← Chapters

အမှိုက်သည် အမှိုက်ပင်

Vol. 63 Ch. 935

အမှိုက်သည် အမှိုက်ပင်

Vol. 63 Ch. 935

လေဝမ်တကို စစ်ဆေးမေးမြန်းပြီးနောက် လုချန်း အကျဉ်းထောင်မှ ထွက်ခွာခဲ့ပြီး လက်နက်စက်ရုံကို စစ်ဆေးရန် တိုက်ရိုက် သွားရောက်ခဲ့သည်။ အင်းကွက် လက်နက်များ၏ လက်ရှိထုတ်လုပ်မှု အခြေအနေကို သူ သိချင်သည်။

လုချန်း လက်နက်စက်ရုံသို့ ရောက်ရှိလာသောအခါ အင်းကွက် လက်နက်များ ထုတ်လုပ်မှုကို တာဝန်ယူထားသော လီယုက သူ့ကို နှုတ်ဆက်ရန် အလျင်အမြန် ထွက်လာခဲ့သည်။ အင်းလက်နက်များ ထုတ်လုပ်ခြင်းကို အစပိုင်းတွင် မိုးရှင်းတို့ညီအစ်ကိုအား တာဝန်ပေးအပ်ခဲ့သည်။

သို့သော် အင်းလက်နက်များတွင် ခက်ခဲသော အပိုင်းတစ်ခုရှိ၏။ အင်းကွက်များ ရေးထွင်းရန် အနည်းဆုံး ထိပ်သီးတစ်ဝက် အဆင့်ရှိသူတစ်ဦး လိုအပ်ပြီး မိုးရှင်းရော သူ၏ညီပါ ထိုကဲ့သို့သော စွမ်းအား မရှိသေးပေ။ သူတို့၏ လက်မှုပညာရှင်များတွင် ထိုတာဝန်အတွက် အရည်အချင်းပြည့်မီသူ ရှားပါးလှသည်။

နောက်ဆုံးတွင် လုချန်းက ထိုတာဝန်ကို တက္ကသိုလ်ကျောင်းမှ လီယုအား ပေးအပ်ခဲ့ပြီး အင်း လက်နက်များ ထုတ်လုပ်ရန်အတွက် ကျောင်းနှစ်ခုမှ အင်းကွက် ရေးထွင်းခြင်းတွင် ပါရမီရှိသော ထိပ်သီးအဆင့်နှင့် အထက်ရှိသူများကို ခေါ်ဆောင်လာရန် တာဝန်ပေးခဲ့သည်။

လုချန်းကို မြင်သောအခါ လီယု ချက်ချင်းဂါရဝပြုလိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

လုချန်းက ခေါင်းအသာငြိမ့်၍

“ထုံးစံတွေ လုပ်မနေနဲ့တော့”

“အင်းကွက် လက်နက်တွေ ထုတ်လုပ်မှု ဘယ်လိုအခြေအနေရှိလဲ။”

လီယုက

“ကျွန်တော်တို့ အင်းကွက် သေနတ် အလက်နှစ်ထောင်နဲ့ အမြောက် အလက်သုံးဆယ် ပြုလုပ်ပြီးပါပြီ။”

လုချန်းက

“ အမြောက်တွေရဲ့ စွမ်းအားကို စမ်းသပ်ပြီးပြီလား။”

လီယုက

“စမ်းသပ်ပြီးပါပြီ။ စွမ်းအားက အလွန်ကြီးပါတယ်။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ကို တိုက်ရိုက်ထိမှန်ခဲ့မယ်ဆိုရင် သူတောင် ခံနိုင်မှာ မဟုတ်ပါဘူး။”

လုချန်းက ခပ်အေးအေးပင်

“ကောင်းကင်လူသား စွမ်းအားရှင်တွေမှာလည်း အားနည်းတာ အားကြီးတာ ကွာသေးတယ်။”

