← Chapters

အမုန်း, မဖက်သော ချစ်ခြင်း မေတ္တာ

Vol. 134 Ch. 1732

အမုန်း, မဖက်သော ချစ်ခြင်း မေတ္တာ

Vol. 134 Ch. 1732

ဝန်မင်းများက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ဆွဲခေါ်သွားကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အသက်မဲ့နေသကဲ့သို့ ငေးကြောင်နေသည့် မျက်ဝန်းများဖြင့် နေရာတိုင်းတွင် စစ်ရှုံးနေသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်များကို ကြည့်နေသည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည် ဒီရေလှိုင်းများကဲ့သို့ ပျံ့နှံ့နေပြီး အရေအတွက်မှာ အလွန်များပြားနေဆဲ ဖြစ်သည်။ အကယ်၍ ဤအချိန်တွင် စစ်အင်အားကို ပြန်လည်စုစည်းနိုင်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် တိုက်ပွဲတွင် မည်သူနိုင်မည်ကို မသိနိုင်သေးပေ။

သို့သော် ယခုအခါ ရွှမ်တု ကျရှုံးသွားသောကြောင့် စစ်သည်တော်တို့၏ စိတ်ဓာတ်ကား ပြိုလဲပျက်စီးသွားလေပြီ။ ခွေးများကဲ့သို့ အမြှီးကုပ်လျက် အသက်လုထွက်ပြေးရန်သာ အာရုံရှိကြတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုတို့ လှိုက်၍ လှိုက်၍ တက်လာသည်။ ဤအချိန်တွင် ကောင်းကင်နတ်ဘုံ၏ စစ်တပ်တစ်စိတ်တစ်ပိုင်းသည် အခြားကောင်းကင်ဘုံများသို့ သွားရောက်ကာ သွေးယဇ်ပူဇော်မှုများ ပြုလုပ်နေသေးသည် မဟုတ်လော။ အချိန်အနည်းငယ် ဆွဲထားနိုင်ပါက မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာနိုင်လိမ့်မည်။

ထိုအချိန်၌ ကောင်းကင်နတ်ဘုံသည် အရှုံးသမားအဖြစ်မှ အောင်နိုင်သူသို့ ပြန်ရောက်သွားလိမ့်မည်။

ချင်မူလည်း ပြင်းထန်စွာ ဒဏ်ရာရထားသည် ဖြစ်ချေရာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်အရှင်အဆင့် သိုင်းပညာရှင်များအနေဖြင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကို တားဆီးနိုင်ပါဦးမည်လော။

သို့သော် .... ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာ စစ်သည်တော်များတွင် တိုက်ခိုက်လိုသော သတ္တိနှင့် ခွန်အား မရှိကြတော့သည်မှာ နှမြောစရာ‌ကောင်းလွန်းသည်။

"ဒီတစ်ကြိမ် စစ်ရှုံးရတာက ငါ့အပြစ် မဟုတ်ဘူး… ကောင်းကင်နတ်ဘုံရဲ့ စစ်သည်တော်တွေက ငါ့ကို ဆွဲချခဲ့တာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်မြှောက်၍ သူ့အား ထမ်းထားသည့် ဝန်မင်းအားကို တွန်းထုတ်လိုက်သည်။ သူ၏ အင်အားကြောင့် အနားရှိ စစ်သည်တော်တချို့ လဲကျသေဆုံးသွား၏။ "မပြေးနဲ့… ဆက်တိုက်ကြစမ်း”

ဤတစ်ကြိမ်တွင် စစ်စခန်းကို စွန့်ပစ်ထွက်ပြေးပါက ဘိုးဘေးနန်းတော်မှ ယူဆောင်လာသော ရိက္ခာပစ္စည်းအားလုံးကို စွန့်ပစ်ခဲ့ရလိမ့်မည်။ သာမန်ကောင်းကင်လက်နက်များကို စွန့်ပစ်ခြင်းက ကိစ္စမရှိသော်လည်း ဘိုးဘေးနန်းတော်မှ အထွတ်အမြတ်နယ်မြေများ၊ ရတနာတောင်တန်းများနှင့် အခြားအရာများစွာကို ယူဆောင်ထားခဲ့သည် မဟုတ်လော။

ထိုအထွတ်အမြတ်နယ်မြေများ၊ ရတနာတောင်တန်းများ၊ ကောင်းကင်ပင်လယ်၊ နတ်မြစ်နှင့် အခြားရတနာမှာ အလွန်လေးလံလွန်းသည်။ ဤနေရာတွင် စွန့်ပစ်ထားခဲ့လျှက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ခွန်အားကို ထောက်ပံ့ပေးလိုက်ခြင်းသာ ဖြစ်ပေမည်။

ထိုအခါ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် မျှော်လင့်ချက် လုံး၀ရှိလာလိမ့်မည် မဟုတ်ချေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သတ်ဖြတ်လိုစိတ်ဖြင့် မျက်လုံးများ နီရဲနေသော်လည်း ထွက်ပြေးနေသော စစ်သည်တော်များမှာမူ သူ့ကို ရှောင်ကွင်းကာ ဆက်လက်ထွက်ပြေးနေကြဆဲပင်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဒေါသထွက်လွန်းသဖြင့် နှလုံးသားပင် ပေါက်ကွဲတော့မည့်အလား နာကျင်လာသည်။ သူ့မှာ သွေးများ တဟွတ်ဟွတ် အန်လိုက်ရပြီး အက်ကွဲသော အသံဖြင့် အော်ဟစ်နေသည်။ "မပြေးကြနဲ့… ဒီတိုက်ပွဲမှာ ငါတို့ မရှုံးသေးဘူး"

