ရှန့်ကျွင်း၏ အသတ်အဖြတ်တာအို
Vol. 134 Ch. 1734
ဗုံသံ မြည်ဟည်းလာသည့် အချိန်တွင် တစ်လောကလုံးရှိ ချီနှင့် ဝိညာဉ်စွမ်းအင်များ ချက်ချင်းပင် ဂနာမငြိမ် ထကြွလာကြသည်။ ဗုံသံမှာ သာမန်မျှသာဖြစ်ပြီး အထက်အောက် တဒုံးဒုံး မြည်ဟည်းနေသော်လည်း စည်းချက်တိုင်းက နှလုံးသားနှင့် သွေးသားထဲအထိ ထိမှန်သွားသကဲ့သို့ ရှိကာ သွေးသားများ ပွက်ပွက်ဆူဝေကာ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာစေသည်။
ပြင်းထန်သော ဗုံသံများသည် အဆုံးမဲ့ တန်ခိုးစွမ်းအား၊ အနှိုင်းမဲ့ အင်အားကဲ့သို့ ဖြစ်ပြီး တောင်ကြီးများပမာ လူတို့၏ တာအိုနှလုံးသားများပေါ်သို့ ဖိနှိပ်ကျရောက်လာကာ အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားစေသည်။
သို့သော်လည်း ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံသည် ဗုံသံများကြောင့် အနည်းငယ်မျှပင် မပျက်ယွင်းသွားချေ။ ထိုအစား ပို၍ညင်သာအေးဆေးသွားပြီး ဗုံသံများကို ထွင်းဖောက်၍ စီးဆင်းနေသော စမ်းချောင်းလေးပမာ ကြည်လင်စွာ ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားထဲသို့ စီးဝင်လာချေသည်။
ပျက်စီးနေသော ကောင်းကင်နတ်ဘုံ၏ တပ်စခန်းထဲတွင် ဒဏ်ရာရနေသော စစ်သည်တော်များနှင့် အလုပ်များနေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆေးဆရာများသာ ကျန်တော့သည်။ ဗုံသံနှင့် ဗျပ်စောင်းသံကို နားထောင်ရင်း စစ်သည်တော်များ၏ နာကျင်မှုကြောင့် ညည်းညူသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားချေပြီ။
ညအချိန် ရောက်လာသဖြင့် မှောင်မိုက်နေသော စစ်မြေပြင်တွင် စစ်မီးများ မငြိမ်းသေးပေ။ အဝေးရှိ မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ တာအိုအလင်းတန်းတို့က အခါအားလျော်စွာ ပေါက်ကွဲထွက်လာတတ်ပြီး ညအချိန်အား အထူးတလည် လှပနေစေသည်။
ဗုံသံတို့က ပို၍ ပို၍ ပြင်းထန်လာပြီး ဗျပ််စောင်းသံကို လုံးဝ ဖုံးလွှမ်းသွားတော့မည့်အလား ရှိနေသည်။ ငြီးငွေ့ဖွယ် ဗုံသံထဲမှ သတ်ဖြတ်လိုစိတ်အဟုန်သည် လှိုင်းထန်နေသော ပင်လယ်ပြင်ပမာ ပွက်ပွက်ဆူလာပြီး စစ်မြေပြင်ကဲ့သို့ ကြမ်းတမ်းခက်ထန်လာ၏။
နေရာတိုင်းတွင် သတ်ဖြတ်မှုများ၊ လေထဲ၌ လွင့်ပျံနေသော ဓားပျံများ၊ လှံရှည်များ၊ ပြတ်တောက်သွားသော ခြေလက်အင်္ဂါများ၊ မြေပြင်ပေါ် လိမ့်နေသော ဦးခေါင်းများဖြင့် ပြည့်နှက်နေသည်။ သက်ရှိသတ္တဝါတို့အားလုံး သံခြေဖဝါးများအောက်တွင် ရုန်းကန်နေကြရင်း ငိုယိုအော်ဟစ်နေကြရသယောင် ခံစားလာရသည်။