လီယုက

“ဟုတ်ပါတယ် မင်းကြီး။ ဒါပေမဲ့ လက်နက်ရဲ့ စွမ်းအားက တကယ်ကို အတော်လေး ကြောက်စရာကောင်းပါတယ်။ မင်းကြီးကိုယ်တိုင် အမြောက်ကို စမ်းသပ်ပစ်ခတ်ကြည့်နိုင်ပါတယ်။”

လုချန်းက

“ဒါဆို သွားကြစို့။ ခင်ဗျားတို့ထုတ်လုပ်ထားတဲ့ အမြောက်ရဲ့ စွမ်းအားကို ကြည့်ရအောင်။”

လီယုက ချက်ချင်းပင် သူ၏နောက်သို့ လိုက်ရန် လက်ဟန်ပြကာ

“ဒီဘက်ပါ မင်းကြီး။”

မကြာမီပင် လီယုက လုချန်းကို စမ်းသပ်ကွင်းသို့ ခေါ်ဆောင်သွား၏။ ထိုနေရာတွင် အမြောက်အချို့ကို အသင့်နေရာချထားပြီး ဖြစ်သည်။

အမြောက်များထဲမှ တစ်လက်မှာ ရွှေရောင်အင်းကွက်များဖြင့် ဖုံးလွှမ်းနေပြီး အခြားအမြောက်များနှင့် အတော်လေး ကွဲပြားနေပုံရ၏။ ၎င်း၏ဘေးတွင် ရွှေရောင်အင်းကွက်ပါသော သေနတ်တစ်လက်လည်း ရှိနေသည်။

လုချန်းက

“ဒီအမြောက် လုပ်ဖို့သုံးတဲ့ ပစ္စည်းတွေက မတူသလိုပဲ။”

လီယုက

“မင်းကြီး။ ဒီအမြောက်ထဲက ပစ္စည်းတွေက တခြားအမြောက်တွေနဲ့ အတူတူပါပဲ။ ပိုပြီးခိုင်မာအောင် အပြင်ဘက်မှာ အလွှာတစ်ခု ထပ်ထည့်ထားတာကလွဲလို့ပေါ့။ ပြီးတော့ ဖုန်းယင်ကျွန်းကနေရတဲ့ အထူးဒြပ်ပစ္စည်းတချို့ကို ထည့်သွင်းထားပါတယ်။”

“အဲ့ဒါတွေက တိမ်ဖောက်လေးနဲ့ မြားတွေ ပြုလုပ်ဖို့ သုံးခဲ့တဲ့ ဒြပ်ပစ္စည်းအမျိုးအစားပါပဲ။”

ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ ဤဒြပ်ပစ္စည်းအမျိုးအစားသည် အတော်လေး ထူးခြားပြီး အင်း လက်နက်များပေါ်တွင် အသုံးပြုနိုင်မည်ဆိုပါက အမှန်တကယ်ပင် ပိုမိုခိုင်ခံ့စေမည် ဖြစ်သည်။ သို့သော်လည်း...

ထို့နောက် လုချန်းက

“အဲ့ဒီဒြပ်ပစ္စည်းကို အရည်ကျိုဖို့ ခက်တယ် မဟုတ်လား”

ဟု ဆက်လက်မေးမြန်းလိုက်သည်။

လီယုက

“ဟုတ်ကဲ့။ ကျွန်တော်တို့ ဒီဒြပ်ပစ္စည်းကို အရည်ကျိုဖို့ အဖွဲ့တဖွဲ့ကို အထူးတာဝန်ပေးထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ အမြောက်နှစ်လက်နဲ့ သေနတ်ဆယ်လက်ကိုပဲ အဲ့ဒီအလွှာနဲ့ ဖုံးအုပ်နိုင်ပါသေးတယ်။”

လုချန်း ထပ်မစဉ်းစားတော့ပေ။ ထို့နောက် အမြောက်ဆီသို့ ချက်ချင်းချဉ်းကပ်သွားပြီး စစ်သားများအား