"အရှင်မင်းကြီး"

သူ တွန်းထုတ်လိုက်သော ဝန်မင်းများ အပြေးရောက်လာကြပြန်သည်။ သူတို့က သူ့ကို ပွေ့ချီကာ ထွက်ပြေးရင်း အော်ဟစ်ငိုယိုနေကြသည်။ "ယိုတုနဲ့ ရွှမ်တုတို့က ရန်သူ့လက်ထဲ ရောက်သွားပါပြီ… ကျွန်တော်မျိုးတို့ စစ်သည်တော်တွေရဲ့ အသက်အန္တရာယ်ကလည်း စိတ်မချရတော့ပါဘူး… စစ်သည်တော်တွေရဲ့ အသက်ကို မကာကွယ်နိုင်တော့ပါဘူး"

“အရှင်မင်းကြီး ဘိုးဘေးနန်းတော်ဆီ ပြန်ရောက်ရင် ကျွန်တော်မျိုးတို့ နလန်ထူနိုင်ပါသေးတယ် … ဘိုးဘေးနန်းတော်က ကမ္ဘာဦးဘုံထက် အများကြီး ချမ်းသာကြွယ်ဝပါတယ်… စစ်သည်တော်တွေကို ဒီမှာ အသေခံခိုင်းလို့ မဖြစ်ပါဘူး"

ကောင်းကင်နတ်ဧကရာဇ်ဟောင် စိတ်ဓာတ်ကျသွားသည်။ တစ်ကိုယ်လုံးမှ ခွန်အားများ ရုတ်တရက် ဆုတ်ယူခံလိုက်ရသကဲ့သို့ ပျော့ကျသွား၏။ ဝန်မင်းများက သူ့ကို ပွေ့ချီလျက် စစ်တပ်ကြီးနှင့်အတူ ယိမ်းထိုးပြီး ကောင်းကင်နတ်ဘုံစစ်စခန်းမှ ထွက်ပြေးနေသည်။

ကောင်းကင်ထက်ရှိ နေမင်းကြီးနှင့် လမင်းကြီးများသည် ကောင်းကင်နတ်ဘုံစစ်စခန်းအား တိုက်ခိုက်‌နေ၏။

နေရာတိုင်းတွင် လူများ၊ မြင်းများ လဲကျနေသော မြင်ကွင်းများကို မြင်နေရသည်။

ကောင်းကင်နတ်ဘုံစစ်စခန်း၏ နောက်ဘက်တွင်မူ ထိုက်ရှီနှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ တိုက်ပွဲသည်လည်း အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေ၏။ ရှေးဟောင်းနတ်ဘုရားသုံးပါးလုံးက အထွတ်အမြတ်ရတနာများကို အသီးသီး အသက်သွင်းကာ ပြေးဝင်တိုက်ခိုက်နေကြသည်။

မြေပြင်နှင့် ကောင်းကင်တွင်မူ နဂါးချီလင် ဦးဆောင်သော သားရဲစစ်တပ်ကြီးနှင့် အနောက်နတ်မင်းကျားဖြူတို့က ကောင်းကင်နတ်ဘုံ၏ နတ်ဆရာသခင်များကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးသုံးခုမှ တစ်ခု ဖြစ်သည့် နတ်ဆရာသခင်များသည် အင်အားများပြားသည့်အပြင် အလွန်တရာ စွမ်းအားကြီးသည်။ စစ်တပ်သုံးခုထဲတွင် ခွန်အားအပြည့်အ၀ ထိန်းသိမ်းထားနိုင်‌သေးသည့် တစ်ခုတည်းသော စစ်တပ်ဖြစ်၏။ ဤစစ်တပ်သည် ကောင်းကင်နတ်မြစ်ရေတပ်ထက်ပင် ပိုမိုကြီးမားလေသည်။

ဤတစ်ကြိမ်တွင် နဂါးချီလင်က သူတို့အား ပိတ်ဆို့ရန် ရောက်ရှိလာ၏။ နတ်ဘုရားများနှင့် သားရဲများ လုံးထွေးသတ်ဖြတ်နေကြသည်။ ပြင်းထန်လှသော ခွန်အားတို့ကြောင့် မိုးပြိုကျလာသကဲ့သို့ မြည်ဟည်းသံများ ဆူညံနေပြီး မြေပြင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေ၏၊။

တောင်တန်းများ တဘုန်းဘုန်း ပြိုကျကာ ဟင်းလင်းပြင်သားရဲများ ထွက်လာကြသည်။ သူတို့အား မည်သူမှ မတားဆီးနိုင်ပေ။

