← Chapters

မှတ်ဉာဏ် ပြန်ရနေပြီလား

Vol. 63 Ch. 942

မှတ်ဉာဏ် ပြန်ရနေပြီလား

Vol. 63 Ch. 942

သူမ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးနောက် ချူးယုချင် သူမကိုယ်သူမ အဆက်မပြတ် အပြစ်တင်နေခဲ့သည်။

သို့သော်လည်း မကြာမီမှာပင် ပြဿနာတစ်ခုကို သူမ ရှာဖွေတွေ့ရှိခဲ့၏။

လုချန်းသည် သူမ၏ ပင်မခန္ဓာမှ စီစဉ်ထားသော ဘဝလမ်းကြောင်းအတိုင်း ကြီးပြင်းလာခဲ့သော်လည်း ပင်မခန္ဓာ၏ အကြံအစည်များစွာလည်း မအောင်မြင်ခဲ့ပေ။

ဥပမာအားဖြင့် ဤကမ္ဘာ၏ ကောင်းကင်နတ်ဆိုးကို လုချန်းက လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နတ်ဆိုးကို လုချန်း မနိုင်နင်းနိုင်ပဲ ပြင်းထန်စွာ ဒဏ်ရာရကာ ဤအောက်ကမ္ဘာတွင် တစ်သက်လုံး ပိတ်မိနေစေရန် ပင်မခန္ဓာကိုယ်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လုချန်းသည် သူမ တစ်ခါမှ မကြားဖူးသော အရာများဖြစ်သည့် လူသတ်လှံတံနှင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကဲ့သို့သော အရာများကို တီထွင်ဖန်တီးခဲ့သည်။

သူမကို ဇဝေဇဝါဖြစ်စေသော နောက်တစ်ချက်မှာ သူမ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူမ၏ ပင်မခန္ဓာနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူမ၏ မှတ်ဉာဏ်ကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူမ၏ မှတ်ဉာဏ် ပိတ်ဆို့ခံရခြင်းမရှိပဲ ပင်မခန္ဓာ၏ လွှမ်းမိုးမှုအောက်တွင် ဆက်လက်ရှိနေခဲ့ပါက သူမ လုချန်းကို ချစ်မိမည် မဟုတ်သလို ယခုလို သူ့ကို စွန့်ခွာဖို့ မဖြစ်နိုင်အောင်လည်း ဖြစ်နေမည် မဟုတ်ပေ။

ချူးယုချင်ကို ပို၍ပင် ဇဝေဇဝါဖြစ်စေသော နောက်တစ်ချက်မှာ ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးကို အသုံးပြု၍ လုချန်းထံသို့ ထည့်သွင်းပေးခဲ့သော မှတ်ဉာဏ်အတုများအရ သူ၏ ယခင်ဘဝတွင် သူသည် နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်ဟု လုချန်း ယုံကြည်နေသင့်ပြီး သူ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ရန်အတွက် အမျိုးသမီးများနှင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ဆက်လက် အသုံးပြုနေသင့်သည်။

လုချန်းသည် သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အမှန်ပင် အသုံးပြုနေသော်လည်း သူ၏ မယားများ၏ လက်ရှိအရေအတွက်မှာ သူမ၏ ပင်မခန္ဓာမှ မျှော်လင့်ထားသည်ထက် များစွာ နည်းပါးနေ၏။

အကယ်၍ လုချန်းသာ သူယခင်ဘဝက နတ်ဆိုးဂိုဏ်းဝင် တပည့်တစ်ဦးဖြစ်ခဲ့သည်ဟု အမှန်တကယ် ယုံကြည်ပါက သူ၏ အပြုအမူများက ယခုလိုဖြစ်နေမည် မဟုတ်ပေ။

သူ တွေ့သမျှ လှပသော အမျိုးသမီးတိုင်းနှင့် ပတ်သက်မိမည်မှာ သေချာ၏။ အကယ်၍ ထိုအတိုင်းသာ ဖြစ်ခဲ့ပါက သူ၏ မိဖုရားဆောင်သည် လွန်ခဲ့သော အချိန် တော်တော်ကြာကတည်းက မိန်းမများနှင့် ပြည့်လျှံနေလောက်ပြီ ဖြစ်သည်။

