← Chapters

အာဏာကို သိမ်းပိုက်ခြင်း၊ ဒုတိယတိုက်ပွဲ

Vol. 134 Ch. 1729

အာဏာကို သိမ်းပိုက်ခြင်း၊ ဒုတိယတိုက်ပွဲ

Vol. 134 Ch. 1729

တစ်ချိန်တည်းမှာပင် ယိုတုမှ စက္ကူလှေများကလည်း ကောင်းကင်နတ်ဘုံ စစ်စခန်းအောက်သို့ ရောက်လာကြသည်။ ကောင်းကင်နတ်အရှင်ရုံ သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်းလိုက်သည့်အခါ ကောင်းကင်နတ်ဘုံမှ စစ်သည်တော်များ ရုတ်တရက် ငေးကြောင်သွားကြသည်။ အမြင်အာရုံများ အမှောင်ကျသွားပြီး သူတို့ကိုယ်သူတို့ ယိုတုတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အမှန်တကယ် ယိုတုသို့ ကျရောက်သွားခြင်းမဟုတ်ဘဲ ကောင်းကင်နတ်အရှင်ရုံ၏ သေခြင်းရှင်ခြင်းစာအုပ်က သူတို့၏ သက်တမ်းကို ဖြတ်တောက်ပစ်ကာ မူလဝိညာဉ်များကို ယိုတုသို့ ဆွဲခေါ်သွားခြင်း ဖြစ်၏။

နတ်ဘုရားတစ်ပါး၏ သက်တမ်းသည် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာအပေါ်တွင် မူတည်လေသည်။ ကောင်းကင်နတ်အရှင်ရုံဆိုသည်မှာ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖန်တီးခဲ့သူ မဟုတ်လော။ သို့သော် နတ်ဘုရားမိစ္ဆာတို့၏ ခွန်အားက အလွန်မြင့်မားသည့်အတွက် သက်တမ်းကို ဖြတ်တောက်လိုက်ရုံဖြင့် အသက်ကို နှုတ်ယူရန် မလုံလောက်ပေ။ မူလဝိညာဉ်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပါက အသက်ပြန်ရှင်လာနိုင်မည် ဖြစ်သည်။

ကောင်းကင်နတ်အရှင်ရုံအနေဖြင့် သူ၏ ကုဋေပေါင်းများစွာသော ကိုယ်ပွားများကို အားကိုး၍ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများကို သတ်ဖြတ်ရပေလိမ့်မည်။

သူ တစ်ဦးတည်းသည်ပင် ကုဋေပေါင်းများစွာသော နတ်ဘုရားမိစ္ဆာစစ်တပ်ကြီး ဖြစ်၏။

သူ ကောင်းကင်နတ်ဘုံနှင့် နတ်ဘုရားမိစ္ဆာတစ်သန်းကို ယိုတုထဲသို့ ဆွဲခေါ်လိုက်သည့် အခိုက်တွင် ရုတ်တရက် စစ်တပ်နှစ်တပ်က ယိုတုထဲသို့ ဦးတည်ပြေး၀င်လာသည်။ ထိုသူတို့ကား ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဆယ်ဖွဲ့မှ လက်ဝဲလက်ယာ နတ်အင်အားတပ်ဖွဲ့ ဖြစ်ပေသည်။

စစ်တပ်နှစ်တပ်သည် သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကြီးများဖြင့် ယိုတုထဲသို့ ဝင်ရောက်လာကြသည်။ ကောင်းကင်နတ်အရှင်ရုံကို အမဲလိုက်သတ်ဖြတ်ရန် အထူးရောက်ရှိလာခြင်း ဖြစ်၏။ နတ်အင်အားစစ်တပ်၏ စွမ်းအားမှာ အလွန်ပြင်းထန်အားကောင်းသည့်အပြင် ယိုတုမိစ္ဆာဆင့်‌ခေါ်၀င်္ကပါနှစ်ခုကိုလည်း ခင်းကျင်းထားသေးသည်။

ယိုတုမိစ္ဆာဆင့်‌ခေါ်၀င်္ကပါမှာ ကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့ ရေးဆွဲဖန်‌တီးထားသော ဝင်္ကပါပင်။ သို့သော် ကောင်းကင်နတ်အရှင်ရှု မဟုတ်ဘဲ မြေအောက်ဘုံအရှင်သခင်ကို တုပဖန်ဆင်းထားခြင်း ဖြစ်သည်။

