← Chapters

ကျင့်ကြံသူများ မြို့ထဲသို့ ဝင်လာပါပြီ

Vol. 4 Ch. 48

ကျင့်ကြံသူများ မြို့ထဲသို့ ဝင်လာပါပြီ

Vol. 4 Ch. 48

အန်လင်းတို့ အဖွဲ့သည် တောင်အား ခြေလျင် ဖြတ်ကျော်လာကြသည်။ ထိုအခိုက်အတန့်တွင် သူတို့အတွက် အဓိက ပြဿနာမှာ သူတို့ သွားရောက်ရမည့် နေရာအား ရောက်ရှိရန် ဖြစ်သည်။

သူတို့အား တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ပေးရမည့် နေရာသည် ရုံမြို့တွင် တည်ရှိသည့် ပိုင်ရန် ဘုရားကျောင်း ဖြစ်သည်။

သို့ပေမဲ့လည်း သူတို့ယခု ရောက်ရှိနေသည့် နေရာသည် ပစ်မှတ် တည်ရှိသည့် နေရာနှင့် အတော်လေး လမ်းလွဲနေပြီ ဆိုသည်ကို ရူးနေသည့်သူတောင်မှ သိနိုင်ပေသည်။ အဝေးသို့ မျှော်ကြည့် ပေမဲ့လည်း ဘုရားတစ်ဆူ ဂူတစ်လုံးမျှသော် မမြင်ရချေ။

သူတို့ ပတ်ပတ်လည်ရှိ တောင်များသည် ဝိုးတဝါး ပေါ်နေသည့် တောအုပ်များမှလွဲ၍ မည်သည့် အရာမှ မရှိချေ။

အခုတော့ဖြင့် သူတို့သည် မည်သည့် နေရာသို့ ရောက်ရှိနေမှန်း မသိကြပေ။

တစ်နာရီခန့် လမ်းလျှောက် ပြီးသည့်နောက်တွင် အန်လင်းသည် လမ်းတစ်လမ်းအား မြင်တွေ့ လိုက်ရသည်။

အန်လင်းမျက်လုံးများက ပျော်ရွှင်မှုကြောင့် တလက်လက် တောက်ပလာသည်။ လမ်းကိုသာ တွေ့မည်ဆိုလျှင် ဖြတ်သွားဖြတ်လာ လူများအား မေးမြန်းကာ ရောက်ရှိနေသည့် နေရာအား သိရှိနိုင်မည် မဟုတ်ပါလား။

ထို့အပြင် ဒီထက်ပို လမ်းလျှောက်ရန် မလိုအပ်တော့သလို ပိုင်ရန်ဘုရားကျောင်းသို့ ရောက်ရှိရန် မော်တော်ယာဉ် တစ်စီးအား ပို့ဆောင်ခိုင်းလို့ ရနိုင်သေးသည်။

“ဟမ် ...  လူတစ်ယောက် ထောင်ချောက်မိနေပါ့လား ...  ဟာ ...  အဲဒါ ဘီလူးကောင်ဟ ... ”

ရွှမ်ယွမ်ချန်၏ အမူအရာသည် လေးနက်လာသည်။ သူ့ပုံရိပ်မှာ ဝေဝါးလာပြီးနောက် ပြေးထွက် သွားတော့သည်။

အန်လင်းနှင့် စုရှောင်လန်တို့သည် ရုတ်တရက်ဆိုသလို လန့်သွား ကြပြီးနောက် မကောင်းသည့် အရာများအား အာရုံခံမိနေသည်။

ဘုန်း ...

လမ်းပေါ်တွင် အရှိန်ဖြင့် သွားနေသည့် ကားတစ်စီးသည် ရွှမ်ယွမ်ချန်၏ လက်ဗလာဖြင့် ရိုက်ချခြင်း ခံရပြီးနောက် ရပ်သွားသည်။ ထို့နောက်တွင် ကားစက်ခေါင်းဖုံး တစ်ခုလုံးအား လက်များဖြင့် ခြေမွ ပစ်လိုက်သည်။

မရှေးမနှောင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသည့် သတ္တုဆုတ်ဖြဲ သံများအား ကြားရသည်။

ချွင် ...  ဗြိ ...

