← Chapters

သူ့ဘာသာသူ လွှတ်ပေးထားလိုက်တော့

Vol. 63 Ch. 936

သူ့ဘာသာသူ လွှတ်ပေးထားလိုက်တော့

Vol. 63 Ch. 936

ထိုအချိန်အထိ သူ၏ လှုပ်ရှားမှုတိုင်းကို အဆင့်မြင့်ကမ္ဘာတစ်ခုမှ စောင့်ကြည့်နေသည်ကို လုချန်း မသိခဲ့ပေ။ သူ၏ လုပ်ရပ်အများစုကိုလည်း သူတို့က သိရှိပြီးသား ဖြစ်၏။

လုချန်းသည် ချန်ယွမ်ကမ္ဘာရှိ ရှန်ယွဲ့မင်းဆက်မှ ရှန်ဝူဧကရာဇ်၏ နဝမမြောက် သားတော် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီက အထူးရည်ရွယ်ချက်တစ်ခုအတွက် ဧကရာဇ် ရှန်ဝူသည် သူ၏ သားသမီးအားလုံးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး သူတို့၏ ဝိညာဉ်များကို ဝိညာဉ်ပုတီးစေ့များထဲတွင် ထည့်သွင်းကာ စမ်းသပ်မှုများခံယူရန်အတွက် ကမ္ဘာအသီးသီးသို့ ပျံ့နှံ့စေခဲ့သည်။

မင်းသားများ၏ ဝိညာဉ်ပုတီးစေ့များ ပျံ့နှံ့သွားသော ကမ္ဘာများတွင် ဧကရာဇ် ရှန်ဝူက အထောက်အပံ့ အမျိုးမျိုးကို ပြင်ဆင်ထားခဲ့၏။ ဥပမာအားဖြင့် လုချန်းရှိနေသော ကမ္ဘာတွင် အမျိုးမျိုးသော စွမ်းအားများ၊ ကျင့်စဉ် နည်းစနစ်များ၊ လျှို့ဝှက်ကျမ်းများနှင့် လေ့ကျင့်ရေး အထောက်အပံ့အမျိုးမျိုးကို စီစဉ်ပေးထားခဲ့သည်။

ထိုကမ္ဘာမှ ထွက်ခွာနိုင်သော ပျံသန်းနိုင်သည့် လှေတစ်စင်းကိုပင် သူ ပြင်ဆင်ပေးခဲ့ပေသည်။

လုချန်း အမျိုးသမီးများနှင့် ပျော်ပါးနေကြောင်း ဧကရာဇ် ရှန်ဝူ ကြားသိသောအခါ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်

“ရှန်ယွဲ့မင်းဆက်မှာ အသုံးမကျတဲ့သူတွေ မလိုအပ်ဘူး။”

ထိုစကားကို ကြားသောအခါ အရိပ်လည်း ဧကရာဇ် ရှန်ဝူ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး

“ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါပြီ”

ထို့နောက် အရိပ် အဆောင်ငယ်အတွင်းမှ ထွက်ခွာသွားသည်။

……..

မကြာမီမှာပင်။

ရှန်ဝူနန်းတော်အတွင်း တစ်နေရာ၌။

တောက်ပသော အနီရောင် ဖီးနစ်ဝတ်ရုံနှင့် ပုလဲသွယ်ထားသော ဖီးနစ်သရဖူကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးသည် ကောင်းကင်တွင် လွင့်ပျံနေသော ဧရာမ နန်းတော်ကြီးကို စိုက်ကြည့်နေခဲ့သည်။

မကြာမီမှာပင် ထိုအမျိုးသမီး၏ နောက်ကျော၌ ပုံရိပ်တစ်ခုပေါ်လာပြီး

“မိဖုရားခေါင်ကို ဂါရဝပြုပါတယ်။”

ထိုအမျိုးသမီးသည် ပုံရိပ်ကိုဂရုမစိုက်ပဲ အေးစက်စွာဖြင့်

“မင်းကြီးက ဘာပြောလိုက်လဲ”

ရောက်လာသူက

“မင်းကြီးက ရှန်ယွဲ့မင်းဆက်မှာ အသုံးမကျတဲ့သူတွေ မလိုအပ်ဘူးလို့ ပြောပါတယ်။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး

“ဟုတ်တယ်။ ရှန်ယွဲ့မင်းဆက်မှာ အသုံးမကျတဲ့သူတွေ မလိုအပ်ဘူး။”

ထိုအခိုက်တွင် ထိုသူက

“ဒါဆိုရင် ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ လိုအပ်ပါလား။”