သားသတ်သမား၏ ဗုံသံကား အမှန်ပင် ခမ်းနားလှ၏။
သူတစ်ယောက်တည်း တူနှစ်လက်၊ ဗုံတစ်ရာဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း အ၀တ်ဗလာဖြင့် ဗုံတီးခတ်နေသည်။ အာဏာရှင်တို့၏ သြဇာအာဏာနှင့် စွမ်းပကားတို့အား ဗုံသံထဲသို့ သွန်ချနေရင်း ဗုံသံထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့အား ပိုပို၍ ပြင်းထန်လာစေသည်။ သားသတ်သမားသည် အာဏာအပေါ် ကိုးကွယ်တောင့်တသော စိတ်အား လွတ်လပ်စွာ ထုတ်ဖော်ရင်း ထိုစွမ်းအားကို မဆင်မခြင် အသုံးပြု၍ အရာအားလုံးကို နင်းခြေဖျက်စီးနေသယောင် ထင်ရ၏။
ရှင်သန်ခွင့်ကို နင်းခြေခြင်း၊ အသက်များကို ဖျက်စီးခြင်း၊ စစ်ပွဲကို ထိန်းချုပ်ခြင်း၊ သတ်ဖြတ်မှုကို ကြိုးကိုင်ခြင်း။
ဗုံသံထဲတွင် အာဏာ တပ်မက်သော ရည်မှန်းချက်တို့ ပြည့်နှက်နေသည်။ ကြားရသူတိုင်းကို ကောင်းကင်နတ်အရှင်ဆယ်ပါး အာဏာရှိစဉ်အခါက ကောင်းကင်နှင့် မြေကြီးရှိ သက်ရှိအားလုံးအပေါ် ဖိနှိပ်ချုပ်ချယ်ထားသကဲ့သို့ ခံစားလာရစေသည်။
သို့သော် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံကတော့ မတုန်မလှုပ်ပင်။ နွေဦးလေညင်း တိုက်ခတ်သကဲ့သို့၊ မြစ်ငယ်လေး စီးဆင်းနေသကဲ့သို့၊ ညအမှောင်ထဲမှ လရောင်ကဲ့သို့ နူးညံ့ငြိမ်းအေးနေမြဲပင်။
သူမ၏ ဗျပ်စောင်းသံက ဗုံသံ၏ ရူးသွပ်မှုကို မဖယ်ရှားချေ။ ထိုအစား သက်ရှိအားလုံး၏ ခိုင်မြဲသော အသက်ဓာတ်ပမာ ဖြစ်နေသည်။ ဗုံသံများအကြား၌ အသက်ဓာတ်တို့သည် ဖျက်ဆီးရိတ်သိမ်းခံနေရသကဲ့သို့ပင်။ သို့သော် ခေါင်းမာစွာဖြင့် ပြန်လည်ကြီးထွားလာပြီး ဆပွားနေ၏။
သက်ရှိအားလုံး ခံစားနေရသည့် ဆင်းရဲဒုက္ခများမှာ သူမ၏ ဗျပ်စောင်းသံထဲတွင် စုစည်းနေပြီး ကပ်ဘေးတို့နှင့် နာကျင်မှုတို့ကို ခံစားနေကြသည်။ သေကွဲရှင်ကွဲ ဖြစ်ခြင်းတို့ကို ခံနိုင်ရည်ရှိစွာဖြင့် သည်းခံထားရင်း တိတ်ဆိတ်စွာ ဆက်လက်ရှင်သန်နေသကဲ့သို့ ရှိသည်။
သားသတ်သမား၏ ဗုံသံများက ကောင်းကင်ကို လွှမ်းမိုးနိုင်သော သူ၏ ကိုယ်ရည်ကိုယ်သွေးအတိုင်း ပဲ့တင်ရိုက်ခတ်နေရင်း သတ်ဖြတ်လိုစိတ်အား အမြင့်ဆုံးအဆင့်သို့ တွန်းပို့ပေးနေသည်။
ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည့်အခါ လက်မောင်းများစွာ လေထဲတွင် လှုပ်ခါပျံဝဲသွားပြီး ဗုံတို့အား အရူးအမူး တီးခတ်လိုက်တော့သည်။
ဗုံသံများအကြားတွင် အသတ်အဖြတ်စိတ်ဆန္ဒက ကြမ်းတမ်းရက်စက်လာပြီး ပြင်းထန်အားကောင်းလာသည်။ ပုံပျက်နေသော တာအိုနှလုံးသား၊ လွတ်မြောက်လာသော နတ်ဆိုးတစ်ကောင်နှင့် အိမ်မက်ဆိုးတစ်ခုတို့ အပြင်လောက၌ တည်ရှိလာသကဲ့သို့ ဖြစ်နေတော့သည်။
