ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဘယ်သူထမ်းပေးမှာလဲ
Vol. 134 Ch. 1733
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်များ စစ်မြေပြင်ကို ရှင်းလင်းနေကြသည်။
လင်ယွိရှို့က ကောင်းကင်နတ်ဘုံ၏ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားမှု၊ ရွှမ်တုနှင့် ယိုတုတို့၏ အရှင်သခင်ပြောင်းလဲမှုနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကြီးမားသော အောင်မြင်မှုသတင်းကို စကြဝဠာအနှံ့သို့ ဖြန့်ရန် အမိန့်ပေးသည်။ ထို့နောက်မှသာ ချင်မူ့အား သွားကြည့်ရန် အချိန်ရခဲ့သည်။
ချင်မူမှာ ဤတစ်ခါတွင်လည်း လဲနေပြီး အသက်မရှူတော့ပြန်ချေ။ ရှုရှန်းဟွာက သူ၏ ဒဏ်ရာများထဲသို့ တာအိုအစီအရင်သံချောင်းများ ရိုက်သွင်းကာ ခန္ဓာကိုယ်အတွင်းရှိ တာအိုအကြွင်းအကျန်တို့အား ဖိနှိပ်ထားပြီးဖြစ်သည်။
ဤစစ်ပွဲတွင် အားလုံး၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးခဲ့ပြီး စစ်တပ်တိုင်းမှာလည်း အရေးပါခဲ့သည်။ ချင်မူ လုပ်ဆောင်ခဲ့သည်မှာ ကျန် စစ်သည်တော်တို့ လုပ်ဆောင်ခဲ့သည်များနှင့် မထူးခြားလှပေ။
ချင်မူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အချိန်ဆွဲရန် အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခြားသူများမှာလည်း အသက်စွန့်တိုက်ခိုက်ခဲ့ကြရသည်။
ဤအောင်ပွဲသည် အားလုံး၏ အောင်ပွဲ ဖြစ်၏။ တစ်ခုတည်းသော ကွာခြားချက်မှာ ချင်မူ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း အချို့စစ်သည်တော်များကတော့ ဤအဆုံးအဖြတ်စစ်ပွဲတွင် အသက်မရှင်နိုင်ခဲ့ခြင်းပင်။
“သူ့ပြဿနာက သိပ်မကြီးပါဘူး”
ရှုရှန်းဟွာက ထရပ်လိုက်ပြီး လင်ယွိရှို့အား ပြောလိုက်သည်။ “ဒီလောကမှာ ဂိုဏ်းသခင်ချင်ကို သတ်နိုင်တဲ့သူ မရှိတော့ဘူး…. ရှိခဲ့ရင်တောင်မှ အတိတ်စကြဝဠာမှာပဲ ရှိလိမ့်မယ်”
သူက ထွက်ခွာရန် ပြင်လိုက်စဉ် လင်ယွိရှို့သည် လှမ်းခေါ်၏။ “ဒီစစ်ပွဲမှာ လူအများကြီး သေဆုံးခဲ့ရတယ်…. ကျွန်မရဲ့ ခင်ပွန်းကလည်း အိပ်စက်အနားယူနေရတော့ အချိန်တိုအတွင်း နိုးထလာနိုင်မှာ မဟုတ်ဘူး…. ဒီလောကမှာ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြုနိုင်တဲ့ သူဆိုလို့ ရှင်နဲ့ လန်ယွီတျန်းပဲ ရှိတော့တယ်”
ရှုရှန်းဟွာ ခေါင်းခါလိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဝိညာဉ် စုစည်းနိုင်တဲ့သူ ဆယ်ယောက်ကျော် ရှိပါတယ်…. အဲ့ဒီထဲမှာ ကောင်းကင်ယင်နတ်ဘုရားမလည်း ပါတယ်… ကျုပ်နဲ့ လန်ယွီတျန်းနှစ်ယောက်တည်း မဟုတ်ပါဘူး…. ဒါပေမဲ့ စစ်မြေပြင်မှာ နတ်ဘုရားတွေအတွက် ဝိညာဉ် ပြန်လည်တည်ဆောက်ပေးဖို့ဆိုရင် ကျုပ်တို့ဆယ်ယောက်ကျော်ရဲ့ မှော်စွမ်းအင်တွေ အားလုံး ကုန်ခမ်းသွားနိုင်တယ်… ဝိညာဉ်ပြန်လည်တည်ဆောက်တာက ပေးဆပ်မှုတစ်ခုပဲ … သေသူကို ပြန်လည်ရှင်သန်စေဖို့ဆိုရင် ပိုကြီးမားတဲ့ ပေးဆပ်မှု လိုအပ်တယ်…. ဂိုဏ်းသခင်ချင် အင်အားအကြီးဆုံး အခြေအနေမှာ ရှိနေရင်တောင် စစ်ပွဲမှာ သေဆုံးသွားတဲ့ လူအားလုံးကို ပြန်အသက်သွင်းနိုင်မှာ မဟုတ်ဘူး”
သူက လင်ယွိရှို့ကို ကြည့်ကာ ရှင်းပြသည်။ “ဂိုဏ်းသခင်ကတော်၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဖန်ဆင်းခြင်း ကောင်းကင်နတ်သိုင်းနဲ့ ဖန်ဆင်းခြင်း ကောင်းကင်လက်နက် ရှိတယ်…. တကယ်လို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ စည်းစိမ်မှန်သမျှ အသုံးပြုပြီး ဒီသေဆုံးသူရဲ့ ရုပ်ခန္ဓာကို ပြန်တည်ဆောက်ပေးမယ်ဆိုရင် နိုင်ငံရဲ့ ကံကြမ္မာကို လောင်းကြေးထပ်လိုက်သလို ဖြစ်လိမ့်မယ် …. ဒါ့အပြင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက သိုင်းပညာရှင်တွေရဲ့ စွမ်းအားကိုလည်း ကုန်ဆုံးစေလိမ့်မယ်….