ထိုမျှသာမက အနောက်နတ်မင်းကျားဖြူသည် နတ်ဆရာသခင်တို့အား သူမ၏ ဘိုးဘေးနယ်မြေဆီသို့ အတင်းအကျပ် ဆွဲခေါ်နေသည်။ သူမ ခရာမှုတ်လိုက်သည့်အခါ သားရဲစစ်တပ်ကြီးသည် သွေးနှင့်ချီတို့ ဆူပွက်မြင့်တက်လာသောကြောင့် ‌သေရမည်ကို မကြောက်မရွံ့တော့ပေ။

နဂါးချီလင်ကိုယ်တိုင် သားရဲကမ္ဘာ၏ ဝင်္ကပါကို ဦးစီးကွပ်ကဲနေသည်။ တောင်ကောင်းကင်တိုက်ပွဲကို တွေ့ကြုံခဲ့ပြီးနောက် နဂါးချီလင်သည် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်နိုင်သည့် အရည်အချင်း ပြည့်၀သော တပ်မှူးတစ်ဦး ဖြစ်နေလေပြီ။ ကောင်းကင်နတ်ဘုံ၏ နတ်ဆရာသခင်များနှင့် တိုက်ပွဲမှာ သာမန်တိုက်ပွဲထက်ပို၍ ပြင်းထန်ရက်စက်၏။

အနောက်နတ်မင်းကျားဖြူက မိန်းမသားတစ်ဦး ဖြစ်လင့်ကစား ရဲစွမ်းသတ္တိ ရှိပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ ရှေးဟောင်းစစ်နတ်ဘုရားဖြစ်သည့်အလျောက် သေခြင်းကို မကြောက်ရွံ့ချေ။ သူမက ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေပြီး နဂါးချီလင်ကတော့ ချင်မူဆီမှ သင်ယူထားသော အဆန်းတကြယ် ဝင်္ကပါအခင်းအကျင်းများအား ထုတ်ဖော်နေသည်။ သို့သော် သူကား ချင်မူထက် သတိကြီး၏။

နဂါးချီလင်သည် လူထိန်းကျမ်းစာဖြင့် သားရဲကမ္ဘာအပေါ် အုပ်ချုပ်ခဲ့ပြီးနောက် ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါဖြင့် သားရဲဘုံမှ မျိုးနွယ်အသီးသီး၏ သားရဲဘုရင်များကို သူ့အပေါ် သစ္စာရှိစေခဲ့လေသည်။

အနောက်နတ်မင်းကျားဖြူနှင့် နဂါးချီလင်က အပေးအယူမျှစွာ တိုက်ခိုက်နေသောကြောင့် ကောင်းကင်နတ်ဘုံ၏ နတ်ဆရာသခင်များမှာ နောက်ဆုတ်နေကြရသည်။၊ နတ်ဆရာသခင်များကို ချေမှုန်းရန်ကတော့ ယခုအချိန်တွင် မဖြစ်နိုင်သေးပေ။

သားရဲကမ္ဘာမှ ကမ္ဘာဦးသားရဲကြီးအသစ်များအား အဆက်မပြတ် ဆင့်ခေါ်ရကာ စစ်ပွဲထဲသို့ ၀င်ရောက်တိုက်ခိုက်စေသောကြောင့် ကောင်းကင်သည် အဆက်မပြတ် ကွဲအက်နေချေပြီ။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုံ ထွက်ပြေးသွားခြင်းက နတ်ဆရာသခင်များဆီ သတင်းရောက်လာသည်။ နတ်ဆရာသခင်များ၏ နောက်ဘက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ စတင်‌ထွက်ပြေးကြ၏။ မကြာမီ ကောင်းကင်နတ်ဘုံမှ နတ်ဆရာသခင်တို့မှာလည်း စိတ်ဓာတ် ပြိုလဲသွားပြီး ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြသည်။

အနောက်နတ်မင်းကျားဖြူမှာ အလွန်ရဲရင့်သည့် အမျိုးသမီးတစ်ဦးပင်။ သူမသည် အမျိုးသမီးဖန်ဆင်းရှင် ရှင်းမျိုးနွယ်၏ ရဲစွမ်းသတ္တိနှင့် အတိုက်အခိုက်အင်အားကို အမွေဆက်ခံရရှိထား၏။

အဝေးမှ ရှုပ်ထွေးနေသော စစ်တပ်ထဲတွင် ကောင်းကင်နတ်ဧကရာဇ်၏ အလံ လွင့်ပျံနေသည်ကို မြင်လိုက်ရသည့်အခါ အနောက်နတ်မင်း၏ စိတ်ထဲရှိ အမဲလိုက်လိုစိတ်တို့ ထကြွလာပြီး စကားတစ်ခွန်းမျှမဆိုဘဲ စစ်တပ်ကို ဦးဆောင်ကာ ရှေ့သို့ချီတက်သွား၏။ ကောင်းကင်နတ်ဘုံ၏ ထွက်ပြေးနေသော စစ်တပ်ကို ထောပတ်အား လှီးဖြတ်လိုက်သော ဓားပူပူတစ်ချောင်းကဲ့သို့ ခွဲထွက်သွားသည်။

"မသွားနဲ့"

နဂါးချီလင်မှာ ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ဟင်းလင်းပြင်သားရဲမိခင်ကြီး၏ ကျောပေါ်သို့ လွှားခနဲ ခုန်တက်ကာ အနောက်နတ်မင်းကျားဖြူနောက်သို့ အစွမ်းကုန် ပြေးလိုက်သွားတော့သည်။

