များ ဒါဇင်များစွာ မိုးပေါ်တွင် ပေါ်လာပြီး မကောင်းဆိုးဝါး ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့မှာ စုစည်း ရုပ်သေးများ ဖြစ်သည်။

စုစည်း ရုပ်သေးများက သာမန်စက်များ သေနတ်များနှင့် ကွဲပြားသည်။ ၎င်းတို့က မောင်းနှင်သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ကို ပေါင်းစပ်ကာ ပြင်းထန်သော ထိခိုက်မှု ဖြစ်စေနိုင်သည်။ သက်ဆိုင်ရာ ပါရမီနှင့် စွမ်းရည်ရှိသရွေ့ မူလက အားနည်းသော မျိုးနွယ်ပင်လျှင် တိုက်ခိုက်ရေး ရုပ်သေးကို လွတ်လပ်စွာ မောင်းနှင်၍ အင်အားကြီး အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးထက် မနိမ့်သော စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။

နတ်ဆိုးဘုံကို တုန်လှုပ်စေခဲ့သော ကြယ်ကြွေတမန် အင်ပါယာ၏ စစ်ရေးပြ အခမ်းအနား ပြီးကတည်းက ရုပ်သေး မောင်းနှင်သူက တရားဝင် တိုက်ခိုက်ရေး အသက်မွေးဝမ်းကျောင်း ဖြစ်လာသည်။ လက်ရှိ အင်ပါယာ သုံးခုတွင် အံ့ဩဖွယ် ကောင်းသော အရေအတွက် ရှိသည့် စုစည်း ရုပ်သေး ဗိုလ်ခြေများ ရှိနေပြီး ဂိမ်းထဲတွင် ထူးချွန်သော ရုပ်သေး မောင်းနှင်သူများအားလုံးက ဗိုလ်ခြေများမှ လက်ရွေးစင်များ ဖြစ်ကြသည်။ အသစ် ပေါ်လာသော အသက်မွေးဝမ်းကျောင်း ‘မှော်သေနတ်သမား’လည်း အတူတူပင်။ စိတ်ကူးယဉ်နှင့် လက်တွေ့ အကြား ဆက်သွယ်မှုက ‘အနှိုင်းမဲ့စစ်သည်တော် အွန်လိုင်း’၏ အကြီးမားဆုံး ဆွဲဆောင်မှု ဖြစ်သည်။

မကောင်းဆိုးဝါး ပင်လယ် တစ်ခုလုံး အတွက်မူ ထိုစုစည်း ရုပ်သေးများက ရေပုံးထဲမှ ရေတစ်စက် ဖြစ်သော်လည်း စုစည်းရုပ်သေးများ၏ ရည်ရွယ်ချက်မှာ တိုက်ရိုက် တိုက်ခိုက်ရန် မဟုတ်ဘဲ သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း လေထဲတွင် ပျံသန်းကာ ထူးဆန်းသော အရာအချို့ကို ဖြန်းရန် ဖြစ်သည်။

မကောင်းဆိုးဝါးများက စုစည်းရုပ်သေး လုပ်ဆောင်ချက်များကြောင့် တွန့်ဆုတ် မနေခဲ့ပေ။ အမှန်မှာ သူတို့၏ ရိုင်းစိုင်း ကြမ်းတမ်းသော တိုက်ခိုက်မှုကို မည်သည့် အရာကမျှ မတားဆီးနိုင်ပေ။ သူတို့၏ မျိုးနွယ်တူများ၏ သေဆုံးခြင်းအပါအဝင် ဖြစ်သည်။

မကောင်းဆိုးဝါးများတွင် အဝေးပစ် တိုက်ခိုက်နိုင်စွမ်း မရှိသည်တော့မဟုတ်။ မှော်သလင်းကျောက် အမြောက်များနှင့် သေနတ်များ၏ အကွာအဝေးနှင့် စွမ်းအား မရှိသော်လည်း လေထဲမှ စုစည်း ရုပ်သေးများကို မျှော်လင့်ချက်မဲ့သော အခြေအနေသို့ တွန်းပို့ရန် လုံလောက်၏။ ရောယှက်နေသော စွမ်းအင်များကြား စုစည်း ရုပ်သေးများ၏ အရေအတွက် အလျင်အမြန် ထိုးဆင်းလာနေသည်။

