မူလနှလုံးသား
Vol. 71 Ch. 1136
စူပါစနစ်၏ ကြယ်စင်စု နတ်ဘုရားကျောင်းထဲ၌ ဖြစ်သည်။
“သူ သွားပြီလား။” ဖိုက်သွန်က အဆုံးမဲ့ ကြယ်စင်စုကို ကြည့်ရင်း ဖျော့တော့သော ငွေရောင်မျက်လုံးများက ကြယ်ရောင်ကို ထင်ဟပ်နေကာ သူ၏ အကြည့်ကို နက်ရှိုင်းပြီး အလှမ်းဝေးသွားစေ၏။
“သွားပြီ။” ဗာရိုနီကာ ပြန်ဖြေသည်။ “၂နှစ် အတွင်း သူ ပြန်လာမှာမဟုတ်သလို အဆင့် တစ်ခုအထိကို မရောက်မချင်း ဒီလောကထဲကို နောက်တစ်ခါ ဝင်လာမှာ မဟုတ်ဘူး။ ‘နေ့တိုင်းကို အဆုံးအဖြတ် တိုက်ပွဲ မတိုင်ခင် နောက်ဆုံးနေ့ အနေနဲ့ သတ်မှတ်ပြီးတော့ စိတ်နှစ် လေ့ကျင့်မယ်’ ဒါတွေက သူ့စကားတွေပဲ။”
“ဒီအရေးအကြီးဆုံး လောကထဲကနေ ထွက်ပြီး လေ့ကျင့်တာလား။” ဖိုက်သွန်၏ မျက်လုံးလက်သွား၏။ “သူ့ရဲ့ ‘နှလုံးသား’ စေရာကို တကယ် တွေ့သွားပြီလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ နောက်ထပ် တွေ့တဲ့အခါ သူ့ရဲ့ စွမ်းအားကို ငါ မျှော်လင့်နေတယ်။ နင်နဲ့ သူ့ဝိညာဉ် ကြားက ဝိညာဉ် ပေါင်းစပ်တာ နောက်ဆုံး အဆင့်ကို ရောက်သွားပြီလား။”
ဗာရိုနီကာ၏ မျက်နှာ နီမြန်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ “အင်း...”
ဝိညာဉ်ဖြစ်တည်မှု ပေါင်းစပ်ခြင်းက အမှန်တကယ်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့တွင် ခန္ဓာကိုယ် မရှိသော်လည်း ချန်လွေ့၏ အမျိုးသမီးအဖြစ် လုံးဝ မှတ်ယူနိုင်၏။
“နင်က ဝိညာဉ်စွမ်းအားရဲ့ အဆင့် တစ်ခုကို နားလည်သွားတာ မြင်ရတယ်။ ဒါပေမဲ့ ဝိညာဉ်ရဲ့ လျို့ဝှက်နက်နဲမှုက အဆုံးမရှိဘူး။ နင့်ရဲ့ ဝိညာဉ်ပါရမီက အတော်လေး ကောင်းပေမယ့် နားလည်မှု အဆင့်ကတော့ တိမ်လွန်းနေသေးတယ်။ ငါ နင့်ကို လျှို့ဝှက်ပညာ အများကြီးကို အခု သင်ပေးမယ်။”
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘာအသုံးမှ ဝင်တဲ့ပုံ မပေါ်ဘူး။ ကျွန်မက ဒီမှာနေပြီး ဒီ‘လောက’တွေရဲ့ နတ်ဘုရားနဲ့ နတ်ဘုရားမတွေအတွက် ယုံကြည်မှုကို စီမံခန့်ခွဲပေးချင်ရုံပါ။”
“ဝိညာဉ် ပြန်ဝင်စားနိုင်တဲ့ လျှို့ဝှက် ပညာရပ်ကိုတောင် မသင်ချင်ဘူးလား။” ဖိုက်သွန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ဒီလို လျှို့ဝှက်ပညာရပ်က နင့်ကို ပြန်လည် ရှင်စေနိုင်ရုံတင်မကဘူး။ ဒါက ကလေး အမေပါ ဖြစ်လာစေနိုင်တယ်။”
ဗာရိုနီကာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ မှန်ပေသည်။ သူက ဖိုက်သွန် မည်သည်ကို ပြောနေကြောင်း သိသည်။ ချန်လွေ့က ပျက်စီးခြင်းနှင့် ဖန်ဆင်းခြင်း ဟူသော ဇစ်မြစ်စွမ်းအား နှစ်ခုကို ပိုင်ဆိုင်သည်။ ထိုစွမ်းအားနှစ်ခုက မျိုးဆက်သစ် ဖန်တီးခြင်းကို မြှင့်တင်ပေး နိုင်သည်။ အသီနာ၏ ယခင်ကိုယ်ဝန်က ပျက်စီးခြင်း ဇစ်မြစ်ကြောင့် ဖြစ်ခဲ့ပြီး ကံဆိုးစွာပင် ဖန်တီးခြင်း ဇစ်မြစ်က သိဒ္ဓိအလင်းခန္ဓာကို လိုအပ်သောကြောင့် နတ်ဆိုးဘုံမှ မိန်းကလေးများ ကိုယ်ဝန် မဆောင်နိုင်ခဲ့ကြ။ ‘ဖန်တီးခြင်းကလေး’ မိခင်အတွက် အလားအလာ အရှိဆုံးမှာ ဗာရိုနီကာပင် ဖြစ်သည်။ အကြောင်းမှာ သူက လူသားတစ်ဦး ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူ့ကို မောင်းမဆောင်မှ လူတိုင်း အခြေခံအားဖြင့် လက်ခံထားကြသည်။ သူ ပြန်လည်၍ ဝင်စားရန် အလင်းဒြပ်စင် ခန္ဓာကိုယ်တစ်ခု ရှိနေသရွေ့ အောင်မြင်စွာ ပဋိသန္ဓေ တည်နိုင်ဖွယ်ရှိ၏။
“ကျွန်မ... သင်ချင်ပါတယ်။” ဗာရိုနီကာက တည်ငြိမ် မနေနိုင်တော့။ တင်းတိမ် မနေနိုင်တော့။ မည်သို့ဖြစ်ပေ ချစ်မြတ်နိုးရသူအတွက် ကလေးရရှိရန် သွေးဆောင်မှုမှာ အလွန်ကြီးမားလှ၏။
“ကောင်းပြီလေ။ ဒါပေမဲ့ နင် အဲဒီလို ပြန်လည် ဝင်စားခြင်း ပညာရပ်ကို စပြီး မသင်ခင်မှာ ဝိညာဉ်ကို ငါ သင်ပေးတဲ့ နည်းလမ်းအတိုင်း အဆင့်တစ်ခု အထိ လေ့ကျင့်ရမယ်။ ဒါတင်မကဘူး။ နင်နဲ့ သူ နောက်တစ်ခါ ဝိညာဉ် ပေါင်းစပ်ပြီး လေ့ကျင့်တဲ့အခါ အကျိုးသက်ရောက်မှုက ပိုပြီးကောင်းမွန်လာလိမ့်မယ်။”
“ကျေးဇူးတင်ပါတယ်။ ဖိုက်သွန်။” ဗာရိုနီကာက ရိုးသားစွာ ပြောလိုက်သည်။
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက သူ့အတွက် လုပ်နေတာ။” ဖိုက်သွန် ခေါင်းခါလိုက်သည်။ “ဒါက နင်တို့ရဲ့ ဆက်ဆံရေးနဲ့ သူ့အပေါ်ရှိတဲ့ ခံစားချက်နဲ့ မတူဘူး။ ငါလည်း ထပ်ပြီးတော့ ကောင်းကောင်း မရှင်းပြနိုင်တော့ဘူး။”
“ကျွန်မ စကားပိုပြောမိရင် ခွင့်လွှတ်ပါ။ ရှင်က သူ့ကို ဘယ်သူလို့ထင်လဲ။ ကျွန်မ သူ့ကို သိလာတာ ကြာပြီ။ နောက်ပိုင်းမှာ အပြောင်းအလဲတချို့ ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ မှတ်ဉာဏ်ကလည်း အမွေဆက်ခံမှု တစ်မျိုးမျိုးနဲ့ ပေါင်းစပ်ပြီးတော့ သူက လူသစ် တစ်ယောက် ဖြစ်လာသလိုပဲ။ အခု သူ ဘယ်သူဖြစ်ဖြစ် ကျွန်မအတွက် အရေးမကြီးတော့ပါဘူး... ဒါပေမဲ့ ‘သူ’ ဆိုတာက သူ တကယ် ဘယ်သူလဲ ဆိုတာထက် ရှင့်အတွက် ပိုပြီးတော့ အရေးကြီးတာကို ကျွန်မ မြင်ရတယ်... အဲဒီမှာ ကွဲလွဲမှု ဒါမှမဟုတ် အခက်အခဲ တချို့ ရှိနိုင်တယ်...”