“ကောင်းကင်နတ်အရှင်ရုံ၊ မြေအောက်ဘုံအရှင်လေးနဲ့ ကောင်းကင်နယ်စားမင်းတို့ရဲ့ စွမ်းအားကို တစ်စက်မကျန် ငှားယူရလိမ့်မယ်…. စစ်မြေပြင်မှာ သေဆုံးသွားတဲ့ စစ်သည်တော်တွေကို ပြန်အသက်သွင်းနိုင်မယ့် အခွင့်အရေး ရှိလာနိုင်ပါတယ်… ဒီစစ်ကြီးအပြီးမှာတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ သူတို့တွေကို အသက်ပြန်သွင်းပေးဖို့ ဒီလောက်ကြီးမားတဲ့ နိုင်ငံ့အင်အား မရှိတော့ပါဘူး”
သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်တွေရဲ့ စတေးမှုကြောင့်သာ ဒီလို ရှုံးရတော့ စစ်ပွဲမှာ မျှော်လင့်ချက် ရောင်ခြည် ရှာတွေ့နိုင်ခဲ့တာပါ… အခု အောင်ပွဲခံဖို့ အဝေးကြီး လိုပါသေးတယ်… ဒီကိစ္စကြောင့်သာ အခြေအနေကောင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် ကျုပ်တို့ ဘာလို့ကောင်းကင်နတ်ဘုံကို ခုခံနေဦးမှာလဲ…. ဂိုဏ်းသခင်ကတော်၊ သူတို့ရဲ့ စတေးမှုကို အဓိပ္ပာယ်မဲ့ မဖြစ်စေပါနဲ့”
သူသည် ပုံမှန်အားဖြင့် စိတ်ခံစားချက်ကို မပြသော်လည်း ယခုအခါတွင်မူ သူ၏စကားများမှာ အနည်းငယ် လေးလံနေသည်။
လင်ယွိရှို့က ပြော၏။ “ခန္ဓာကိုယ် ရှိနေသရွေ့ သေဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်ကို ယူပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်ရင် အသက်ပြန်ရှင်လာနိုင်မှာ မဟုတ်ဘူးလား... ဒီလိုဆိုရင် နိုင်ငံ့အင်အားကို သိပ်အများကြီး သုံးစရာ မလိုတော့ဘူးလေ … ”
ရှုရှန်းဟွာ ခေါင်းခါလိုက်သည်။ “ဂိုဏ်းသခင်ကတော်၊ ခန္ဓာကိုယ် ဆိုတာ မရှိတော့ပါဘူး”
လင်ယွိရှို့ ငေးကြောင်သွားသည်။
“ကောင်းကင်နတ်ဧကရာဇ်ဟောင်က သိပ်ကို ရက်စက်တယ်… အခု ကမ္ဘာဦးဘုံဟာ ဧရာမသွေးယဇ်ပလ္လင်ကြီး ဖြစ်နေပြီ…. ဒီသွေးယဇ်ပလ္လင်ပေါ်မှာ သေဆုံးသွားတဲ့ သက်ရှိတွေအားလုံးက စွမ်းအင်အဖြစ်ပြောင်းလဲပြီး အတိတ်စကြ၀ဠာအတွက် ယဇ်ပူဇော်ခံရလိမ့်မယ်”
ရှုရှန်းဟွာက ခဏတိတ်ဆိတ်နေပြီးနောက် ဆက်ပြောသည်။ “ကျုပ် စစ်သည်တော်တွေရဲ့ အလောင်းတွေကို အကဲခတ်ပြီးပြီ … ပုပ်သိုးဆွေးမြေ့တဲ့နှုန်းက အရမ်း မြန်တယ်…. နတ်ဘုရားမိစ္ဆာတွေရဲ့ သွေးက မြေကြီးထဲ စိမ့်ဝင်သွားပြီး တစ်ရက် နှစ်ရက်အတွင်းမှာ အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်စွမ်းအင်တွေအားလုံး ကုန်ခမ်းသွားတယ်…. သေဆုံးဒဏ်ရာရတဲ့ စစ်သည်တော်တွေ အရမ်းများတော့ ဒီသွေးယဇ်ပူဇော်ပွဲက သိပ်မထင်ရှားဘူး…. ဒါပေမဲ့ သွေးယဇ်ပူဇော်ပွဲ ပြီးရင် မီလော့နန်းတော်က တာအိုသိုင်းပညာရှင် နှစ်ယောက်၊ သုံးယောက်လောက် ရောက်လာနိုင်တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင် ရူးသွားရှာပြီ… သူ သေချာပေါက် အသေဆိုးနဲ့ သေရလိမ့်မယ်… ကျုပ် သဲလွန်စတွေကို မြင်တာနဲ့ လန်ယွီတျန်းဆီ ပြောပြလိုက်တယ်… သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ကောင်းကင်လက်နက်နဲ့ သွေးယဇ်ပလ္လင် ဘယ်မှာဝှက်ထားလဲ လိုက်ရှာနေပြီ…. သူ အဲ့ဒီသွေးယဇ်ပလ္လင်တွေကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လင်ယွိရှို့လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။