လက်ဗလာနှင့်ပင် ရွှမ်ယွမ်ချန်သည် ကားအား နှစ်ပိုင်းပိုင်းလိုက်သည်။ ထို့နောက် လူသားအား ချည်နှောင်ထားသည့် လက်များအား ဖြုတ်လိုက်ပြီးနောက် အပြင်သို့ ဆွဲထုတ်ကာ ဘေးသို့ အလျင်အမြန် ရှောင်လိုက်သည်။

ဘုန်း ...

ကားပေါက်ကွဲ သွားလေပြီ ... ။

...

ရွှမ်ယွမ်ချန်က ထိုလူအား သယ်မထားပြီး သူ့မျက်နှာတွင် နွေးထွေးသည့် အပြုံးတစ်ခု ပေါ်လာသည်။ “ဟူး ...  အရမ်းကို နီးကပ်လွန်းတာပဲ ...  ခင်ဗျား အဆင်ပြေရဲ့လား ... ”

ထိုအမျိုးသား၏ မျက်လုံးများသည် ပြူးဖောင်း လာသည်။ သူ့မျက်နှာသည် လူသေကောင်ကဲ့သို့ ဖြူဖျော့သွားပြီးနောက် နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်လာသည်။ “သ ...  သရဲ ...  ဂြိုဟ်သားဗျို့ ...  အား ...  ... .”

ရွှမ်ယွမ်ချန်သည် သက်ပြင်း ချပြီးနောက် ခေါင်းအား ညင်သာစွာ ခါယမ်း လိုက်သည်။ ထိုအမျိုးသား စဉ်းစားနေသည့် အရာများအား သူနားလည် နိုင်ပေသည်။

ထိုအမျိုးသားသည်  ဘီလူးကောင်ကြောင့် အလွန်တရာ ထိတ်လန့် နေသည်မှာ ထင်ရှား လွန်းလှသည်။

လမ်းဘေးရှိ မြင်ကွင်းအား ကြည့်နေရင်းနှင့် အန်လင်းနှင့် စုရှောင်လန်တို့၏ နှုတ်ခမ်းများသည် အင်္ဂလိပ်အက္ခရာ ‘အို’ သဏ္ဌာန် ဝိုင်းစက် သွားကြသည်။

သေမျိုးဘာသာရပ်၌ စုရှောင်လန်သည် အလွန်ကြိုးစားခဲ့သဖြင့် လမ်းမပေါ်တွင် အရှိန်ဖြင့် သွားနေသည့် အရာမှာ ဘီလူးမဟုတ်ဘဲ ကားတစ်စီး ဖြစ်ကြောင်း သိပေသည်။

အန်လင်းအတွက်မူ လက်ဗလာဖြင့် ကားတစ်စီးအား စုတ်ဖြဲပစ်နိုင်သည့် မကောင်းဆိုးဝါးကို ယခင်က မမြင်ဖူးခဲ့ချေ။

အခုတော့ဖြင့် အစ်ကိုကြီးချန်သည် လက်ဗလာဖြင့် မော်တော် ကားလေးအား သူ့ရှေ့တွင်ပင် အပိုင်းပိုင်း စုတ်ဖြဲ ပြလိုက်လေပြီ။

သောက်ကျိုးနည်းမှပဲ ... ။ ကားတစ်စီးကို လက်ဗလာဖြင့် အပိုင်းပိုင်း ခြေမွ ပစ်လိုက်ခြင်း ... ။ ထိုလူက ဘယ်လိုနည်းနဲ့မှ မအံ့ဩဘဲ နေနိုင်မည်နည်း။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် နဂိုအနေအထားသို့ ပြန်လည် ရောက်ရှိလာကြသည်။

“အစ်ကိုကြီးချန်ရေ ... ” အန်လင်းက လမ်းလျှောက် သွားပြီးနောက် သတိပေးလိုက်သည်။ “လမ်းပေါ်မှာ အရှိန်နဲ့ သွားနေတဲ့ အရာက မော်တော်ကားလေ ...  ဘီလူးကောင် မဟုတ်ဘူး ... ”

အန်လင်း၏ စကားများအား ကြားပြီးသည့် နောက်တွင် ရွှမ်ယွမ်ချန်သည် အတွေးထဲ နစ်မြော သွားတော့သည်။