“နင် ပြောချင်တာကို သိပါတယ်။” ဖိုက်သွန် ရုတ်တရက် ရယ်လိုက်သည်။ “နင် အခုမြင်နေရတဲ့ ‘ငါ’က ဒီလောကထဲ ပထမဆုံးအကြိမ် ရောက်လာခဲ့တဲ့ ‘ငါ’နဲ့ ဘာမှ မကွာဘူး။ နင့်ရဲ့ နှလုံးသားက တကယ် ရိုးစင်းလွန်းတယ်... ငါ့လို လူတစ်ယောက်ကို တစ်ယောက်ယောက် ဂရုစိုက်မယ်ဆိုတာ မယုံနိုင်ဘူး။ ရယ်စရာ ကောင်းတယ်။ တကယ် ရယ်စရာပဲ။”
ဗာရိုနီကာ ခေါင်းငုံ့လိုက်သည်။ “သူက အဲဒီလူ မဟုတ်ဘူးလို့ ဆက်တိုက်ကို ပြောနေခဲ့တယ်။ ဒါ ကျွန်မ စိတ်ထင်တာ ဖြစ်ချင် ဖြစ်မယ်... ရှင့်ကို မေးချင်ရုံပါ။ ရှင် မှားသွားတယ် ဆိုရင်ကော။”
“ဒါဆိုရင်တော့...” ဖိုက်သွန် ခဏတာ တိတ်ဆိတ်သွားပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
“နောင်တ မရဘူး။”
ထိုစကားလုံး နှစ်လုံးကို ခပ်ရေးရေး ကြားပြီးနောက်တွင် ဖိုက်သွန်က ဗာရိုနီကာ၏ အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
အမှောင်လနယ်မြေ၌ ဖြစ်သည်။
“သူ့အကြောင်း တွေးနေတုန်းပဲလား။ အသီနာ။” အစ်ဇဘယ်လာ၏ အသံ ထွက်လာသည်။ “ထပြီး လှုပ်ရှားလိုက်ဦး။ ကလေးအတွက် ကောင်းတယ်။”
“အင်း...” အသီနာ ထရပ်လိုက်သည်။ “နင်ရော သူ့ကို မလွမ်းဘူးလား။ ရင်းနီ။”
“လွမ်းတာပေါ့။ ဒါပေမဲ့ လူတိုင်းက မတူညီတဲ့ နည်းလမ်းတွေနဲ့ လူတွေကို လွမ်းဆွတ်ကြတယ်လို့ ထင်တယ်။”
“မတူညီတဲ့ လွမ်းဆွတ်နည်းတွေလား။”
“ဟုတ်တယ်။ နင့် အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်။ ပြီးတော့ ကိုယ့်ရဲ့ ကလေးကို ကျန်းကျန်းမာမာနဲ့ မွေးပေး။ ဒါက သူ့ကို လွမ်းဆွတ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။ သူ ပြန်လာတဲ့အခါကျရင် အံ့ဩစရာ မရှိရင်တောင် အနည်းဆုံးတော့ စိတ်အေးပြီး ပျော်နေမှာပဲ။”
အသီနာ ခဏ စဉ်းစားလိုက်သည်။ “သိပြီ။ ကျေးဇူးတင်ပါတယ် ရင်းနီ။”
အစ်ဇဘယ်လာ ပြုံးလိုက်စဉ် ခီရာက အမြန် မေးလိုက်သည်။ “ကျွန်မကရော။”
“ကိုယ့်ကိစ္စ ကိုယ်တိုင် အကောင်းဆုံး သိတယ်။ သူက စိတ်ဓာတ်ကျတာထက် မင်းရဲ့ စိတ်အားထက်သန်တဲ့ ပုံစံမျိုးကို ပိုကြိုက်တယ် ဆိုတာကိုပဲ ငါသိတယ်။ ကျန်တာတွေ အတွက်တော့ ကိုယ့်ရဲ့ မူလနှလုံးသားအတိုင်း လိုက်နာလိုက်။”
“သိပြီ!” အစေခံ ကဝေဝမလေးသည် ခေါင်းညိတ်လိုက်ပြီး သူ၏လက်သီးများကို ဆုပ်လိုက်သည်။ “ကျွန်မ သေချာပေါက် စိတ်ခွန်အားရှိအောင် ကြိုးစားမယ်!”
