ရွှမ်တုတိုက်ပွဲ၏ အခြေအနေ
Vol. 134 Ch. 1731
သားသတ်သမား ဦးဆောင်သော ဓားမ,စစ်သည်တပ်ဖွဲ့ ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် ကောင်းကင်ရဲတိုက်မြို့တော်စစ်တပ်နှင့် ရင်ဆိုင်လိုက်ရသည်။
ကောင်းကင်ရဲတိုက်မြို့တော်စစ်တပ်သည် ဝင်္ကပါအခင်းအကျင်းများကြောင့် နာမည်ကျော်ကြားပြီး ကောင်းကင်နတ်ဘုံ၏ သံမဏိတံတိုင်းဟု နာမည်ကြီး၏။ ကောင်းကင်ရဲတိုက်မြို့တော်ကို အုပ်ချုပ်နေသူမှာ ကြယ်တာရာနတ်ဘုရား ကျဲ့ကျင်းအန်း ဖြစ်ကာ သူ၏ လက်အောက်တွင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များစွာ ရှိလေသည်။
ကောင်းကင်ရဲတိုက်မြို့တော်သည် မြို့ကို ကာကွယ်ရန် တာ၀န်ယူထား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထိုးစစ်မှာ အလွန်ပြင်းထန်လွန်းသည်။ အဘွားစစ် ခေါင်းဆောင်သော မြေပြင်စစ်တပ်၏ ဖိအားကြောင့် မြို့ရိုးများ ပြိုကျသွားခဲ့၏။ သို့သော် သားသတ်သမားနှင့် ဓားမစစ်သည်တို့ မြို့ထဲ ဝင်ရောက်လာသည့်အခါ ကောင်းကင်ရဲတိုက်မြို့တော်၏ ဝိုင်းရံပိတ်ဆို့ခြင်းအား ပထမဆုံး ခံလိုက်ရသည်။
"ငါတို့သစ္စာတရားက သမိုင်းမှာ ထွန်းလင်းတောက်ပနေလိမ့်မယ်”
သားသတ်သမား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည့်အချိန်တွင် သူ၏ ဓားမစိတ်ဆန္ဒက လော့ဝူရွှမ်၊ ကျဲ့ဟွလီ၊ ပါ့ရှန်တို့နှင့် ချိတ်ဆက်သွားသည်။ ဓားမတာအိုအဆင့်များ ချက်ချင်း ပေါင်းစည်းကာ တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွား၏။ သို့သော် နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်သန်းပြီးသူတစ်ယောက်က အသက်သွင်းပေးရန် လိုအပ်သည်။ ထိုအချိန်မှသာ သူတို့၏ ဓားမစိတ်ဆန္ဒနှင့် ဓားမတာအိုတို့သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ သိုင်းအဆင့် မြင့်မားလာပေမည်။
ယခင်ရွှမ်တုတွင် တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်တုန်းက ချင်မူ၊ သားသတ်သမား၊ လော့ဝူရွှမ်၊ ကျဲ့ဟွလီနှင့် တျန်းရှုတို့ဖြစ်သည့် ဓားမသိုင်းပညာရှင်ငါးဦး ပူးပေါင်း၍ ဓားတာမအို၏ တာအိုအဆင့်ကို ကောင်းကင်ဘုံ ၃၁ ဘုံ အဆင့်အထိ မြှင့်တင်ကာ ကောင်းကင်နတ်အရှင်အဆင့်သို့ ရောက်သည်ဆိုရုံ ရောက်နိုင်ခဲ့သည်။
ယခုအခါ ဓားမသိုင်းပညာရှင် ချင်မူနှင့် တျန်းရှုတို့ နှစ်ဦး မရှိချေ။ ပါ့ရှန်၏ သိုင်းအဆင့်က မညံ့သော်လည်း ချင်မူ၊ တျန်းရှုတို့နှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးသည်။
ကံကောင်းသည်မှာ အဆိုပါရွှမ်တုတိုက်ပွဲ ပြီးဆုံးပြီးနောက် ဆယ်စုနှစ်အနည်းငယ်အတွင်း သားသတ်သမား၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်တို့၏ ဓားမတာအိုသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည့်အတွက် ပါ့ရှန်၏ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည်။
သူတို့လေးယောက်သား ခြေထောက်များ လှုပ်ရှားလိုက်ကြသည့်အခါ ဓားမတာအို၏ ကောင်းကင်ဘုံ ၃၀ က တားတီးမရနိုင်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။ သူတို့သည် ကောင်းကင်ရဲတိုက်မြို့တော်စစ်တပ်ထဲသို့ ၀င်ရောက်၍ ကျဲ့ကျင်းအန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပြေးဝင်သွားတော့၏။