“ဖေးဖေး! အားဟန် ပစ်ချခံလိုက်ရပြီ! တာဝန်မပြီးသွားဘူး!” စုစည်းရုပ်သေးထဲ စိုးရိမ်တကြီးအသံတစ်ခု ဆက်သွယ်ရေး စက်မှ ထွက်ပေါ်လာသည်။

“ချီးပဲ! နည်းနည်းလေးပဲ လိုတော့တာ!” ဖေးဖေးက အမှောင် မှင်စာတစ်ကောင် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းအားနှင့် ပတ်သက်လာလျှင် သူက လုံးဝ ပြောပလောက်မည် မဟုတ်ပေ။ ယခင်က ဖေးဖေး မကြာခဏ အနိုင်ကျင့် ခံရပြီး ခိုးယူခြင်းနှင့် အလုပ်ကြမ်းများ လုပ်၍ အသက်မွေးခဲ့ရသည်။ ‘အနှိုင်းမဲ့ စစ်သည်တော် အွန်လိုင်း’နှင့် စုစည်း ရုပ်သေးများ မိတ်ဆက်ခြင်းက ထိုအရာ အားလုံးကို ပြောင်းလဲစေခဲ့၏။ မှော်ဂိမ်းမှ အခမဲ့ ကံစမ်းမဲ ပရိုမိုးရှင်း၏ ပထမဆုံး ကံထူးရှင်တစ်ဦး အနေဖြင့် ဖေးဖေးက ဂိမ်းခေါင်းစွပ်နှင့် မှော်ရုပ်မြင်သံကြားကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ လမ်းထောင့်မှ အရေးမပါသော သူခိုးတစ်ယောက် လျှော့သွားပြီး မှော်ဂိမ်းနှင့် စုစည်း ရုပ်သေး ဗိုလ်ခြေတွင် နာမည်ကြီး ထိပ်တန်း မောင်းနှင်သူတစ်ဦး တိုးလာခဲ့သည်။

“ဒီတက်စ်! ငါ့ကို ကာပေး!” ဖေးဖေး၏ စုစည်းရုပ်သေးရုပ်က လေထဲ မယုံနိုင်စရာ ရှောင်တိမ်းမှု ပြုလုပ်ရင်း ထူထပ်စွာ ရောယှက်နေသော မီးတောက်များနှင့် အက်ဆစ် တိုက်ခိုက်မှုများကို တစ်ခုပြီး တစ်ခု လွဲချော်သွားစေခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း၌ သူတို့က အားဟန် ပစ်ချခံလိုက်ရသော နေရာသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ဒီတက်စ်၏ စုစည်း ရုပ်သေးသည် ဖေးဖေး၏ ရွေ့လျားနေသော နေရာသို့ ပစ်ခတ်လိုက်သည်။ သူ အနည်းငယ် အာရုံ ပျံ့လွင့်သွားပြီး မီးတောက်ပြင်းပါဝင်သည့် ရှည်လျားသော ကြာပွတ်တစ်ချောင်းဖြင့် ထိမှန်သွားခဲ့သည်။ စုစည်းရုပ်သေး၏ ချပ်ကာပေါ်တွင် ကြီးမားလှသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ဒီတက်စ် မတုံ့ပြန်နိုင်ခင်မှာပင် သူက နောက်ဆက်တွဲ စွမ်းအင်များထဲတွင် နစ်မြုပ်သွားခဲ့သည်။