လုချန်း ဘဝလျှောက် ပြုလုပ်ခဲ့သမျှကို ချူးယုချင် သေချာ ပြန်လည်စဉ်းစားကြည့်လိုက်၏။ အသေးစိတ်အချက်အလက်များစွာအရ သူမ၏ ပင်မခန္ဓာ၏ ထိန်းချုပ်မှုမှ သူ လုံးဝ လွတ်မြောက်သွားခဲ့သည်ဟု အဆက်မပြတ် ခံစားနေရ၏။

ဖြစ်နိုင်ပါ့မလား...

ထိုအခိုက်အတန့်တွင် ချူးယုချင်စိတ်ထဲ ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

“ချန်းလေးက သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရနေပြီလား။”

ထိုဖြစ်နိုင်ခြေကို တွေးမိသော်လည်း လျင်မြန်စွာ ထုတ်ပယ်လိုက်၏။ အကယ်၍ လုချန်းသာ သူ၏ ယခင်ဘဝ မှတ်ဉာဏ်များကို အမှန်တကယ် ပြန်ရခဲ့ပါက သူ၏ စွမ်းအင်အားလုံးကို ကလေးများ ရရှိရေးအပေါ်တွင် အာရုံစိုက်နေမည် မဟုတ်ပေ။

သူသည် အထူးသွေးမျိုးရိုးကို ပိုင်ဆိုင်ထားသော ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်ရာ ကလေးများ ရရှိခြင်းသည် သူ့အတွက် အကျိုးရှိသော အရာမဟုတ်ပဲ သူ့ကို ဖျက်ဆီးသော ကိစ္စတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စများထဲ သူလုံးဝပါဝင်ပတ်သက်မည်မဟုတ်ပေ။

ယခင်က ချန်ယွမ်ကမ္ဘာတွင် ရှိနေစဉ်အခါကပင် အမျိုးသမီးများနှင့် လုချန်း လုံးဝ မပတ်သက်ခဲ့ပေ။ သူမ၏ ပင်မခန္ဓာသည် အချစ်ရေးတွင် ငြင်းပယ်ခံရသောကြောင့် မုန်းတီးစိတ်များ ဖြစ်ပေါ်လာပြီး လုချန်းအပေါ် ကလဲ့စားချေလိုခဲ့ခြင်း ဖြစ်သည်။

သို့သော် အခြားဘက်မှကြည့်လျှင် သူ၏ မှတ်ဉာဏ်ကို ပြန်မရခဲ့ပါက စုံတွဲ ကျင့်စဉ်ဖြင့် ကမ္ဘာငယ်တစ်ခု ဖန်တီးခြင်းကဲ့သို့သော ထူးဆန်းအံ့ဩဖွယ်ရာ အရာများကို သူ မည်သို့ ပြုလုပ်နိုင်မည်နည်း။

မိဖုရားခေါင်ရှန်ဝူ၏ အစိတ်အပိုင်းတစ်ခုအနေနှင့် မိဖုရားခေါင်ရှန်ဝူ၏ မှတ်ဉာဏ်အများစုကို ချူးယုချင် ပိုင်ဆိုင်ထားသည်။ သို့သော် ယောက်ျားနှင့် မိန်းမတို့ပေါင်းဖက်ခြင်းဖြင့် ကမ္ဘာငယ်တစ်ခု ဖန်တီးနိုင်သည်ဟု သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာငယ်ကို တက်ကြွစွာ ခံစားကြည့်လိုက်သည်။

ထိုကမ္ဘာငယ်တွင် မှားယွင်းမှု တစ်စုံတစ်ရာ မရှိပေ။ ၎င်းသည် ကျင့်စဉ်ကျင့်သူများ ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိသောအခါ ကိုယ်ပိုင် ဖန်တီးတတ်သော ကမ္ဘာငယ်များနှင့် ဆင်တူ၏။

