← Chapters

ကမ္ဘာဦးဘုံ၏ ရဲစွမ်းသတ္တိရှိသော သူရဲကောင်းစစ်သည်များ

Vol. 134 Ch. 1730

ကမ္ဘာဦးဘုံ၏ ရဲစွမ်းသတ္တိရှိသော သူရဲကောင်းစစ်သည်များ

Vol. 134 Ch. 1730

"ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ ဒဏ်ရာတွေက အင်မတန် ပြင်းထန်တာပဲ"

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထိုက်ယီပုဆိန်ကို ကိုင်ထားရင်း ချင်မူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို စိုက်ကြည့်နေသည်။ ချင်မူ ဒဏ်ရာရခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ဒဏ်ရာများမှ သွေးထွက်နေဆဲပင်။

သခင်လေးသုံး လင်းရှောင် ပေးခဲ့သော ဒဏ်ရာများတွင် တာအိုအကြွင်းအကျန်တို့ ရှိနေသေးသည်။ အနည်းငယ် သက်သာသွားသော်လည်း သူ၏ကောင်းကင်ရတနာနှင့် ဆက်စပ်နေသဖြင့် ကောင်းကင်ရတနာတွင်လည်း အပေါက်ငါးဆယ် ဖြစ်ပေါ်နေ၏။

တာအိုအစီအရင်သံချောင်းများ ရှိနေစဉ်က ဤတာအိုဒဏ်ရာများအား ချုပ်ထားနိုင်ခဲ့သော်လည်း သူ၏ရုပ်ခန္ဓာ လှုပ်ရှားနိုင်မှုကို‌တော့ ကန့်သတ်ထားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ရင်ဆိုင်ရန်အတွက် ချင်မူသည် တာအိုအစီအရင်သံချောင်းများအား ဖြစ်မနေ ထုတ်လိုက်ရသောကြာင့် တာအိုဒဏ်ရာများက သူ၏ ရုပ်ခန္ဓာကို တဖန်ဖျက်ဆီးနေကြချေပြီ။

သူ ကောင်းကင်နတ်သိုင်းကို အသုံးပြုလျက် မှော်စွမ်းအင် စုစည်းလိုက်သည်နှင့် ကောင်းကင်ရတနာတွင် ငုပ်လျှိုးနေသော တာအိုအကြွင်းအကျန်တို့က ပိုမိုဆိုးရွားလာစေလိမ့်မည်။

"မင်း ဒဏ်ရာကို ကုသနေသင့်တာ… "

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးနေသည်။ "မင်း ဒဏ်ရာပျောက်သွားရင်တော့ အခြေအနေက အဆုံးသတ်သွားလောက်ပြီ… သခင်လေးသုံးက အနီရောင်ကြိုးထုံးကို ချိုးဖျက်နေပြီ... ငါလည်း မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ အများကြီး ဖိတ်ခေါ်ထားတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ငါ နင်းချေဖျက်ဆီးပစ်မယ်…. အဲဒီအချိန်ကျ မင်းဟာ တစ်ယောက်တည်း ဖြစ်သွားမှာပဲလေ... ဒါပေမဲ့ စိတ်မပူနဲ့ မင်းကို ငါ အတိတ်စကြဝဠာဆီ ပို့ပေးမယ်….

“အခု မင်းက ဒဏ်ရာကို မကုဘဲ တိုက်ခိုက်တော့မှာဆိုတော့ ပြန်ကောင်းဖို့က ဝေးသွားပြီ… နောင်အနာဂတ်မှာ မင်း မရှုမလှ ရှုံးနိမ့်လိမ့်မယ်… ငါ ဒီတိုက်ပွဲကို ထိန်းထားနိုင်သရွေ့ မင်း အနှေးနဲ့အမြန် ချေမှုန်းခံရမှာပဲ”

ချင်မူ ထိုစကားကိုကြားလျှင် သက်ပြင်းချလိုက်သော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ယခုအခါ ပြင်းပြသော စိတ်ဓာတ်နှင့် ရည်မှန်းချက်တို့အား ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ကာကွယ်ရန် အတွေးသာ ကျန်တော့၏။

ဤသည်မှာ ကောင်းကင်နတ်ဧကရာဇ်အတွက် သေစေနိုင်သော အားနည်းချက်ပင် ဖြစ်သည်။

တိုးတက်လိုသော ရည်မှန်းချက် မရှိတော့ပါက ခံစစ်အနေအထားသို့ ကျရောက်သွားမည်ဖြစ်ပြီး တိုက်စစ်အသာရနိုင်ခြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်သို့ ရောက်သွားလိမ့်မည်။ ဆက်လက်တိုက်ခိုက်ပါက ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်တို့သည် တဖြည်းဖြည်း စိတ်ဓာတ်ကျဆင်းလာမည် ဖြစ်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စိတ်ဓာတ်မှာမူ တစတစ မြင့်တက်လာပေလိမ့်မည်။