မိဖုရားခေါင် ရှန်ဝူက ခံစားချက်ကင်းမဲ့စွာဖြင့်

“မလိုအပ်ပါဘူး။ သူ့ဘာသာသူ ရှင်ရှင်၊ သေသေ နေပါစေ။ ငါ မှတ်မိသလောက်တော့ အဲ့ဒီအောက်ကမ္ဘာမှာ ကောင်းကင်နတ်ဆိုး တစ်ကောင်ရှိပုံပဲ။”

လုချန်းသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာပြီး အခြားသူများထက် ပင်ကိုအားဖြင့် ပိုမိုအားကောင်းသော်လည်း သူ့တွင် လုံလောက်သော လေ့ကျင့်ရေး အထောက်အပံ့များ မရှိခဲ့သည်က ကံဆိုးလှသည်။ သူ့တွင် အင်အားကြီးထွားလာရန် ကံကြမ္မာမပါခဲ့ချေ။

လုချန်းအတွက် အရင်းအမြစ်များ စီစဉ်ပေးစဉ်က မိဖုရားခေါင် ရှန်ဝူက ဝင်ရောက်နှောင့်ယှက်ခဲ့ပြီး အရေးကြီးသော ကျင့်စဉ်ဆိုင်ရာ အထောက်အပံ့များနှင့် နည်းစနစ်များအားလုံးကို သိမ်းဆည်းထားရန် သူမ၏လူများကို ညွှန်ကြားခဲ့သည်။

စိတ်ဝိညာဉ် စွမ်းအား ရှားပါးသော ထျန်းချန်ကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတွင် ကြိုတင်ပြင်ဆင်ထားသော ကျင့်စဉ်ဆိုင်ရာ အထောက်အပံ့များနှင့် နည်းစနစ်များမရှိပါက လုချန်း အနေနှင့် အင်အားကြီးထွားလာရန် မဖြစ်နိုင်ပေ။ သူ၏ နောက်ဆုံးကံကြမ္မာမှာ ထျန်းချန်ကမ္ဘာတွင် ပုန်းအောင်းနေသော ကောင်းကင်နတ်ဆိုး၏ လက်ချက်ဖြင့် သေဆုံးရန်သာ ဖြစ်သည်။

မိဖုရားရှန်ဝူ၏ စကားကို ကြားပြီးနောက် သူမ၏ နောက်တွင် ဒူးထောက်နေသောသူက

“ကျွန်တော် နားလည်ပါပြီ။”

ထို့နောက် ရှန်ဝူက

“သွားလို့ရပြီ။”

“ဟုတ်ကဲ့ပါ”

ထိုသူ ထွက်သွားပြီးနောက် ရှန်ဝူက သူမ၏ လက်ကို မြှောက်လိုက်ရာ ပုံရိပ်တစ်ခုသည် သူမ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထဲတွင် လုချန်းသည် ချူးယုချင်နှင့် အချိန်ကုန်ဆုံးနေခဲ့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ မိဖုရားခေါင် ရှန်ဝူက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး

“ရှန်ဝူဧကရာဇ်ကြီးရဲ့ သားတော်က နေ့တိုင်း မိန်းမတစ်ယောက်ရဲ့ အပေါ်မှာ မှောက်နေဖို့ပဲ သိတော့တဲ့ အထိ အောက်တန်းကျသွားတာပဲ။ တကယ်ကို ရယ်စရာကောင်းလိုက်တာ။”

ရှန်ဝူသည် လုချန်းနှင့် ပတ်သက်သည့် မြင်ကွင်းအချို့ကို မြင်နိုင်သော်လည်း ထျန်းချန်ကမ္ဘာရှိ ကောင်းကင်နတ်ဆိုးကို လုချန်း သတ်ဖြတ်ပြီးဖြစ်ကြောင်း သူမ မသိရှိခဲ့ပေ။

…….

တစ်လ ကုန်လွန်သွားပြီး ယွမ်ရှန်ရှန်လည်း ထွက်ခွာသွားခဲ့သည်။ လုချန်း၏ တစ်လကြာ ပြုစုစောင့်ရှောက်မှုအပြီးတွင် ယွမ်ရှန်ရှန်၏ အင်အားသည် ကောင်းကင်လူသားအဆင့် ဆယ်ဆင့်သို့ အများအားဖြင့် ပြန်လည်ရောက်ရှိသွားပြီး သူမ၏ ဒဏ်ရာများလည်း ပျောက်ကင်းသွားခဲ့သည်။