အာဏာ... ။ ကမ္ဘာလောကကြီးကို လက်ဖဝါးထဲ ထည့်၍ ကြိုးကိုင်ခြယ်လှယ်ကာ လူသားအားလုံးကို ထိန်းချုပ်ခြင်း။
ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့သည်။ တော်လှန်ရေး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့၏။ ပြုပြင်ပြောင်းလဲမှု၊ သက်ရှိအားလုံး၏ မျှော်လင့်ချက်၊ တောင့်တမှုတို့မှာ လှုပ်ခတ်ရှုပ်ထွေးနေသော အခြေအနေများအောက်တွင် ပုံရိပ်ယောင်ပူဖောင်းများသဖွယ် ပျောက်ကွယ်သွားခဲ့ရသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးတစ်ဖွဲ့ ကျဆုံးသွားလျှင် ကောင်းကင်နတ်အရှင်ဆယ်ပါးအသစ်တစ်ဖွဲ့ ပေါ်ထွက်လာပြန်သည်။ နဂါးဆိုးကို သတ်လိုက်သည့် သူရဲကောင်း၌ ထိုနဂါးဆိုး၏ လက်သည်းများ ပေါက်လာသကဲ့သို့ပင် ဖြစ်သည်။ အမြင့်တွင် နေရာယူ၍ အာဏာကို အလွဲသုဲးစားပြုကာ အရာအားလုံးအပေါ် ဖိနှိပ်နေဆဲသာ ရှိ၏။၊
သွေးစွန်းနေသော ဗုံသံက ကြားရသူတိုင်း၏ မျက်စိထဲတွင် ပျက်စီးနေသော ကောင်းကင်ဘုံများနှင့် လောကပေါင်းများစွာ၏ ပုံရိပ်ကို မြင်ယောင်လာစေသည်။ လောကကြီးကို ထိန်းချုပ်ထားသော ကောင်းကင်နတ်ဆယ်ပါးသည် ကြင်နာတတ်သော မျက်နှာထား ရှိသော်လည်း စကြဝဠာတစ်ခုလုံး၏ ပဋိပက္ခများနှင့် မငြိမ်သက်မှုများကို ထိန်းချုပ်ထားကြ၏။ မိမိတို့၏ အသက်ကို ဆွဲဆန့်ရန်နှင့် အာဏာရမ္မက်ကို ဖြည့်ဆည်းရန်အတွက် မရေမတွက်နိုင်သော ကပ်ဘေးဒုက္ခများကို သက်ဆင်းစေခဲ့သည်။
ဤအခိုက်အတန့်တွင် ဗျပ်စောင်းသံမှာ အဆုံးအစွန်အထိ ဖိနှိပ်ခံလိုက်ရပြီး မကြားနိုင်တော့သည်အထိ တိုးညှင်းသွားသည်။ သက်ရှိအားလုံးမှာ ဤအခိုက်အတန့်တွင် အဆုံးသတ်၍ ကပ်ဘေးကြောင့် ချေမှုန်းခံရတော့မည့်အလားပင်။
ထိုအခိုက်အတန့်တွင် ဗျပ်စောင်းသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ဗုံ ဗုံ ဗုံ ဗုံ
အသတ်အဖြတ်စိတ်ဆန္ဒတို့ ချက်ချင်း ထကြွလာ၏။
ထိုတစ်ခဏအတွင် ဦးရေပြားကို ထုံကျင်စေပြီး ဝိညာဉ်ကို လှုပ်ခတ်စေသော ဗျပ်စောင်းသံ အသက်ဝင်လာသည်။ ကြားရသူတို့ မျက်ရည်ဝဲကုန်ကြသည်။ သမိုင်းထဲသို့ ပြန်လည်ရောက်ရှိသွားပြီး သမိုင်းကို ဖြတ်သန်းနေရသကဲ့သို့ ခံစားလာကြရသည်။
ထိုခံစားချက်က တိုက်ခိုက်လိုစိတ်အား လှုံ့ဆော်ပေးလိုက်ပြီး အလွန်ပြင်းထန်အားကောင်းလာစေသည်။ တောင်များကို ကျော်လွှား၍ မြေကြီးကို ဖုံးလွှမ်းသွားသော ဒီရေကဲ့သို့၊ ကြယ်တာရာကောင်းကင်ကို မွှေနှောက်ပြီး နဂါးငွေ့တန်းကို ဆွဲလှုပ်လိုက်သော လူထွားကြီးတစ်ဦးကဲ့သို့ပင်။