၀င်္ကပါ အသက်ဝင်လာသည်နှင့် နတ်အင်အားစစ်တပ်မှ နတ်ဘုရားမိစ္ဆာတစ်သိန်း၏ မူလဝိညာဉ်များ စုစည်းသွားပြီး မြေအောက်ဘုံအရှင်သခင်အသွင် ရှိသည့် မူလဝိညာဉ်နှစ်ခုအဖြစ် ပေါ်လွင်လာသည်။ သူတို့က ကောင်းကင်နတ်အရှင်ရုံ၏ မရေမတွက်နိုင်သော ကိုယ်ပွားများကို တိုက်ရိုက် ချေမှုန်းနေကြ၏။

ကောင်းကင်နတ်အရှင်ရုံ၏ ကိုယ်ပွားများမှာ အရေအတွက်အားဖြင့် များပြားသော်လည်း တစ်ယောက်ချင်းစီမှာ သိပ်မသန်မာလှပေ။ အငိုက်မိတိုက်ခိုက်ခံရသည့်အခါ ကိုယ်ပွားတစ်သန်းကား ပျက်စီးသွားတော့သည်။

လက်ဝဲလက်ယာ နတ်အင်အားစစ်တပ်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ဝင်္ကပါကို ထပ်မံအသက်သွင်းလိုက်ပြန်၏။

ထိုစဉ်မှာပဲ ဧရာမအရာဝတ္ထုကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး တပ်နှစ်တပ်၏ အလယ်သို့ ဘုန်းခနဲ ကျလာသည်။ ၎င်းသည် ရတနာများစွာ အကုန်အကျခံ၍ တည်ဆောက်ထားသော ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးပင် ဖြစ်သည်။

လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးက နတ်အင်အားတပ်ဖွဲ့နှစ်ဖွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံကို ခွဲထားလိုက်သည်။ ချင်ဖုန်းကျင့်သည် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးအရှေ့တွင် ရပ်နေပြီး ကောင်းကင်လှည်းဘီး၏ စွမ်းအားကို အသက်သွင်းလိုက်၏။ နတ်အင်အားစစ်တပ်အတွင်းမှ ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်ခန်းမအဆင့် နတ်ဘုရားမိစ္ဆာတို့၏ ရုပ်ခန္ဓာများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲကုန်ကြသည်။

နတ်အင်အားစစ်တပ်တွင် နဂါးမျိုးနွယ်နှင့် ကျားမျိုးနွယ် နတ်ဘုရားတစ်ပိုင်း အများဆုံးပါဝင်ကြ၏။ ထို့ကြောင့်ပင် သန်မာအားကောင်းသော နတ်အင်အားဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ သို့‌သော် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီး လည်ပတ်သွားသောအခါ သူတို့၏ မျိုးနွယ်ပင် ပြောင်းလဲသွား၏။

မျိုးနွယ်များသာမက မူလဝိညာဉ်များပါ ပြောင်းလဲသွားကာ အခြားမျိုးနွယ် မူလဝိညာဉ်များ ဖြစ်ကုန်ကြသည်။

နတ်အင်အားစစ်တပ်နှစ်တပ်လုံး ဗြောင်းဆန်သွားသည်။

သို့သော် ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များအပေါ် သက်ရောက်မှု မရှိသောကြောင့် သူတို့က ချက်ချင်းပင် ၀င်္ကပါခင်းကျင်းလိုက်ကြသည်။ ၀င်္ကပါက ပြန့်ကျဲနေသော်လည်း နတ်အင်အားစစ်တပ်နှစ်တပ်လုံး ၀င်္ကပါထဲတွင် ရှိနေသရွေ့ ၀င်္ကပါ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်သည်။

၀င်္ကပါ ရှိနေသရွေ့ ချင်ဖုန်းကျင့်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။

သူတို့ ၀င်္ကပါကို အသက်သွင်းလိုက်သည်နှင့် ရုတ်တရက် ချင်ဖုန်းကျင့်၏ မျက်နှာသုံးဖက်သည် မည်းမှောင်သွားလေ၏။ "မင်းတို့ကောင်တွေက နွားကြီးအသွင် ယူဖို့ မထိုက်တန်ဘူး”

ရွှမ်း

သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။ မျက်လုံးသည် ငရဲမျက်လုံး ဖြစ်၏။

သူ၏အကြည့် ကျရောက်ရာ နေရာတိုင်းတွင် ၀င်္ကပါနှစ်ခုအတွင်းမှ မြေအောက်ဘုံအရှင်သခင် အသွင်ဆောင်ယူထားသော မူလဝိညာဉ်တို့ ချက်ချင်းပင် ပြာကျသွားတော့သည်။

ဦးခေါင်းသုံးလုံး၊ ဒေါင်လိုက်မျက်လုံးသုံးလုံး... ၎င်းတို့ ဖြတ်သန်းသွားတိုင်း မဟာ၀င်္ကပါနှစ်ခုမှာ အပိုင်းပိုင်း ပြတ်တောက်သွားချေပြီ။