ကျဲ့ကျင်းအန်းကား နည်းနည်းလေးမှ မကြောက်ရွံ့ချေ။ သူက သူတို့လေးယောက်ထံသို့ ပြန်လည်ပြေးဝင်သွားပြီး ခန္ဓာကိုယ်အား လှုပ်ခါကာ ချိုတစ်ချောင်း ဆိတ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။
ကျဲ့ကျင်းအန်း၏ အမြင်အရ သားသတ်သမားတို့ လေးယောက်အနက် လော့ဝူရွှမ်းမှလွဲ၍ ကျန်သူအားလုံးသည် နာမည်မရှိ ကလေကချေများထက် မပိုပေ။ သို့သော် နှစ်ဖက်လုံး ၀င်တိုက်သွားသည့်အခါ၌ ကျဲ့ကျင်းအန်း၏ ဦးခေါင်းသည် မြေပေါ်သို့ ဒုန်းခနဲ ပြုတ်ကျလာ၏။ သူ၏ မူလဝိညာဉ်မှာလည်း ချက်ချင်း သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားသော်လည်း ဓားမရောင်တစ်ချက် ဝင်းခနဲ လက်လိုက်သည်နှင့် သတ်ဖြတ်ခံလိုက်ရသည်။
သူတို့လေးယောက်က နတ်ဓားမတပ်ဖွဲ့ကို ဦးဆောင်၍ သစ်ခုတ်သမားတို့ ရှိနေရာ စစ်မြေပြင်ဆီသို့ တိုးဝင်သွားကြသည်။ နတ်ဓားမတပ်ဖွဲ့၏ အရှိန်အဟုန်မှာ တားဆီးမရနိုင်ချေ။ သို့သော် သူတို့အရှေ့ရှိ ကောင်းကင်ရဲတိုက်မြို့တော်၏ စစ်သည်များမှာ အလွန်များပြားသဖြင့် ခရီးမတွင် ဖြစ်နေသည်။
အဘွားစစ်က ကမ္ဘာဦးသားရဲကြီးတစ်ကောင်ကို စီးနင်းကာ သူမ၏ စစ်တပ်နှင့်အတူ ချီတက်လာသည်။ သူမက သားသတ်သမားတို့အား ဘေးတစ်ဖက်တစ်ချက်စီမှ ခြံရံကာကွယ်၍ တိုးဝင်လာသော ကောင်းကင်နတ်ဘုံ စစ်သည်တော်များကို ခုခံတိုက်ခိုက်ပေးနေ၏။
အဘွားစစ်၏ အနောက်တွင် သစ်ပင်တစ်ပင် တဖြည်းဖြည်း မြင့်တက်လာသည်။ ကုန်းစွန်းယန်သည် လျှောက်လှမ်းလာနေပြီး သစ်ပင်ကား ပို၍ စိမ်းလန်းစိုပြေလာ၏။ ကုန်းစွန်းယန် လက်မြှောက်လိုက်ရာ သံလိုက်ဓာတ် ကောင်းကင်နတ်သိုင်းက တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်မှ တိုးဝင်လာသော ကောင်းကင်နတ်ဘုံ စစ်သည်တော်များအပေါ် ဖိနှိပ်လိုက်သည်။ အားလုံး မြေပေါ်မှောက်ကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ကုန်းစွန်းယန်က လက်တစ်ချက် မြှောက်၍ ကောင်းကင်ကို ရှင်းလင်းကာ နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
"မူလဝိညာဉ်ကို စတေးကြ"
မြေပေါ်တွင် ဖိနှိပ်ခံထားရသော စစ်သည်တော်များက အော်ဟစ်လိုက်ရာ မူလဝိညာဉ်များ အသီးသီး ပျံထွက်လာပြီး ကုန်းစွန်းယန်အပေါ် ခုန်အုပ်လိုက်ကြ၏။ မူလဝိညာဉ်များအပေါ်တွင်မူ သံလိုက်စွမ်းအင်သည် အရာမထင်ချေ။
ထိုစဉ် ကောင်းကင်ထက်၌ နဂါးတွန်းသံများ ဆူညံသွားသည်။
ဧကရာဇ်ယန်ဖုန်းက စစ်သင်္ဘောပေါ်တွင် ရပ်လျက် နဂါးကျင့်စဉ်ကို အသက်သွင်းလိုက်၏။ ဘိုးဘေးနဂါး ကောင်းကင်နန်းဆောင်များ လေထဲတွင် မြောလွင့်လာပြီး နဂါးတစ်သောင်းက ပျံဝဲလျက် ကောာင်းကင်နတ်ဘုံစစ်သည်တော်များ၏ မူလဝိညာဉ်များဆီသို့ တိုက်ခိုက်လိုက်ကြသည်။
ချက်ချင်းပင် မရေမတွက်နိင်သော ဝိညာဉ်များနှင့် မူလဝိညာဉ်များမှာ အော်ဟစ်ညည်းညူလိုက်ကြရပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲကာ အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲကုန်ကြ၏။