ဤသည်မှာ မဆုတ်မနစ်သော စစ်သည်တော်တစ်ဦး၏ နှလုံးသားမှ မြည်တမ်းသံပင်တည်း။
ဗျပ်စောင်းသံက ဗုံသံကို ပြန်လည်ခုခံတိုက်ခိုက်နေသည်။ အသတ်အဖြတ်စိတ်ဆန္ဒနှစ်ခုသည် ရောထွေးတိုက်ခိုက်နေကြပြီး တစ်လောကလုံးရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့အား အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။
သားသတ်သမားမှာ ပို၍ရူးသွပ်လာတော့၏။ လက်မောင်းတစ်ရာက လေထဲတွင် ပျံဝဲနေရင်း ဗုံတို့ကို အားကုန်တီးခတ်၍ ဗျပ်စောင်းသံနှင့် သက်ရှိအားလုံး၏ တော်လှန်မှုအပေါ် ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားနေ၏။ သို့သော် ဗျပ်စောင်းသံထဲမှ အသတ်အဖြတ်စိတ်ဆန္ဒက ဆက်လက် မြင့်တက်လာသည်။ ဖိနှိပ်ခံရပြီးနောက်တွင် ပြင်းထန်စွာ ပြန်လည်ခုန်တက်လာာပြီး ပို၍အားကောင်းလာသည်။
ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့၏ ဆံနွယ်များ လေထဲတွင် ပျံ့လွင့်သွားသည်။ သူမက လက်ချောင်းဆယ်ချောင်းဖြင့် ဗျပ်စောင်းအား တီးခတ်လိုက်၏။ ထိုအခိုက်အတန့်တွင် ငါးဆယ်သော ဗျပ်စောင်းကြိုးတို့၏ တေးသွားက တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ကြောက်မက်ဖွယ် အသတ်အဖြတ်စိတ်ဆန္ဒအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပြေး၀င်သွားတော့သည်။
ထန်း
ဗျပ်စောင်းသံမှာ အလွန်တရာ စူးရှ၍ ထိုးဖောက်နိုင်စွမ်းရှိ၏။ ကြားရသူတိုင်းအား သွေး တပွက်ပွက် ဆူလာစေသည်။
ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသွား၊ လရောင်ည၏ ပထမဆုံးသတ်ကွက်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့၏ အနောက်၌ ကောင်းကင်ဘုံတစ်ထပ် ပေါ်ထွက်လာသည်။ ၎င်းက တာအိုကျင့်စဉ်စနစ်၏ ပထမဆုံးကောင်းကင်ဘုံ ဖြစ်၏။ ထိုကောင်းကင်ဘုံထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းတီးနေသော ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။
ဗျပ်စောင်းသံမှာ အလွန်မြန်ဆန်သဖြင့် လူတိုင်းကို အသက်ရှူမှားစေသည်။ ရုတ်တရက် သူမ တီးခတ်လိုက်သည့် ဗျပ်စောင်းသံမှာ ကောင်းကင်နှင့် မြေကြီးတွင် ပြည့်နှက်နေသည့် အသတ်အဖြတ်စိတ်ဆန္ဒတို့ကို နောက်တစ်ဆင့်သို့ ထပ်မံမြှင့်တင်လိုက်သည်။
လရောင်ည၏ ဒုတိယသတ်ကွက်။