“ကျွန်မလည်း သူဌေးကို လွမ်းတယ်။ အစ်မ။ ကျွန်မ ဘာလုပ်ရမလဲ။” မစ်-နဂါးနက်က တွေးနေပုံရသည်။
“နင်က... ‘စိတ်မပူပါနဲ့’ ဆိုတာကို ရွေးသင့်တယ်။”
“စိတ်မပူပါနဲ့ ဟုတ်လား။”
“ဘာလို့လဲဆို ‘အဆင့်တိုးရန်ပုံငွေ’ က အကျုံးဝင်နေတုန်း မို့လို့ပဲ... နင့်ရဲ့သူဌေး မထွက်ခွာခင်မှာ သူက အထူးတလည် ငွေအားလုံးကို ငါ့ဆီမှာ သိမ်းထားဖို့ ပေးခဲ့တယ်။ အဲ့ဒါတွေကို ရဖို့က နင့်ရဲ့ စွမ်းရည် အပေါ်မှာပဲ မူတည်တယ်။” အစ်ဇဘယ်လာက ရယ်မောလိုက်သည်။ “အဆင့်ငယ်ဆိုရင် သလင်းကျောက်နက် ဒင်္ဂါး ၅သောင်း၊ အဆင့်ကြီးအတွက်ဆိုရင် သလင်းကျောက်နက်ဒင်္ဂါး၅သိန်း၊ ပြီးတော့ ကြယ်နှစ်ပွင့် တိုးမြှင့်မှုအတွက် ၁၀သိန်း။ အစွမ်းကုန်သာ ကြိုးစားတော့။”
“ကျွန်မက အခု တိုင်းပြည်အဆင့် အလယ်ပိုင်းမှာ။ သူဌေးဆီကနေ သလင်းကျောက်နက်ဒင်္ဂါး ၅သောင်း ရပြီးပြီ။ တိုင်းပြည်အဆင့် အထွတ်အထိပ် ရောက်သွားမယ်ဆိုရင် စုစုပေါင်း ၁သိန်း ဖြစ်သွားမယ်။ ပြီးတော့ နတ်ဘုရား တစ်ပိုင်းအဆင့် ရောက်ရင် နောက်ထပ် ၅သိန်း ရဦးမှာ...” မစ်-နဂါးနက်က စိတ်လှုပ်ရှားစွာ ရေတွက်လိုက်သည်။
“အကြီးဆုံးဆုငွေက ကြယ်နှစ်ပွင့် တိုးမြှင့်မှုပဲ။ အဲဒါက ၁၀သိန်း ပေးတယ်။” အစ်ဇဘယ်လာက မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ “တကယ်တော့ ဒီဆုက အဆင့်ကြီး တက်သွားမှ ရတာ မဟုတ်ဘူး။ ငါက အကောင်းဆုံး ဥပမာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ အောင်မြင်တုန်းက ဒီဆုငွေ မရှိခဲ့ဘူး။”
“ဟုတ်တယ်!” မစ်-နဂါးနက်၏ မျက်လုံးများ အားလုံး အနက်ရောင်နက် ဒင်္ဂါးများဖြင့် တောက်ပနေ၏။ သူက ချက်ချင်းပင် ရှေ့သို့ တိုးသွားလိုက်ပြီး အစ်ဇဘယ်လာ၏ လက်ကို ကိုင်လိုက်သည်။ “အစ်မ ကျွန်မကိုပြော။ အဲဒီကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ဘယ်လို ပြီးမြောက်ခဲ့တာလဲ။”