“အိုး ...  ငါမှတ်မိပြီ ...  ဒါက လူလုပ် စက်ပစ္စည်း တစ်မျိုးပဲ ...  ဟမ့် ...  အဲဒါကြောင့် ဒီဟာကနေ အသက်စွမ်းအင်တွေ အာရုံခံလို့ မရတာ အံ့ဩစရာ မဟုတ်ဘူးပဲ ... ”

ရွှမ်ယွမ်ချန်၏ မျက်လုံးများ လက်လာပြီးနောက် တစ်ခုခုအား သတိရလိုက်ပုံ ရှိသည်။

ချက်ချင်းဆိုသလို သူပွေ့ချီထားသည့် ဝဖိုင့်ဖိုင့်လူအား တောင်းပန် တိုးလျှိုးစွာ ကြည့်လိုက်သည်။ “ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ ...  ကျွန်တော်က အရမ်းအလျင်စလို လုပ်မိသွားပြီး ခင်ဗျားရဲ့ကားကို ဖျက်ဆီး မိသွားတယ် ...  အသစ်တစ်ခု အလျော်ပြန်ပေးပါမယ်ဗျ ... ”

ထိုလူသည် ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ရွှမ်ယွမ်ချန်၏ စကားများအား ကြားလိုက်သည့် အခါတွင် သူက ထိပ်ထိပ်ပျာပျာဖြင့် ခေါင်းခါယမ်းပြီး “မ ...  မလိုပါဘူးဗျာ ...  ကျွန်တော့်ကို လွှတ်ပေးဖို့ပဲ တောင်းဆိုလို့ ရမလား ...  ကျွန်တော့်ရဲ့အသားက အရမ်းကို ရွံစရာ ကောင်းပြီး အရသာ မရှိပါဘူး ...  ကျွန်တော် နေ့တိုင်းစားတဲ့ အစာတွေထဲမှာ ဟော်မုန်းတွေ ထိုးသွင်းထားတယ်ဗျ ...  ကျွန်တော့် အသားတွေက အဆိပ်တွေပါဗျာ ... ”

ရွှမ်ယွမ်ချန် : “ ... ”

အန်လင်း “ ... ”

စုရှောင်လန်  “ ... ”

ထိုလူသည် သူတို့အား လူသားစားသည့် မကောင်းဆိုးဝါးများဟု မြင်နေခြင်းများလား ... ။

အန်လင်းက သက်ပြင်းချလိုက်သည်။ ထိုလူဆီသို့ လျှောက်သွားပြီး မှတ်ဉာဏ်ဖျက် မန္တန်အား အသုံးပြုလိုက်သည်။

သေမျိုးလောကသို့ ဆင်းသက်ရမည့် ကျင့်ကြံသူတိုင်း ထိုအင်မော်တယ်မန္တန်အား မဖြစ်မနေ သင်ကြားရသည်။ ယခုကဲ့သို့ အဖြစ်အပျက်များ ကြုံတွေ့ရလျှင် ကာကွယ်နိုင်ရန် အတွက် ဖြစ်သည်။

ထိုလူသည် မှတ်ဉာဏ် ဖျက်ပြီးသည့် နောက်တွင် မေ့မြောသွားတော့သည်။

ရွှမ်ယွမ်ချန်သည် သူ့အား မြေပြင်တွင် လဲလျောင်းလျက် ထားရှိလိုက်ပြီးနောက် ကုသခြင်း မန္တန်နှင့် နိုးထခြင်း မန္တန်တို့အား အသုံးပြုလိုက်သည်။

ထိုလူသည် တဖြည်းဖြည်း နိုးလာသည်။ သူ့နံဘေးတွင် ရပ်နေသည့် လူစိမ်းသုံးယောက်အား မြင်သည့်အခါတွင် အမူအရာသည် ပြောင်းလဲ သွားတော့သည်။ “ဒါ ...  ဒါက ဘယ်နေရာလဲ ...  ငါဘာလို့ ဒီကို ရောက်နေတာလဲ ... ”