ဗျပ်စောင်းသံ မဆုံးသေးခင်မှာပင် သူမ၏အနောက်တွင် ကောင်းကင်ဘုံတစ်ထပ် ထပ်မံ ပေါ်ထွက်လာပြန်၏။ ကောင်းကင်နတ်အရှင်ယွဲ့၏ အရိပ်က ထိုတာအိုအဆင့် ကောင်းကင်ဘုံထဲတွင် ရပ်နေသည်။ သူမ၏ အင်္ကျီလက်စရှည်များသည် လွင့်ပျံနေပြီး လက်ချောင်းဆယ်ချောင်းက လျင်မြန်စွာ လှုပ်ရှားနေ၏။ ဗျပ်စောင်းက သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေပြီး တေးသံအမျိုးမျိုး ဆူညံစွာ ရောယှက်နေသည်။ ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကို ဆွဲယူ၍ ပြင်းထန်စွာ တီးခတ်လိုက်၏။
လရောင်ည၏ တတိယသတ်ကွက်။
နောက်ထပ် တာအိုအဆင့် ကောင်းကင်ဘုံတစ်ထပ် ပေါ်ထွက်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ပုံရိပ်ယောင်က ဗျပ်စောင်းကို တီးခတ်နေရင်း ရုတ်တရက် ဘေးတွင် ထောင်ကာ လက်နှစ်ဖက်ဖြင့် အရူးအမူး တီးခတ်လိုက်တော့၏။
စတုတ္ထသတ်ကွက်။
ထို့နောက် ပဉ္စမသတ်ကွက်၊ ဆဋ္ဌမသတ်ကွက်၊ သတ္တမသတ်ကွက်၊ အဋ္ဌမသတ်ကွက်….
ကောင်းကင်နတ်အရှင်ယွဲ့၏ အနောက်တွင် တာအိုအဆင့် ကောင်းကင်ဘုံ တစ်ဘုံပြီးတစ်ဘုံ ပေါ်ထွက်လာသည်။ သက်ရှိတို့၏ မပြိုလဲသော စိတ်ဓာတ်၊ ရည်မှန်းချက်မြင့်မားသူတို့၏ ကာကွယ်မှုနှင့် ကောင်းကင်နှင့် မြေကြီး၏ အသတ်အဖြတ်စိတ်ဆန္ဒတို့ကို အဆုံးအစွန်အထိ တွန်းတင်လိုက်ချေပြီ။
သားသတ်သမား၏ ဗုံသံမှာ လွင့်စင်ပျောက်ကွယ်သွားသော်လည်း သူကား အတင်းအကြပ် ဆက်လက်တီးရင်း ဗျပ်စောင်းသံနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူသည် ဗျပ်စောင်းသံကို ဖိနှိပ်ရင်း ပို၍ နက်ရှိုင်းအားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒတို့ ထွက်ပေါ်လာစေရန် ကြိုးစားနေ၏။
ဘုန်း ဘုန်း ဘုန်း
သူ၏ခန္ဓာကိုယ်ပေါ်မှ အသွေးအသားတို့ ပေါက်ကွဲထွက်ကုန်သော်လည်း သူသည် အရူးအမူး တီးနေဆဲပင်။ သိုင်းအဆင့်နှင့် တာအိုအဆင့်အရ သားသတ်သမားမှာ ကောင်းကင်နတ်အရှင်ယွဲ့အား လုံးဝမယှဉ်နိုင်ချေ။ သို့သော် ချင်မူပြောသည့် ရှန့်ကျွင်း၏ ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒကို နှိုးဆော်ရန်အတွက် ပိုမိုအားကောင်းသော ဖိအားကို အသုံးချ၍ ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံထဲမှ အသတ်အဖြတ်စိတ်ဆန္ဒကို နှိုးဆော်ရန် လိုအပ်လေသည်။
ဗျပ်စောင်းသံ၏ တုန်ခါမှုများကြားတွင် အသတ်အဖြတ်စိတ်ဆန္ဒက သူ၏ တစ်ကိုယ်လုံးရှိ အရေပြားကို စုတ်ပြတ်သွားစေသည်။ အသွေးအသားများမှာ နံနက်ခင်း တိမ်များကဲ့သို့ အခိုးအငွေ့များ ထွက်နေသော်လည်း သူသည် ဗုံကို မရပ်မနားတီးခတ်နေဆဲပင်။
ကောင်းကင်နတ်အရှင်ယွဲ့၏ တာအိုအဆင့် ကောင်းကင်ဘုံများမှာ မကြာမီ ၃၃ ဘုံအထိ ရောက်ရှိသွားပြီး ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံမှာလည်း ၃၄ ကွက်မြောက် သတ်ကွက်သို့ တက်လှမ်းသွားသည်။