ချင်ဖုန်းကျင့်က လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို အသက်သွင်းလိုက်သည်။ ကောင်းကင်လှည်းဘီးက တဝှီးဝှီး လည်ပတ်လျက် နတ်အင်အားတပ်ဖွဲ့မှ စစ်သည်တော်တို့၏ ဖရိုဖရဲ ပြန့်ကြဲနေသော မူလဝိညာဉ်များကို သိမ်းယူကာ ကောင်းကင်လှည်းဘီးထဲသို့ ကျဆင်းလာစေသည်။

သူက လက်ခြောက်ဖက်ကို ဆန့်တန်း၍ ဝင်္ကပါအခင်းအကျင်းနှစ်ခုအား ဆွဲယူလိုက်၏။

ဤအခိုက်အတန့်တွင် ယိုတုက ပြင်းထန်စွာ တုန်ခါသွားသည်။ ကောင်းကင်နတ်မြစ်က ယိုတုသို့ တဟုန်ထိုး ဝင်ရောက်လာသည်။

ကောင်းကင်နတ်မြစ်သည် ယိုတုသို့ ရောက်လာသည်နှင့် ယိုတုမြစ်အဖြစ် ပြောင်းလဲသွား၏။ ‌မြစ်ပေါ်တွင် ကုန်းမြေများအလား ကြီးမားလှသော စစ်သင်္ဘောတန်းများ ရှိနေကြ၏။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက ပျံထွက်လာကာ သိပ်သည်းစွာ စုစည်းသွားကြသည်။ ယင်းတို့က ကောင်းကင်နတ်အရှင်ရုံနှင့် ချင်ဖုန်းကျင့်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ဤသည်ကား ကောင်းကင်နတ်မြစ်ရေတပ်၏ စစ်သင်္ဘောကြီးများပင် ဖြစ်သည်။

ကောင်းကင်နတ်မြစ်ရေတပ်သည် အဓိကစစ်တပ်ကြီးသုံးတပ်အဖြစ် ဖွဲ့စည်းထား၏။ သစ်ခုတ်သမား ဝမ်ထျန်းကဲ ဦးဆောင်သော ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ပင်မတပ်ဖွဲ့၏ အင်အားကတော့ ကျန်ရှိနေသေးသည်။

ကောင်းကင်နတ်မြစ်ရေတပ်က နတ်အင်အား စစ်တပ်နှစ်တပ် အန္တရာယ်ကြုံနေသည်ကို မြင်၍ လာရောက်ကူညီခြင်းပင်။

စစ်မြေပြင်သည် ကောင်းကင်နတ်ဘုံစစ်စခန်းနှင့် ထပ်နေသော ယိုတုတွင် ဖြစ်ပွားနေသည့်အတွက် ကောင်းကင်နတ်မြစ်ရေတပ်သည် ခရီးနှင်ရန်မလိုဘဲ ဤနေရာသို့ တိုက်ရိုက် ဆင်းသက်လာနိုင်ခဲ့၏။

ယိုတုကား ထူးခြားဆန်းကြယ်သည်။ ယိုတုသို့ ဝင်ရောက်ပြီးနောက် ကောင်းကင်နတ်မြစ်ရေတပ်မှ စစ်သည်တော်တို့၏ ကိုယ်ပေါ်မှ အသွေးအသားတို့ ချက်ချင်းပင် ကွာကျသွားပြီး အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။

သူတို့၏ သိုင်းအဆင့်က နတ်အင်အား စစ်တပ်နှစ်တပ်ကို မမှီ‌သော်လည်း အင်အားအရာတွင် အားသာ၏။ ကောင်းကင်နတ်မြစ်ရေတပ်၏ ပါဝင်လာမှုက ဤစစ်ပွဲတွင် အနိုင်အရှုံး မရေမရာ ဖြစ်လာစေသည်။

ယိုတုထဲသို့ စီးဆင်းလာသော ကောင်းကင်နတ်မြစ်အစိတ်အပိုင်းသည် တဖြည်းဖြည်း ရှည်လျားလာသည့်အလျောက် မြစ်ရေပြင်ထက်ရှိ ကောင်းကင်နတ်မြစ်ရေတပ် စစ်သင်္ဘောကြီးများလည်း တိုးများလာ၏။

ရုတ်တရက် ကောင်းကင်နတ်မြစ်ရေစီးကြောင်းက ရပ်တန့်သွားပြီးနောက် လျင်မြန်စွာဖြင့် သေမျိုးလောကသို့ ပြန်လည်ကျုံ့ဝင်သွားသည်။ ဘီလူးကြီးတစ်ကောင်က ဆွဲယူနေသကဲ့သို့ မြစ်ကို ပြန်ဆွဲယူသွားသည်။