ထိုလူသည် အနည်းငယ် မူးနောက်လျက် ရှိနေသည်။

သူ အတင်းအကြပ် စဉ်းစားသော်လည်း ကားမောင်းလာသည် အထိသာ မှတ်မိတော့သည်။ ဘယ်လိုဖြစ်လို့ ရုတ်တရက် မြေပြင်တွင် လဲလျောင်း နေရသနည်း။

ထိုအချိန်မှာပင် ဆွဲဆောင်မှုရှိသည့် လူငယ်တစ်ဦးသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် စကားပြောလာသည်။ “ဦးလေးခင်ဗျား ...  ကျွန်တော်တို့ ရောက်လာတော့ ဦးလေးက ဒီမှာ လဲကျနေတာဗျ ...  ကျွန်တော်တို့က ဒီနားကနေ ဖြတ်သွားတော့ လမ်းမဘေးမှာ ဦးလေး လဲကျနေတာ တွေ့လိုက်လို့ အတော်လေး စိုးရိမ်မိသွားတယ် ...  အဲဒါကြောင့် ဒီမှာ ရပ်ပြီး ဦးလေးကို စောင့်ကြည့် နေကြတာပါ ... ”

“ပြီးတော့ ဟိုနားက ကား ...  အဲဒါ ဦးလေးဟာလား ... ”

ထိုသို့ပြောရင်း သူ့လက်အား လမ်းပေါ်သို့ ညွှန်ပြလိုက်သည်။

လမ်းပေါ်သို့ ကြည့်လိုက်သည့် အခါတွင် မီးခိုး တလူလူ တက်နေသည့် ကားနှင့် လိုင်စင်ပြားကို သာလျှင် မြင်လိုက်ရသည်။ “သောက်ကျိုးနည်း ...  ငါ့ကားကြီး ပေါက်ကွဲ သွားတာလားဟ ... ”

“ဟုတ်တယ်ဗျ ...  အရမ်းကို ထူးဆန်းလွန်းတယ် ...  ဦးလေးကတော့ ဒဏ်ရာ သေးသေးလေးတောင် ရထားပုံ မပေါ်ဘူးနော် ...  ဒီလောကကြီးက ဘာတွေများ ဖြစ်နေတာလဲဗျာ ... ” အန်လင်းက ထိုလူအား ကြည့်ကာဖြင့် အံ့ဩတကြီး အော်ဟစ် လိုက်သည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန် တို့သည်လည်း ထိုလူအား စူးစမ်းသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ သူတို့ မတွေးနိုင်လောက်အောင် နက်နဲလွန်းသည့် အရာအား မျက်မြင် တွေ့လိုက် ရသလိုမျိုး ဖြစ်သည်။

ဝန်ခံရမည်ဆိုလျှင် ထိုသုံးယောက်၏ သရုပ်ဆောင်ပညာသည် အလွန်ကောင်းလွန်းသည်။

ထိုလူသည် သူတို့ သုံးယောက်အား ကြည့်ကာ ဝေခွဲမရနိုင်အောင် ရှိနေသည်။ ထိုသုံးယောက် သည်လည်း သူ့အား သိချင်စိတ်ဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် တုန်ယင်သော လက်အစုံဖြင့် ဖုန်းအားထုတ်ကာ ကားအား ဓာတ်ပုံ ရိုက်လိုက်သည်။ ထို့နောက် ရဲကို ဖုန်းဆက်ခေါ်လိုက်သည်။

ထိုလူအား ကျေးဇူးတင်ရမည် ဖြစ်သည်။ အန်လင်းတို့သည် ရဲကားပေါ်တွင် လိုက်ပါ လာခဲ့ကြရသည်။

အန်လင်းတို့သည် ကြင်နာတတ်သည့် လူငယ်များဖြစ်ပြီး လမ်းပေါ်တွင် လဲကျနေသည့် ထိုလူအား ကူညီပေးရန် အတွက် ခရီးသွားနေစဉ် လမ်းတစ်ဝက်တွင် ကားပေါ်မှ ဆင်းခဲ့ကြခြင်း ဖြစ်သည်ဟု အခြားသူများအား ပြောထားသည်။