၃၄ ကွက်မြောက် သတ်ကွက်။
ကောင်းကင်ဘုံက သတ်ဖြတ်လိုစိတ် ထုတ်လွှတ်လျှင် ကြယ်တာရာများ နေရာရွေ့ပြောင်းလိမ့်မည်။
ဤအဆင့်သို့ ရောက်သောအခါ အသတ်အဖြတ်စိတ်ဆန္ဒမှာ အလွန်သိပ်သည်းလာသဖြင့် ထူးဆန်းသောဖြစ်ရပ်များ ဖြစ်ပေါ်လာစေသည်။ နေရာဟင်းလင်းပြင် ပုံပျက်လာပြီး ကောင်းကင်တွင် မကောင်းဆိုးဝါးလေဆင်နှာမောင်း ပေါ်ထွက်လာ၍ နတ်ဓားတစ်လက်ပမာ ဖွဲ့တည်လာ၏။ ကောင်းကင်မကောင်းဆိုးဝါးသာမက သွေးမကောင်းဆိုးဝါးများလည်း ရှိနေပြီး တဝူးဝူး မြည်ဟည်းကာ လှည့်ပတ်နေသည်။ မရေမတွက်နိုင်သော အလောင်းများမှာ သွေးပင်လယ်ထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြင့် ရုန်းကန်ငိုကြွေးနေကြသည်။
ရုတ်တရက် ဗုံကြီးများ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားပြီး သားသတ်သမားပတ်လည်ရှိ ကိုက်သုံးရာအမြင့်ရှိသော စစ်ဗုံများသည်လည်း အသတ်အဖြတ်စိတ်ဆန္ဒကြောင့် ကြေမွသွား၏။
သားသတ်သမားက ရှေ့သို့ ပြေးတက်သွားပြီး သူ၏ကျယ်ပြန့်သော ကျောပြင်ဖြင့် နောက်ဆုံးဗုံတစ်လုံးကို ကာကွယ်လိုက်၏။ သူက လက်တစ်ရာကို မြှောက်ကာ နောက်ဆုံးစစ်ဗုံပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဒုန်း…
ဗုံသံ ထွက်ပေါ်လာပြီး ဗုံမျက်နှာပြင် ပေါက်ကွဲသွားသည်။ သားသတ်သမားမှာ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး ပြုံးလျက် မြေပြင်သို့ လဲကျသွား၏။ “ကျုပ် ဒီအထိပဲ လုပ်နိုင်တော့တယ်… ကျန်တာက ခင်ဗျားပေါ်မှာပဲ မူတည်တော့တယ် ကောင်းကင်နတ်အရှင်ယွဲ့… ”
ထန်း ထန်း ထန်း
ဗျပ်စောင်းသံ နောက်တစ်ဆင့်သို့ တက်လာသည်။ ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံမှ သုံးဆယ့်ငါးကွက်မြောက် သတ်ကွက်အဖြစ် ပေါ်ထွက်လာသည်။
မြေကြီးက သတ်ဖြတ်လိုစိတ် ထုတ်လွှတ်လျှင် နဂါးနှင့် မြွေများ မြေမှ ထွက်ပေါ်လာလိမ့်မည်။
မြေပြင်မှ အသတ်အဖြတ်စိတ်ဆန္ဒ ပေါက်ကွဲထွက်လာပြီး မြွေနဂါးတို့ မြေပြင်တွင် ထကြွသောင်းကျန်းနေကြသည့်ပမာ လှုပ်ရှားနေ၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူမက သုံးဆယ့်ခြောက်ကွက်မြောက် သတ်ကွက်ကို ထုတ်ဖော်လိုက်သည်။
လူက သတ်ဖြတ်လိုစိတ် ထုတ်လွှတ်လျှင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားလိမ့်မည်။