ဤတိုက်ပွဲတွင် ကောင်းကင်နတ်ဘုံသည် စစ်အင်အားအရ ကြီးမားသော အားသာချက် ရှိနေသေးသော်လည်း အနိုင်အရှုံးသည် ဖြည်းဖြည်းချင်း ပြောင်းပြန်ဖြစ်လာချေပြီ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က တောင်းဆုမှန်သမျှ ဖြည့်ဆည်းပေးနိုင်သော ထိုက်စုတာအိုဖြင့် ထိုက်ယီပုဆိန်အား ဖော်ဆောင်ထားသည်။ ဤပုဆိန်သည် လောကသစ်ပင်ကို ခုတ်ဖြတ်နိုင်၏။ ချင်မူ၏ လောကသစ်ပင်မှာ တစ်ချိန်က သူ့လက်ဖြင့် တစ်ကြိမ် ခုတ်ဖြတ်ခံခဲ့ရဖူးလေသည်။

ဤတစ်ကြိမ်တွင် ဟောင်အနေဖြင့်် ချင်မူ၏ လောကသစ်ပင်ကို ထပ်မံခုတ်ဖြတ်ရန်သာ လိုအပ်၏။ ချင်မူ့ကို မသတ်နိုင်လျှင်ပင် သူ၏ ကောင်းကင်ရတနာကို ထပ်မံပြိုလဲစေနိုင်လိမ့်မည်။

ချင်မူ၏ ကောင်းကင်ရတနာများမှာ ပျက်စီးယိုယွင်းနေပြီမဟုတ်လော။ အကယ်၍ လောကသစ်ပင် ခုတ်လှဲခံလိုက်သဖြင့် လောကသစ်ပင်၏ ထောက်ပံ့မှု မရှိပါက သူ့ကောင်းကင်ရတနာ၏ စကြဝဠာနှင့် ကောင်းကင်ဘုံ ၃၃ ဘုံတို့မှာ ထပ်မံပြိုကျပျက်စီးကာ ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။

ထိုအချိန်၌ ချင်မူ့၌ အတိုက်အခိုက်စွမ်းရည် မည်မျှ ကျန်ရှိနိုင်ဦးမည်နည်း။

ထိုသို့ ဖြစ်လာလျှင် ချင်မူအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သတ်ဖြတ်ချေမှုန်းခံရသည်ကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

ယခု ချင်မူမှာ နောက်ဆုံးတစ်ကြိမ် ပျံသန်းနေသော မြားတစ်စင်းထက် မပို။

သူ ချင်မူ၏ လောကသစ်ပင်ကို မခုတ်လှဲနိုင်လျှင်ပင် ချင်မူ၏ ဒဏ်ရာများ ပေါက်ကွဲထွက်လာသည်အထိ တောင့်ခံထားစရာသာ လိုသည်။ ထိုအခါ ရလဒ်မှာ အတူတူပင် ဖြစ်လိမ့်မည်။

ထိုက်စုတာအိုမှ ပြောင်းလဲလာသော ထိုက်ယီပုဆိန်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ထဲတွင် အလွန် အံ့မခန်း ဖြစ်နေသည်။ နဂါးဟန်ခေတ်ဦးတွင် ကောင်းကင်ရတနာကို ဒုတိယမြောက် ဖွင့်လှစ်နိုင်ခဲ့သူ၊ နဂါးဟန်ခေတ်မှ ကောင်းကင်နတ်အရှင်ကိုးပါးတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သူဖြစ်သည့်အလျောက် ဟောင်၏ ကောင်းကင်နတ်သိုင်းများက ပြီးပြည့်စုံသည်ဟု ပြော၍ရနိုင်၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်တွင် တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက် တာအိုရုပ်ခန္ဓာ မရှိတော့သော်လည်း ခွန်အားဖြင့် တာအိုရနိုင်စွမ်း ရှိနေသေးသည်။ ပြီးပြည့်စုံသော မဟာကောင်းကင်နတ်ဘုံ၊ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုလည်း ပိုင်ဆိုင်ထားသေးသည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် သူ့ကို ‌ထောက်ပံ့ပေးထားဆဲဖြစ်ပြီး မီလော့နန်းတော်မှ ခန်းမသခင်များကလည်း သူ့ကို ခွန်အားတို့ ငှားရမ်းပေးလိမ့်ဦးမည်။

ထိုက်ယီပုဆိန်၏ အင်အားမှာလည်း ခန့်မှန်းမရနိုင်ချေ။ တစ်လောကလုံးကို ခွဲခြမ်းပစ်နိုင်သည့် အရှိန်အဝါ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ချင်မူ၏ မျက်လုံးများက နှင်းစက်များကဲ့သို့ ဖြူစင်တောက်ပနေသည်။ သူ၏ နတ်မျက်လုံးသုံးလုံးသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်သိုင်းမှ လျှို့ဝှက်ချက်မှန်သမျှ ထွင်းဖောက်မြင်နေရ၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ထိုက်ယီပုဆိန် ခုတ်ပိုင်းလာသည့်အခိုက်တွင် သူက ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။