“အင်း...” အစ်ဇဘယ်လာက ရှက်ရွံ့သော အမူအရာကို ပြသခဲ့သည်။ “တကယ်တော့ ငါလည်း နားမလည်ဘူး။ ငါ နေ့တိုင်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်တယ်။ ပြီးတော့ ဒီအဆင့် တိုးမြှင့်မှုကို ရှင်းပြလို့ မရဘဲနဲ့ အိပ်မက်ထဲမှာ ပြီးမြောက်သွားခဲ့တာ။”
“အိပ်မက်ထဲမှာလား။” အိုလီဖီးရက်စ် စဉ်းစားလိုက်၏။ “ဘယ်လို အိပ်မက်မျိုးလဲ။”
အစ်ဇဘယ်လာ၏ မျက်နှာပေါ်တွင် နီမြန်းမှုတစ်ခု ဖြစ်သွားသည်။ “မမေးနဲ့၊ လူတိုင်းက မတူတဲ့ ဉာဏ်အလင်းပွင့်မှုတွေ ရှိကြတယ်။ ဇိုလာက ငါနဲ့ မတူဘူးဆိုတာ မှတ်မိတယ်။ သူက ဝိညာဉ် ခွဲထွက်တာ လိုမျိုးကို ခံစားခဲ့ရတယ်။”
“ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။” မစ်-နဂါးနက်သည် နားမလည်သေးပေ။ သလင်းကျောက်နက်ဒင်္ဂါး ၁၀သိန်းဆုက အလွန်ပင် ဆွဲဆောင်မှု ရှိသည်။ သူက ထိုအကြောင်းကို စဉ်းစားမိရုံဖြင့် သွားရည်များကျလာသည်။
“မူလနှလုံးသား။ မူလနှလုံးသားအတိုင်း လိုက်နာလိုက်။” အသံတစ်ခုက ခြံထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
“ဖိုက်သွန်!” အစ်ဇဘယ်လာက ထိုအသံကို ချက်ချင်း မှတ်မိလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “နင် [လတိုင်းပြည်] ဝါးမျိုတာ ပြီးသွားပြီလား။ လဝက်လောက် ကြာမယ်လို့ ပြောခဲ့တာ မလား။ တစ်လတိတိ စောနေတယ်!”
“ဘာလို့လဲဆိုတော့ အဲဒီ ‘လောက’ရဲ့ စွမ်းအားက ထင်တာထက် ပိုပြီးတော့ အားကောင်းနေလို့ပဲ။” ဖိုက်သွန် ပုံရိပ်က ခြံဝင်းထဲတွင် ပေါ်လာသည်။ “ငါ ဆာရီယယ် စွမ်းအားကို လုံးဝ စုပ်ယူပြီးပြီ။ [လတိုင်းပြည်]က မရှိတော့ဘူး၊ အခု အဲဒီတိုင်းပြည်ကို [ကြမ္မာဆိုးကပ်ဘေး တိုင်းပြည်] လို့ခေါ်တယ်။”
“အစ်မ ဖိုက်သွန် ခုနက ပြောတဲ့... မူလနှလုံးသားက ဘာကိုဆိုလိုတာလဲ။” မစ်-နဂါးနက်က ဖိုက်သွန်ကို အမြဲတမ်း အနည်းငယ် ကြောက်ရွံ့နေသော်လည်း ဆုကြီးအတွက် ပို၍ ဂရုမစိုက်နိုင်တော့။
“မူလနှလုံးသား ဆိုတာက...” ဖိုက်သွန် နားထောင်နေလိုက်သည်။ “ဒီစောင်းသံလိုပဲ...”