“အမြောက်ကျည်ဖြည့်ပါ။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်မယ်။”

“ဟုတ်ကဲ့ပါ မင်းကြီး။”

စစ်သားများလည်း ချက်ချင်းလှုပ်ရှားကာ အမြောက်ကျည်ကို ထည့်လိုက်ကြသည်။ ထို့နောက် လုချန်းက သူ၏လက်ကို အမြောက်နောက်တွင် ထားကာ စိတ်ဝိညာဉ် စွမ်းအားကို ထည့်သွင်းလိုက်သည်။

စိတ်ဝိညာဉ် စွမ်းအား စီးဝင်သွားသည်နှင့်အမျှ အမြောက်၏ မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အင်းများမှ အပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ အပြာရောင်အလင်း အမြောက်ပြောင်းဝသို့ နီးကပ်လာပြီးနောက် ပြင်းထန်‌သော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ နောက်တစ်ခဏတွင် မြေကြီးချိုင့်သွားခဲ့သည်။

အမြောက်ကျည်ကို ပစ်လွှတ်ပြီးနောက် ၎င်းသည် အလွန်ဝေးသော အကွာအဝေးတစ်ခုသို့ ပျံသန်းသွားပြီး တောအုပ်ထဲသို့ ကျရောက်သွားသည်။ မကြာမီတွင် အဝေးတစ်နေရာမှ ကြီးမားသော မှိုပွင့်တိမ်တိုက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက...

မှိုပွင့်တိမ်တိုက်ကို မြင်သောအခါ လုချန်း မှင်သက်သွား၏။ ဒါက အင်း အမြောက်ရော ဟုတ်ရဲ့လား။ ၎င်း၏ ပေါက်ကွဲပုံက နျူကလီးယားလက်နက်တစ်ခုနှင့် တူ‌နေသည်။

မှိုပွင့်တိမ်တိုက် တက်လာသည်နှင့်အတူ စမ်းသပ်ကွင်းသည် ကြီးမားသော တွင်းနက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားသည်။ ထို့နောက် တုန်ခါမှုလှိုင်းတစ်ခုက လုချန်းတို့ဆီသို့ တိုက်ခတ်လာ၏။ ကံကောင်းစွာဖြင့် သူတို့သည် လုံလောက်သော အကွာအဝေးတွင် ရှိနေခဲ့ကြသည်။ မဟုတ်လျှင် အဆင့်နိမ့်သော စစ်သားအချို့ လွင့်ထွက်သွားနိုင်ပေသည်။

တုန်ခါမှုလှိုင်း၏ တိုက်ခတ်မှုအောက်တွင် သာမန်စစ်သားအချို့မှာ သူတို့၏ ခန္ဓာကိုယ်ကိုပင် မနည်းထိန်းထားရပြီး အနီးအနားရှိ သစ်ပင်ကြီးများကို အမြန်ဆုပ်ကိုင်ထားလိုက်ကြသည်။

ပေါက်ကွဲမှု ပြီးဆုံးသွားပြီးနောက် လုချန်းက “အင်း။ ပေါက်ကွဲမှုစွမ်းအားက အတော်ကောင်းတယ်။ ခင်ဗျားတို့အားလုံး အရမ်း တော်ကြတယ်။”

လီယုက စိတ်လှုပ်ရှားစွာဖြင့်

“မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ဆွမ်ဧကရာဇ်ထံမှ ချီးကျူးစကား ရရှိခြင်းသည် ဂုဏ်ယူစရာကြီးတစ်ခု ဖြစ်သည်။

အမြောက်၏ စွမ်းအားကို လုချန်း ခန့်မှန်းလိုက်သည်။ အဆင့်တဆယ်ရှိ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ချက်ချင်းသတ်ပစ်ရန် ပြဿနာရှိမည် မဟုတ်ပေ။ ကျင့်စဉ်လောကရှိ ကောင်းကင်လူသား စွမ်းအားရှင်များသည် အခြေခံအဆင့် ကျင့်စဉ်ကျင့်သူများသာဖြစ်ပြီး