ထိုအခိုက်အတန့်တွင် လက်ဝဲလက်ယာ နတ်အင်အားစစ်တပ်များ ရောက်ရှိလာပြီး ဧကရာဇ်ယန်ဖုန်းထံ ချီတက်လာကြသည်။ ထိုအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များထံမှ အမြောက်အလင်းတန်းများ လင်းထိန်လာကာ လက်ဝဲလက်ယာ နတ်အင်အားစစ်တပ်တို့ကို တားဆီးလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့က မြိုမျှော်စင်ပေါ်တွင် ထိုင်လျက် ခေါင်းကလေးငုံ့ထားရင်း ဗျပ်စောင်းတီးခတ်နေသည်။ ဗျပ်စောင်းသံ မြည်လာသည်နှင့် နတ်အင်အားတပ်ဖွဲ့မှ စစ်သည်တော်တစ်သိန်းသည် တစ်ယောက်ပြီးတစ်ယောက် ချာချာလည်ကာ ဖျတ်ခနဲ ပျောက်ကွယ်သွားကြ၏။ သူတို့မှာ ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းကြောင့် မသိနိုင်သောနေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရချေပြီ။
လက်ကျန်နတ်အင်အားတပ်ဖွဲ့များက ချက်ချင်းပင် ဝင်္ကပါခင်းကျင်းလိုက်ရာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဟွေ့မိစ္ဆာချေမှုန်းဝင်္ကပါအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝင်္ကပါနှစ်ခုအတွင်းမှ ကောင်းကင်နတ်အရှင်ဟွေ့၏ အရိပ်နှစ်ခုက တဖြည်းဖြည်း ဖွဲ့တည်လာသည်။ သူတို့၏ဦးခေါင်းအနောက်တွင် တာအိုမီးတောက်များက လှည်းဘီးများကဲ့သို့ ဝန်းရံနေသည်။ နတ်အင်အားတပ်ဖွဲ့က သူတို့၏ မှော်စွမ်းအင်ကို အသုံးပြုလျက် ကောင်းကင်နတ်အရှင်ဟွေ့၏ မှော်စွမ်းအင်အား ပြန်လည်ဖော်ထုတ်ပြသနေခြင်း ဖြစ်ပေသည်။
ဟွေ့မိစ္ဆာချေမှုန်းခြင်းဝင်္ကပါသည်လည်း ကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့က ရေးဆွဲတီထွင်ခဲ့သော လက်ရာ ဖြစ်သည်။ ဤဝင်္ကပါကို နတ်အင်အားတပ်ဖွဲ့နှစ်ဖွဲ့က ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်၍ ကောင်းကင်နတ်အရှင်ယွဲ့၏ အန္တိမဟင်းလင်းပြင်ကို ချိုးဖျက်နေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က မျက်ခုံးပင့်လိုက်ပြီး နတ်ဘုရားမြို့၏မျှော်စင်မှ ပျံတက်သွားသည်။ နောက်တစ်ခဏတွင် သူမက နတ်အင်အားတပ်ဖွဲ့နှစ်ဖွဲ့၏ ဝင်္ကပါထဲသို့ ဝင်ရောက်သွား၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယင်နတ်ဘုရားမက လက်မြှောက်ကာ သဲနာရီတစ်လုံး ပစ်လွှတ်လိုက်သည်။ သဲနာရီက ဝင်္ကပါနှစ်ခုထဲသို့ ပျံဝင်သွားပြီး ရုတ်တရက် ပေါက်ကွဲသွား၏။ အနက်ရောင်ဝိညာဉ်သဲမှုန်များက တလိမ့်လိမ့် ထွက်ပေါ်လာပြီးနောက် မကြာမီတွင် အမှောင်ထုကြီး ဖုံးလွှမ်းချေပြီ။
ဝင်္ကပါနှစ်ခု၏ တာအိုမီးတောက်များအနေဖြင့် အနက်ရောင်ဝိညာဉ်သဲမှုန်များကို မီးမရှို့နိုင်သောကြောင့် ၀င်္ကပါနှစ်ခုသည်လည်း ချက်ချင်း အမှောင်ထုထဲသို့ ကျရောက်သွားသည်။ ကုန်းစွန်းယန်က ပျံတက်၍ ကမ္ဘာဦးသစ်ပင်အဖြစ် ပြောင်းလဲကာ အမှောင်ဖုံးနေသော ဝင်္ကပါနှစ်ခုထဲသို့ ဝင်ရောက်သွား၏။
ဝင်္ကပါ အသက်၀င်လာပြီး ကမ္ဘာဦးသစ်ပင် ချက်ချင်း လောင်ကျွမ်းသွားသည်။ သို့သော် သစ်ပင်သည် ဟွေ့မိစ္ဆာချေမှုန်းခြင်းဝင်္ကပါနှစ်ခုကို ခဏတာမျှ တားဆီးထားနိုင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် အမှောင်ထုထဲမှ ဗျပ်စောင်းသံတစ်ချက် ပျံ့လွင့််လာသည်။ နောက်တစ်ခဏတွင် ဝင်္ကပါနှစ်ခုသည် ရာချီသော အပိုင်းအစများအဖြစ် ကွဲထွက်သွားတော့သည်။