အနောက်နတ်မင်းကျားဖြူကား ‌ဆွဲဆောင်မှုရှိသည့် အမျိုးသမီး ဖြစ်သော်လည်း ခက်ထန်ရက်စက်သည့် စစ်သူကြီးတစ်ဦးလည်း ဖြစ်၏။ မဟုတ်လျှင် ရှေးဟောင်းစစ်နတ်ဘုရားဟူ၍ မည်သို့ အမည်တွင်မည်နည်း။

သူမကား ကောင်းကင်ဧကရာဇ်၏ အလံအောက်သို့ ရောက်သည့်တိုင်အောင် တိုက်ခိုက်၀င်‌ရောက်သွားချေပြီ။ ရုတ်တရက် ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားကာ အနောက်နတ်မင်း၏ ဘိုးဘေးနယ်မြေမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားချေပြီ။

နဂါးချီလင်၏ နှလုံးသားမှာ အေးခဲသွားတော့သည်။ ကွဲကြေသွားသော ဘိုးဘေးနယ်မြေထဲတွင် အနောက်နတ်မင်းကျားဖြူသည် သွေးအန်ကာ မြေပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရ၏။

ဟင်းလင်းပြင်သားရဲမိခင်က သူ့ကို သယ်ဆောင်လျက် ဟင်းလင်းပြင်ထဲတွင် ပေါ်လာသည်။ အနောက်နတ်မင်းကျားဖြူ အရှေ့သို့ ရောက်လျှင် စစ်ခရာမှာ နှစ်ပိုင်းကျိုးနေသည်ကို တွေ့လိုက်ရ၏။

အနောက်နတ်မင်းကျားဖြူသည် ပက်လက်လဲကျကာ မျက်လုံးများ ပြူးကျယ်စွာဖြင့် သူ့ကို ကြည့်နေသည်။ သူမအသက်ရှူသံမှာ ခပ်မျှင်းမျှင်းသာ ရှိတော့သည်။

နဂါးချီလင်က ဟင်းလင်းပြင်သားရဲအပေါ်မှ ခုန်ချကာ သူမဆီသို့ အပြေးတစ်ပိုင်း ရောက်သွားသည်။ အနောက်နတ်မင်းကျားဖြူသည် မသေသေးသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တိုက်ကွက်က သူမ၏ ကိုယ်ခန္ဓာကို ပျက်စီးစေပြီး မွေးရာပါချီအဖြစ်သို့ ပြောင်းလဲသွားစေချေပြီ။

ဤအရှိန်အဟုန်သာ သူမ၏ မူလဝိညာဉ်သို့ ကူးစက်သွားပါက အနက်ရောင်ဝိညာဉ်သဲမှုန်ပင် ကျန်တော့မည် မဟုတ်ပေ။

"လုံရှန်ဆန်းရန်… ကျေးဇူးပြုပြီး ငါ့ကို အသက်ပြန်သွင်းပေးနော်"

အနောက်နတ်မင်းကျားဖြူ ထိုသို့ ပြောလိုက်သည်နှင့် နဂါးချီလင်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ သူမ၏ မူလဝိညာဉ်ကို သတ်ဖြတ်လိုက်၏။ ထို့နောက် မူလဝိညာဉ်ကို ကောင်းကင်၊ မြေနှင့် နတ်ဝိညာဉ် သုံးမျိုးအဖြစ်သို့ ခွဲထုတ်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်သိုင်း သူမ၏ မူလဝိညာဉ်ကို မဖျက်ဆီးနိုင်အောင် ကာကွယ်လိုက်သည်။

နဂါးချီလင်က မတ်တပ်ထရပ်ကာ အနောက်နတ်မင်း၏ ဦးခေါင်းကို ဖြတ်လိုက်သည်။ ထို့နောက် အနောက်နတ်မင်း၏ ဦးခေါင်းကို သယ်ကာ ဟင်းလင်းပြင်သားရဲမိခင်၏ ကျောပေါ်သို့ ခုန်တက်ပြီး လျှပ်တပြက် ပျောက်ကွယ်သွားတော့သည်။ သူ သားရဲကမ္ဘာစစ်တပ်ထဲသို့ ပြန်ရောက်လာသည့်အခါ မူလအသွင်သဏ္ဍာန် နဂါးချီလင်အဖြစ် ပြောင်းလဲလိုက်သည်။

နဂါးချီလင်သည် ကောင်းကင်သို့ မျက်နှာမူ၍ ဟိန်းဟောက်လိုက်ရာ နဂါးဟိန်းသံကား သားရဲကမ္ဘာစစ်တပ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ သူ၏အမိန့်သံကား ကောင်းကင်နတ်ဘုံ၏ စစ်တပ် ထွက်ပြေးနိုင်အောင် လမ်းဖွင့်ပေးရန် ဖြစ်ချေသည်။

ဤအချိန်တွင် ကောင်းကင်နတ်ဘုံစစ်တပ်ကို ပိတ်ဆို့ထားပါက သားရဲများအတွက် သေတွင်းတူးသလို ဖြစ်ပေလိမ့်မည်။