ထိုအကြောင်းအား ကြားလိုက်သည့် အခါတွင် ထိုလူသည် အလွန်အမင်း စိတ်လှုပ်ရှား သွားသည်။

ထို့နောက်တွင် သူတို့ နှစ်ယောက်သည် ပျော်ရွှင်စွာဖြင့် စကားပြောဆို ကြတော့သည်။

ထိုလူ၏ ကျေးဇူးတင်သည့် အပြုအမူကြောင့် ကားအား ဖျက်ဆီးပစ်လိုက်သူ ရွှမ်ယွမ်ချန်သည် ရှက်ရွံ့မှုကြောင့် မျက်နှာမှာ အနီရောင် သန်းလာတော့သည်။

“အန်လင်း ...  ဒီဦးလေးရဲ့ ကားကို နောက်များကျ ပြန်ပြီး အလျော် ပေးရအောင်နော် ... ” ရွှမ်ယွမ်ချန်က အန်လင်းအား တီးတိုး ပြောသည်။

“စိုးရိမ်မနေနဲ့ ...  အစိုးရဌာနက ငါတို့ရဲ့ ပြဿနာကို ကူညီပြီး ဖြေရှင်းပေးလိမ့်မယ် ...  ငါတို့က ဆက်သွယ်ရမယ့် လူကို ရှာပြီး လက်လွှဲပေးလိုက်ရုံပဲ ... ” အန်လင်းက ရယ်မောလိုက်သည်။

ထိုသို့ကြားမှသာ ရွှမ်ယွမ်ချန်သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး အပြစ်ရှိသည့် စိတ်သည်လည်း အနည်းငယ် လျော့ကျ သွားသည်ဟု ခံစားရသည်။

ထိုလူအား ကျန်းဟုန်ပန် ဟုခေါ်ပြီး တိုက်ဆိုင်စွာဖြင့်ပင် ရုံမြို့သားတစ်ဦးလည်း ဖြစ်သည်။

သူတို့ အခုရောက်ရှိ နေသည့် နေရာသည် ရုံမြို့နှင့် ငါးဆယ်ကီလိုမီတာ သာလျှင် ကွာဝေးသည်။

အန်လင်းသည် ရဲစခန်းသို့ သွားကာ စစ်ချက်ပေးဖို့ စိတ်မဝင်စားပေ။ ထို့ကြောင့် ကားပေါ်ရှိ လူများအား မှတ်ဉာဏ်ဖျက် မန္တန် အသုံးပြုလိုက်ပြန်သည်။

ကားပေါ်ရှိ လူအားလုံး သတိလစ်သွားသည့် အခါတွင် အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် ကားပေါ်မှ ဆင်းလာ ကြတော့သည်။

ရုံမြို့ ကို ချန်တု ဟုခေါ်ပြီး အနောက်တောင်ပိုင်း ဒေသတွင် အကြီးဆုံးမြို့ ဖြစ်ကာ ကောင်းကင်ဘုံ စီရင်စုလည်း ဖြစ်သည်။

အန်လင်းသည် ချုံချင်းမှ လာသူဖြစ်ပြီး ချန်တုနှင့် သိပ်မဝေးပေ။

သူအားလပ်သည့်အခါမျိုးတွင် ချန်တုသို့ လာလေ့ရှိသဖြင့် ဒီနေရာနှင့် အတော်လေး ရင်းနှီးသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ကားပေါ်မှ ဆင်းလိုက်သည်နှင့် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့အား ပတ်ဝန်းကျင်ကို လိုက်လံ ပြသလိုက်သည်။

ချန်တုတွင်  အထပ်များစွာ မြင့်မားသည့် အဆောက်အဦများစွာ ရှိသည်။ ချွန်းစီလမ်းသို့ ရောက်သည့် အခါတွင် ပုံမှန်တက်ပိုမို တက်ကြွလှုပ်ရှားပြီး ပျားပန်းခပ် နေကြသည်များအား မြင်တွေ့ လိုက်ရသည်။

ချွန်းစီလမ်းပေါ်တွင် ကုန်စုံဆိုင်မျိုးစုံရှိပြီး သွားရည်ကျချင်စရာ စားသောက်ဖွယ်ရာ များစွာလည်း ရှိသည်။ တစ်လမ်းလုံး ပျားပန်းခပ် လှုပ်ရှားနေကြပြီး အတော်လေး စည်ပင်ဝပြောသည့်ပုံ ရှိသည်။