ဗျပ်စောင်းသံက တဖြည်းဖြည်း အလျင်လိုလာသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် ဗျပ်စောင်းကြိုးများကို တီးခတ်လျက် သူမ၏ မှော်စွမ်းအင်ကို အသက်သွင်းနေ၏။ ရုတ်တရက် နေရာဟင်းလင်းပြင် လည်ပတ်သွားပြီး နတ်အင်အားတပ်ဖွဲ့မှ စစ်သည်တော်သောင်းပေါင်းများစွာမှာ ဗျပ်စောင်းသံနှင့်အတူ ကိုယ်လုံးများ ရှည်ထွက်ပြားချပ်လာသည်။ ရုတ်တရက် နေရာဟင်လင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဖရိုဖရဲနေရာဟင်းလင်းပြင်ကို ထုတ်ဖော်လိုက်၏။
ကောင်းကင်နတ်အရှင်ယွဲ့က အင်္ကျီလက်စများကို ခါ၍ ဗျပ်စောင်းကို တီးခတ်လိုက်သည်။ ဗျပ်စောင်းသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ စစ်သည်တော်များမှ လေကို ခွင်း၍ ဖရိုဖရဲနေရာဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ပို့ဆောင်ခံလိုက်ရသည်။
သို့သော် နတ်အင်အားတပ်ဖွဲ့၏ စစ်သည်တော်တို့သည် အမှန်တကယ်ပင် စွမ်းအားကြီး၏။ စစ်သည်တော်တစ်ဦးချင်းစီဆိုလျှင် ကောင်းကင်နတ်အရှင်ယွဲ့ကို မယှဉ်နိုင်ချေ။ သို့သော် ဝင်္ကပါကို ထိန်းချုပ်သည့် ခေါင်းဆောင်များမှာမူ ကောင်းကင်နတ်ဘုံမှ အထွတ်အထိပ် ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ဝင်္ကပါအခင်းအကျင်းအား အသက်သွင်းကာ နတ်အင်အားစစ်သည်တော်များကို ဝင်္ကပါထဲသို့ ထည့်သွင်းလိုက်သဖြင့် ဝင်္ကပါက ပြန်လည်အသက်ဝင်လာ၏။ ယင်းက နေရာဟင်းလင်းပြင်အလွှာများကို ပုံပျက်စေရင်း ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ချောင်းဆယ်ချောင်းက မရေမတွက်နိုင်သော လက်မောင်းများ ပေါက်လာသကဲ့သို့ အထက်အောက်လှုပ်ရှားနေ၏။ သူမ၏ လက်ချောင်းများသည် အရိပ်များကဲ့သို့ တဖျတ်ဖျတ် လှုပ်ရှားနေမြဲပင်။ သူမသည် ဟွေ့မိစ္ဆာချေမှုန်းခြင်းဝင်္ကပါကို အစွမ်းကုန် ရင်ဆိုင်တိုက်ခိုက်နေရင်း နတ်အင်အားစစ်သည်တော်များကို ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ပို့လွှတ်နေ၏။
သို့သော် နတ်အင်အားတပ်ဖွဲ့နှစ်ဖွဲ့မှာ အင်အားကြီးမားလွန်းသည်။ သူမ အစွမ်းကုန် ကြိုးစားနေသော်လည်း ရန်သူကို လုံးဝ အမြစ်ပြတ်မချေမှုန်းနိုင်ချေ။
ထိုအချိန်တွင် ရုတ်တရက် တာအိုသံစဉ်တစ်ချက်သည် သာယာနာပျော်ဖွယ်ရာ ဟိန်းထွက်လာ၏။ "တာအိုဓား ခုနစ်စင်ကြယ်ကို ထိုးဖောက်ခြင်း"
ဓားရောင်က ကောင်းကင်ကို ထိုးဖောက်လိုက်ရင်း ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံနောက်မှ လိုက်ပါကာ ဖရိုဖရဲနေရာဟင်လင်းပြင်ထဲသို့ တိုးဝင်သွားသည်။ တာအိုရသေ့အိုတစ်ပါး လျှောက်လာနေပြီး သူ၏ အနောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းမှ တာအိုရသေ့သောင်းပေါင်းများစွာ လိုက်ပါလာသည်။
ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲတွင် သွေးအလင်းရောင်များ ရုတ်တရက် လင်းထိန်သွားပြီး အသွေးအသားများ ပေါက်ကွဲထွက်သွား၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းများမှာ ချက်ချင်းပင် အတားအဆီးကင်းမဲ့စွာ ပေါက်ကွဲထွက်လာသောကြောင့် နတ်အင်အင်အားတပ်ဖွဲ့နှစ်ဖွဲ့ကို ဖရိုဖရဲနေရာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာထဲသို့ တစ်ချက်တည်း ပို့လွှတ်နိုင်သွားချေပြီ။