ချောင်ပိတ်သွားသည့်အခါ ပြိုလဲနေသော စစ်တပ်သည် စိတ်ရိုင်းဝင်နေသည့် ဆင်တစ်ကောင်သဖွယ် မည်းမည်းမြင်ရာမှန်သမျှ နင်းခြေပစ်လိမ့်မည်။ ရန်သူလော၊ မိတ်ဆွေလော ခွဲခြားသိတော့မည်မဟုတ်။ မိမိ၏ အသက်ရှင်နိုင်ရေးကိုသာ လက်ကိုင်စွဲလျက် လမ်းတွင် ပိတ်နေသမျှ အရာအားလုံးကို တွန်းတိုက် သတ်ဖြတ်ပစ်လိမ့်မည်။ သူတို့၏ စိတ်ဓာတ်ခွန်အားသည် တန်ပြန်တိုက်ခိုက်လိုစိတ်ကိုပင် မွေးဖွားစေလာနိုင်သည်။

ထွက်ပြေးလွတ်မြောက်သွားအောင် လမ်းဖွင့်ပေးခြင်းကမူ ကောင်းကင်နတ်ဘုံ စစ်သည်တော်များ၏ စိတ်ဓာတ်ကို ပိုမိုကျဆင်းစေလိမ့်မည်။

အရပ်သုံးမျက်နှာမှ ဝိုင်းထားပြီး တစ်မျက်နှာမျှ လမ်းဖွင့်ပေးခြင်းဆိုသည်မှာ စစ်ဗျူဟာတစ်ခုပင် ဖြစ်သည်။

နဂါးချီလင်က သားရဲကမ္ဘာစစ်တပ်ကြီးကို အုပ်စိုးလျက် ကောင်းကင်နတ်ဘုံ၏ ဘေးနှစ်ဖက်မှ အဆက်မပြတ် တိုက်ခိုက်ပြီး နောက်ကျကျန်နေသော ကောင်းကင်နတ်ဘုံစစ်သည်တော်များကို ချေမှုန်းနေသည်။

တစ်ချိန်တည်းမှာပင် ကျန်းပိုင်‌ကွေ့ ဦးဆောင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်က

ဝေဟင်ထက်မှ တိုက်ခိုက်နေသည်။ ဓားမိုးတို့က တဖွဲဖွဲ ရွာကျနေသောကြောင့် ခြေဦးတည့်ရာသို့ အသက်လုပြေးနေသော စစ်သည်တော်တို့ ဖရိုဖရဲ ဗြောင်းဆန်ကုန်သည်။ ထိုအခါ ကျန်းပိုင်ကွေ့၏ စစ်တပ်က ထွက်ပြေးနေသော စစ်သည်တော်များ၏ အနောက်မှ စတင်တိုက်ခိုက်သည်။

ကျန်းပိုင်‌ကွေ့ ဦးဆောင်သည့် ဂဏန်းလက်မကြီးသဖွယ်ပင်။

စစ်မျက်နှာတစ်ခုအား ဖွင့်ပေးသည့်အခါ ကျန်တစ်မျက်နှာကို ပိတ်လိုက်ပြီး အတွင်းရောက်နေသည့် စစ်သည်တော်တို့အား အမြစ်ဖြုတ်ချေမှုန်းပစ်သည်။

ကျန်းပိုင်‌ကွေ့က လေထဲတွင် ရပ်လျက် သားရဲကမ္ဘာစစ်တပ်ကြီးဆီသို့ လှမ်းကြည့်နေသည်။ သားရဲကမ္ဘာသည် ကမ္ဘာဦးသားရဲကြီးများဖြင့်သာ ပြည့်နေသော်လည်း ဝင်္ကပါအခင်းအကျင်းကား အလွန်တင်းကြပ်ပြီး အကာအရံကဲ့သို့ ကာကွယ်ထားသည်ကို တွေ့မြင်ရသဖြင့် ချီးကျူးလိုက်မိသည်။ "လုံရှန်ဆန်းရန်၊ ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတာပဲ… ဝင်္ကပါအခင်းအကျင်းမှာ ပြစ်ချက်တစ်ခုမှ မရှိဘူး"

စစ်တပ်နှစ်တပ်က တသဲ့သဲ့ တိုက်ခိုက်ရင်း ကောင်းကင်နတ်ဘုံ၏ ပြိုကွဲနေသော စစ်တပ်ကို အစွမ်းကုန် လိုက်လံချေမှုန်းနေကြသည်။ နဂါးချီလင်သည်လည်း ကျန်းပိုင်‌ကွေ့၏ ဝင်္ကပါအခင်းအကျင်းကို သတိထားမိသွားပြီး ကျန်းပိုင်‌ကွေ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်ရ၏။

"ဧကရာဇ်အတိုင်ပင်ခံက အနောက်ကနေ လိုက်တိုက်ခိုက်နေတယ်… ငါက စစ်တပ်ကို ဘေးနှစ်ဖက်ကနေ ဝိုင်းရံပြီး နှစ်ပိုင်း ခွဲထုတ်လိုက်ရင် သုံးဖက်ဝိုင်း တစ်ဖက်ဖွင့် ဗျူဟာကို အကောင်အထည် ဖော်နိုင်ပြီ…. ကောင်းကင်နတ်ဘုံကို အဆက်မပြတ် ကျဆုံးစေနိုင်တယ် …. ငါ ခွဲထုတ်လိုက်တဲ့ ကောင်းကင်နတ်ဘုံစစ်သည်တော်တွေကို ချေမှုန်းစရာ မလိုဘူး… ဧကရာဇ်အတိုင်ပင်ခံ အနောက်ကနေ ရောက်လာပြီး ချေမှုန်းလိမ့်မယ်”