ခဏအကြာတွင် စေလွှတ်လိုက်သော စုစည်း ရုပ်သေး ဒါဇင်ပေါင်းများစွာထဲမှ အမှောင်မှင်စာ ဖေးဖေး တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ဒီတက်စ်ကို အနိုင်ယူခဲ့သော မီးတောက်ကြာပွတ်က ဖေးဖေး၏ အမြင်အာရုံခံစက်ကိရိယာထဲ နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ ဖေးဖေး တိုက်ခိုက်ရေးရုပ်သေးကို အလျင်အမြန် မောင်းနှင်ကာ လှည့်ပြီး တိုက်ခိုက်မှုကို ကပ်တိုးလေး ရှောင်တိမ်းလိုက်သည်။

ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားသော သတ္တဝါမှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံး ကိုယ်ပေါက် ရှိနေပြီး ထူးဆန်းသော တိုက်ခိုက်ရေး ချပ်ကာကို ဝတ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူ၏ကိုယ်က အစိမ်းရောင် မီးတောက်များဖြင့် ဝိုင်းရံ ထားသည်။ ၎င်းမှာ ဂူသင်္ချိုင်းများတွင်သာ တွေ့မြင်နိုင်သော လက်ရွေးစင် လူဆိုးဗိုလ် မီးလျှံစုန်းမပင်။ သူ့တွင် အံ့ဩဖွယ်ရာ ခွန်အား ရှိရုံသာမက အထူး မီးတောက် စွမ်းရည်လည်း ရှိနေသေးသည်။ သာမန် အခြေအနေအောက် ထိုသို့ ရူးသွပ်သော အထူး ကစားသမားမျိုး မဟုတ်ပါက အဖွဲ့တစ်ဖွဲ့သည် သူ့ကို ဖြည်းညှင်းစွာ အားကုန်စေ၍ သတ်ရန် ပူးပေါင်းပြီး ဆောင်ရွက်ရမည် ဖြစ်သည်။

“အချိန်မရှိတော့ဘူး!” ဖေးဖေးက မီးလျှံစုန်းမ၏ နောက်မှ နေရာကို ကြည့်လိုက်ပြီး အံကြိတ်ကာ အမှန်ပင် ပြေးဝင်သွားခဲ့လေသည်။ မီးလျှံစုန်းမ၏ ကြာပွတ်က စုစည်းရုပ်သေး၏ ခေါင်းကို တိတိကျကျ ထိမှန်သွားပြီး နောက်တွင် မကြောက်ရွံ့သော စုစည်းရုပ်သေးလည်း မီးလျှံစုန်းမ၏ကိုယ်ကို ထိမှန်သွားခဲ့သည်။

မီးလျှံစုန်းမက ကြာပွတ်ကိုသာ ရိုက်နိုင်သည် မဟုတ်ပေ။ သူ အော်ဟစ်ပြီး ဧရာမ စုစည်းရုပ်သေးရုပ်ကို ခုခံလိုက်၏။ သူ၏ လက်များက ကြောက်မက်ဖွယ်ရာ မီးတောက်များကို ထုတ်လွှတ်လိုက်ပြီး စုစည်း ရုပ်သေး၏ မောင်းနှင်ခန်းထဲတွင် အချက်ပေးသံ မြည်လာသည်။ ဖေးဖေးက သူ၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ရာ အပူရှိန်ကြောင့် အရည်ပျော်တော့မလို ခံစားလိုက်ရသည်။