"တာအိုရသေ့တို့ မြို့ထဲ ဝင်ကြ” တာအိုရသေ့အိုကြီးက ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ရသေ့သောင်းပေါင်းများစွာကို ဦးဆောင်လျက် ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ ချီတက်သွားသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့နှစ်ဖွဲ့အား နှင်ထုတ်လိုက်ရသည်ဖြစ်ရာ ကျင့်စဉ်စွမ်းအင် အတော်များများ ကုန်ဆုံးသွားသည်။ သူမသည် ကျန်ရှိသော မှော်စွမ်းအင်ကို အလျင်အမြန် အသက်သွင်းကာ ကုန်းစွန်းယန်၏ ကိုယ်ပေါ်မှ တာအိုမီးတောက်များကို ငြိမ်းသတ်လိုက်၏။ ထိုမိန်းကလေးမှာ မီးသွေးကဲ့သို့ ကျွမ်းလောင်နေပြိး အသက်ရှူသံမှာ မီးခိုးမျှင်များအလား ဖျော့ဖျော့သာ ကျန်တော့သည်။
ကောင်းကင်နတ်အရှင်ယွဲ့က လက်ဝှေ့ရမ်း၍ ကုန်းစွန်းယန်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့သို့ ပို့ဆောင်လိုက်သည်။ နတ်ဘုရားမြို့ထဲမှ ဆေးဆရာက ချက်ချင်း ပြေးထွက်လာကာ ကုန်းစွန်းယန်ကို ကုသပေးနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ မှော်စွမ်းအင်မှာ များစွာမကျန်တော့ပေ။ အဆင့်သုံးဆင့် ဆက်တိုက် လျှော့ချခံထားရသည့်အတွက် တာအိုအဆင့်အား ကောင်းကင်ဘုံ ၃၅ ဘုံအထိ ကျင့်ကြံပြီးဖြစ်သော်လည်း မှော်စွမ်းအင်အနေဖြင့် လုံးဝ လိုက်မမှီနိုင်ချေ။
"ပွင့်စမ်း"
သူမက အံတင်းတင်းကြိတ်ကာ ဗျပ်စောင်းကြိုးများကို တီးခတ်ပြီး ကျန်ရှိသော မှော်စွမ်းအင်မှန်သမျှ တစ်ပြိုင်နက် အသက်သွင်းလိုက်သည်။ တခွမ်းခွမ်း အက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုံ၏ မိုင်ပေါင်းသောင်းနှင့်ချီ ရှည်လျားသော စစ်စခန်းကြီးသည် ရုတ်တရက် ခုနစ်ပိုင်း၊ ရှစ်ပိုင်းအဖြစ် ကွဲထွက်သွားပြီး မတူညီသော အရပ်မျက်နှာများသို့ လွင့်မျောသွားချေပြီ။
ကောင်းကင်နတ်အရှင်ယွဲ့မှာ သွေးအန်လိုက်ရသည့်အပြင် သူမ၏ လက်ဆယ်ချောင်းမှ သွေးများ စီးကျလာသည်။ ဗျပ်စောင်းကြိုးအားလုံး တစ်ချိန်တည်း ပြတ်တောက်သွားပြီး သူမလည်း ကောင်းကင်မှ ပြုတ်ကျလာသည်။
ကောင်းကင်ယင်နတ်ဘုရားမက သူမကို ကပျာကယာ ပွေ့ချီဖမ်းကာ နတ်ဘုရားမြို့ဆီ ပို့ဆောင်ရန် ကြိုးစားသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းခါသည်။ "ကျွန်မ ခဏအနားယူလိုက်ရင် ရပါပြီ… ကျွန်မကို ဂရုစိုက်မနေနဲ့… အမြန်ဆုံး မြို့ထဲ ဝင်လိုက်ပါ"
ကောင်းကင်ယင်နတ်ဘုရားမလည်း သူမကို ပခုံးပေါ်တင်ကာ မြို့ထဲ ဝင်သွားသည်။ သူမက ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများမှာ သူမ၏ အနားသို့ မရောက်မီမှာပင် တစ်ယောက်ပြီးတစ်ယောက် မူလဝိညာဉ်များ ပေါက်ကွဲထွက်သွားကြ၏။ အနက်ရောင်ဝိညာဉ်သဲမှုန်တို့က မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ တလိမ့်လိမ့် ထွက်ကျလာရာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
စစ်တပ်အသီးသီးသည် အစွမ်းကုန် ကြိုးစားရင်းဖြင့် ကောင်းကင်နတ်ဘုံစစ်စခန်းဆီသို့ တိုးဝင်နေကြသောကြောင့် သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ပွားနေတော့သည်။ ကောင်းကင်နတ်မြစ်ပေါ်တွင်လည်း ပြင်းထန်သော လှိုင်းလုံးများ ဘောင်ဘင်ရိုက်ခတ်နေသည်။