ကမ္ဘာဦးဖရိုဖရဲလက်ချောင်း

သူ လက်ညှိုးထိုးလိုက်သည်နှင့် တစ်ကိုယ်လုံးရှိ ဒဏ်ရာငါးဆယ်တို့မှာ ချက်ချင်း ပေါက်ကွဲထွက်ကာ သွေးစိမ်းရှင်ရှင် စီးကျလာ၏။

ချင်မူမှာ အိပ်မက်ကမ္ဘာတွင် သခင်လေးသုံး ပေးခဲ့သော တာအိုဒဏ်ရာများကို အပ်ကြောင်းထပ်အောင် လေ့လာခဲ့ပြီးပြီဖြစ်သည်။ တာအိုဒဏ်ရာတွင် ကိန်းဝပ်နေသော မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်းအမျိုးမျိုးကို အိပ်မက်ထဲ၌ သင်ယူရန် ကြိုးစားခဲ့သော်လည်း ကုသနိုင်ရန် အလွန်ဝေးကွာနေသေးသည်။

တာအိုဒဏ်ရာများကို ဖိနှိပ်ထားနိုင်ရုံသာ တတ်နိုင်သဖြင့် သူ၏ မှော်စွမ်းအင်ကို လှုပ်ရှားလိုက်သည်နှင့် ဒဏ်ရာကို မဖိနှိပ်နိုင်တော့ပေ။

တာအိုဒဏ်ရာများက ချက်ချင်းပင် သူ၏ ရုပ်ခန္ဓာနှင့် ကောင်းကင်ရတနာများကို ဖျက်ဆီးတော့သည်။

အသည်းခိုက်သည်အထိ နာကျင်နေသော်လည်း ချင်မူက စကားတစ်ခွန်းမှ မဟချေ။ ပြုံးနေဆဲသာ ဖြစ်၏။ ရှုရှန်းဟွာ တာအိုအစီအရင်သံချောင်းများကို သူ၏ ဒဏ်ရာထဲသို့ ထည့်သွင်းခဲ့စဉ်က နာကျင်လွန်း၍ သေချင်စိတ်ပင် ပေါက်ခဲ့ရသော်လည်း ယခုတွင်တော့ လုံး၀ ဂရုမစိုက်ပေ။

သူ၏ အရှိန်အဝါဖြင့် ရန်သူကို လွှမ်းမိုးရပေမည်။

ဘုန်း..

နှစ်ယောက်လုံး၏ ကောင်းကင်နတ်သိုင်းများ ၀င်တိုက်သွားသည်နှင့် ချင်မူက လှုပ်ရှား၍ ချက်ချင်း တိုက်ကွက်ပြောင်းလိုက်သည်။ ဤတစ်ကြိမ်တွင် ကမ္ဘာဦးဖရိုဖရဲလက်ချောင်း မဟုတ်တော့ဘဲ ထိုက်ငါးပါးချိပ်တံဆိပ် ဖြစ်လာ၏။

ထိုက်ငါးပါးမဟာတာအိုက သူ၏ လက်ဖဝါးထဲတွင် ကိန်းအောင်းနေကော လက်ချောင်းငါးချောင်းနှင့် ဆက်နွယ်နေသည်။ လက်ချောင်းငါးချောင်းသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ထဲမှ ထိုက်ယီပုဆိန်ပေါ်သို့ ကျရောက်သွား၏။ ထိုက်ယီပုဆိန်သည် ကမ္ဘာဦးဖရိုဖရဲလက်ချောင်းဖြင့် ထိုးဖောက်ခံထားရသည်သာမက ယခု ထိုက်ငါးပါးချိပ်တံဆိပ်ဖြင့် တိုက်ခိုက်ခံရသောကြောင့် ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ဖဝါးသည်လည်း ပေါက်ကွဲသွားသောကြောင့် လက်ငါးချောင်းမှ သွေးများ စီးကျလာသည်။

သို့သော် ချင်မူ တိုက်ကွက်ပြောင်းသည့် တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း တစ်ပြိုင်နက် တိုက်ကွက် ပြောင်းလိုက်သည်။ သူ၏ ကျန်လက်တစ်ဖက်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအဖြစ် ပြောင်းလဲသွားပြီး ချင်မူ့ရင်ဘတ်တွင် တံဆိပ်ခတ်နှိပ်လိုက်၏။ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ တာအိုအဆင့်သုံးဆယ်၏ စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာသည်။

ဟောင်သည် ချင်မူ့ရုပ်ခန္ဓာပေါ်မှ ဒဏ်ရာများက အပြင်းထန်ဆုံး ဖြစ်ကြောင်း သိထား‌သောကြောင့် ချင်မူ၏ ရုပ်ခန္ဓာကို တိုက်ခိုက်ခြင်းပင်။

ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ချင်မူ့ရင်ဘတ်ကို တံဆိပ်ခတ်နှိပ်လိုက်သည့် တစ်ချိန်တည်းမှာပင် ချင်မူ့မူလဝိညာဉ်သည် ကောင်းကင်နတ်ဘုံတွင် နေရာယူကာ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။

ဝုန်း…. ဝုန်း…. ဝုန်း….