ရှုရှန်းဟွာက နှစ်သိမ့်ပေးသည်။ “ဂိုဏ်းသခင်ကတော်၊ သိပ်ပြီး စိတ်မပူပါနဲ့… ဂိုဏ်းသခင်ချင်က အမြဲ ကြိုတင်ပြင်ဆင်ထားတတ်တဲ့သူပါ… တကယ်တော့ ကြိုတင်မျှော်လင့်ထားပြီး ကာကွယ်မှုတွေ လုပ်ထားပြီးပါပြီ… အခုဆို ယိုတုမဟာတာအိုက ပြောင်းလဲသွားပြီ”
လင်ယွိရှို့ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ရှုရှန်းဟွာက ရှင်းပြသည်။ “ကျုပ် ယိုတုမဟာတာအိုကို ကျင့်ကြံခဲ့တုန်းက ယိုတုမဟာတာအိုက ၆၄ မျိုးတည်း မဟုတ်တော့ဘူး…. ခြောက်မျိုး တိုးလာပြီး ခုနစ်ဆယ် ဖြစ်လာပြီ… တိုးလာတဲ့ ခြောက်မျိုးက ဘ၀ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်ပဲ…. ဂိုဏ်းသခင်ချင် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးကို ဖန်တီးခိုင်းခဲ့တာက ဒီနေ့အခြေအနေကို ရင်ဆိုင်ဖို့အတွက်ပဲ”
“ရှင် ပြောချင်တာက”
“မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်က ဘ၀ပြန်၀င်စားခြင်း လမ်းခြောက်သွယ်ကို ထိန်းချုပ်ထားတယ်… အဲ့ဒီကောင်းကင်လက်နက်ရဲ့ စွမ်းအားက စကြဝဠာအနှံ့ကို တဖြည်းဖြည်း ပျံ့နှံ့သွားပြီ…. ယိုတုမြစ်ကြာပွတ်နဲ့ မြေအောက်ဘုံအရှင်သခင်တို့ရဲ့ နတ်မျက်လုံးထက် သာလွန်တဲ့ ရတနာတစ်ခု ဖြစ်လာခဲ့ပြီ”
ရှုရှန်းဟွာသည် လျှောက်ထွက်သွား၏၊ “ဘ၀ပြန်၀င်စားခြင်း လမ်းခြောက်သွယ်က သေဆုံးသွားတဲ့လူတွေကို သံသရာစက်ဝန်းထဲ ဝင်ရောက်ပြီး ဘဝသစ် ရရှိစေနိုင်လောက်တယ်… အင်း လိုအပ်ချက်ကတော့ အနက်ရောင်ဝိညာဉ်သဲမှုန်အဖြစ် ပြောင်းလဲမသွားဖို့ပဲ… အနာဂတ်မှာ မြေအောက်ဘုံအရှင်သခင်နဲ့ မရဏတမန်တော်တို့ရဲ့ တာဝန်က မတူလာနိုင်တော့ဘူး… ဂိုဏ်းသခင်ချင်က အနာဂတ်အတွက် ကြိုဆင်ပြင်ဆင်ထားခဲ့တာ… တိုက်ပွဲ မစတင်ခင်ကတည်းက အရံအစီအစဉ်ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီ… သိပ်ကို လေးစားစရာကောင်းတယ်”
လင်ယွိရှို့မှာ လှည့်ထွက်လာကာ ချင်မူ လဲနေသော အိပ်ယာအနားသို့ ရောက်လာသည်။ သူမက ခုတင်အစွန်းတွင် ထိုင်၍ အသက်မရှူတော့သော ချင်မူ့ကို ကြည့်နေ၏။
ချင်မူ့ဒဏ်ရာများက သူမ၏ နှလုံးသားကို ဆောက်နှင့် ထွင်းသကဲ့သို့ နာကျင်စေသော်လည်း သူမအနေဖြင့် ဘာမှမတတ်နိုင်ပေ။ ဤလောကတွင် ဉာဏ်အကောင်းဆုံးနှင့် စွမ်းအားအကြီးဆုံး ဖြစ်သော လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ပင်လျှင် ချင်မူ၏ တာအိုဒဏ်ရာများကို မကုသနိုင်ချေ။ အစွမ်းထက်ပါသည်ဆိုသော ဆေးဆရာသည်လည်း လက်မှိုင်ကျနေသည်။
ချင်မူကိုယ်တိုင် နိုးထလာပြီး သူ့ကိုယ်သူ ကုသသည်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းရပေလိမ့်မည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ဤယောက်ျားသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ဤစကြဝဠာအတွက် အရာများစွာ လုပ်ဆောင်ပေးခဲ့၏။ အန္တရာယ်ကြုံတွေ့တိုင်း အမြဲတမ်း ရှေ့ဆုံးသို့ ဦးစွာပထမ ပြေးသွားတတ်သည်။အပြင်းအထန် ဒဏ်ရာရထားသည့်တိုင်အောင် အခေါင်းထမ်းခိုင်း၍ ရှေ့သို့တက်ရန် ဝန်မလေးပေ။
သူ၏ အတွေးအခေါ်များမှာ အလွန်နက်နဲပြီး လွန်ခဲ့သော ဆယ်စုနှစ်များတည်းက ယနေ့အတွက် အစီအစဉ်များကို ကြိုတင်ကြံစည်ခဲ့သည်။