သူမ၏အနောက်တွင် သုံးဆယ့်ခြောက်ခုမြောက် ဟင်းလင်းပြင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။ မတည်ငြိမ်သည့်အပြင် ယိမ်းထိုးနေကော တိကျသောအသွင် မရှိပေ။ ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံမှ သုံးဆယ့်ခုနစ်ကွက်မြောက် သတ်ကွက်ကို အသက်သွင်းပေးရန် သူမတွင် ခွန်အားနှင့် အခြေခံ မရှိတော့ချေ။
သုံးဆယ့်ခုနစ်ကွက်မြောက် သတ်ကွက်သည် အလွန်အရေးကြီးသော ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒ ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် လိုအပ်နေသေးသဖြင့် နောက်ဆုံးသတ်ကွက်ကို မတီးခတ်နိုင်ပေ။
ဤအခိုက်အတန့်တွင် အိပ်မက်ကမ္ဘာ တစ်လွှာပြီးတစ်လွှာ ဖြန့်ကျက်လာပြီး သူမကို ဝန်းရံလိုက်သည်။ အိပ်မက်ထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့မှာ ရှန့်ကျွင်းအဖြစ်သို့ ပြောင်းလဲသွားပုံပင်။ သူမသည် ရှန့်ကျွင်းနေရာမှ ရှန့်ကျွင်း၏ ကြေကွဲဖွယ်ဘဝကို ဖြတ်သန်းခံစားလိုက်ရသည်။
အိပ်မက်မှာ ရှည်လျားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်း တစ်ခဏမျှသာ ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့သည် ရှန့်ကျွင်းဘဝဖြင့် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ အဆုံးသတ်ရှိ ယိုယွင်းနေသော လောကကြီးအား ဖြတ်သန်းခံစားလိုက်ရ၏။ ရှန့်ကျွင်း၏ ခေါင်းမာမှု၊ အိပ်မက်၊ မျှော်လင့်ချက်နှင့် ကြေကွဲ၀မ်းနည်းမှုအားလုံးကို နားလည်သွားသည်။
ကိုယ်တိုင်ကြုံတွေ့မှသာ ရှန့်ကျွင်း၏ ကြေကွဲဖွယ်ဘဝမှ ဆင်းရဲဒုက္ခများကို နားလည်နိုင်မည်။ သူ၏ ဓားမ အဘယ်ကြောင့် ချင်မူ၏ လက်ချက်ဖြင့် ကျိုးပဲ့သွားရသည်လဲ၊ သူ့တာအိုနှလုံးသား အဘယ်ကြောင့် ပြိုလဲသွားသည်လဲ၊ အဘယ်ကြောင့် ယခင်ကကဲ့သို့ မဖြစ်နိုင်တော့သည်လဲ၊ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် အားလုံးကို ကြောက်ရွံ့စေသည့် လူသတ်သမား ရှန့်ကျွင်းဖြစ်လာသည်လဲ နားလည်နိုင်ပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ သုံးဆယ့်ခြောက်ဘုံမြောက် တာအိုအဆင့်ထဲတွင် သူမ၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီး ဗျပ်စောင်းကြိုးများအား တီးခတ်လိုက်သည်။
ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံ သုံးဆယ့်ခုနစ်ကွက်မြောက် သတ်ကွက်။
ကောင်းကင်နှင့် လူသား တစ်သားတည်းကျလျှင် အရာအားလုံး၏ အခြေခံ တည်မြဲလိမ့်မည်။
ဗျပ်စောင်းသံ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းတာအို ဆူပွက်လာသည်။ တာအိုမှာ ကျယ်ပြန့်လှလေသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ သွေးအန်လိုက်ရပြီး ဗျပ်စောင်းလည်း ပေါက်ကွဲသွားသည်။ သူမလည်း ပြုံးလျက် လဲကျသွားသည်။ ထိုအခိုက်အတန့်တွင် သူမသည် နေရာဟင်းလင်းပြင်တာအိုကို ရသွားချေပြီ။