ပေါက်ကွဲသံအချက် သုံးဆယ်က ချင်မူ၏ ကိုယ်တွင်းမှ ခပ်သဲ့သဲ့ ဆက်တိုက် မြည်ဟည်းသွားကာ ဒဏ်ရာများလည်း ပေါက်ကွဲထွက်သွား၏။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း၏ စွမ်းအားက အချိန်ကိုက် ထွက်ပေါ်လာကာ သူ၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးလိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အနောက်မှ သူ၏ မူလဝိညာဉ်က ပျံထွက်လာပြီး ထိုက်ယီပုဆိန်ကို လွှဲကာ ချင်မူ့အနောက်ရှိ လောကသစ်ပင်အပေါ် ခုတ်ပိုင်းလိုက်ချေပြီ။

ချင်မူက ပြုံးလျက်ပင်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလဝိညာဉ် လောကသစ်ပင်ဆီသို့ မခုတ်နိုင်ခင်မှာပင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ဝုန်းခနဲ ဖွဲ့တည်လာသည်။ အမြွှာကြာပန်းပွင့်သည် လည်ပတ်သွားရင်း ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလဝိညာဉ်ကို ကြာပန်းထဲသို့ စုပ်ယူလိုက်၏။

ထို့နောက် ကြာပန်းက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သို့ ပြန်လည်နစ်မြုပ်သွားသည်။

အသူရာချောက်နက် လျင်မြန်စွာ ပိတ်နေသည့်အချိန် ရုတ်တရက် ပုဆိန်အလင်းရောင်တစ်ချက်သည် အပေါက် အပြည့်ပိတ်မသွားခင် နှစ်ခြမ်းခွဲချလိုက်၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလဝိညာဉ်က ပင်ပန်းနွမ်းနယ်စွာ လွတ်မြောက်လာသည်။ သူ၏ တစ်ကိုယ်လုံးတွင် မီးတောက်များ တဟုန်းဟုန်း စွဲညိတောက်လောင်နေသည်။ သူ့မှာ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံခဲ့ရသဖြင့် သေလုမျောပါး ခံစားခဲ့ရလေသည်။

သူ အဆုံးသတ်မြို့ပျက်မှ ထွက်ပြေးလွတ်မြောက်သည်နှင့် ချင်မူ၏ မူလဝိညာဉ်က လက်ညှိုးထိုးလိုက်ပြန်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလဝိညာဉ်က ပုဆိန်ဖြင့် ကာလိုက်သည်။ ပုဆိန်၏ မျက်နှာပြင်သည် ကမ္ဘာဦးဖရိုဖရဲလက်ချောင်းဖြင့် ထပ်မံထိုးဖောက်ခံရပြီး လက်ညှိုးအပေါက်နှစ်ပေါက် ထင်းသွားချေပြီ။

ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းက ကောင်းကင်နတ်အရှင်ဟောင် ကျင့်ကြံထားသော ထိုက်စုတာအိုတွင်ပင် ဖျောက်ဖျက်မရနိုင်သော အရာ ထင်ကျန်ရစ်စေခဲ့သည်။

တာအိုကို ထိုးဖောက်နိုင်သော လက်ချောင်းသိုင်းကွက်ဟုပင် ဆိုရမည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင် မျက်နှာပျက်သွား၏။ နှစ်ယောက်လုံး၏ မူလဝိညာဉ် တိုက်ပွဲသည် အလွန်ပြင်းထန်သည့်အလျောက် ရုပ်ခန္ဓာတိုက်ပွဲမှာလည်း ခမ်းနားလှသည်။

ချင်မူ၏ ဒဏ်ရာများမှာ တဖြည်းဖြည်း ကြီးမားလာပြီး တာအိုအကြွင်းအကျန်တို့ကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုများလည်း ပိုမိုပြင်းထန်လာနေသည်။ ဤအချက်ကို ကောင်းကင်နတ်ဧကရာဇ်ဟောင် ရှင်းလင်းစွာ မြင်နေရသည်။ သို့‌သော် ချင်မူ့ ကောင်းကင်ရတနာများက သူ မျှော်လင့်ထားသကဲ့သို့ ပျက်စီးသွားခြင်း မရှိပေ။

ချင်မူ၏ လောကသစ်ပင်က သူ၏ တာအိုကျင့်စဉ်စနစ် ကောင်းကင်ဘုံ ၃၃ ဘုံကို မရမက ထောက်ပံ့ထားသည်။ ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာလောကများမှာ ယိမ်းယိုင်နေကြသော်လည်း ပြိုမကျသေးချေ။