သို့သော် သူမ၏ လက်ရှိ ကောင်းကင်လူသား အဆင့်ဖြင့် သူမဘာသာ ကမ္ဘာငယ်တစ်ခု ဖန်တီးနိုင်ဖို့ အလှမ်းဝေးနေသေးသည်။

ဤအချိန်တွင် အစောပိုင်းက လုချန်း၏ ထူးဆန်းသော အပြုအမူကို ချူးယုချင် တွေးမိလိုက်ပြီး သူမ၏ နှလုံး တစ်ဖန် တုန်လှုပ်သွားပြန်၏။

ချန်းလေးက သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ် တွေ ပြန်ရနေတာများ ဖြစ်နိုင်မလား။

ချက်ချင်းပင် ချူးယုချင် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်၏။ လုချန်း သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို ပြန်ရခဲ့လျှင်ပင် ဤအရာအားလုံး၏ နောက်ကွယ်တွင် ရှန်ဝူမိဖုရားခေါင်ဟူသော သူမ ပင်မခန္ဓာကိုယ် ရှိနေကြောင်း သူ သိနိုင်မည့် နည်းလမ်း မရှိပေ။

လုချန်းအတွက် အရာရာကို ရှုပ်ထွေးစေရန် မိဖုရားခေါင် ရှန်ဝူက ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးကို အသုံးမပြုခင်ကတည်းက သူအား ဝိညာဉ်ပုလဲအဖြစ် ပြောင်းလဲပြီး ဖြစ်သဖြင့် ပြင်ပကိစ္စများကို လုချန်း သိရှိခြင်း မရှိခဲ့ပေ။

ထိုသို့တွေးမိရင်း ချူးယုချင် ညင်သာစွာ သက်ပြင်းချလိုက်၏။

တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းသွားရမည် ဖြစ်သည်။

ယခုအခါ သူမ၏ ပင်မခန္ဓာက သူတို့၏ ကံကြမ္မာအဆက်အသွယ်ကို ဖြတ်တောက်လိုက်ပြီ ဖြစ်သောကြောင့် သူမသည် လုံးဝ လွတ်လပ်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ ယခုမှစ၍ သူမ လုချန်း ဘက်တွင် အပြည့်အဝ ရပ်တည်နိုင်ပေပြီ။

သူမ၏ ပင်မခန္ဓာ မဖြည့်ဆည်းနိုင်ခဲ့သော ဆန္ဒတစ်ချို့ကို ကိုယ်ပွားဖြစ်သည့် သူမက ဖြည့်ဆည်းပေးခဲ့ပြီး ဖြစ်သည်။

အကယ်၍ လုချန်းသာ သူမ၏ ပင်မခန္ဓာ ပြုလုပ်ခဲ့သည်များကို တစ်နေ့နေ့တွင် သိရှိသွားပါက သူ မည်သို့ တုံ့ပြန်မည်မှန်း မသေချာပေ။

သူ၏ တရားမျှတမှုကို ရှာဖွေရန်အတွက် သူမကို သတ်ပစ်မှာလား.....

ထိုသို့တွေးမိရင်း ချူးယုချင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

အကယ်၍ လုချန်း တစ်နေ့နေ့တွင် သူ၏တရားမျှတမှုကို ရှာဖွေလိုပါက သူမ ကျေကျေနပ်နပ် လက်ခံမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်း အခု ထျန်းချန်ကမ္ဘာမှ မထွက်ခွာနိုင်သေး‌ပဲ ရှန်ဝူဧကရာဇ်မှ ချမှတ်ထားသော စမ်းသပ်မှုများကို မပြီးမြောက်နိုင်ခြင်းမှာ သူမ၏ ပင်မခန္ဓာကြောင့်သာ ဖြစ်၏။

လုချန်း သူမအပေါ် အရေးမယူမီအထိ သူမသည် လုချန်း၏ ဒေါ်လေးအဖြစ် ရှိနေမည်ဖြစ်ပြီး သူ့ကို စိတ်ရောကိုယ်ပါ ဆက်လက် အမှုထမ်းရပေမည်။ အနာဂတ်တွင် သူ မည်သို့ ဆော့ကစားလိုသည်ဖြစ်စေ သူမ ခွင့်ပြုမည်။

……..