သူမမှာ အသာအယာ ခါးကိုင်းလိုက်ပြီး ချင်မူ၏ ဘေးတစ်ဖက်သို့ မှီလိုက်သည်။ မင်္ဂလာသက်တမ်း ဆယ်စုနှစ်များစွာတွင် သူတို့နှစ်ယောက် ခွဲခွာရသည်က များပြီး အတူနေရသည်က နည်းပါးသည်။ ယခုအချိန်၌ ခဏတာ အေးဆေးငြိမ်သက်မှုကို ရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ရုတ်တရက် လင်ယွိရှို့က ထရပ်၍ ကုတင်ဘေးမှ ထွက်ခွာသွားသည်။
“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပထမဆုံး အောင်ပွဲက အရေးအကြီးဆုံးအချိန်ပဲ… အချစ်အတွက် အချိန်မရှိဘူး”
သူမသည် ဤမျိုးဆက်၏ ဧကရာဇ်တစ်ပါးဖြစ်သည့်အလျောက် ပြတ်သားခက်ထန်သော အမူအရာသို့ ပြန်ပြောင်းလိုက်၏။ ကိစ္စရေးရာတို့အား ကိုယ်တိုင်ဖြေရှင်းလျက် အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်နေသည်။ စစ်တပ်အသီးသီးမှ ဒဏ်ရာရသူများကို စစ်ထုတ်၍ စစ်တပ်အား ပြန်လည်ဖွဲ့စည်းစေပြီး ကျန်းပိုင်ကွေ့၊ နဂါးချီလင်နှင့်အခြားသူများကို သွားရောက်ကူညီ၍ အောင်မြင်မှုရလဒ်ကို တိုးမြှင့်ရန် စေလွှတ်ခဲ့သည်။
“ကောင်းကင်နတ်ဘုံကို ကမ္ဘာဦးဘုံကနေ အပြီးတိုင် မောင်းထုတ်ရမယ်”
တစ်ချိန်တည်းမှာပင် လင်ယွိရှို့က အမိန့်တစ်ခု ထပ်မံထုတ်ပြန်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်သိုင်းပညာရှင်များကို စည်းရုံးကာ ကုန်သွယ်လမ်းကြောင်းများ အသေအချာ ဆက်နွယ်ထားကြောင်း အတည်ပြုစေသည်။ လမ်းတစ်လျှောက်တွင် တောင်များ ဖြို၍ တံတားများ တည်ဆောက်ကာ လမ်းခရီးရှိ စစ်စခန်းများတွင် နေရာရွှေ့ပြောင်းမုခ်၀များ တည်ဆောက်စေသည်။
ရိက္ခာများ မပြတ်တောက်ရန် အတည်ပြုရမည်ဖြစ်၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ပို့ဆောင်နေသော ပရဆေးများနှင့် မှော်ဆေးလုံးများ လုံးဝမနည်းပါးသွားအောင် သတိရထားလိမ့်မည်။ စစ်သည်တော်များ၏ အသက်က အရေးအကြီးဆုံးပင်။
ကျန်ရှိနေသော ဒဏ်ရာရသူများကိုမူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ဆေးဆရာများက ကုသပေးနေသည်။ အရှိန်မြှင့်ကုသကာ အသက်ကယ်တင်နေကြ၏။
လင်ယွိရှို့ ဤအရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ညနက်သန်းခေါင်သို့ပင် ရောက်နေလေပြီ။ ကောင်းကင်တွင် ကြယ်များ စုံလင်နေသော်လည်း ကြယ်တာရာများမှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ရွှမ်တုတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မပြီးဆုံးသေးပေ။
ထိုတိုက်ပွဲသည် ကောင်းကင်နယ်စားမင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ တိုက်ပွဲ ဖြစ်၏။ သူတို့သားအဖအတွက် အလွန်အရေးကြီးသော်လည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေအနေနှင့် မသက်ဆိုင်တော့ပေ။
လင်ယွိရှို့က အပေါ်၀တ်ရုံကို ခြုံထားရင်း ညအမှောင်ထဲရှိ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ထဲတွင် အခြားတိုက်ပွဲတစ်ခု ရှိနေပြီး အလွန်ပြင်းထန်သည်ကို သတိထားမိလိုက်၏။ မကြာခဏ ထိုက်ကျိကြယ်တာရာလွင်ပြင် ပေါ်ထွက်လာတတ်သည်။ အဖြူရောင်နှင့် အနက်ရောင်တို့ ရောယှက်ထွက်ပေါ်လာတတ်သလို ကြေးမုံမှ အစိမ်းရောင်အလင်းတန်းများလည်း ကောင်းကင်မှ ဖြာကျလာတတ်၏။ ၎င်းတို့က မိုးသောက်ယံ အလင်းတန်းများကဲ့သို့ အလွန်လှပတောက်ပနေသည်။