လောကသစ်ပင်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ချင်မူ၏ တိုက်ပွဲ၌ အဓိကသော့ချက် ဖြစ်နေဆဲပင်။ လောကသစ်ပင်ကို မခုတ်ဖြတ်နိုင်လျှင် ချင်မူ့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော် ချင်မူ၏ တာအိုဒဏ်ရာများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ လောကသစ်ပင်မှာလည်း ကမ္ဘာ‌လောကတစ်သောင်းနှင့် ကောင်းကင်ဘုံ ၃၃ ဘုံကို ပိုမို ထောက်ပံ့လာရသည်။ ၎င်းခံစားနေရသည့် ဖိအားကလည်း တဖြည်းဖြည်း ကြီးမားလာရာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၌ မျှော်လင့်ချက်ရောင်ခြည်တို့ ရှိနေသေး၏။

ချင်မူသာ အကောင်းပကတိအတိုင်း ဖြစ်နေလျှင် ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချင်မူ့ဆီမှ တိုက်ကွက်ဆယ်ကွက်ပင် ခံနိုင်မည် မဟုတ်ချေ။ ယခုမူ ချင်မူမှာ သခင်လေးသုံးကြောင့် အပြင်းအထန် ဒဏ်ရာရထားသဖြင့် စွမ်းဆောင်ရည်က တစ်ဆယ်မှ နှစ်ဆယ် ရာခိုင်နှုန်းသာ ကျန်တော့သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုယ်တိုင်လည်း အထွတ်အထိပ်အခြေအနေတွင် မဟုတ်ချေ။ အချိန်တိုအတွင်း အနိုင်အရှုံးသည် ပေါ်လွင်လာမည်မဟုတ်။

ချင်မူ ကောင်းကင်ရတနာနယ်ပယ်ကို ရုပ်သိမ်းလိုက်သည်နှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်မှာ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ချင်မူ့ကောင်းကင်ရတနာနယ်ပယ်နှင့် လောကသစ်ပင် မရှိသည့်အခါ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်မှာ သမုဒ္ဒရာထဲ ကျဆင်းသွားသည့် သစ်ရွက်တစ်ရွက်အလားပင်။ အရပ်လေးမျက်နှာမှ တိုးဝင်လာသော ရန်သူများကို တိုက်ခိုက်နေရသဖြင့် တစ်ခဏအတွင်း အများအပြား သေဆုံးဒဏ်ရာရကုန်ကြသည်။

အခြားတစ်ဖက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်၌ ရွာသူကြီး၊ သားသတ်သမား၊ နားကန်း ၊ ပထမလူသားဧကရာဇ်နှင့် အဘွားစစ်တို့သည် ကောင်းကင်နတ်ဘုံ၏ စစ်စခန်းရှေ့သို့ မရောက်လာသေးပေ။ ဝေစွေ့ဖုန်း၏ ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် ‌မြောက်နတ်မင်းရွှမ်းဝူတို့၏ စစ်တပ်မှာမူ ကောင်းကင်နတ်မြစ်ရေတပ်ကြောင့် ပိတ်ဆို့ခံနေရသည်။ အနောက်နတ်မင်းကျားဖြူနှင့် နဂါးချီလင်၏ စစ်တပ်သည်လည်း ယခုမှ ကောင်းကင်နတ်ဘုံစစ်စခန်း၏နောက်ပိုင်းသို့ ဝင်လာနေဆဲ ရှိသေးသည်။ သူတို့သည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်သုံးပါးမှ ခေါင်းဆောင်ဖြစ်သူကို ရင်ဆိုင်နေရသောကြောင့် ရုန်းကန်နေရသည်။

ယိုတုထဲတွင်လည်း ကောင်းကင်နတ်အရှင်ရုံနှင့် ချင်ဖုန်းကျင့်တို့က အသီးသီး တာ၀န်ကျေအောင် ဆောင်ရွက်နေကြ၏။ နတ်အင်အားတပ်ဖွဲ့နှစ်ဖွဲ့အား သတ်ဖြတ်နေကြရာ အားလပ်ချိန် မရှိကြပေ။

သစ်ခုတ်သမား ဝမ်တျန်းကဲ၏ ဘေး၌ စစ်သည်တော်များ တစတစ နည်းပါးလာသည်။ တန်ခိုးရှင်သစ်ခုတ်သမားပင်လျှင် ယခုအခါ ပုဆိန်ကို ကိုယ်တိုင် ကိုင်ဆွဲကာာ တိုက်ပွဲဝင်နေရပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် သူ ကွပ်ကဲရန် စစ်သည်တော်များ မရှိတော့ပေ။ စစ်သည်တော်အများစုမှာ တိုက်ပွဲတွင် ကျဆုံးသွားကြလေပြီ။

ဤအချိန်တွင် သူသည် သူတော်စင်တန်ခိုးရှင်တစ်ဦး ဖြစ်နေလျှင်တောင်မှ ကိုယ်တိုင် တိုက်ပွဲဝင်၍ ရန်သူကို သတ်ဖြတ်ရန် လိုအပ်နေပြီဖြစ်သည်။