“ဒါ အယ်ဒီလိုင်း စောင်းတီးနေတာ။” နာဂါ ကောင်မလေးက မစ်-နဂါးနက်၏ သူငယ်ချင်းကောင်းဖြစ်ပြီး အိုလီဖီးရက်စ်က အဝေးမှ စောင်းသံကို ချက်ချင်း မှတ်မိလိုက်သည်။
ကျန်သောလူများလည်း တိတ်ဆိတ် သွားကြပြီး အယ်ျဒီလိုင်း၏ စောင်းသံကို နားထောင်နေလိုက်ကြသည်။ လူတိုင်း၏ နှလုံးသားထဲ ပုံရိပ်တစ်ခု ပေါ်လာသည်။ လရောင်အောက် တည်ငြိမ်ပြီး လှပသော မိန်းကလေးတစ်ဦး။ သူက စောင်းကို တီးခတ်နေသည်။ အဝေးသို့ ခရီး ထွက်သွားသူကို တမ်းတရင်း သူ၏ နှလုံးသားကို အသုံးချကာ သူ့အတွက် ကောင်းချီးပေးကာ ဆုတောင်းပေးနေ၏။
“အဲဒါ ပင်လယ်သတ္တဝါ မျိုးနွယ်စုက နာဂါ မိန်းကလေးလား။” ဖိုက်သွန် ခဏတာ နားထောင်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။ “တကယ် အံ့ဩစရာပဲ။ ငါထင်တာ မမှားဘူးဆိုရင် နောက်တစ်ယောက် အောင်မြင်မယ့်သူက သူ ဖြစ်နိုင်ချေ များတယ်။”
“အက်ဒီလိုင်း...” အစ်ဇဘယ်လာပင် အံ့ဩသော အမူအရာကို ပြသခဲ့သည်။ နာဂါ ကောင်မလေးက မတော်တဆ တံလျှပ်စွမ်းအားကို ဝါးမျိုခဲ့ပြီး သူ၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားသော်လည်း တိုက်ခိုက်ခြင်း မနှစ်သက်သည့် နူးညံ့ပျော့ပျောင်းသော သဘာဝကြောင့် သူ၏ စွမ်းအားက ရပ်တန့်နေခဲ့သည်။ သူ အထူးအဆင့်သို့ပင် မရောက်သေးပေ။ မမျှော်လင့်ဘဲ ဖိုက်သွန်က သူသည် ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို အောင်မြင်ရန် အဖြစ်နိုင်ဆုံး ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်!
“ဒါ မူလနှလုံးသားပဲ။ သူ့စောင်းသံက သူရဲ့ ဝိညာဉ်နဲ့ လောကတစ်ခုလုံးနဲ့ လုံးဝ ပေါင်းစပ်သွားပြီ။ သူရဲ့ နှလုံးသားကနေ စိတ်ခံစားမှုတွေနဲ့ စွမ်းအားကို နင်တို့ သေသေချာချာ အာရုံခံလို့ ရနိုင်တယ်။ ဒီလိုမျိုး အခြေအနေက ရိုးရှင်းတဲ့ ‘လေးနက်တာ’လိုမျိုး မဟုတ်တော့ဘူး။ ‘အပ်နှင်းတာ’မျိုးပဲ။ တကယ့် စစ်မှန်တဲ့ အပ်နှင်းတာမျိုးကပဲ အသန့်စင်ဆုံး အခြေအနေမှာ အသန့်စင်ဆုံး ယုံကြည်မှုကို သိမြင်နိုင်မယ်။”
ထိုစကားများကို ကြားရာ အစေခံ ကဝေမလေး၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်။ “ဒါဆိုရင် ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်ဖို့ အဆင့်တစ်ခုအထိ လေ့ကျင့်စရာ မလိုဘူးပေါ့။”