နှစ်ဦးသားကြားတွင် စကားအဆက်အသွယ် မရှိသော်လည်း အချင်းချင်း အစီအစဉ်များ ကြိုသိနေကြသည်။ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် အံဝင်ခွင်ကျ ဖြစ်နေတော့သည်။ ဤသို့ဖြင့် သူတို့၏ ဖိအားကြောင့် ကောင်းကင်နတ်ဘုံဘက်တော်သားများမှာ လျင်မြန်စွာ ထွက်ပြေးနိုင်ရန်အတွက် ရိက္ခာပစ္စည်းများစွာ စွန့်ပစ်နေရသည်။ သယ်ယူရန် ခက်ခဲလေးလံသည့် ပစ္စည်းများကိုလည်း စွန့်ပစ်ထားခဲ့ကြ၏။

ခဏအကြာတွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နောက်ထပ် စစ်တပ်တစ်တပ်က ကောင်းကင်နတ်ဘုံစစ်စခန်းမှ ထွက်လာကာ နောက်မှ လိုက်လံတိုက်ခိုက်၏။ သူတို့ကား တောင်နတ်မင်းကျုချွဲနှင့် ယန်အာတို့ ဦးဆောင်သည့် စစ်တပ်ပင်။

နောက်တစ်ခဏတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိသော နတ်ဘုရားတပ်ဖွဲ့ ရောက်လာပြီး ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့အား မြင်လိုက်ရသည်။

ကျန်းပိုင်‌ကွေ့မှာ ဤစစ်အင်အားနှစ်ခု၏ အကူအညီ ရရှိသဖြင့် စိတ်အေးသွားသည်။ သူ ဦးဆောင်သော စစ်တပ်သည် ရွှမ်တုနတ်ဘုရားမိစ္ဆာများကို အနိုင်ယူရန် ခရီးရှည်နှင်၍ မရပ်မနား ချီတက်လာခဲ့ရသဖြင့် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေချေပြီ။

ဤလိုက်လံတိုက်ခိုက်မှုသည်လည်း အသက်ကို ပုံအော၍ တိုက်ခိုက်ရခြင်းပင်။

ဤနေ့ကား ကောင်းကင်နတ်ဘုံ၏ အမှောင်မိုက်ဆုံးနေ့ ဖြစ်ရန် ကံကြမ္မာသတ်မှတ်ပြီးသား ဖြစ်ချေသည်။

စစ်တပ်အသီးသီးသည် တစ်လမ်းလုံး လိုက်လံသတ်ဖြတ်နေကြသလို, ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင်လည်း နောက်ထပ်၀န်းရံတိုက်ခိုက်မှုတစ်ခု ဆက်လက်ဖြစ်ပွားနေ၏။ ကောင်းကင်နတ်ဘုံစစ်စခန်းမှ ထွက်ပြေးရန် မမှီလိုက်သော ကောင်းကင်နတ်ဘုံစစ်သည်တော်များမှာ ဝိုင်းရံပိတ်ဆို့ခြင်းခံထားရသည်။ နေရာတိုင်းတွင် စစ်မီးများ တောက်လောင်နေကာ စစ်မြေပြင်ကား အပိုင်းပိုင်း ကွဲထွက်နေတော့သည်။

"ရွှင်ပျော်ပျော်ကျေးရွာက စစ်သည်တော်တွေရော" လင်ယွိရှို့၏ နတ်ဘုရားမြို့ ရောက်လာသည်နှင့် လင်ယွိရှို့က မျက်ကန်းအား မေးလိုက်သည်။

မျက်ကန်းလည်း ချက်ချင်းပင် နတ်ဘုရားမြို့မှ ပျံထွက်သွားသည်။ လင်ယွိရှို့က သူမအနောက်မှ ဝင်္ကပါပညာရှင်များကို အလျင်အမြန် အမိန့်ပေးလိုက်သည်။ "ဆေးနတ်ဘုရားကို အမြန်ခေါ်ခဲ့"

ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် သားသတ်သမားနှင့် အပေါင်းအပါများက ရွှင်ပျော်ပျော်ကျေးရွာကို ဝိုင်းရံတိုက်ခိုက်နေသော ကောင်းကင်နတ်ဘုံနတ်ဘုရားမိစ္ဆာတို့အား မောင်းထုတ်တိုက်ခိုက်နေကြသည်။ စစ်မြေပြင်ကို ကြည့်လိုက်ရာ နန်းဆောင်အဆောက်အအုံများ ပြိုကျပျက်စီးနေသော မြင်ကွင်းများကိုသာ တွေ့မြင်လိုက်ရ၏။ ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်နှစ်သိန်းတွင် နှစ်ထောင်၊ သုံးထောင်မျှသာ ကျန်တော့ပြီး အားလုံး ဒဏ်ရာရထားကြသည်။