ပတ်ပတ်လည်မှ ရန်သူများ ဒီရေအလား တိုးဝင်လာခြင်းက မျှော်လင့်ချက်ကင်းမဲ့နေသည်။ သို့သော် သစ်ခုတ်သမားနှင့် အခြားသူများ၏ မျက်လုံးများက တောက်ပနေဆဲပင်။ သူတို့သည် မျှော်လင့်ချက်ကို တွေ့မြင်နေရ၏။

အချိန်ဆွဲနိုင်လေ ဤတိုက်ပွဲ အောင်နိုင်ရန် မျှော်လင့်ချက် ကြီးမားလေပင်။

သစ်ခုတ်သမားက ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ တိရီယွဲ့၏ လက်မောင်းပြတ်မှ သွေးများ စီးကျနေ၏။ ဤမျိုးဆက်၏ ခိုင်ဧကရာဇ်သည်လည်း အင်အားကုန်ခမ်းပေတော့မည်။ ယန်ယွင်ရှီ၏ ဆံပင်စည်းထားသော ဖဲကြိုးသည် မည်သည့်အချိန်က ပြတ်တောက်သွားသည်မသိပေ။ နက်မှောင်တောက်ပနေသည့် ဆံနွယ်တို့က ဖရိုဖရဲ‌ ပြေကျလျက် သူမ၏ မိန်းမဆန်သော ရုပ်သွင်ကို ပေါ်လာနေစေ၏။ လယ်သမားအိုကြီးကွမ်းချာက သူမ၏ကျောတွင် မှီနေပြီး အချိန်ကြာမြင့်စွာ တိတ်တခိုး ချစ်မြတ်နိုးခဲ့ရသော ချစ်သူကို မှတ်မိသွားဟန်တူသည်။

တျန်းရှု၏ တော်ဝင်မုခ်ဝနတ်ဓားမမှာ တစ်၀က်ကျိုးနေသည်။ သူက ကွဲနေသော အရက်အိုးတစ်လုံးကို ပိုက်လျက် သောက်ရန် ကြိုးစားနေ၏။ သို့သော် အရက်ကုန်သွားသည်မှာ ကြာခဲ့လေပြီ။

ယမမင်း၏ ဖုန်းတုလည်း ပျက်စီးသွားခဲ့၏။ နောက်ဆုံးနတ်ဘုရားမြို့ ချေမှုန်းခံလိုက်ရပြီး မရေမတွက်‌သော တစ္ဆေနတ်ဘုရားများ သေဆုံးဒဏ်ရာရခဲ့ကြသည်။

အဘိုးချင်းဟွမ်မှာ မြေပေါ်တွင် လဲကျနေပြီး သေသည်၊ ရှင်သည် မသိရပေ။ လီရုံလန်၏ ရင်ဘတ်တွင်မူ မိစ္ဆာကောင်းကင်လက်နက်တစ်ခု စိုက်ဝင်နေပြီး သူ့မှာ ဆွဲမထုတ်ရဲချေ။

ရွှင်ပျော်ပျော်ကျေးရွာကား ဆက်လက်ခုခံနိုင်တော့မည် မဟုတ်။

ထိုစဉ်မှာပဲ လက်ယာနတ်ဗျူဟာတပ်က ဦးတည်ချီတက်လာသည်။ ၎င်းက ရွှင်ပျော်ပျော်ကျေးရွာ၏ နောက်ဆုံးမျှော်လင့်ချက်ကို ချေမှုန်းဖျက်ဆီးလိုက်၏။

ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်များသည် စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ကာ လက်ထဲမှ ကောင်းကင်လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ ထိုအချိန်တွင် သီချင်းသံ ခပ်သဲ့သဲ့ပျံ့လွင့်လာသည်။

“ရည်မှန်းချက်ကို လက်နက်သဖွယ် စွဲကိုင်လို့၊ မိုးမြင့်ထက်ဆီ ငါ တက်လှမ်းမယ်၊

ငါ့အခေါင်းကို ငါကိုယ်တိုင် ထမ်းလို့၊ တောင်ထွတ်ထိပ်တွင် အောင်လံထူမယ်”

ယန်ယွင်ရှီက တိုးညင်းစွာ သီဆိုနေ၏။ “သတ္တဝါတွေကို ဖန်ဆင်းမယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ ပျော်ရွှင်မှုကို ဖော်‌ဆောင်မယ် ... ငါတို့ရဲ့ မွေးရပ်မြေ၊ ပူပန်မှုတွေ ကင်းဝေရာ ငါတို့ရဲ့ ရွှင်ပျော်ပျော်ကျေးရွာ”

သိုင်းပညာကောင်းကင်ဆရာသခင်၏ ကျယ်လောင်ပြတ်သားသော အသံသည် နှလုံးသားထဲအထိ ထိုးဝင်လာ၏။ “အိပ်မက်က နိုးထကာ မိခင်မြေသို့ ချီတက်ကြစို့