ယင်းတိုက်ပွဲသည် ထိုက်ရှီရှေးဟောင်းနတ်ဘုရားနှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့၏ တိုက်ပွဲဖြစ်၏။ တိုက်ပွဲဖြစ်ပွားနေသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
သူတို့၏ တိုက်ပွဲကြောင့် ကောင်းကင်တွင် လှပခမ်းနားသော မြင်ကွင်းအမျိုးမျိုး ထွက်ပေါ်နေ၏။ နေ့အချိန်တွင် သိပ်မထင်ရှားသော်လည်း ညအချိန်တွင်မူ သာမန်ထက်ပို၍ တောက်ပထူးကဲနေသည်။
ကောင်းကင်နတ်သိုင်းများက ပန်းချီကားများကဲ့သို့ ကမ္ဘာဦးဘုံ၏ ညကောင်းကင်တွင် ပေါ်ထွက်လာနေကြ၏။ ၎င်းတို့က ပေါ်ထွက်လာပြီးနောက် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။
အနောက်ဘက်တွင်မူ နေ၀င်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ နေလုံးကြီးသည် တောင်၏ အခြားတစ်ဖက်ခြမ်းသို့ ၀င်ရောက်ကာ အနောက်ကောင်းကင်အား နီရဲတောက်ပနေစေ၏။
ညကား အနည်းငယ် အေးစိမ့်လာသည်။
လင်ယွိရှို့သည် မှောင်မိုက်သော ညအမှောင်ထဲမှ လေချွန်သံတစ်ချက် ကြားလိုက်ရ၏။ ထိုလေချွန်သံထဲတွင် ထူးခြားသော စိတ်အစဉ်တစ်ခု ကိန်းဝပ်နေသည်။ တစ်ခါတစ်ရံတွင် သာယာညင်သာကာ တစ်ခါတစ်ရံတွင်တော့ ကောင်းကင်ကို ထိုးဖောက်သွားသည့် ဓားကဲ့သို့ပင်။ တစ်ခါတလေတွင်တော့ တံတားငယ်အောက်မှ ရေစီးသံအလား ထင်ရပြီး တစ်ခါတစ်ရံတွင်တော့ သံမဏိမြင်းနှင့် ရွေလှံတို့ စစ်မြေပြင်တွင် တိုက်ခိုက်နေသယောင် ကြားရသည်။ ကြားရသူတိုင်းအား ခမ်းနားကြီးကျယ်သော မြင်ကွင်းကို မြင်နေရသည့်ပမာ ခံစားရစေ၏။
လင်ယွိရှို့ အဝေးသို့ လှမ်းကြည့်လိုက်ရာ အသံ ထွက်လာနေသော နေရာတွင် ဧရာမ မဟာခြုံလွှမ်းကောင်းကင်ဘုံကြီးက တိမ်းစောင်းနေပြီး ဟင်းလင်းပြင်အလွှာ ၃၆ လွှာထဲမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ မဟာခြုံလွှမ်ကောင်းကင်ဘုံက ကွဲအက်နေပြီး ကမ္ဘာဦးဘုံသို့ ကျဆင်းတော့မည့်ဆဲဆဲ ဖြစ်နေသည်။
ဝုန်း…
ထိုမဟာခြုံလွှမ်းကောင်းကင်ဘုံ၏ တာအိုအလင်းတန်းတို့က ရုတ်တရက် စူးရှပြင်းထန်လာပြီး ကမ္ဘာဦးဘုံး၏ ညအမှောင်ကို ပျောက်ကွယ်သွားစေ၏။ လောကသည် နေ့အချိန်ကဲ့သို့ လင်းထိန်သွားချေပြီ။
ထိုအလင်းရောင်ကား မွေးရာပါချီ၏ တာအိုအလင်းရောင်ပင် ဖြစ်သည်။
လေချွန််သံမှာ ဆက်လက်ထွက်ပေါ်လာနေဆဲပင်။ တစတစ တက်ကြွပြင်းထန်လာသည်။ ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းပစ်လိုက်သော ဓားတစ်လက်သဖွယ် စစ်မြေပြင်တွင် ကဆုန်ပေါက်နေကာ မကျေမနပ်မှုကို ထုတ်ဖောက်ပြသနေ၏။
“ရှန့်ကျွင်းနဲ့ ထိုက်ချူလား… ထိုက်ချူက ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့အတူ မဆုတ်ခွာဘဲ ရှန့်ကျွင်းကြောင့် ကျန်နေခဲ့တာလား”
လင်ယွိရှို့၏ နှလုံးသား လှုပ်ရှားသွားသည်။ ရှန့်ကျွင်း၏ လေချွန်သံထဲမှ အတိုက်အခိုက်စိတ်ဆန္ဒ၊ အသတ်အဖြတ်စိတ်ဆန္ဒ၊ သက်ရှိအားလုံးကို ကာကွယ်လိုသည့် ဆန္ဒတို့ကို ကြားနေရသော်လည်း သူသည် အတိုက်အခိုက်စိတ်ဆန္ဒနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့ကို အဆုံးအစွန်အထိ မမြှင့်တင်နိုင်ဟန်တူ၏။