ရင်းနှီးသော လူရိပ်များစွာအား မမြင်ရနိုင်တော့ချေ။

သားသတ်သမားက ဓားမကို သိမ်းလိုက်ကာ သွေးအိုင်ထဲတွင် လမ်းလျှောက်နေသည်။ ရုတ်တရက် ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တစ်ဦးက လက်တစ်ဖက် ဆန့်၍ သူ၏ ၀တ်ရုံစကို ဆွဲကိုင်လိုက်သည်။

သားသတ်သမား ငုံ့ကြည့်လိုက်သည့်အခါ ထိုရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်သည် ခါးမှ ပိုင်းဖြတ်ခံထားရသည်ကို တွေ့လိုက်ရသည်။ အခြားလက်တစ်ဖက်လည်း မရှိတော့ဘဲ အသက်မြော့မြော့သာ ကျန်တော့၏။

"နောင်တော်၊ မခံစားရအောင် သတ်ပေးပါ" ထိုရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်က မော့ကြည့်နေပြီး ဒဏ်ရာပြည့်နှက်နေသော မျက်နှာတွင် အပြုံးတစ်ခု အားတင်းပြုံးပြနေသည်။

သားသတ်သမားက ဆေးဝါးများ ထုတ်ကာ ဒဏ်ရာကို ကုသပေးရင်း ခပ်တိုးတိုး အားပေးနေသည်။ "စိတ်မပူနဲ့…. အရင်တုန်းက ငါလည်း မင်းလိုပဲ အပြင်းအထန် ဒဏ်ရာရခဲ့တယ်… နောက်ပိုင်း ငါလည်း အသက်ရှင်ခဲ့နိုင်တာပဲ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဖန်ဆင်းခြင်းပညာရပ် ရှိလာပြီပဲမဟုတ်လား …. မင်းသာ သင်ယူနိုင်ရင် ဆုံးရှုံးသွားတာတွေ ပြန်ပေါက်လာနိုင်တယ်… ဆေးဆရာ၊ ဆေးဆရာ ဘယ်မှာလဲဟေ့"

သူ ကျယ်လောင်စွာ ဟစ်အော်လိုက်သော်လည်း ဒဏ်ရာရသူများ အလွန်များပြားသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ထဲတွင် ဆေးဆရာအင်အား မလုံလောက်ပေ။

သူ၏ လက်အောက်မှ စစ်သည်တော်များကလည်း ဆောင်ထားသည့် ဆေးဝါးများထုတ်ကာ ရွှင်ပျော်ပျော်ကျေးရွာမှ ဒဏ်ရာရသူများကို ခွဲဝေပေးနေကြသည်။ သားသတ်သမားက ၀မ်တျန်းကဲ၏ အနားသို့ ရောက်လာသည်။ ၀မ်တျန်းကဲက ခေါင်းခါနေပြီး ခက်ခက်ခဲခဲ လက်ညှိုးထိုးပြ၏။ "လယ်သမားကို အရင်ကယ်”

သားသတ်သမားက သူ ညွှန်ပြရာသို့ ပြေးသွားလိုက်ရာ သိုင်းပညာ ကောင်းကင်ဆရာသခင် ကွမ်းချာသည် မြေပေါ်တွင် လဲကျနေပြီး ယန်ယွင်ရှီအား ခန္ဓာကိုယ်ဖြင့် အုပ်မိုးလျက် ကာကွယ်ထားသည်ကို တွေ့လိုက်ရသည်။ သားသတ်သမားမှာ အားကုန်သုံး၍ သိုင်းပညာ ကောင်းကင်ဆရာသင်ကို တွန်းဖယ်လိုက်ရာ လယ်သမားအိုကြီးသည် သေဆုံးနေချေပြီ။ ယန်ယွင်ရှီမှာမူ အသက်ရှူနေသေးသည်ကို တွေ့လိုက်ရသည်။

ရှုပ်ထွေးနေသော စစ်တပ်ထဲတွင် သိုင်းပညာရှင် ကောင်းကင်ဆရာသခင်သည် ယန်ယွင်ရှီကို အသက်စွန့်၍ ကာကွယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ယန်ယွင်ရှီ၏ အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ အောင်ပွဲရသည်အထိ မခံနိုင်ခဲ့ပေ။

သူ့မှာ ကွမ်းချာကို ဂရုမစိုက်နိုင်တော့ဘဲ ယန်ယွင်ရှီကို အလျင်အမြန် ဆေးလိမ်းပေးလိုက်သည်။ ယန်ယွင်ရှီသည် မျက်လုံးများ ပြူးကျယ်နေသော်လည်း မည်သည်ကိုမျှ မမြင်ရပေ။ သူမ၏ မျက်လုံးနှစ်လုံးသည် ကောင်းကင်နတ်ဘုံ၏ ကြယ်တာရာအရှင်သခင်ဆီမှ အဆိပ်အပ်ဖြင့် ထိုးစိုက်ခံခဲ့ရ‌သောကြောင့် ကွယ်သွားခဲ့လေပြီ။

"ကွမ်းချာ အဆင်ပြေရဲ့လား" သူမက မေး၏။

သားသတ်သမားသည် သိုင်းပညာ ကောင်းကင်ဆရာသခင်၏ အလောင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ မမြင်နိုင်သည်ကို သတိရသွားသဖြင့် ဖြေ၏။ "သူ အဆင်ပြေပါတယ်"