‘အနှိုင်းမဲ့စစ်သည်တော်အွန်လိုင်း’က ဗားရှင်း အများအပြားကို ဖြတ်သန်း၍ လက်ရှိဗားရှင်း ‘ကံကြမ္မာဓားသွား’ အထိ အဆင့်မြှင့်တင်ခဲ့ပြီး အဘက်ဘက်မှ တိုးတက်လာခဲ့သည်။ ကစားသမား၏ အာရုံခံများက လက်တွေ့နှင့် အတော်လေး နီးစပ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု၊ နာကျင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှု စသည်တို့ကို ဖော်ပြနိုင်၏။ တိုက်ခိုက်ရေး စွမ်းအားက တိုက်ခိုက်ရေး အသိစိတ် ဆုံးရှုံးခြင်း၊ ပြင်းထန်သော ဒဏ်ရာရရှိမှု ဆုံးဖြတ်ချက်၊ သေဆုံးခြင်း စသည်တို့ အပါအဝင် ထိုအချက်များနှင့် အညီ လိုက်လျောညီထွေ ပြောင်းလဲသွားမည် ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာ ဆေးဝါးနှင့် ကုသခြင်းမရှိပါက ဒဏ်ရာ အပြည့်အဝ ပျောက်ကင်းသည် အထိ တိုက်ခိုက်ရေး စွမ်းအားကို သက်ရောက် စေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သေဆုံးသွားပါက နောက်တစ်ကြိမ် ပြန်ရှင်ရန် တစ်ရက် ကြာမည် ဖြစ်သည်။

“ကွက်တိပဲ...” တိုက်ခိုက်ရေး ရုပ်သေး ပြိုလဲပျက်စီးတော့မည် ဖြစ်သော်လည်း သူက ထိတ်လန့်မနေဘဲ ပြုံးနေခဲ့သည်။ အကြောင်းရင်းမှာ သူက ထိုတိုက်ခြင်းကို အသုံးချ၍ တစ်စုံတစ်ခုကို သက်ဆိုင်ရာ ဧရိယာထဲ အောင်မြင်စွာ ဖြန်းနိုင်ခဲ့၍ပင်။

“ဝုန်း!” စုစည်းရုပ်သေးများထဲမှ နောက်ဆုံးတစ်ခု ပေါက်ကွဲသွားပြီး လေထဲ လှပသော မှိုပွင့်တစ်ခု အဖြစ်သို့ ပေါက်ကွဲ သွားခဲ့သည်။

မိမိကိုယ်ကို ဖောက်ခွဲခြင်းပင်။

မီးလျှံစုန်းမ၏ ချပ်ကာမှာ လိမ်ပြီး ပုံပျက်နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တလျှောက်မှ ဒဏ်ရာများက သေစေနိုင် လောက်သည် မဟုတ်သော်လည်း ၎င်းက သူ့အား အတော်အတန် ထိခိုက်မှုကိုလည်း ဖြစ်စေခဲ့သည်။

မကောင်းဆိုးဝါးဒီရေက ထိုကဲ့သို့ သေးငယ်သော ကြားဖြတ်မှုကြောင့် မရပ်တန့်ခဲ့ပေ။ ၎င်းသည် ပို၍ ပို၍ပင် နီးကပ်လာခဲ့သည်။

မကောင်းဆိုးဝါးများက တိုက်ပွဲ အခြေအနေ တစ်ခုလုံးကို ထိုလျစ်လျူရှု ခံထားရသော ကြားဖြတ်မှုက ပြောင်းလဲ ပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ခဏအကြာ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော ထူထဲသည့် နွယ်ပင်များ ထွက်လာခဲ့သည်။ ထိုနွယ်ပင်များ၏ ယေဘုယျအစီအစဉ်မှာ အတော်လေး ပါးနပ်လှသည်။ ၎င်းမှာ ရိုးရှင်းသော အတားအဆီးတစ်ခုမဟုတ်ဘဲ မကောင်းဆိုးဝါး ဗိုလ်ခြေ တစ်ခုလုံးကို နံရံတစ်ခုကဲ့သို့ အုပ်စုများစွာ အဖြစ်သို့ ပိုင်းခြားလိုက်သည်။ ဆူးများ ဖုံးနေသော နွယ်ပင်များက အလွန်ပင် မာကျောပြီး အထူးထုံကျဉ်စေသော သက်ရောက်မှုရှိရာ ကြမ်းတမ်းသော မကောင်းဆိုးဝါး ဒီရေက ချက်ချင်းပင် နှောင့်နှေးသွားခဲ့သည်။