အန္တရာယ်လမ်းကို နင်းလျှောက်လို့ ရန်သူတွေကို တိုက်ခိုက်မယ်

ငါ့ဝိညာဉ်‌ ကြွေလွင့်သွားပါစေ၊ ငါ့အရိုးတွေ ကြေမွသွားပါစေ

တိုက်ခိုက်ကြစို့ ငါ့လူတို့”

ရွှင်ပျော်ပျော်ကျေးရွာမှ ဒုက္ခိတ စစ်သည်တော်များကလည်း ရယ်မောလိုက်ကြသည်။

“သေရမည်ကို ငါတို့မကြောက်၊

ဓားလှံတို့ ငါတို့မကြောက်၊

အရိုးကြေကြေ အရေခမ်းခမ်း၊

ဝိညာဉ်တို့ပင် ပျက်စီးပါစေ

တိုက်ခိုက်ကြစို့ ငါ့လူတို့”

တန်ခိုးရှင်သစ်ခုတ်သမား ဝမ်တျန်းကဲက ရယ်မောလိုက်၏။ ‘ငါ့ဘဝမှာ တပည့်သုံးယောက် ရှိတယ်… အကြီးဆုံးတပည့်က နေရာအနှံ့ လျှောက်သွားရတာကို ကြိုက်တယ်… တပည့်လတ်က ကောင်းကင်နတ်အရှင်မူ ဖြစ်လာတယ်….အငယ်ဆုံးတပည့်လေးပဲ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံပြီး တကယ့် သူ‌တော်စင်တန်ခိုးရှင် ဖြစ်လာမှာ…သူက ဒီလောကရဲ့ ပထမဆုံး သူတော်စင်တန်ခိုးရှင် ဖြစ်လာလိမ့်မယ်… ငါ့ဘဝက ပြည့်စုံသွားပြီ… နောင်တရစရာ မရှိတော့ဘူး’

ဤပေးဆပ်မှုကြောင့် အနာဂတ်မျိုးဆက်သစ်များသည် ပျော်ရွှင်ကောင်း ပျော်ရွှင်ကြရလိမ့်မည်။

သူ စိတ်ထဲမှ မြင်ယောင်နေမိသည်။ အနာဂတ်သည် သူ စိတ်ကူးမျှော်လင့်ထားသော သာယာဝပြောသည့် ခေတ်ဖြစ်လိမ့်မည်။ ဤ သာယာဝပြောသည့် ခေတ်တွင် သူ၏ တစ်ဘဝတာ အတွေးအခေါ်တို့ဖြင့် ပြည့်နှက်နေလိမ့်မည်။ လူများသည် နတ်ဘုရားများကို ကိုးကွယ်ပူဇော်ကြမည်မဟုတ်ချေ။ နတ်ဘုရားတို့က လူသားတို့အား အလုပ်အကြွေး ပြုကြလိမ့်မည်။

လူသားတို့၏ စိတ်ထဲတွင် မိုးကောင်းကင်ကိုပင် အောင်နိုင်သည်ဟူသော ယုံကြည်ချက် ရှိနေလိမ့်မည်။ ပါရမီတို့ကို ကောင်းစွာ အသုံးချနိုင်လိမ့််မည်။ လူတိုင်းတွင် အစွမ်းအစကိုယ်စီ ရှိကာ သူတို့ ကြိုက်နှစ်သက်သော နယ်ပယ်များတွင် ပါရမီများ ထုတ်ဖော်ပြသနိုင်လိမ့်မည်။

ကောင်းကင်နှင့် မြေကြီး၏ တာအိုသည် သာမန် မွေးရာပါတာအိုများသာ ဖြစ်လိမ့်မည် မဟုတ်ချေ။။ လူသားများသည် သူတို့၏ ဉာဏ်ပညာကို အသုံးပြု၍ တာအိုအသစ်များစွာ တီထွင်ဖန်တီးကြလိမ့်မည်။ နတ်ဘုရားအသစ်များ မွေးဖွားလာကြမည်။ ဦးဆောင်လမ်းပြသူများ ပေါ်ထွန်းလာလိမ့်မည်။ မှောင်မိုက်သော အနာဂတ်ခရီးလမ်းများအား လမ်းပြပေးမည့် မီးအိမ်ရှင်များ ထွက်ပေါ်လာကြလိမ့်မည်။

ဤအရာအားလုံးကို သူ မမြင်တွေ့ရလောက်ပေ။

သို့သော် သူ၏ နှလုံးသားထဲတွင် ကျေနပ်မှုတို့ ပြည့်နှက်နေသည်။ ဤအရာအားလုံးကို သူ့အတွက် အကောင်အထည် ဖော်ပေးမည့်သူများ ရှိနေမည်ကို သူ သိသည်။