ဖိုက်သွန် ခေါင်းညိတ်လိုက်သည်။ “စွမ်းအားက အဓိက မဟုတ်ဘူး။ ငါ့ရဲ့ အခု လက်ရှိ နားလည်မှုအရ ကြယ်နှစ်ပွင့် တိုးမြှင့်မှုရဲ့ သော့ချက်က ယုံကြည်မှုနဲ့ အသက်ကို ခံစားနားလည်တာမျိုးပဲ။ စွမ်းအားသက်သက် မြှင့်တင်တာမျိုး မဟုတ်ဘူး။ စွမ်းအားက အောင်မြင်မှုကို မြှင့်တင်ပေးတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပေမယ့် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ဘူး။ ရင်းနီက ဥပမာ တစ်ခုပဲ။ ပါ့ဂ်လီအိုရဲ့ စွမ်းအားက သူထက် ပိုပြီးတော့ အားကောင်းပေမယ့် ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲတာကို နားလည်တဲ့ သူ့ရဲ့ အမြန်နှုန်းက ရင်းနီ အနောက်မှာပဲ။ ပန်းတိုင်ဆီကို မတူညီတဲ့ လမ်းကြောင်းတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုမျိုး လမ်းကြောင်းပဲ ဖြစ်ဖြစ် လွယ်ကူတာတော့ မဟုတ်ဘူး။”
“အခု နားလည်သွားပြီ!” ခီရာ၏ တိုက်ခိုက်ချင်စိတ်က ထူးထူးခြားခြားကို ပြင်းထန်နေသည်။ အခက်အခဲများကြောင့် သူ မကြောက်ပေ။ အက်ဒီလိုင်း လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်!
အစ်ဇဘယ်လာက ‘လွမ်းဆွတ်နည်း’ လို့ အရင်က ပြောခဲ့တယ် မဟုတ်လား။ ဒီလိုဆိုရင် အစေခံ၊ ကိုယ်လုပ်တော်နဲ့ အတွင်းရေးမှူးရဲ့ နည်းလမ်းက သူ့ကို အံ့အားသင့်စေဖို့ပဲ!
မစ်-နဂါးနက်က နားမလည်သေးပေ။ “အယ်ဒီလိုင်းဆီက စောင်းသင်ရမှာလား။”
“အရူးမလေး....” အစ်ဇဘယ်လာ ခေါင်းခါလိုက်သည်။ “မင်းရဲ့ အပ်နှင်း... အကြိုက်ဆုံးက ဘာလဲ။”
“ပိုက်ဆံလေ...” မစ်-နဂါးနက်၏ မျက်လုံးများ လက်သွားပြီး ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည်။ “အစ်မ! ကျွန်မကို နေ့တိုင်း ပိုက်ဆံပုံထဲ အိပ်ခိုင်း။ ဒါဆိုရင် သေချာပေါက် အောင်မြင်မှာပဲ!”
“...”
ထိုအခိုက်တွင် ဘေးမှ လေ့ကျင့်ရေးတဲ လင်းလက်သွားပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့သည်။
လာလာရီယာက ရှေ့ဆုံးတွင် ရှိပြီး ရိုမန်နှင့် ပါ့ဂ်လီအိုတို့က နောက်မှ လိုက်လာ၏။ သုံးဦးလုံး ညိုမည်းနေသော မျက်နှာများ ရှိနေပြီး အထူးသဖြင့် ရိုမန်မှာ ခြေထောက် ထော့နဲ့နေပြီး သနားစရာ ကောင်းနေသည်။
“ဘက်တီလေး။ လာကူပါဦး။ ကိုယ် မခံနိုင်တော့ဘူး။” ပါ့ဂ်လီအိုက အော်ဟစ် လိုက်သည်။ သူ ဖိုက်သွန်ကို မြင်လိုက်ရာ သူ၏အသံ ရုတ်တရက် ထိုးကျသွား၏။ “အား မစ်-ဖိုက်သွန်... ခင်ဗျား... ဘယ်လိုလုပ်...”