မြူခိုးဒေသ။

ကန့်သတ်ချက်များ၏ အက်ကွဲကြောင်းတွင်။

ယနေ့တွင် မြူခိုးမှော်ဂိုဏ်း၊ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့အပြင် မြူခိုးဒေသမှ အခြားသော အင်အားစုများစွာလည်း ရောက်ရှိလာခဲ့ကြသည်။

ကန့်သတ်ချက်များတွင် အားနည်းချက်ရှိသည်ဟူသော သတင်းသည် နောက်ဆုံးတွင် အခြားသော အင်အားစုများအား ဖုံးကွယ်ထား၍ မရတော့ပဲ မြူခိုးဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ယခုအခါ မြူခိုးဒေသမှ အင်အားစုအားလုံး ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လိုနေကြ၏။

မြူခိုးဒေသသည် မကြာသေးမီက ပို၍ ပို၍ မတည်မငြိမ် ဖြစ်လာခဲ့ပြီး အာကာသ ဆုတ်ဖြဲမှုများကြောင့် အင်အားစုငယ် အတော်များများ ပျက်စီးသွားခဲ့ရသည်။ အလတ်တန်းစား အင်အားစုအချို့ပင်လျှင် အာကာသ လှိုင်းဂယက်များ၏ သက်ရောက်မှုကို ခံစားခဲ့ရသည်။

သူတို့အတွက် ထျန်းချန်ကမ္ဘာသည် တစ်ခုတည်းသော လုံခြုံသည့် ခိုလှုံရာ ဖြစ်သည်။ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်နိုင်မှသာလျှင် သူတို့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။

ထိုအခိုက်အတန့်တွင် ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦးက ဟန်ယွမ်ခိုင်၊ ကျိဟုန်ဝမ်နှင့် အခြားသူများအား

“ဂိုဏ်းချုပ်ဟန်။ခင်ဗျားတို့ သုံးယောက်က နည်းနည်း အတ္တကြီးလွန်းတယ်လို့ မထင်ဘူးလား။ ခင်ဗျားတို့က အာကာသအက်ကွဲကြောင်းကို အစောကြီးကတည်းက ရှာတွေ့ခဲ့ပေမဲ့ တခြားအင်အားစုတွေကို လျှို့ဝှက်ထားခဲ့တယ်။ ခင်ဗျားတို့ အင်အားကြီးသုံးစုက ထျန်းချန်ကမ္ဘာကို ကိုယ့်ဘာသာကိုယ် ခွဲဝေယူပြီး တခြားအင်အားစုတွေအတွက် အခွင့်အရေး တစ်စက်မှ မချန်ထားချင်ကြတာလား။”

ထိုလူ စကားဆုံးသည်နှင့် အခြားဂိုဏ်းချုပ်တစ်ဦးက ထောက်ခံပြောဆိုလိုက်သည်။

“ခင်ဗျားတို့ အဓိက အင်အားစုသုံးစုက မြူခိုးဒေသမှာ ထိပ်တန်းအင်အားကြီးတွေ ဖြစ်ပေမဲ့ ကျွန်တော်တို့ အင်အားစု အကြီးအငယ် ရာပေါင်းများစွာ အားလုံး ပူးပေါင်းလိုက်ရင်လည်း အထင်သေးလို့ မရဘူးနော်”

“ခင်ဗျားတို့ သုံးယောက်က ကျုပ်တို့ကို ထျန်းချန်ကမ္ဘာထဲ ဝင်ခွင့်မပြုဘူးဆိုရင်တော့ တိုက်ပွဲကြီးတစ်ခုက ရှောင်လို့ရမှာမဟုတ်ဘူး။”

ထိုစကားများကြောင့် လူများ ပို၍ စိတ်လှုပ်ရှားလာကြသည်။

“ဟုတ်တယ်။ တိုက်ပွဲကြီးတစ်ခု ဖြစ်လာရမှာပဲ။”