ရွှမ်းဝူနတ်မင်းနှစ်ပါးသည် တစ်ခါတစ်ရံ မူလပုံစံများ ထုတ်ဖော်နေကြပြီး တစ်ခါတစ်ရံတွင်တော့ နှစ်ယောက် ကွဲသွားကြသည်။ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူအဖြစ် ပြောင်းလဲကာ မြောက်ဝင်ရိုးစွန်း၏ စစ်သည်တော်များကို ဦးဆောင်လျက် တိုက်ခိုက်နေကြ၏။
ဝေစွေ့ဖုန်းက ဝင်္ကပါခင်းကျင်းပြီး မဟာကောင်းကင်ဘုံကို အသက်သွင်းလိုက်သည်။ သူတို့က ကောင်းကင်နတ်မြစ်ရေတပ်ထဲသို့ တလိမ့်လိမ့် တိုးဝင်သွားနေရာ တားဆီးနိုင်သူမရှိ ဖြစ်နေ၏။
ကောင်းကင်နတ်မြစ်မှာ သွေးမြစ်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ယိုတုထဲတွင် ချင်ဖုန်းကျင့်က ခြေကို ပြင်းထန်စွာ တစ်ချက်ဆောင့်လိုက်ရာ အမှောင်ဖုံးနေသော ယိုတုမိစ္ဆာစွမ်းအင်သည် ယိုတုနှင့် သေမျိုးလောက၏ နယ်နိမိတ်ကို ဝုန်းခနဲ ထိုးဖောက်သွားပြီး ဧရာမကောင်းကင်အလိုတော်မုခ်ဝကြီးက ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် ပေါ်ထွက်လာ၏။
ကောင်းကင်အလိုတော်မုခ်ဝ ပွင့်လာသည်နှင့် ရွှင်ပျော်ပျော်ကျေးရွာတိုက်ပွဲ၊ လန်ဖုန်းတောင်ကြားတိုက်ပွဲတို့တွင် ကျဆုံးသွားခဲ့သည့် မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများသည် စက္ကူမြင်းများကို စီးနင်းကာ မုခ်၀အပြင်သို့ တဟုန်ထိုး ထွက်လာပြီး ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ တိုက်ခိုက်ဝင်ရောက်သွားကြချေပြီ။
" ရွှမ်တုစစ်တပ်က ဘယ်မှာလဲ"
ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် စစ်သည်တော်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ "ရွှမ်တုစစ်တပ်က ယိုတုတစ္ဆေနတ်ဘုရားတွေကို ချေမှုန်းတဲ့ နေရာမှာ ကျွမ်းကျင်တယ် … သူတို့ပေါ် နေရောင်ဖြည် ဖြာကျသွားရင် သူတို့ရဲ့ ဝိညာဉ်တွေ လွင့်ပြယ်သွားနိုင်တယ်… ရွှမ်တုက နေစောင့်ရှောက်သူနဲ့ လစောင့်ရှောက်သူတွေကရော ဘာလို့ ခုထိ လာမကူညီသေးတာလဲ"
မည်သူမျှ သူ့ကို အဖြေမပေးနိုင်ပေ။
ယုတ္တိကျကျ ပြောရလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ယိုတုကြောင့် ပထဝီအနေအထားအရ အားသာလျှင်ပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ချေ။ ရွှမ်တုစစ်တပ် ရောက်လာသည်နှင့် ယိုတု၏ တစ္ဆေနတ်ဘုရားများကို ဖိနှိပ်ထားနိုင်လိမ့်မည်။
ရှေးဟောင်းနတ်ဘုရားဘုရင်သည် ရွှမ်တုစစ်တပ်ကို ဦးဆောင်ကာ သေချာပေါက် လာရောက်ကူညီလိမ့်မည်။ သို့သော် ရွှမ်တုစစ်တပ်က ယခုအချိန်အထိ ပေါ်မလာသဖြင့် အားလုံး အမှန်တကယ်ပင် စိုးရိမ်ပူပန်လာကြတော့သည်။
ကောင်းကင်တွင် ကြယ်တာရာများ ဖရိုဖရဲ ပြန့်ကြဲနေကာ နေရာအနှံ့ ပြေးလွှားနေသည်ကိုတော့ မည်သူမျှ သတိမပြုမိကြချေ။ နက္ခတ်တာရာများက အကြီးအကျယ် ပြောင်းလဲနေကြသည်။
ဤသည်မှာ ရွှမ်တုတွင်လည်း မငြိမ်မသက်ဖြစ်နေသည့် လက္ခဏာဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။ သို့သော် မည်သူမျှ ရွှမ်တုသို့ သွားရောက်၍ မည်သည်တို့ ဖြစ်နေသည်လဲ စစ်ဆေးရန် အချိန်မရှိချေ။
"ငါ ရပ်နေတဲ့ နေရာက ယိုတုပဲ"
ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် လေးနက်သယောင် ထင်ရသော်လည်း ကလေးဆန်သော အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာသည်။ ကောင်းကင်နတ်ဘုံစစ်စခန်းကား ချက်ချင်းဆိုသလို အမှောင်ထုထဲသို့ ကျရောက်သွားသည်။ အမှောင်ထုထဲတွင် မီးတောက်နှစ်ခုသည် ကြီးမားသော ချော်ရည်မြစ်ကြီးနှစ်စင်းကဲ့သို တဖြည်းဖြည်း မြင့်တက်လာနေ၏။
ချင်ဖုန်းကျင့်၏ တစ်ကိုယ်လုံးတွင် သွေးများ စွန်းထင်းနေသည်။ နတ်သိုင်းစစ်တပ်နှင့် တိုက်ပွဲတွင် အလွန်ပြင်းထန်သော ဒဏ်ရာများ ရခဲ့ကြောင်း ထင်ရှားပေသည်။ သို့သော် ကျန်ရှိသော မှော်စွမ်းအင်ကို အသက်သွင်းကာ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို လှည့်ပတ်စေလိုက်၏။ ကောင်းကင်လှည်းဘီး၏ စွမ်းအား ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများစွာသည် အခြားမျိုးနွယ်များအဖြစ် ပြောင်းလဲကုန်ကြသဖြင့် တခဏအတွင်း ရုန်းရင်းဆန်ခတ် ဗြောင်းဆန်သွားကြသည်။
လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီး လည်ပတ်နေစဉ် စက္ကူလှေများက ယိုတုထဲမှ ပျံထွက်လာပြီး ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ ဝင်လာကြချေပြီ။
ထိုအချိန်မှာပင် ကောင်းကင်မှာ လင်းထိန်တောက်ပလာပြီး ကြယ်တာရာများ တဖြတ်ဖြတ် ရွေ့လျားသွားကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် တဖြည်းဖြည်း နီးကပ်လာကြသောကြောင့် ကြယ်တာရာများသည် တဖြည်းဖြည်း ကြီးမားလာပြီး ပိုမိုတောက်ပလာလေသည်။ နောက်ဆုံးတွင် ကြယ်တာရာများက ကမ္ဘာဦးဘုံ၏ အကာအရံကို ထိုးဖောက်ကာ နေလုံးများအဖြစ် ပြောင်းလဲသွားကြပြီး ကမ္ဘာဦးဘုံကောင်းကင်တွင် ထွန်းတောက်လာကြတော့သည်။
ချင်ဖုန်းကျင့်၏ ယိုတုမှာ နှင်းစက်များ နေပူနှင့် တွေ့သကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျသွားတော့သည်။
ကောင်းကင်နတ်ဘုံစစ်စခန်းက ဝမ်းမြောက်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
"ရွှမ်တုစစ်တပ် လာပြီဟေ့”
ကောင်းကင်တွင် နေလုံးကြီးနှင့် လမင်းကြီးတို့ တိုးဝင်လာပြီး ဝင်္ကပါတစ်ခု ခင်းကျင်းလိုက်သည်။ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းတန်းများ ကျဆင်းလာကာ ကောင်းကင်နတ်ဘုံစစ်စခန်းအား ဖြတ်တောက်ထိုးဖောက်သွား၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရားမိစ္ဆာစစ်တပ်တစ်သိန်းကျော်က ကောင်းကင်မှ ဆင်းသက်လာသည်။ လွင့်ပျံနေသော အလံများအထက်၌ စာလုံးတစ်လုံး ရေးထိုးထားသည်။
ထိုစာလုံးသည်ကား ... “ကျန်း”
"ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ ရွှမ်တုကို သိမ်းပိုက်ပြီး လာကူပြီဟေ့"
ကောင်းကင်တွင် မိုးကြိုးသံများ တဂျိန်းဂျိန်း ဆူညံနေသည်။ ကျန်းပိုင်ကွေ့၏ လက်အောက်မှ စစ်တပ်ကြီး တစ်သွေးတစ်သံတည်း ဟစ်ကြွေးနေကြခြင်းပင်။ "ရွှမ်တုရဲ့ သခင် ပြောင်းသွားပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာလက်အောက် ရောက်သွားပြီ"
အော်ဟစ်အားပေးသံတို့က ကောင်းကင်ကို တသိမ့်သိမ့် တုန်ခါသွားစေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တိုက်ပွဲဝင်နေသော စစ်သည်တော်များ၏ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံပင်။