ကောင်းကင်နတ်အရှင်ရုံနှင့် ချင်ဖုန်းကျင့်လည်း အန္တရာယ်မရှိတော့သည့်နှင့် အသီးသီး အပြင်းအထန် တိုက်ခိုက်နေကြသည်။

ကောင်းကင်နတ်ဘုံစစ်စခန်းအပြင်တွင် နောက်ထပ်ကောင်းကင်နတ်မြစ်တစ်စင်း ပေါ်ထွက်လာပြီး ကောင်းကင်နတ်မြစ်နှင့် ဆက်နွယ်သွား၏။ ဤသည်မှာ ကောင်းကင်နတ်မြစ်၏ ပျောက်ဆုံးနေသော အပိုင်းဖြစ်ပြီး ချုံဧကရာဇ်၏ ကောင်းကင်နတ်ဘုံ အပျက်အစီးများထဲတွင် ကောင်းကင်နတ်အရှင်လင် ချိတ်ပိတ်ထားခဲ့သော အစိတ်အပိုင်းပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ထိုကောင်းကင်နတ်မြစ်သည် ပြန်လည်ပေါ်ထွက်လာပြီး ကောင်းကင်နတ်မြစ်နှင့် ချိတ်ဆက်သွား၏။

ရွှမ်းဝူနတ်မင်းနှစ်ပါးဖြစ်သည့် လိပ်နက်နှင့် မြွေပျံတို့က အားကုန်သုံး၍ ယိုတုထဲ ဝင်ရောက်နေသော ကောင်းကင်နတ်မြစ်ရေတပ်ကို ယိုတုထဲမှ အားကုန်ဆွဲထုတ်နေကြသည်။

ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ သိုင်းအဆင့်တို့မှာ အံ့မန်လိလိ မြင့်မားကြသည့်အပြင် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဘိုးဘေးနယ်မြေထဲတွင်လည်း ရှိနေကြသဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ စွမ်းအားများက အဆုံးအစွန်အထိ တိုးမြှင့်ခံထားရ၏။

သူတို့က ကောင်းကင်နတ်မြစ်နှင့် ကောင်းကင်နတ်မြစ်ရေတပ်ကို ယိုတုထဲမှ ဆွဲထုတ်သွားရုံသာမက ကောင်းကင်နတ်မြစ်ရေတပ်ကို ကောင်းကင်နတ်ဘုံစစ်စခန်းထဲမှပါ ဆွဲထုတ်သွားကြချေပြီ။

ကောင်းကင်နတ်မြစ်သည် မြို့ရိုးများကို အပိုင်းပိုင်း ဖိချေသွားကာ အပေါက်များစွာ ဖြစ်ပေါ်လာစေသည်။

ရွှမ်းဧကရာဇ်က ဟားတိုက်ရယ်မောလျက် ပြောသည်။ "မြောက်ဝင်ရိုးစွန်းရဲ့ ကလေးတို့…. တိုက်ပွဲဝင်ဖို့ အသင့်ပြင်ကြ…. အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ မင်း အဆင်သင့်ဖြစ်ပြီလား"

ဝေစွေ့ဖုန်းက နှာတစ်ချက်မှုတ်၍ ယွီလင်နန်းစောင့်တပ်ဖွဲ့ကို ဦးဆောင်ကာ ရှေ့သို့ ချီတက်သွားသည်။

တစ်ချိန်တည်းမှာပင် အဘွားစစ်၏ မြေပြင်စစ်တပ်က ကောင်းကင်နတ်ဘုံစစ်စခန်းအပြင်သို့ ပြေး၀င်လာသည်။ သူတို့ရှေ့တွင်တော့ ကောင်းကင်နတ်ဘုံစစ်တပ်များက ရွှင်ပျော်ပျော်ကျေးရွာနှင့် လောကသစ်ပင်ဆီသို့ တဟုန်ထိုး ပြေး၀င်လာနေ၏။

"၀င်ရိုးစွန်းလေးခုတပ်ဖွဲ့… စတေးကြလော့”

အဘွားစစ် အမိန့်ပေးလိုက်သည်နှင့် ကျန်းယွင်ကျန့််က ချက်ချင်းပင် စစ်သည်တော်များကို ဦးဆောင်ကာ ပြေးထွက်သွားသည်။ သူတို့ တစ်ယောက်ချင်းစီက ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါး ကောင်းကင်လက်နက်များကို ထုတ်၍ မိုးကြိုးငါးသွယ်ဒယ်အိုးကို ဖွင့်လိုက်၏။ ချက်ချင်းပင် မိုးကြိုးတိမ်ငါးခုက ကောင်းကင်ကို အပြည့်အ၀ ဖုံးလွှမ်းသွားတော့သည်။ မရေမတွက်နိုင်သော မိုးကြိုးများ ကောင်းကင်မှ ကျဆင်းလာရာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများ အလဲလဲအပြိုပြို မီးလောင်သေဆုံးကုန်ကြ၏။