အစောင့်အရှောက်နွယ်များ - ၎င်းက ကြယ်ကြွေတမန် အင်ပါယာနှင့် မှော်ဆရာ ခံတပ် နှစ်ခုစလုံးတွင် ပေါ်ပေါက်ခဲ့သည်။ ၎င်းက ယခုအခါ အထူး ဂိမ်းပစ္စည်းတစ်ခု ဖြစ်နေလေပြီ။

တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်မှ မှော်သေနတ်များက ကြောက်မက်ဖွယ် ကောင်းသော မီးတောက်ဖြင့် တညီတည်း ပစ်ခတ် လိုက်ကြသည်။ အထူးသဖြင့် အဓိက ပစ်ခတ်ရေး စင်မြင့်ပေါ်မှ ပြောင်းများစွာပါသော သေနတ်များပင်။ မကောင်းဆိုးဝါးများက မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြ၏။

သေနတ်များ၏ ပစ်ခတ် ပိုင်းခြားမှုမှာ အတော်လေး အသေးစိတ် ကျလှသည်။ သူတို့က သက်ဆိုင်ရာ ဧရိယာများမှ ရန်သူများကို အာရုံစိုက်ကြရာ ၎င်းသည် သတ်ဖြတ်ခြင်း အကျိုးသက်ရောက်မှုကို အမြင့်ဆုံးအထိ တိုးမြှင့်ပေးနိုင်လေသည်။ လူဆိုးအငယ်အဆင့် မကောင်းဆိုးဝါးက မြို့ရိုးပေါ် ပြေးတက်ခါနီး ဖြစ်သော်လည်း နဖူး အပစ်ခံလိုက်ရပြီး ပြုတ်ကျသွား၏။

ထိုကဲ့သို့ ကျည်ဆန် အမျိုးအစား၏ ပျက်စီးမှုမှာ သာမန် အမျိုးအစားထက် များစွာ ပိုမို၍ အားကောင်းသော်လည်း လူဆိုးအငယ်ကို မသတ်နိုင်ခဲ့ပေ။ သို့သော် နောက်တစ်ကြိမ် မလှုပ်ရှားနိုင်ခင်မှာပင် သူ၏ အရေးကြီးသော အစိတ်အပိုင်းကို အထူး ကျည်ဆန်များဖြင့် ဆက်တိုက် တိကျစွာ ထိမှန်သွားခဲ့၏။ နောက်ဆုံး သူ မကျေမနပ်ဖြင့် ပြိုလဲသွားခဲ့သည်။

“ပစ်မှတ် နံပါတ်(၁) ရှင်းပြီး။”

“X ဧရိယာက အမှတ်၃၅မှာ ရှိနေတဲ့ နံပါတ် (၂) ပစ်မှတ် ချိုရှည်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”

မြို့ရိုး တစ်နေရာရာ၌ အထူးခေါင်းစွပ် ဆောင်းထားသော အမှောင်နတ်သူငယ် တစ်ဦးက ဆက်သွယ်ရေး အမိန့်ကို နားထောင်ရင်း ဧရိယာထဲမှ အခြား လူဆိုးအငယ် တစ်ကောင်ကို ချိန်ရွယ် လိုက်သည်။

စနိုက်ပါ....

မှော်သေနတ်သမား၏ ထူးခြားသော အသက်မွေးဝမ်းကျောင်းထဲမှ တစ်ခုမှာ တိကျသော ပစ်ခတ်မှု ကျွမ်းကျင်မှုများကို ကျွမ်းကျင်သော သေနတ်သမားတစ်ဦး ဖြစ်ရုံသာမက ဟန်ဆောင်၊ ကင်းထောက်၊ ပုန်းအောင်း စသော လုပ်ကြံသတ်ဖြတ် ကျွမ်းကျင်မှုအမျိုးမျိုးလည်း ပါဝင်သည်။

ကစားပွဲတွင် ဖြစ်စေ၊ လက်တွေ့၌ ဖြစ်စေ ၎င်းက လူကြိုက်များသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်၏။