“မြူခိုးဒေသရဲ့ အာကာသက အတော်လေး ပြိုကျနေပြီ။ သိပ်ကြာကြာ ခံနိုင်မှာ မဟုတ်တော့ဘူး။ ရှေ့တိုးလည်းသေ နောက်ဆုတ်လည်းသေပဲ။ အစွမ်းကုန်ဖောက်ထွက်တာကမှ ပိုကောင်းဦးမယ်”။

“ခင်ဗျားတို့ အင်အားကြီးသုံးဖွဲ့က လမ်းမဖယ်ပေးဘူးဆိုရင် ဒါက မြူခိုးဒေသ တစ်ခုလုံးကို အန္တရာယ်ပေးနေတာပဲ။”

မြူခိုးဒေသမှ အခြားသော အင်အားစုများ၏ ဒေါသမာန်ထနေသည့် အခြေအနေကို မြင်သောအခါ သူတို့ ဝင်ခွင့်မပြုပါက တိုက်ပွဲကြီးတစ်ခု မလွဲမသွေ ဖြစ်ပွားနိုင်သည်ကို ဟန်ယွမ်ခိုင်နှင့် ကျိဟုန်ဝမ်တို့ သိရှိလိုက်ကြသည်။

ဟန်ယွမ်ခိုင်က ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်တို့ကို ကြည့်ကာ

“ဂိုဏ်းချုပ်ကျိ၊ ဂိုဏ်းချုပ်ကျန်း၊ အခု ဘယ်လိုလုပ်သင့်တယ်လို့ ခင်ဗျားတို့နှစ်ယောက် ထင်လဲ။”

အကယ်၍ သူတို့ အင်အားကြီးသုံးဖွဲ့က အခြားအင်အားစုများ၏ တပည့်များကို ဝင်ခွင့်မပြုပါက ပဋိပက္ခတစ်ခု ချက်ချင်း ဖြစ်ပွားမည်မှာ သေချာပြီး သူတို့သည် မြူခိုးဒေသမှ အင်အားစုအားလုံးနှင့် ရန်သူ ဖြစ်သွားပေမည်။

ကျန်းဟုန်ရယ်က ဂရုမစိုက်ဟန်ဖြင့်

“ကျုပ်မှာ ကန့်ကွက်စရာ မရှိပါဘူး။”

“ထျန်းချန်တိုက်ကြီးက အလွန်ကျယ်ဝန်းတော့ မြူခိုးဒေသက အင်အားစုအားလုံးကို နေရာချပေးနိုင်မှာပါ။”

ကျန်းဟုန်ရယ်သည် အဆုံးစွန် အခြေအနေသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ အစပိုင်းတွင် ထျန်းချန်တိုက်ကို လင်ဟူဂိုဏ်း တစ်ဦးတည်း သိမ်းပိုက်ရန် ထို့နောက် ထျန်းချန်တိုက်၏ ကံကြမ္မာကို ခိုးယူကာ ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းရန် ကြံထားခဲ့သည်။

ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်ကို ထိန်းချုပ်နိုင်ပါက မြူခိုးဒေသ၏ တားမြစ်ချက်များ ပျက်ပြယ်သွားပြီးနောက် အခြားအင်အားစုများ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာလျှင်ပင် လင်ဟူဂိုဏ်းသည် အုပ်စိုးသူအဖြစ် ရှိနေမည် ဖြစ်သည်။

သို့သော် ယခုအခါ မြူခိုးဒေသမှ အင်အားစုအားလုံးသည် တားမြစ်ချက် ပျက်ပြယ်တော့မည်ကို သိရှိသွားကြပြီး အာကာသအက်ကွဲကြောင်းများလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အင်အားစုအားလုံး ထျန်းချန်တိုက်သို့ ဝင်ရောက်လိုကြသဖြင့် နောက်ဆုံးတွင် ထျန်းချန်ကမ္ဘာသည် ပရမ်းပတာ အခြေအနေသို့ ကျရောက်သွားမည်ဖြစ်ပြီး လင်ဟူဂိုဏ်း၏ အစီအစဉ်များလည်း လုံးဝ အလဟဿ ဖြစ်သွားပေမည်။