ရုတ်တရက် သူမအနောက်ရှိ အခန်းထဲမှ ချင်မူ၏ အသံ ပျံ့လွင့်လာသည်။ “မိန်းမရေ ကျေးဇူးပြုပြီး ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ဘိုးဘိုးသားသတ်သမားတို့ကို ခေါ်လိုက်ပါ”
လင်ယွိရှို့လည်း ဝမ်းသာပျော်ရွှင်သွားပြီး အခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။ ချင်မူသည် ဘယ်အချိန်က နိုးထလာမှန်း မသိသော်လည်း ထထိုင်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။
လင်ယွိရှို့က ချက်ချင်းပင် မူလဝိညာဉ်ညီလာခံအား အသက်သွင်း၍ ကောင်းကင်နတ်အရှင်ယွဲ့နှင့် သားသတ်သမားတို့ကို အသိပေးလိုက်ပြီး သူမကတော့ ချင်မူ့ကို ထူကာ ထိုင်စေလိုက်သည်။
“ဖြည်းဖြည်း၊ နာတယ်…”
ချင်မူက လေအေးတစ်ရှိုက် ရှူသွင်းလိုက်ရင်း ပြော၏။ “ဒီသံတွေက ရှုရှန်းဟွာ စိုက်ထားတာပဲ ဖြစ်ရမယ်… သံတစ်ချောင်းဆီတိုင်းက အသွေးအသားနဲ့ ရိုးတွင်းခြင်ဆီထဲအထိ စိုက်နေတာ”
သူ၏ နဖူးတွင် ချွေးများ စိုရွှဲနေပြီး နောက်ဆုံးတွင်တော့ ထိုင်နိုင်သွားကာ အသက်ပြင်းပြင်း ရှူနေရ၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဒဏ်ရာများ မသက်သာသေးချေ။ သားသတ်သမားတွင်လည်း တာအိုဒဏ်ရာများ ပြည့်နှက်နေသဖြင့် ကုသရန် ချန်ထားရသည်။ နှစ်ဦးလုံး သတင်းကြားသည်နှင့် အလျင်အမြန် ရောက်လာကြ၏။ သို့သော် ချင်မူမှာ ထိုင်နေရင်း အိပ်ပျော်သွားပြီး အိပ်မက်ကမ္ဘာများအား တစ်လွှာပြီးတစ်လွှာ ဖြန့်ကျက်နေသည်ကိုသာ တွေ့လိုက်ရ၏။
နှစ်ယောက်လုံး အခန်းထဲသို့ ၀င်ကာ သူ၏အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားကြသည်။ ချင်မူ၏ အိပ်မက်ကမ္ဘာမှာ အိပ်မက်နှင့်မတူဘဲ အစစ်အမှန်ကမ္ဘာအလားပင်။
သူတို့ ချင်မူ၏အိပ်မက်ကမ္ဘာထဲသို့ ၀င်လိုက်သည့်အခါ စကြ၀ဠာအဆုံးသတ်၏ လက္ခဏာ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ထိုအိပ်မက်ကမ္ဘာထဲတွင် အန္တိမဟင်းလင်းပြင်မှာ တာအိုသိုင်းပညာရှင်တို့၏ ဖိအားကြောင့် အဆက်မပြတ် ကျုံ့ဝင်နေပြီး မရဏလေအေးတို့ သောင်းကျန်းတိုက်ခတ်နေသည်။ လေအေးတို့ ဖြတ်သန်းတိုက်ခတ်နေသော နေရာတိုင်းရှိ တာအိုသိုင်းပညာရှင်တို့၏ နယ်မြေများနှင့် ကောင်းကင်ဘုံများတွင် ကပ်ဘေးဒုက္ခများစွာ ကြုံတွေ့ကြရ၍ အလွန်ဆင်းရဲ ဒုက္ခရောက်နေကြသည်။
နတ်ဘုရားမိစ္ဆာများပင်လျှင် ကပ်ကြီးငါးပါးအတွင်းသို့ ကျရောက်နေကြသည်။ သူတို့ တင်ပျဥ်ခွေ ကျင့်ကြံနေကြစဉ် မရဏလေအေးဖြင့် တိုက်ခတ်ခံရသည့်အခါ အရိုးအသားနှင့် ဝိညာဉ်အားလုံး အရည်ပျော်ကျသွား၍ ထူးဆန်းစွာ သေဆုံးသွားတတ်ကြ၏။
ဤစကြဝဠာမှာ ပျက်စီးယိုယွင်းနေသော မြင်ကွင်းများဖြင့် ပြည့်နှက်နေသော်လည်း အထွတ်အထိပ်အခြေအနေသို့ ရောက်ခဲ့ဖူးသည်။ ယခင်က ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားသော သိုင်းပညာရှင်များ မရေမတွက်နိုင်အောင် ရှိခဲ့၏။ တာအိုသိုင်းပညာရှင်များမှာလည်း အလွန်များပြားရာ ပျက်စီးယိုယွင်းမှုနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။