ပြောင်းများစွာပါသော သေနတ်များ မမောမပန်း ပစ်ခတ်နေသည်။ မြို့ရိုးပေါ်မှ သာမန် မှော်သေနတ်များမှ ဆက်တိုက် ပစ်ခတ်မှု အနည်းငယ် အပြီးတွင် သူတို့ ကျည်ဆန်များ တင်ပြီး သေနတ်များကို အအေးခံရန် အထူး ကိရိယာများကို စတင် အသုံးပြုလာကြသည်။ နောက်တန်းက ကွာဟချက်ကို ချက်ချင်း ဖြည့်လိုက်၏။ ထိုအတိုင်းဆက်သွားရာတွင် ထိုဇွဲရှိသော မကောင်းဆိုးဝါးများပင်လျှင် ထိုမရပ်မနား ကျည်ဆန်မိုးကို မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားခဲ့ကြသည်။

ပိုင်းခြားထားသော နေရာထဲမှ မကောင်းဆိုးဝါးများ၏ အရေအတွက်က တဟုန်ထိုး ကျဆင်းစပြုလာသော်လည်း အစောင့်အရှောက်နွယ်များ ခုခံနိုင်စွမ်းမှာ အကန့်အသတ် ရှိသည်။ ခဏအကြာတွင် အစိမ်းရောင်ဆူးတံတိုင်းက မကောင်းဆိုးဝါး ဒီရေထဲတွင် တစ်ခုပြီး တစ်ခု နစ်မြုပ်သွားတော့သည်။

မကောင်းဆိုးဝါးစစ်တပ်က လမ်းတလျှောက်မှ မှော်ထောင်ချောက်များကို လျင်မြန်စွာ ဖောက်ထွက်ပြီး မြို့ရိုးအောက်သို့ ရောက်ရှိလာခဲ့သည်။

ဂိမ်း၏ သရုပ်သကန်ဖန်တီးမှု အဆင့်မှာ အလွန်မြင့်မား၏။ ဉာဏ်ရည်တု စနစ် တစ်မျိုးမျိုး၏ စိတ်ဝိညာဉ် စွမ်းအား သက်ရောက်မှု အောက်တွင် လူတိုင်း၏ ဝိညာဉ်က ကြက်သီးထဖွယ် ဖိနှိပ်မှု အာရုံကို ခံစားနိုင်ကြသည်။

ထိုအခိုက်အတန့်တွင် လူများစွာက အမှန်ပင် စစ်ပွဲထဲ ဝင်ရောက်ခဲ့ကြသည်။ စိတ်ကူးယဉ် ကစားပွဲတစ်ခုသာ မကဘဲ စစ်မှန်သော စစ်ပွဲတစ်ခုပင်။

မခုခံနိုင်သော ရန်သူနှင့် ရှုံးနိမ့်ရန် သေချာလုနီးပါး ဖြစ်နေသော ကံကြမ္မာကို ရင်ဆိုင်ရာတွင် လူအားလုံးက သူတို့၏ လက်ထဲမှ လက်နက်များကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူတို့၏ အကြည့်တွင် တိုက်ခိုက်လိုစိတ်နှင့် ပြတ်သားမှုတို့ဖြင့် လင်းလက်နေသည်။

မရေမတွက်နိုင်သော အလင်းတန်းများ လင်းလက်သွားခဲ့ပြီးနောက် မြင်ကွင်းက ရပ်တန့်သွားသကဲ့သို့ပင်။

စစ်ပွဲ၏ အောင်နိုင်မှု ရှုံးနိမ့်မှုတို့မှာ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ကံကြမ္မာကို ဆန့်ကျင် တိုက်ခိုက်ရန် သတ္တိ ဖြစ်သည်။

မိမိလက်ထဲတွင် ကံကြမ္မာ ဓားသွားကို ဆုပ်ကိုင်ထားသလိုမျိုးပင်။

All Chapters