ယခု ယွမ်ရှန်ရှန် လိုအပ်သည်မှာ သူမ၏ စွမ်းအားကို လျင်မြန်စွာ ပြန်လည်ရရှိရန်အတွက် စိတ်ဝိညာဉ် စွမ်းအင်ကြွယ်ဝသော နေရာတစ်ခုသို့ သွားရန်သာ ဖြစ်သည်။

ယွမ်ရှန်ရှန် ထွက်ခွာသွားပြီး မကြာမီမှာပင် ဝူကျန်းဝမ်လည်း မီးဖွားရန် နီးကပ်လာခဲ့သည်။

သဘောတရားအရ ဝူကျန်းဝမ်သည် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို သင်ယူထားသောကြောင့် ချောမွေ့စွာ မီးဖွားရန်အတွက် လုချန်း ရှိနေရန် မလိုအပ်သော်လည်း လုချန်းက ဝူကျန်းဝမ်၏ အခန်းသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူမ၏ မျက်နှာသွင်ပြင်က အလွန်ကောင်းမွန်နေကာ မီးဖွားတော့မည့်သူတစ်ယောက်နှင့် လုံးဝမတူပေ။

တစ်ချိန်တည်းမှာပင် ချူးယုချင်နှင့် အခြားသူများလည်း အခန်းထဲတွင် ရှိနေကြဆဲဖြစ်ပြီး ဝူကျန်းဝမ်၏ ဘေးတွင် ရယ်မော စကားပြောနေကြသည်။

လုချန်း ရောက်ရှိလာသည်ကို မြင်သောအခါ သူ၏ အခြားမိဖုရားများက သူဝင်လာနိုင်ရန် အလျင်အမြန် လမ်းဖယ်ပေးကြ၏။

လုချန်းက ဝူကျန်းဝမ်၏ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ပြုံးကာ

“ကျန်းဝမ်။ အခု ဘယ်လိုနေသေးလဲ”

ဝူကျန်းဝမ်က ပြန်ပြုံးပြပြီး

“မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ နေကောင်းပါတယ်။ ကလေးက ခဏလောက် ဆော့ချင်သေးလို့ မထွက်လာသေးတဲ့ပုံပဲ။”

ဝူကျန်းဝမ်သည် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို တတ်မြောက်ထားပြီးဖြစ်သဖြင့် သူမ၏ ဝမ်းဗိုက်ထဲမှ ကလေးက ဘာလုပ်နေသည်ကို အတိအကျ ခံစားနိုင်သည်။

လုချန်းက သူ၏ လက်ကိုမြှောက်ကာ ဝူကျန်းဝမ်၏ ဝမ်းဗိုက်ပေါ်တွင် တင်လိုက်ပြီး ပွတ်သပ်ပေးရင်း

“ဒီ လူဆိုးလေးက အမေဗိုက်ထဲမှာပဲ ပုန်းနေပြီး မထွက်လာတာကတော့ မဟုတ်သေးဘူး။ မြန်မြန်ထွက်ခဲ့တော့။”

ထိုသို့ပြောနေစဉ်မှာပင် လုချန်းက ဝူကျန်းဝမ်ထံသို့ စိတ်ဝိညာဉ် စွမ်းအား အမြောက်အမြားကို ထည့်သွင်းပေးလိုက်သည်။ နောက်တစ်ခဏတွင် အခန်းတစ်ခုလုံး မွေးကင်းစကလေး၏ အော်ငိုသံများဖြင့် ပြည့်နှက်သွားပြီး မီးဖွားရန် တာဝန်ရှိသူများမှာလည်း ချက်ကြိုးဖြတ်ခြင်း၊ ကလေးအား သန့်စင်ပေးခြင်းတို့ဖြင့် အလုပ်များသွားကြသည်။

မကြာမီမှာပင် ကလေးငယ်ကို ဝူကျန်းဝမ်ထံသို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏ အင်အားအချို့ကို ပြန်လည်ရရှိရန်နှင့် ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို အသုံးပြုရန် စဉ်းစားနေစဉ်မှာပင် လုချန်း၏ လက်သည် သူမ၏ ဝမ်းဗိုက်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး လန်းဆန်းစေသော စိတ်ဝိညာဉ် စွမ်းအားကို အဆက်မပြတ် ထည့်သွင်းပေးနေသည်ကို သူမ သတိပြုမိလိုက်သည်။

မကြာမီမှာပင် ဝူကျန်းဝမ်၏ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ၏ ကလေးကို ပွေ့ချီထားရင်း မိခင်တစ်ယောက်၏ အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

ဒါက သူမ၏ ပထမဆုံးရင်သွေးဖြစ်၏။ ဒီလောက်မြန်မြန် မိခင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးထင်ခဲ့ပေ။