တာအိုသိုင်းပညာရှင်များက စကြဝဠာ၏ ဖိအားကို လျှော့ချ၍ ဤစကြဝဠာ၏ အသက်ကို ထိန်းသိမ်းရန် တမင်တကာ ပဋိပက္ခများ ဖန်တီးပြီး ကောင်းကင်ဘုံများမှ သက်ရှိသတ္တဝါတို့အား အချင်းချင်း သတ်ဖြတ်တိုက်ခိုက်စေသည်။ ကောင်းကင်ဘုံအသီးသီးနှင့် ဘိုးဘေးနန်းတော်တို့အပြင် လောကသစ်ပင်မှာလည်း ရှုပ်ထွေးနေ၏။
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွဲ့နှင့် သားသတ်သမားတို့၏ အကြည့်က ဓားရှည်တစ်လက်ကို ထမ်းထားသည့် လူငယ်တစ်ဦးအပေါ်သို့ ကျရောက်သွားသည်။ သူသည် အလောင်းပုံထဲတွင် မွှေနှောက်နေပြီး သွေးများသောက်ကာ ပုပ်နေသောအလောင်းတို့၏ အသားများကို စားနေ၏။
ကောင်းကင်နှင့် လူသားတို့၏ ယိုယွင်းပျက်စီးမှုမှာ ကောင်းကင်ဘုံအသီးသီးသို့ ကူးစက်လာခဲ့သည့်အတွက် မည်သည့်နတ်ဘုရားမိစ္ဆာဖြစ်စေ သေဆုံးသွားသည်နှင့် လျင်မြန်စွာ ပုပ်သိုးသွားသည်။ သို့သော် ဤလူငယ်မှာမူ စက်ဆုပ်ရွံရှာမှုကို သည်းခံကာ ပုပ်နေသော အသားများကို စားနေသည်။
ဤလူငယ်က ခွန်အားပြန်ပြည့်လာပြီးနောက် ပြန်လည်သတ်ဖြတ်တော့၏။ သူက ကောင်းကင်ဘုံများအပေါ် အုပ်ချုပ်သော နတ်ဘုရားတို့အား သတ်ဖြတ်ရင်း သူ၏ဓားနှင့် တာအိုနှလုံးသားကို သွေးနေသည်။
သူသည် ရူးသွပ်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ ကောင်းကင်ဘုံတစ်ခုမှ တစ်ခုသို့ သွားရောက်သတ်ဖြတ်နေ၏။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများမှာ သူ၏ ဓားအောက်တွင် ကျဆုံးနေကြသည်။
ဤလူငယ်တွင် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အနိုင်မခံအရှုံးမပေးသော ယုံကြည်ချက်ကို ပိုင်ဆိုင်ထား၏။ အကြမ်းတမ်းဆုံးသော သားရဲ၊ အစဉ်းလဲဆုံးသော မုဆိုးကဲ့သို့ စိတ်တိုင်းကျ သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုအဆင့်ကို မြှင့်တင်နေသည်။
“ရှန့်ကျွင်းလား” ကောင်းကင်နတ်အရှင်ယွဲ့က ဇဝေဇဝါ မေးလိုက်သည်။
ဤအချိန်တွင် သူတို့သည် ရှန့်ကျွင်း၏ နူးညံ့သော အသွင်အား ရှားရှားပါးပါး တွေ့လိုက်ရ၏။ ရှန့်ကျွင်းမှာ ပျက်စီးနေသော ရွာငယ်လေးရှေ့ရှိ စမ်းချောင်းဘေးတွင် ထိုင်ကာ ပန်းပွင့်လေးတစ်ပွင့်ကို ကြည့်နေသည်။ ကလေးငယ်များက သူ့ကို ဝန်းရံကာ သီဆိုကခုန်နေကြသည်။ ကလေးငယ်များက ပန်းကုံးတစ်ကုံးကို သီ၍ သူ၏ခေါင်းပေါ်တွင် တင်ပေးလိုက်ရာ ရှန့်ကျွင်း၏ ရိုးရှင်းသော မျက်နှာပေါ်၌ အလွန်ကျေနပ်နေသည့် အပြုံးတစ်ခု ဖြစ်တည်လာ၏။
ထို့နောက် ရှန့်ကျွင်းကား သတ်ဖြတ်ခြင်းလမ်းစဉ်အား ပြန်လည်လျှောက်လှမ်းတော့သည်။ ပိုမြင့်မားသော နတ်ဘုရားများကို စိန်ခေါ်ကာ သန်မာအားကောင်းသူများကို သတ်ဖြတ်၏။
ဤနေ့ နောက်ဆုံးတွင်တော့ သူကား စကြဝဠာ၏ အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာပြီး တာအိုသိုင်းပညာရှင်များကို လိုက်လံတိုက်ခိုက်နေသည်။
တာအိုသိုင်းပညာရှင် တစ်ဦးပြီးတစ်ဦး သူ၏လက်ထဲတွင် သေဆုံးသွားသည့် အခိုက်အတန့်တွင်တော့ သတ်ဖြတ်ခြင်းတာအိုအား ရရှိသွား၏။
သို့သော် သူ၏ ရည်ရွယ်ချက်မှာ တာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် မဟုတ်ဘဲ ခိုး၀င်လာသော တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်ရန်နှင့် ဤစကြဝဠာအပေါ် ထိန်းချုပ်နေသည့် ပုဂ္ဂိုလ်များကို ချေမှုန်းရန်သာ ဖြစ်သည်။