ကောင်းကင်လက်နက် ကျားဖြူနတ်မင်း၊ မီးငှက်စစ်ရထားနှင့် ချင်းလုံဓားတို့ကိုလည်း ကျန်းယွင်ကျန့်တို့က အသက်သွင်းလိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီသည် နတ်မင်းလေးပါးကောင်းကင်လက်နက်တို့အား အသီးသီး ထုတ်သုံးလျက် စစ်တပ်များထံ ပြေး၀င်သွားချေပြီ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ ရထားလှည်းပျံ ၀င်္ကပါထဲတွင် ရွာလူကြီးက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဓားကို ထုတ်လိုက်သည်။ သူ့အနောက်ရှိ ရထားလှည်းပျံများပေါ်မှ ဓားမျှော်စင်တို့ဆီမှ မရေမတွက်နိုင်သော ဓားစက်လုံးများ ပျံထွက်လာကြသည်။

ဓားစက်လုံးတို့သည် ကျဆင်းလာနေစဉ် လေထဲတွင် ဓားပေါင်းများစွာအဖြစ် ပြိုကွဲနေကြ၏။

ဓားပျံများ ကျန်းယွင်ကျန့်၏ စစ်တပ် ခင်းကျင်းထားသော မိုးကြိုးတိမ်တိုက်များအတွင်း ကျဆင်းသွားကြပြီး မိုးကြိုးများ တဖျတ်ဖျတ် လက်လာသည့်အခါ တိမ်လွှာကြား၌ နတ်ဓားများ တဝင်းဝင်း တောက်ပနေတော့သည်။

ရွာလူကြီးက ဓားကွက်တစ်ကွက် ထုတ်ဖော်ကာ ဩရှစွာ ဟစ်ကြွေးလိုက်သည်။ “ထိုးဓား”

သူ့အနောက်၊ ရထားလှည်းပျံများအပေါ်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဓားသိုင်းသမားများကလည်း ထိုးဓားအား အသီးသီး ထုတ်ဖော်လိုက်က်ကြသည်။ ထိုအခါ တိမ်လွှာကြားက ဓားပျံများသည် မိုးရေပေါက်များသဖွယ် ကောင်းကင်မှ တဝေါဝေါ ကျဆင်းလာပြီး အောက်သို့ ထိုးစိုက်သွားကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဓားတာအို လိုက်စားသူများစွာ ရှိသည်။ ရွာလူကြီးက ဓားသိုင်း သင်ကြားရာတွင် အခြေခံဓားချက်များကိုသာ အဓိကထား သင်ကြားပေးသည်။ အခြေခံအကျဆုံး ဓားချက်များ၏ စွမ်းအားကို မည်သို့ထုတ်ဖော်ရမည်ကိုလည်း အလေးထားသည်။

ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဓားသမားများသည် ဓားတာအိုအဆင့်သို့ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အခြေခံဓားပညာတွင် ထူးချွန်ကြလေသည်။

ဤဓားမိုး ရွာကျသွားသည်နှင့် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများ၏ ခန္ဓာကိုယ်များ ထုတ်ချင်းဖောက်ခံလိုက်ကြရသည်။

“ဝိုက်ဆွဲဓား"

ရွာလူကြီး၏ ဓားချက် ပြောင်းလဲသွားလျှင် သူ့အနောက်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားသိုင်းပညာရှင်တို့ကလည်း ဓားချက် ပြောင်းလဲလိုက်ကြသည်။ ဝိုက်ဆွဲဓားအဖြစ် ပြောင်းလဲစေလိုက်သည့်အခါ ကောင်းကင်မှ ကျဆင်းလာသော နတ်ဓားများသည် အပေါ်သို့ စကြာသဖွယ် လှုပ်ရှားလာကြသည်။

ထိုဓားပျံများသည် မြေကြီးထဲတွင် စိုက်၀င်သွားလေ့ရှိသော်လည်း ဝိုက်ဆွဲဓားအဖြစ် ပြောင်းလဲသွားသည့်အခါ ခြေထောက်ပေါက်လာသကဲ့သို့ မြောက်တက်လာပြီး ဝိုက်ဆွဲခုတ်ပိုင်းလိုက်ကြသည်။

ထိုဓားရောင်တို့က နတ်ဘုရားမိစ္ဆာတို့၏ ခြေထောက်တို့အား ခုတ်ဖြတ်ပစ်ကြသည်။

"ပင့်ဓား"