“ဆာရီရယ်ရဲ့ စွမ်းအား စုပ်ယူပြီးတော့ ကျွန်မရဲ့ ခွန်အားကို ပြန်ရသွားပြီ။ ဘာလဲ။ အတော်လေး အံ့ဩသွားလား။” ဖိုက်သွန် လှောင်ရယ်လိုက်သည်။
“ဒါပေါ့။” ဆရာသခင် အဆိပ်နဂါး၏ နှလုံးသား တဒိတ်ဒိတ် ခုန်နေသည်။
“ဒါဆို ကျွန်မ ရှင့်ကို ပိုကြီးတဲ့ အံ့ဩစရာတစ်ခု ပေးမယ်။” ဖိုက်သွန်က ပို၍ ကြောက်စရာ ကောင်းအောင် ပြုံးလိုက်၏။ “ဝိညာဉ်စွမ်းအား ပေါက်ကွဲဖို့ တစ်လ ကျန်သေးတယ်။ လူတချို့ကို စုပ်ယူမှု အမြန်ဆုံး ပြီးမြောက်အောင် ကူညီပေးဖို့ ကျွန်မရဲ့ [ကြမ္မာဆိုးကပ်ဘေး တိုင်းပြည်] ကို လေ့ကျင့်ဖို့ စေတနာ့ ဝန်ထမ်းတချို့ ဖိတ်ဖို့ စီစဉ်ထားတယ်။ ပါ့ဂ်လီအို...”
ဆရာသခင် အဆိပ်နဂါး တုန်သွားပြီး ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်သည်။ ဒီအရူးမက လာလာလိုလီထက် အများကြီး ပိုပြီး ကြောက်ဖို့ကောင်းတယ်။ အခု သူက စွမ်းအား အပြည့်အဝ ပြန်ရပြီဆိုတော့ ငါ လေ့ကျင့်ဖို့ အဖမ်းခံရရင် အသက်ရှင်လျက် ပြန်လာဖို့တောင် ခက်ခဲလိမ့်မယ်။
“ကျွန်မ သွားမယ်!” တက်ကြွစွာ စကားပြောလိုက်သူမှာ လာလာရီယာ ဖြစ်သည်။ သူက ပိုအစွမ်းထက်လာရန် အခွင့်အရေးအားလုံး လက်လွှတ်မခံပေ။
အဆိပ်နဂါး သက်ပြင်းချလိုက်စဉ်မှာပင် ဖိုက်သွန်က စကား တစ်ခွန်းဖြင့် သူ့ကို ပြိုလဲသွားစေလုနီးပါး ဖြစ်သွားစေသည်။ “ကောင်းပြီလေ! လာလာရီယာနဲ့ ပါ့ဂ်လီအိုပေါ့....”
“ကျုပ် ဘယ်တုန်းက...” ပါ့ဂ်လီအိုက စကား အနည်းငယ်သာ ပြောလိုက်စဉ် ကြောက်မက်ဖွယ်ရာ အင်အားတစ်ခု သူ၏ အပေါ်သို့ သက်ရောက်လာကြောင်းကို ခံစားလိုက်ရပြီး ရုတ်တရက် စကား ပြောနိုင်စွမ်း ဆုံးရှုံးသွား၏။
ဘေးဖက်မှ ရိုမန်က သူတစ်ပါး၏ ကံဆိုးမိုးမှောင်ကျမှုကို ဝမ်းသာအားရ ဖြစ်နေစဉ် သူ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်၊ အကြောင်းမှာ မဒမ်-ဒေါ်လေး စကားစလိုက်၍ပင်။ “အစ်မ ဖိုက်သွန်။ ကျွန်မရဲ့ ရိုမန်လေးကိုရော ထည့်လိုက်ပါ။”
ဖိုက်သွန် ခေါင်းညိတ်သည်ကို မြင်ရာ ရိုမန်လေး ငိုမိလုမတတ် ဖြစ်သွားသည်။ ခေါင်းဆောင်။ ဆာ-ဦးလေး... ကယ်ပါဦး!
“ဟတ်ချိုး!” သာမန် ရုပ်ရည်ရှိသော အမျိုးသား တစ်ယောက်က ရုတ်တရက် နှာချေလိုက်ပြီး ခေါင်းပေါ် တောက်ပသော နေရောင်ခြည်ကို ကြည့်ကာ ခရီးလမ်းကို ဆက်လက် ထွက်ခွာသွားတော့သည်။