သတ်ဖြတ်ခြင်းသည် သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူ အမှန်တကယ် လုပ်ချင်သည်မှာ ဤစကြဝဠာရှိ သာမန်လူများကို ကာကွယ်ရန်သာ။
ယခုတော့ ထိုသို့စွမ်းအားမျိုးကို ပိုင်ဆိုင်ခဲ့လေပြီ။
သူက ကလေးငယ်များ ပေးခဲ့သော ပန်းကုံးကို ဆောင်းလိုက်ပြီး သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ကြည့်နေသည်။ အောက်ရှိ စကြဝဠာကို ပြန်ကြည့်လိုက်သည့်အချိန်တွင်တော့ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားတော့သည်။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ပထမဆုံးသော နယ်ခံ တာအိုသိုင်းပညာရှင်မှာ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ နောက်ဆုံး တာအိုသိုင်းပညာရှင်လည်း ဖြစ်ချေသည်။ သူ တာအိုရရှိခဲ့ခြင်းက ဤစကြဝဠာနှင့် အန္တိမဟင်းလင်းပြင်ကို လုံး၀ပြိုလဲစေခဲ့သည်။
မဟာပျက်စီးခြင်းကပ်ဘေးကြီးက ဤအခိုက်အတန့်တွင် ဖြစ်ပေါ်လာပြီး စကြဝဠာတစ်ခုလုံးမှာ ကပ်ဘေးထဲသို့ ကျရောက်သွားသည်။ မရေမတွက်နိုင်သော သာမန်သတ္တဝါတို့သည် ပထမဆုံး မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ လှိုင်းဂယက်တွင် အားလုံး သေဆုံးကုန်ကြတော့သည်။
သူသည် ဤစကြဝဠာကို ကယ်တင်၍ သက်ရှိသတ္တဝါတို့အား ကယ်တင်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း ဤစကြဝဠာကို ပြိုလဲစေသည့် နောက်ဆုံးသော ကောက်ရိုးတစ်မျှင် ဖြစ်လာ၏။ သူ ကာကွယ်လိုသည့် သက်ရှိအပေါင်းကို သတ်ဖြတ်ခဲ့သော လူသတ်သမား ဖြစ်လာခဲ့ရ၏။
မဟာပျက်စီးခြင်းကပ်ဘေးကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရှန့်ကျွင်း ရူးသွားခဲ့သည်။ ကပ်ဘေးအား မည်သို့ကျော်လွှားရမည်ကို လုံးဝဂရုမစိုက်ဘဲ တာအိုသိုင်းပညာရှင်များကိုသာ သွေးရူးသွေးတန်း သတ်ဖြတ်တော့သည်။
ကောင်းကင်နတ်အရှင်ယွင်နှင့် သားသတ်သမားမှာ ဤမြင်ကွင်းကို ငေးကြောင်ကြည့်နေမိသည်။ နောက်ဆုံးတွင် ဤအိပ်မက်ထဲမှ မဟာပျက်စီးခြင်းကပ်ဘေးကြီးနှင့်အတူ ဤအိပ်မက်မှာ ပျောက်ကွယ်သွားတော့၏။
ချင်မူက မောဟိုက်စွာဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးတို့ ရှန့်ကျွင်းရဲ့ နှလုံးသားထဲက ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒကို နှိုးဆော်ပေးနိုင်မလား”
သားသတ်သမားက အပြင်သို့ လျှောက်ထွက်သွားပြီး စစ်သည်တော်များအား ကိုက်သုံးရာ အရွယ်ရှိသည့် စစ်ဗုံတစ်ရာကျော် ယူလာစေသည်။ သူက အင်္ကျီကို ဆွဲဖြဲလိုက်ပြီး ကြံ့ခိုင်သော ကြွက်သားများကို ထုတ်ပြလိုက်၏။ လက်ထဲတွင် ဧရာမတူကြီးနှစ်လက်ကို ကိုင်ထားသည်။
ကောင်းကင်နတ်အရှင်ယွဲ့က စစ်ဗုံ၀င်္ကပါအနောက်တွင် ဗျပ်စောင်းကြိုးများကို ပြန်ဆက်နေသည်။ ဗျပ်စောင်းသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အမှောင်ထဲမှ လေချွန်သံနှင့် ပဲ့တင်ထပ်သွား၏။ အသံကား မနှေးသလို မြန်လည်း မမြန်ချေ။
ဒုန်း..
ဗုံသံ ထွက်ပေါ်လာပြီး သားသတ်သမားက ဧရာမတူကြီးကို မြှောက်လိုက်သည်။ ဗျပ်စောင်းသံနှင့် လေချွန်သံ ပြတ်တောက်သွားသော အခိုက်အတန့်တွင် ဗုံသံက အားကောင်းပြင်းထန်စွာ ထွက်ပေါ်လာတော့၏။