" မီလော့နန်းတော်က သခင်လေးလေးရဲ့ တေးသွားကို တီးခတ်နိုင်လောက်ပြီထင်တယ်"
သူမသည် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း ကောင်းကင်တွင် လှုပ်ရှားနေသော အသတ်အဖြတ်စိတ်ဆန္ဒကို ကြည့်နေပြီး စိတ်ထဲမှ တွေးနေသည်။ "ကောင်းကင်နတ်အရှင်မူ၊ သခင်လေးလေးနဲ့ တိုက်ပွဲမှာ ငါ နင့်ကို ကူညီနိုင်ပြီ"
ချင်မူက အိပ်မက်ကို ရုပ်သိမ်းလိုက်ပြီး စိတ်တည်ငြိမ်စေလိုက်သည်။ သူက ပြတင်းပေါက်အပြင်မှ ညကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်သည်။
ညကောင်းကင်ရှိ မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာသည်။ ဓားမရောင်တို့ ထိုနေရာတွင် လင်းထိန်သွားကာ မွေးရာပါချီကို ခုတ်ဖြတ်လိုက်သည်။
အိမ်အပြင်ဘက်တွင် သားသတ်သမားမှာ မြေပြင်တွင် လှဲလျောင်းနေသည်။ သူက အဝေးရှိ ဓားမရောင်ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။
ဓားမ,တာအို၏ ဆရာသခင်တစ်ပါး ဖြစ်သော သူ့အမြင်၌ ဤဓားမကွက်၌ ပါဝင်သော ဓားမတာအိုမှာ အလွန်နည်းပါး၏။ သို့သော် သတ်ဖြတ်ခြင်းတာအိုနှင့် ဓားမတာအိုသည် အပြန်အလှန် ဆက်စပ်နေသဖြင့် သူ၏ အသိဉာဏ်ကို ပွင့်လင်းသွားစေပြီး တာအိုကို ပြန်လည်သိမြင်နားလည်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဓားမရောင်ကား ထွန်းလင်းတောက်ပနေပြီး အလွန်စွဲမက်ဖွယ်ကောင်းလှသည်။
ဓားမရောင်က သွေးအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံကို နီရဲသွားစေ၏။
သတ်ဖြတ်ခြင်းတာအိုမှာ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုကို သတ်ဖြတ်ခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် ရှန့်ကျွင်း၏ တာအိုနှလုံးသားသည် ပြီးပြည့်စုံသွားပြီး သူ၏တာအိုက မွေးရာပါချီမဟာတာအိုကို ခုတ်ဖြတ်ရန် လုံလောက်သွားချေပြီ။
မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တာအိုသစ်ပင် ကွဲအက်သွားပြီး တာအိုပန်းပွင့် ပြိုကွဲသွားသည့်အတွက် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျဆင်းလာစေသည်။
ချင်မူက မျက်လုံးများ မှိတ်လိုက်ပြီး နောက်ဆုံးမြင်ကွင်းကို မကြည့်တော့ချေ။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အစ်ကိုနှစ်၊ ညီလေး နေမကောင်းလို့ လိုက်မပို့နိုင်တာ ခွင့်လွှတ်ပေးပါ”