လက်ယာနတ်ဗျူဟာ စစ်သည်တော်များ တိုက်ခိုက်လာစဉ် ရုတ်တရက် ပုံရိပ်ယောင်များ ပေါက်ကွဲထွက်လာ၏။ လန်ဝူသည် ကျန်ရှိသော ဖန်ဆင်းရှင်များကို ဦးဆောင်ကာ ရောက်လာလေပြီ။ သူမက အဆုံးမဲ့အသိစိတ်အလျဥ်ဖြင့် လက်ယာနတ်ဗျူဟာတပ်အား ၃၅ လွှာမြောက် ဟင်းလင်းပြင်သို့ အတင်းအကြပ် ဆွဲခေါ်သွားသည်။

လန်ဝူသည် မြင်ယောင်ဖန်ဆင်းထားသော လေဟာနယ်တံတားပေါ်တွင် ရပ်လျက် အော်ဟစ်လိုက်၏။ "ရွှင်ပျော်ပျော်ကျေးရွာ ကြံ့ကြံ့ခံထား… စစ်ကူတွေ မကြာခင် ရောက်လာတော့မယ်"

ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်များ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ရန်သူများ တိုးဝင်နေဆဲဖြစ်ပြီး သတ်မကုန်နိုင်အောင် များပြားလှသည်။ သူတို့၏ ၀င်္ကပါကို မထိန်းသိမ်းနိုင်တော့ဘဲ နောက်ဆုံး၀င်္ကပါအခင်းအကျင်းလည်း ပျက်စီးသွားပြီဖြစ်၏။

ထိုအချိန်တွင် ပျက်စီးနေသော ဇာမဏီသင်္ဘောတစ်စင်း ပျံသန်းလာသည်။ ဇာမဏီသင်္ဘောပေါ်တွင် မီးတောက်လောင်နေသော ခေါင်းကိုးလုံး ဇာမဏီငှက်သည် နေရာအနှံ့သို့ အထွတ်အမြတ်မီးတောက်များအား မှုတ်ထုတ်လျက် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများကို မီးလောင်ကျွမ်း‌စေ၏။

ချီရှားယွီက ဆင်းသက်လာပြီး ခန္ဓာကိုယ်ကိုးခုအဖြစ် ကွဲထွက်သွားကာ တိုက်ပွဲထဲသို့ ဝင်ရောက်၍ အားလုံးကို ကာကွယ်ပေးနေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်ကူများ နောက်ဆုံးတွင် နီးကပ်လာလေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်များ၏ ဟစ်ကြွေးသံများကို ကောင်းကင်နတ်ဘုံစစ်စခန်းအပြင်ဘက်မှ ကြားနေရပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သင်္ဘောကြီးများမှ အမြောက်များ ပစ်လွှတ်နေသည်ကို လှမ်းမြင်နေရသည်။

ဧကရာဇ်ယန်ဖုန်းကိုယ်တိုင် စစ်တပ်ကြီးကို ဦးဆောင်ချီတက်လာနေပြီဖြစ်၏။

အဝေးရှိ နတ်ဘုရားမြို့ထဲတွင် မျက်ကန်းက လင်ယွီရှို့နောက်တွင် ရပ်လျက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါဆရာသခင်များနှင့်အတူ အမျိုးမျိုးသော ဝင်္ကပါများကို တွက်ချက်နေသည်။ လင်ယွိရှို့ကမူ မူလဝိညာဉ်ညီလာခံအား အသုံးပြု၍ အမျိုးမျိုးသော ဝင်္ကပါများကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သူကြီးများ၏ ဦးနှောက်ထဲသို့ ပို့ဆောင်ပေးနသဖြင့် အချိန်မရွေး တပ်ဖွဲ့ပုံစံကို ပြောင်းလဲနိုင်နေ၏။

"ရွှင်ပျော်ပျော်ကျေးရွာ၊ နောက်ကျသွားပြီလား" လင်ယွိရှို့မှာ စိတ်ထဲမှ စိုးရိမ်ပူပန်မှုကို မြိုသိပ်ထားရင်း ဝင်္ကပါများသာ ဆက်လက်ခင်းကျင်းနေသည်။

နောက်ဆုံးတွင် ပထမဆုံး စစ်သင်္ဘောကြီးက ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ ဝင်ရောက်သွားပြီး ရန်သူ၏ ပစ်ခတ်မှုကို အာရုံဖမ်းစားလိုက်၏။

ချက်ချင်းပင် မြို့ရိုးများသည် အဘွားစစ် ဦးဆောင်သော မြေပြင်တပ်ဖွဲ့၏ သံလိုက်ကောင်းကင်နတ်သိုင်း တိုက်ခိုက်မှုအောက်တွင် အပိုင်းပိုင်း ပြိုကျသွားသည်။ သားသတ်သမား ဦးဆောင်သော နတ်ဓားတပ်ဖွဲ့သည်လည်း စစ်စခန်းထဲသို့ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်တော့၏။

All Chapters