ရွာလူကြီး၏ ဓားချက်က အပေါ်သို့ ပင့်တက်သွားပြီး သူ့နောက်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သိုင်းပညာရှင်များ၏ ဓားချက်များလည်း အလားတူပင်။ ထိုဓားပျံများက နတ်ဘုရားမိစ္ဆာတို့၏ ခြေထောက်နှစ်ဖက်ကို ဖြတ်တောက်ပြီးနောက် ဓားသွားက မြင့်တက်၍ ဓားရိုးက အောက်သို့ ကျဆင်းသွားသည်။ ဓားထိပ်သည် အပေါ်သို့ ချိန်ရွယ်နေ၏။

ဤဓားချက်ကား လိင်အင်္ဂါ သို့မဟုတ် ဝမ်းဗိုက်ကို ဦးတည်တိုက်ခိုက်လေသည်။

"ရစ်လှီးဓား"

"ထိုးသွင်းဓား"

အခြေခံဓားချက် တစ်ချက်ပြီး တစ်ချက် အသက်သွင်းခံနေရသည့်အချိန် အောက်တွင် အော်ဟစ်ငိုယိုသံများ ဆူညံပွက်လောရိုက်နေသည်။ မသေသေးသော ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများသည် မိုးကြိုးများနှင့် ဓားမိုးထဲတွင် ကြည့်မလှ ရှုမလှ အော်ဟစ်ငိုကြွေးနေကြရသည်။

"ဓားသိမ်းလိုက်"

ရွာလူကြီးက ဓားအား သိမ်း၍ လက်နောက်ပစ်လိုက်၏။ သူ့အနောက်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သိုင်းပညာရှင်တို့ကလည်း သူနှင့်အတူ ဓားကို သိမ်းကာ လက်နောက်ပစ်လိုက်ကြသည်။ မရေမတွက်နိုင်သော ဓားရောင်တို့က အောက်မှ အပေါ်သို့ ပျံတက်သွားပြီး လေထဲတွင် အဆက်မပြတ် ထိတိုက်ကာ ဓားစက်လုံးများအဖြစ် ပြောင်းလဲ၍ ရထားလှည်းပျံများ၏ ဓားမျှော်စင်ထဲသို့ ပြန်ဝင်လာကြသည်။

ဓားအလင်းရောင်များ ပျံတက်သွားသည်ကို မြင်သည်နှင့် အဘွားစစ်က ဟစ်ကြွေးလိုက်ရာ မြေပြင်တပ်ဖွဲ့များသည် ချက်ချင်းပင် ကမ္ဘာဦးသားရဲကြီးများကို အရှိန်တင်ကာ ရှေ့သို့ တဟုန်ထိုး ချီတက်ပြေးဝင်သွားကြတော့၏။

"တာအိုပူဇော်ခြင်းလှည်းဘီး"

အဘွားစစ် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာတွင် သူမလက်ထဲမှ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ပျံတက်သွား၏။ သူမအနောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ မြေပြင်တပ်ဖွဲ့မှ နတ်ဘုရားမိစ္ဆာများက သူတို့၏ တာအိုလှည်းဘီးများကို အသီးသီး အသက်သွင်းကာ အဘွားစစ်၏ ကောင်းကင်လက်နက်အနောက်သို့ လိုက်ပါပျံသန်းသွားစေသည်။

ဘုန်း…

အဘွားစစ်၏ တာအိုတစ်သောင်းလှည်းဘီးက ရန်သူ့တပ်ထဲသို့ ပျံဝင်သွားပြီး မြေပေါ်သို့ ဆင်းသက်သွား၏။ သံလိုက်ဓာတ်တို့ ရုတ်တရက် ပေါက်ကွဲထွက်လာကာ မြေကြီးသည် ပြင်းထန်စွာ တုန်ခါလာချေသည်။ ကြယ်တာရာများဖြင့် ဖိနင်းခံလိုက်ရသကဲ့သို့ အောက်ရှိ ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများတို့၏ ပါးစပ်မှ သွေးများ ပန်းထွက်ကုန်ကြသည်။

ထို့နောက် တာအိုတစ်သောင်းလှည်းဘီးများစွာ ထပ်မံပျံသန်းလာပြီး အဆက်မပြတ် ကျဆင်းလာကြသည်။ ကောင်းကင်နတ်ဘုံစစ်စခန်းရှေ့တွင် မြေကြီးသည် အောက်သို့ ကျွံကျနိမ့်၀င်သွားကာ မကြာမီ မြောင်းနက်ကြီးပမာ ဖြစ်လာတော့သည်။

ထိုအခိုက်အတန့်တွင် နဂါးသွဲ့ရေကန်နှင့် နဂါးသွဲ့စင်မြင့်တို့ ပေါ်ထွက်လာပြီး ရှေ့တွင် ကန့်လန့်ဖြတ် နေရာယူသွားသည်။ ၎င်းတို့အပေါ်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသော ကောင်းကင်နတ်ဘုံစစ်သည်တော်များနှင့် ပြည့်နှက်နေ၏။