အားပျော့သော နျူကလီးယားဗုံးတစ်လုံးနှင့် နီးစပ်သည့် လက်နက်၏ စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုအချိန်တွင် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။ မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားပြီး မြူခိုးဒေသမှ ကျူးကျော်သူများ အလုအယက် ဝင်ရောက်လာကြသည့်အခါ ဤအမြောက်များကို မြင်လျှင် အလွန် နှစ်လိုဖွယ်ကောင်းသော အံ့အားသင့်မှုကို သူတို့ခံစားရမည် မဟုတ်ပါလား။

ဤလက်ဆောင်က သူတို့ကို လုံးဝကျေနပ်စေလိမ့်မည်။

ထို့နောက် အင်းသေနတ်တစ်လက်ကို ကောက်ကိုင်ကာ ကျည်ဆန်ကို အမြန်ထည့်ပြီး အဝေးရှိ သစ်တောကို ချိန်ရွယ်လိုက်သည်။

စိတ်ဝိညာဉ် စွမ်းအားကို ထည့်သွင်းပြီးသည်နှင့် ခလုတ်ကို ဆွဲလိုက်သည်။

ဘောင်း…

ကျယ်လောင်သောအသံနှင့်အတူ အပြာရောင်ကျည်ဆန်တစ်တောင့် ထွက်ပေါ်လာခဲ့သည်။ သတ်မှတ်ထားသော အကွာအဝေးသို့ ရောက်သောအခါ ကျည်ဆံ ရုတ်တရက် ပေါက်ကွဲသွားပြီး ပေါ်ကွဲမှု ပြင်းအားသည် ညီညွတ်ခြင်း နယ်ပယ်မှ ကျင့်စဉ်ကျင့်သူတစ်ဦး မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

ထိုကဲ့သို့သော စွမ်းအားသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်နေပြီ ဖြစ်သည်။ နောက်ထပ် အချက်အနည်းငယ်ပစ်လျှင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို သတ်ရန် ပြဿနာရှိမည် မဟုတ်ပေ။

လုချန်းက ကျေနပ်စွာဖြင့် နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြီး

“အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။”

ထိုအခိုက်အတန့်တွင် မြူခိုးဒေသမှ ကျူးကျော်သူများ ထိတ်လန့်တကြားဖြင့် ပြေးလွှားနေကြသည့် မြင်ကွင်းကို လုချန်း မြင်ယောင်သွားသည်။

…….

ချန်ယွမ်ကမ္ဘာ။

ရှန်ယွဲ့မင်းဆက်။

နန်းတော်။

ရှန်ယွဲ့မင်းဆက်၏ နန်းတော်သည် ခန့်ညားထည်ဝါပြီး ကျယ်ပြန့်လှ၏။ စတုရန်းကီလိုမီတာ တစ်သိန်းနီးပါး ကျယ်ဝန်းပြီး ရွှေချထားသည့် ပန်းပုရုပ်များ၊ နံရံဆေး‌ရေး ပန်းချီများဖြင့် တန်ဆာဆင်ထားသည်။

နန်းတော်၏ အမြင့်ဆုံး နေရာတွင် ကြီးမားသော ခန်းမဆောင်တစ်ခု ရှိပြီး ထိုနေရာသည် ကမ္ဘာအသီးသီးမှ ကြောက်ရွံ့ရသော ကြောက်မက်ဖွယ် ဧကရာဇ်မင်းကြီး စံမြန်းရာ ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်သောင်းက ဧကရာဇ်ရှန်ဝူသည် ကမ္ဘာများစွာတွင် စစ်ပွဲများ ဆင်နွှဲခဲ့ပြီး မရေမတွက်နိုင်သော အင်ပါယာများနှင့် ကမ္ဘာများကို ချေမှုန်းခဲ့သည်။ ယနေ့တွင် မရေမတွက်နိုင်သော ကမ္ဘာများသည် ရှန်ယွဲ့မင်းဆက်အား ဦးညွှတ်ကြရသည်။