"တော်သေးတာပေါ့"

ယန်ယွင်ရှီ ပြုံးနေသည်။ "ဒီတိုက်ပွဲပြီးရင် ငါတို့ လက်ထပ်ပြီး နှစ်ယောက်ထဲ တစ်ကမ္ဘာ နေကြတော့မလို့လေ… ငါ သူနဲ့ ပြောပြီးပြီ… ၀မ်တျန်းကဲ၊ ငါ နင့်ကို မကြိုက်တော့ဘူး…ငါ့မှာ ကြိုက်တဲ့သူ ရှိနေပြီ… နင်က လူ့စိတ် မရှိဘူး… ငါ ကြိုက်တာ နင် မဟုတ်မှန်း အခုမှ သိတော့တယ်"

သူမမှာ ရယ်မောရင်း သွေး တဟွတ်ဟွတ် အန်လိုက်ရသည်။

ချီရှားယွီသည် လီရုံလန်၏ ရင်ခွင်ထဲတွင် လဲကျနေ၏။ တစ်ချိန်က အချောမောဆုံး အမျိုးသားမှာ ယခုအခါ အကျည်းတန်ဆုံး မိစ္ဆာဗုဒ္ဓအသွင် ရှိနေသည်။ သို့သော် ချီရှားယွီနှင့် လီရုံလန်တို့ နှစ်ဦးစလုံး နောက်ဆုံးအခိုက်အတန့်သို့ ရောက်နေချေပြီ။

ဤတိုက်ပွဲတွင် ဇာမဏီနတ်မင်းက ကိုးကြိမ်တိုင်တိုင် ပြန်လည်မွေးဖွားခဲ့ကာ အတိုက်အခိုက်စွမ်းရည်အား တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုအားကောင်းလာစေခဲ့သည်။ သို့ သော် ကိုးကြိမ်မြောက်ပြီးနောက် သူမ၏ အသက်ဓာတ်အားလုံး ကုန်ခမ်းသွားခဲ့သည်။

"ရှင် ကျွန်မကို မုန်းနေတုန်းပဲလား" ချီရှားယွီက မှေးမှိန်ဖျော့တော့နေသော မျက်ဝန်းများဖြင့် သဘောကျနှစ်သက်သည့် အမျိုးသားကို ကြည့်ကာ မေးသည်။

မိစ္ဆာဗုဒ္ဓက ဖြေသည်။ "ဗုဒ္ဓမှာ အမုန်း မရှိဘူး"

"ဒါဆို ကျွန်မကို ချစ်သေးလား"

မိစ္ဆာဗုဒ္ဓ တိတ်ဆိတ်သွား၏။

ဇာမဏီနတ်မင်းက ပြုံးလိုက်သည်။ "ကျွန်မ ချစ်ရတဲ့ လီရုံလန်ရော ရှိနေသေးလား"

အရုပ်ဆိုးအကျည်းတန်နေသည့် မိစ္ဆာဗုဒ္ဓ၏ ကြောက်မက်ဖွယ် မျက်နှာကြီးသည် ခံ့ညားချောမောသည့် လီရုံလန်အဖြစ်သို့ တဖြည်းဖြည်း ပြန်လည်ပြောင်းလဲသွား၏။ သူက အက်ကြွဩရှနေသော အသံဖြင့် ဖြေသည်။ "အင်း… သူ ရှိနေတုန်းပဲ"

ဇာမဏီနတ်မင်း ချီရှားယွီမှာ ကျေနပ်စွာဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ချေပြီ။

“ချစ်ခြင်းမှ ဒုက္ခနှင့် ကြောက်ရွံ့ခြင်းတို့ ဖြစ်ပေါ်လာ၏။ ချစ်ခြင်းမရှိလျှင် ဒုက္ခမရှိ ၊ ကြောက်ရွံ့ခြင်းသည်လည်း ကင်းမဲ့၏”

လီရုံလန်သည် သူမကို ပွေ့ပိုက်၍ တင်ပျဉ်ခွေထိုင်လျက် တိုးညှင်းစွာ ရေရွတ်နေ၏။ “ထို့ကြောင့် ချစ်ခြင်းကို မစွဲလမ်းလင့်.... ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏.... ချစ်ခြင်းနှင့် မုန်းခြင်း မရှိလျှင် သံယောဇဉ်တွင် မတွဲငြိနိုင်ရာ... သံယောဇဉ်တဲ့လေ သိပ်ခက်တယ်... ငါဟာ သိကြားဗုဒ္ဓမှ မဟုတ်တာ ... နောက်ဘဝသာ ရှိခဲ့ရင်...”

“နောင်တော်ကျန်းခုံး၊ သိကြားဗုဒ္ဓ ပရိနိဗ္ဗာန် ပြုသွားပါပြီ” ဗုဒ္ဓတစ်ပါးက သီလဓားကို လွှတ်ချကာ ကြွလာသော တထာဂတကျန်းခုံးအား လျှောက်တင်လိုက်သည်။ တထာဂတကျန်းခုံးသည် လက်အုပ်ချီ၍ လီရုံလန်ကို ဂါဝရပြုပြီးနောက် အခြားသူများကို ကုသပေးရန် လှည့်ထွက်သွားလေသည်။

All Chapters