အဘွားစစ်က အံကြိတ်၍ ကမ္ဘာဦးသားရဲကြီးများပေါ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်ကို ဦးဆောင်ရင်း ဆက်လက်ပြေး၀င်နေသည်။ တစ်ချိန်တည်းမှာပင် သားသတ်သမားတို့သည် ရုတ်တရက် အရှိန်တင်၍ ကောင်းကင်ရှိ ဇာမဏီမျိုးနွယ်၏ ဇာမဏီငှက်များအပေါ်မှ တိုက်ခိုက်လာ၏။

"သူတို့ကို ထိုးဖောက်နိုင်မှ ရွှင်ပျော်ပျော်ကျေးရွာကို ကယ်တင်နိုင်မယ်" သားသတ်သမားက အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်ဘုံစစ်စခန်းထဲမမှ စစ်တပ်အရာရှိများ တစ်ဦးပြီးတစ်ဦး ထွက်လာကြ၏။ ကောင်းကင်နတ်ဧကရီက အနည်းငယ် မျက်မှောင်ကြုတ်၍ လက်မြှောက်လိုက်သည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များက ကောင်းကင်နတ်ဘုံစစ်စခန်းမှ ပျံထွက်သွားကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်များဆီသို့ ဦးတည်သွားလေသည်။

ကောင်းကင်နတ်ဧကရီ၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် အဆုံးသတ်မြို့ပျက် အသူရာချောက်တစ်ခု၏ အပေါ်တွင် ဖွဲ့တည်လာကာ တိုက်ခိုက်သတ်ဖြတ်နေသည်။

သူမ ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သင်္ဘောကြီးတစ်စင်းကို ဖျက်ဆီးဝါးမြိုလိုက်စဉ် ရင်းနှီးသော ပုံရိပ်တစ်ခုသည် သူမရှေ့တွင် ပေါ်လာ၏။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ အတူတကွ လျှောက်လာနေကြသည်။

ကောင်းကင်နတ်ဧကရီ၏ မျက်လုံးထောင့်စွန်း တွန့်သွား၏။

ရုတ်တရက် ကောင်းကင်နတ်ဘုံစစ်စခန်း၏ အနောက်ဘက်မှ လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။ ခရာသံတစ်ချက် မြည်ဟီးလာပြီး မရေမတွက်နိုင်သော ကမ္ဘာဦးသားရဲကြီးများက ကောင်းကင်နတ်ဘုံစစ်စခန်း၏ အနောက်သို့ တဟုန်ထိုး ဦးတည်ပြေး၀င်လာကြသည်။

နဂါးချီလင်နှင့် အနောက်နတ်မင်း ကျားဖြူတို့ နောက်ဆုံးတော့ ရောက်လာကြလေပြီ။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အနောက်နတ်မင်းနှင့် နဂါးချီလင်ကို ရင်ဆိုင်၍ သားရဲစစ်တပ်ကြီးအား တားဆီးရန် ထွက်သွားကြသည်။

သူတို့နှစ်ယောက် စစ်စခန်းမှ ထွက်လာစဉ် ဖက်တီးထိုက်ရှီသည် ရုတ်တရက် သူတို့အရှေ့တွင် ပေါ်လာ၏။ သူက ပါးကို လက်ဖြင့် ထောက်၍ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည်။ ကျန်လက်တစ်ဖက်ဖြင့်မူ ကံကြမ္မာကြေးမုံကို ကိုင်ကြည့်နေရင်း မျက်မှောင်ကြုတ်နေသည်။

"တာအိုညီတော်နဲ့ ညီမတော်၊ အရှုံးပေးလိုက်ကြပါတော့" ထိုက်ရှီ သက်ပြင်းချလိုက်သည်။

"မတူညီတဲ့ လမ်းတွေဆိုတာ မတူညီတဲ့ ဗျူဟာတွေကြောင့်ပဲ" ထိုက်ယင်ကောင်းကင်နတ်အရှင်နှင့် ထိုက်ယန်ကောင်းကင်နတ်အရှင်တို့က တစ်ပြိုင်နက် ပြေး၀င်လာကြ၏။

"သစ္စာဖောက်တွေ… မင်းတို့အားလုံး သေရမယ်"

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးများ မီးတဝင်းဝင်း တောက်လာသည်။ သူက လက်ဖဝါးမြှောက်၍ လက်ညှိုးနှင့် လက်ခလယ်ကို လှုပ်ရှားလိုက်၏။ ထိုက်ချူက နားလည်သဘောပေါက်စွာဖြင့် လောကသစ်ပင်ဆီသို့ လျှောက်လှမ်းသွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း ရှေ့သို့ ခြေတစ်လှမ်းတက်၍ ထိုက်ချူ၏ နောက်မှ လိုက်ပါသွားသည်။