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ အတွက် ပထမဆုံးအကြိမ် သေမျိုးကမ္ဘာသို့ ဆင်းသက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်ရှိ ထူးဆန်းသည့် ကုန်ပစ္စည်း အမျိုးမျိုးအား အလွန် အံ့အားသင့်စွာဖြင့်ပင် မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေကြတော့သည်။

ကံကောင်းသည်မှာ သူတို့နှစ်ဦးစလုံးသည် နာမည်ကြီးဂိုဏ်များ မျိုးနွယ်ကြီးများမှ ဆင်းသက် လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အသစ်အဆန်းများ စိတ်ဝင်စားစရာများကို မြင်တွေ့ရသဖြင့် အံ့ဩတကြီး ဖြစ်နေကြသော်ငြား လွန်လွန်ကဲကဲ အပြုအမူများ ရယ်ရွှင်ဖွယ် အပြုအမူများ ပြုလုပ်ကြခြင်း မရှိ။

အနည်းဆုံးတော့ ရွှမ်ယွမ်ချန်၏ လက်ဗလာဖြင့် ကားအား စုတ်ဖြဲသည့် အပြုအမူမျိုး ထပ်မဖြစ်တော့ချေ။

“အန်လင်းပြောတာ မှန်တယ် ...  ငါတို့က ပိုင်ရန် ဘုရားကျောင်းကို သွားပြီးတော့ ငါတို့ရဲ့ အဆက်အသွယ်ကို အရင်ဆုံး သွားတွေ့ဖို့ လိုအပ်တယ် မဟုတ်ဘူးလား ... ”

အချိန်ကြာမြင့်စွာ လျှောက်ပတ် ကြည့်ပြီးသည့် နောက်တွင် စုရှောင်လန်သည် သူတို့၏ အဆက်အသွယ်အား တွေ့ဆုံရခြင်း မရှိသေးကြောင်း သတိရတော့သည်။

သူမ၏ မေးခွန်းအား ကြားသည့် အခါတွင် အန်လင်းသည် ရယ်မောကာ ခေါင်းခါ လိုက်တော့သည်။ “ငါတို့ဒီကိုမလာခင် အတန်းပိုင်ဆရာက ပြောလိုက်တယ်လေ ...  ပိုင်ရန်ဘုရားကျောင်းက အရမ်းကို လျှို့ဝှက်စွာ တည်ရှိတဲ့ တာအိုဘုရားကျောင်း ဆိုပြီးတော့ ...  သာမန်လူတွေက အဲဒီ ဘုရားကျောင်း ရှိနေမှန်းတောင် သိမှာမဟုတ်ဘူး ...  ပြီးတော့ ငါတို့ ရောက်လာကြတဲ့ နေရာကလည်း မမှန်ဘူးလေ ...  အဲတော့ ငါတို့က ပိုင်ရန် ဘုရားကျောင်းရဲ့ နေရာ အတိအကျကို မသိနိုင်တော့ဘူး ... ”

“အဲဒါကြောင့် ငါတို့က သူတို့ကို သွားရှာတာထက် သူတို့က ငါတို့ကို လာရှာက ပိုပြီးကောင်းလိမ့်မယ် ... ” အန်လင်းက ဆက်ပြောသည်။

ရွှမ်ယွမ်ချန်က ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်။ “အင်း ...  ဒီအကြံက တကယ် ကောင်းတယ် ...  ငါတို့က ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကို ဖန်တီးဖို့ လိုအပ်တယ် ...  အဲဒါမှ တချို့ စောင့်ကြည့် လေ့လာနေတဲ့ ဌာနတွေက သတိပြုမိပြီး စစ်ဆေးဖို့အတွက် လူလွှတ်မှာ ...  ဒါက လွယ်ကူပြီး သိပ်မပင်ပန်းတဲ့ နည်းလမ်းပဲ ... ”

“ဟုတ်တာပေါ့ ...  ဒီည တစ်ခုခု လုပ်ကြစို့ ...  အပျော်လေးတွေ ဆက်လိုက်ကြတာပေါ့ ... ” အန်လင်းက သွားဖြီး ပြလိုက်သည် ... ။

***

All Chapters