သို့သော် သူ၏ စစ်ရေးစွမ်းရည် အထွတ်အထိပ်ရောက်ချိန်တွင် ဧကရာဇ်ရှန်ဝူသည် သူ၏ နယ်မြေသိမ်းပိုက်မှုများကို ရုတ်တရက် ရပ်တန့်ခဲ့ပြီး ချန်ယွမ်ကမ္ဘာသို့ တိုက်ရိုက်ပြန်လာခဲ့ကာ ထိုအချိန်မှစ၍ နန်းတော်တွင်သာ နေခဲ့သည်။

တိတိကျကျပြောရလျှင် သူသည်ကောင်းကင်ဘုံနန်းဆောင်တွင်သာ နေထိုင်ပြီး သူ၏ နန်းတွင်းနိုင်ငံရေးကိစ္စများကိုပင် အခြားသူများကိုလွှဲအပ်ကာ ကျင့်စဉ်အတွက်သက်သက်သာ ကိုယ့်ကိုယ်ကို လုံးဝမြှုပ်နှံထားခဲ့သည်။ နိုင်ငံတော်ရေးရာ ကိစ္စအားလုံးကို သူ၏ လက်ရှိ မိဖုရားခေါင်အား အပ်နှင်းထားခဲ့သည်။

…….

ထိုအခိုက်အတန့်တွင်။

ကောင်းကင်ဘုံနန်းဆောင်အတွင်း။

စမ်းချောင်းလေးများ စီးဆင်းနေပြီး မွှေးကြိုင်သော ပန်းများ၊ ငှက်ကလေးများ၏ တေးဆိုသံများဖြင့် သာယာလှသော အဆောင်ငယ်တစ်ခုတွင် အရပ်သုံးမီတာခန့်ရှိ အရပ်ရှည်ပြီး တုတ်ခိုင်သော အမျိုးသားတစ်ဦး တရားထိုင်နေခဲ့သည်။

နောက်တစ်ခဏတွင် အရိပ်တစ်ခု ဆောင်၏အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို အာရုံခံမိသောအခါ ထိုအမျိုးသားက

“စမ်းသပ်မှု ဘယ်လိုဖြစ်သွားလဲ”

အရိပ်က ချက်ချင်းပင်

“ဧကရာဇ်ရှန်ဝူကို သတင်းပို့ပါတယ်။ မင်းသားလုချန်းကလွဲပြီး မင်းသားအားလုံးရဲ့ စမ်းသပ်မှုတွေ ပြီးဆုံးသွားပါပြီ။”

ထိုစကားကို ကြားသောအခါ ဧကရာဇ်ရှန်ဝူ အံ့ဩပုံမရချေ။ သူက ခပ်အေးအေးပင်

“အမှိုက်က အမြဲတမ်း အမှိုက်ပဲ။”

ထိုအချိန်တွင် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ဧကရာဇ် ရှန်ဝူက

“သူ့ရဲ့ ဝိညာဉ်ပုတီးကို အောက်ဘုံလောကတစ်ခုမှာ ထားခဲ့တယ်လို့ ငါ မှတ်မိတယ်။ ဘာလို့ သူက သူ့ရဲ့စမ်းသပ်မှုကို အခုထိ မပြီးသေးတာလဲ။”

အရိပ်က

“မင်းသားလုချန်းက မိန်းမကိစ္စတွေမှာ ပျော်မွေ့နေပြီး ကျင့်စဉ်ကို စိတ်ဝင်စားပုံ မရပါဘူး။ ဒါကြောင့် သူ့ရဲ့စမ်းသပ်မှုက အခုထိ မပြီးဆုံးသေးတာပါ။”

All Chapters