ထိုအခိုက်တွင် ဝူကျန်းဝမ်က လုချန်းကို ကြည့်လိုက်ပြီး

“မင်းကြီး။ ကလေးအတွက် နာမည်တစ်ခုလောက် စဉ်းစားပေးလို့ရမလား။”

လုချန်းသည် စဉ်းစားပင်မစဉ်းစားပဲ

“ကိုယ် စဉ်းစားပြီးသားပါ။ သူ့ကို လုယွမ်ကျဲလို့ ခေါ်ကြရအောင်။”

ဝူကျန်းဝမ်က

“နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကြီး။”

ထိုသို့ပြောပြီးနောက် ဝူကျန်းဝမ်လည်း ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို အသုံးပြု၍ သူမ၏ လက်ထဲမှ ကလေးငယ်ကို ချော့မြူနေခဲ့သည်။

မိခင်နှင့် ကလေးကို မြင်သောအခါ လုချန်း၏ စိတ်နှလုံးသားထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုသည် အလိုလို ပေါ်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပင် လုချန်း တစ်စုံတစ်ခုကို သတိရသွားသည်။

သူရှေ့မှ စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သူ အလွန် အံ့အားသင့်သွား၏။

ဘာတွေဖြစ်နေတာလဲ။

ဝူကျန်းဝမ် ကလေး မွေးဖွားပြီးပြီ ဖြစ်သော်လည်း စနစ်၏ ဆုလာဘ်များက အဘယ်ကြောင့် ရောက်မလာသေးသနည်း။

အရင်ကဆိုလျှင် ကလေးမွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် စနစ်၏ ဆုလာဘ်များ ရောက်ရှိလာမည် ဖြစ်သည်။

ဒါက စနစ်၏ ဆုလာဘ်များ ချက်ချင်းမရောက်ရှိလာသည့် အခြေအနေကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ ထိုအချက်က လုချန်းအား အလွန်မကောင်းသော နိမိတ်တစ်ခုကို ပေးခဲ့သည်။ ထို့နောက် သူက သူ၏ စိတ်ထဲတွင်

“စနစ်။ ကျွန်ုပ်ရဲ့ ဆုလာဘ်တွေ ဘယ်မှာလဲ”

လုချန်း၏ စကားဆုံးသည်နှင့် စနစ်က လုံးဝပျောက်ကွယ်သွားသည့်အလား တုံ့ပြန်ခြင်းမရှိတော့ပေ။

လုချန်း၏ မျက်ခုံးများ တွန့်သွားသော်လည်း သူက လျင်မြန်စွာ ပြန်ဖြေလျှော့လိုက်ပြီး တည်ငြိမ်သော အမူအရာကို အတင်းပြုလုပ်ထားလိုက်သည်။ ထို့နောက် အိပ်ခန်းထဲမှ မိဖုရားများဘက်သို့ လှည့်၍ပြုံးကာ

“မင်းတို့အားလုံး စကားကောင်းကောင်းပြောကြဦး။ ကိုယ့်မှာ လုပ်စရာကိစ္စတွေရှိလို့ အရင်သွားနှင့်မယ်။”

လုချန်း၏ မိဖုရားများလည်း ထူးထူးခြားခြား မတွေးခဲ့ကြပေ။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိခဲ့ကြသည်မှာ သဘာဝကျသည်။

အလင်းအရိပ်ကို ချက်ချင်းအသုံးပြု၍ နန်းတွင်းစာကြည့်ခန်းသို့ လုချန်း တိုက်ရိုက်ရောက်ရှိသွားသည်။ အတွင်းသို့ ရောက်သည်နှင့် သူ၏ မျက်နှာပေါ်မှ အပြုံးလည်း အေးခဲသွားပြီး စနစ်ကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။

“စနစ်။ ကျွန်ုပ်ရဲ့ ဆုလာဘ်တွေ ဘယ်မှာလဲ”

“စနစ်။ မင်း ဘယ်ရောက်သွားတာလဲ”

“စနစ်။ မင်း ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်”

…….

အကြိမ်ပေါင်းများစွာ ခေါ်ပြီးသည့်နောက်တွင်လည်း စနစ်ထံမှ တုံ့ပြန်ခြင်းမရှိသေးပေ။ ထိုအခိုက်အတန့်တွင် လုချန်း အလွန်အမင်း စိုးရိမ်နေခဲ့သည်။ သူ၏ အောင်မြင်မှုအားလုံးသည် စနစ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခု စနစ် ပျောက်ကွယ်သွားသောအခါ သူ မစိုးရိမ်ပဲ မည်သို့နေနိုင်မည်နည်း။

All Chapters