ဝမ်းသာအားရ အော်ဟစ်သံများအကြားတွင် ကောင်းကင်နတ်ဘုံတပ်ဖွဲ့များမှ စစ်သည်တော်များမှာမူ စိတ်ဓာတ်ပြိုလဲသွားကြပြီး မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။
"အရှင်မင်းကြီး ဆုတ်ခွာကြပါစို့"
ကောင်းကင်နတ်ဧကရီမှာ ဆံပင်များ ဖွာလန်ကြဲလျက် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ သူမသည် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ထံမှ ထွက်ပြေးကာ ကောင်းကင်နတ်ဘုံစစ်စခန်းထဲသို့ ဝင်လာပြီး ခပ်ပြတ်ပြတ် အော်ဟစ်လိုက်၏။ "အခုအချိန် မဆုတ်ရင် အချိန်မီတော့မှာ မဟုတ်ဘူး"
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာလည်း ဆံပင်များ ဖွာလန်ကြဲနေပြီး ချင်မူနှင့် ရင်ဆိုင်နေရသည်။ တိုက်ခိုက်သတ်ဖြတ်နေရခြင်းကြောင့် သူ၏မျက်လုံးများသည် နီရဲနေပြီး နောက်ဆုံးတစ်ချက် တိုက်ခိုက်လိုက်လျှင် ချင်မူ လဲကျသွားမည်ဟု ခံစားနေရသော်လည်း ချင်မူမှာ မည်သို့ဆိုစေ လဲမကျချေ။
"အရှင်မင်းကြီး ပြေးပါတော့"
ဆုတ်ခွာနေသော ကောင်းကင်နတ်ဘုံစစ်တပ်ကြီးသည် ရေလှိုင်းများကဲ့သို ရောက်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ချင်မူကို ဖုံးလွှမ်းသွားသည်။ ဝန်မင်းတစ်ယောက်က ကျယ်လောင်စွာ ငိုယိုအော်ဟစ်လိုက်၏။ "အခု မသွားရင် လွတ်တော့မှာ မဟုတ်ဘူး…. စစ်သည်တော်အားလုံး ဒီမှာ သေကြရလိမ့်မယ်"
ယောက်ယက်ခတ်နေသော စစ်တပ်ထဲတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အံတင်းတင်းကြိတ်ကာ ချင်မူကို အရူးအမူး တိုက်ခိုက်နေဆဲပင်။ "ခဏလေးပဲ…. ခဏလေး ထပ်တိုက်ခိုက်လိုက်ရင် သူ့ရဲ့ ဒဏ်ရာတွေ ပေါက်ကွဲထွက်လာပြီး ဘာခွန်အားမှ ကျန်တော့မှာ မဟုတ်ဘူး… ငါတို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်သေးတယ်"
ဝုန်း…
ချင်မူ၏ ကောင်းကင်နတ်သိုင်းများက သူ့အား ပြင်းထန်စွာ ထိတိုက်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ လွင့်စင်သွားကာ ဖရိုဖရဲဖြစ်နေသာ စစ်တပ်ထဲသို့ ပြုတ်ကျသွားတော့သည်။
ထို့နောက် အမြင့်စံ၊ အနိမ့်စံ ဝန်မင်းများ အလောတကြီး ပျံသန်းလာကြပြီး အပြင်းအထန် ဒဏ်ရာရထားသော ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ပွေ့ချီကာ လျင်မြန်စွာ ထွက်ပြေးကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သွေးများ အန်နေရသော်လည်း သူ၏ မျက်လုံးများသည် တဖြည်းဖြည်း ဝေးကွာသွားသော ချင်မူကို စူးစိုက်ကြည့်ဆဲ ဖြစ်၏။ ချင်မူ လဲကျသွားသည်ကို မြင်လိုသည့်ပုံပင်။
သို့သော် ချင်မူကား ထိုနေရာတွင် မလှုပ်မယှက် မားမားမတ်မတ် ရပ်နေဆဲ ရပ်နေမြဲသာ။
"ကောင်းကင်နတ်အရှင်မူ… ခွေးကောင်မူ…မင်း လဲကျလိုက်စမ်းပါ" ကောင်းကင်နတ်ဧကရာဇ်ဟောင် နောက်ထပ် သွေးတစ်လုတ် အန်လိုက်ရ၏။ သူ၏ အသံက မျှော်လင့်ချက်ကင်းမဲ့နေပြီး ဒဏ်ရာရထားသော ဝံပုလွေအိုတစ်ကောင်ကဲ့သို့ သံရှည်ဆွဲ ဟိန်းဟောက်လိုက်သည်။
သူ၏အကြည့် ချင်မူ့ထံမှ လွှဲသွားပြီး စစ်တပ်ဖြင့် ကာခံလိုက်ရသည့်အခါ ချင်မူမှာ နောက်ဆုံးတွင် လဲကျသွားပြီး ဒဏ်ရာများ ပေါက်ကွဲထွက်သွား၏။
သို့သော် ဤမြင်ကွင်းကို ကောင်းကင်နတ်ဧကရာဇ်ဟောင် မမြင်တွေ့လိုက်ရပေ။