ထိုက်ချူမှာ အလွန်တရာ သတိထားနေသည်။ သူက တိုက်ခိုက်နေသော နတ်ဘုရားမိစ္ဆာတို့၏ အရိပ်များကို ကြည့်ရှုကာ မူမမှန်သည့်အရာအား ရှာဖွေနေ၏။ ဤအခိုက်အတန့်တွင် လူငယ်တစ်ဦးသည် ရောနှောတိုက်ခိုက်နေသော လူအုပ်ထဲတွင် ကိုယ်ကို ညွှတ်ထားသည်အား တွေ့လိုက်ရသည်။ သူက မြေပြင်မှ လက်မောင်းတစ်ဖက်ကို ကောက်ယူနေပြီး ထိုလက်မောင်းက နတ်ဓားကျိုးတစ်လက်ကို ကိုင်ထားသည်။

ထိုလူငယ်က ဓားကို ယူ၍ လွှဲရမ်းလိုက်ရာ အသွေးအသားတို့ ပတ်ပတ်လည်သို့ လွင့်စင်သွားသည်။

သူသည် လွင့်စင်နေသော အသွေးအသားများအကြားတွင် ‌သွေးပင်လယ်ကို နင်းလျက် ထိုက်ချူဆီသို့ လျှောက်လာ၏။

"ရှန့်ကျွန်း၊ မင်း အရိပ်ထဲမှာ မပုန်းတော့ဘူးလား" ထိုက်ချူက နှာ‌ခေါင်းရှုံးလိုက်သည်။

"မလိုတော့ဘူး"

ရှန့်ကျွင်းသည် ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ လျှောက်လာရင်း မှင်သေသေ ပြောသည်။ " မရေမတွက်နိုင်တဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ အသတ်အဖြတ်စိတ်ဆန္ဒက ငါ့ရဲ့ အပြင်းထန်ဆုံး အသတ်အဖြတ်တိုက်ကွက်ကို ထုတ်သုံးဖို့ လုံလောက်တယ်"

ထိုက်ချူက အပေါ်သို့ ပျံတက်ကာ မဟာခြုံလွှမ်းကောင်းကင်ဘုံသို့ ဆင်းသက်သွား၏။ "လာခဲ့… အနိုင်အရှုံး ဆုံးဖြတ်ကြစို့"

ရှန့်ကျွင်းလည်း ခုန်တက်သွားလိုက်ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံအပေါ်တွင် ပေါ်လာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် လောကသစ်ပင်ဆီသို့ ဦးတည်လျှောက်လှမ်းနေ၏။ ထိုက်စုတာအိုက ထိုက်ယီနတ်ပုဆိန်အား ဖန်ဆင်းပေးထားသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ ကိုယ်ပေါ်မှ ကြွက်သားများကို လှုပ်ခါလိုက်ပြီး ထိုလောကသစ်ပင်ထံမှ အကြည့်မလွှဲချေ။

ထိုအခိုက်အတန့်တွင် တာအိုအသုဘခေါင်းတလားဆီမှ အလေးချိန်ကို မခံနိုင်တော့သော အသံများ ထွက်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကာ အခေါင်းထဲတွင် ထိုင်နေသော ချင်မူအား ပေါ်ထွက်လာစေ၏။

ချင်မူ၏ ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများ တုန်ခါနေပြီး သူ၏ တစ်ကိုယ်လုံးတွင် စိုက်ဝင်နေသော တာအိုအစီအရင်သံချောင်းများလည်း မရပ်မနား တုန်ခါနေသည်။ "ဆရာ… ကျွန်တော့်ရဲ့ ကောင်းကင်ရတနာနယ်ပယ်ကို ငှားမပေးနိုင်တော့ဘူး… အသက်ရှင်အောင် နေကြပါ"

၀မ်တျန်းကဲနှင့် အခြားသူများမှာ လောကသစ်ပင်ပေါ်တွင် အရပ်လေးမျက်နှာမှ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ သူတို့က အက်ကွဲနေသာ အသံတို့ဖြင့် တုံ့ပြန်သည်။ "တိုက်သာတိုက်"

ချင်မူ ထရပ်လိုက်ရာ သူ့ကိုယ်ပေါ်မှ ကြွက်သားများ ပို၍ပြင်းထန်စွာ တုန်ခါလာသည်။ ရုတ်တရက် လေခွင်းသံများ ထွက်ပေါ်လာပြီး တာအိုအစီအရင်သံချောင်း တစ်ချောင်းပြီးတစ်ချောင်း သူ၏ ကိုယ်တွင်းမှ ကျွတ်ထွက်သွားကြချေပြီ။

All Chapters