ထို့ကြောင့် အင်အားစု ရာပေါင်းများစွာ ထျန်းချန်တိုက်သို့ ထပ်မံဝင်ရောက်လာခြင်းကို ကျန်းဟုန်ရယ် ဂရုမစိုက်တော့ပေ။

ကျန်းဟုန်ရယ်က ထိုသို့ပြောသည်ကို မြင်သောအခါ ကျိဟုန်ဝမ်ကလည်း

“ဂိုဏ်းချုပ်ကျန်း ပြောတာ မှန်ပါတယ်။

ထျန်းချန်တိုက်ကြီးက မြူခိုးဒေသက အင်အားစုအားလုံးကို နေရာချပေးနိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ ကျုပ်တို့က တခြားအင်အားစုတွေကို ဝင်ခွင့်မပေးလောက်အောင် ကပ်စေးနဲနေစရာ မလိုပါဘူး။”

သူတို့နှစ်ဦး ထိုစကားများ ပြောလိမ့်မည်ဟု ဟန်ယွမ်ခိုင် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သူက

“ခင်ဗျားတို့နှစ်ယောက်လုံးက ဒီလိုယူဆနေတယ်ဆိုတော့ တခြားအင်အားစုတွေကို

ထျန်းချန်တိုက်ကြီးထဲ ဝင်ခွင့်ပြုလိုက်ကြရအောင်။”

“ဒါပေမဲ့ စည်းကမ်းချက် တချို့တော့ ရှိရမှာပေါ့။”

ထိုစကားနှင့်အတူ ဟန်ယွမ်ခိုင်က မြူခိုးဒေသမှ ထိုအင်အားစုများ၏ ခေါင်းဆောင်များကို ကြည့်လိုက်ပြီးနောက်

“ခင်ဗျားတို့ ထျန်းချန်တိုက်ထဲ ဝင်ချင်တယ်ဆိုရင် ပြဿနာမရှိဘူး။”

“ဒါပေမဲ့ ခင်ဗျားတို့ရဲ့ တပည့်တွေ ထျန်းချန်တိုက်ထဲ ဝင်သွားတာနဲ့ ကျုပ်တို့ အင်အားကြီးသုံးဖွဲ့ရဲ့ တပည့်တွေကို တိုက်ခိုက်လို့ မရဘူး။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ အင်အားစုတွေကို နောက်တစ်ခါ ထျန်းချန်တိုက်ထဲကို တပည့်တွေ စေလွှတ်ခွင့် ဘယ်တော့မှ ပေးတော့မှာ မဟုတ်ဘူး။”

မြူခိုးဒေသမှ အင်အားစုများသည် အဆင့် နိမ့်သော တပည့်များသာ ထျန်းချန်တိုက်သို့ ဝင်ရောက်နိုင်သည်ကိုသာ သိရှိပြီး သူတို့ ဝင်ရောက်ပြီးသည်နှင့် ပြန်ထွက်လို့မရတော့ကြောင်း မသိကြသောကြောင့် နောက်ကွယ်မှ အကြံအစည်ကို နားမလည်ကြပေ။ စဉ်းပင်မစဉ်းစားပဲ ဟန်ယွမ်ခိုင်၏ အခြေအနေများကို အားလုံး ချက်ချင်း သဘောတူလိုက်ကြသည်။

“ကောင်းပြီ။ မီးတိမ်တိုက်နန်းတော်က ဒီအခြေအနေတွေကို သဘောတူတယ်။”

“လျှို့ဝှက်ရေခဲစံအိမ်ကလည်း သဘောတူတယ်။”

“ကျားဘုရင်တောင်ကြားကလည်း သဘောတူတယ်။”

……..

အဓိက အင်အားစုများအားလုံး သူ၏ အခြေအနေများကို သဘောတူလိုက်သည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ နှုတ်ခမ်းထောင့်များ အပြုံးတစ်ခုအဖြစ် အနည်းငယ် ကွေးတက်သွားသည်။ ထို့နောက် သူက

“ခင်ဗျားတို့အားလုံး သဘောတူပြီဆိုတော့ ကျုပ်တို့ သုံးဖွဲ့လည်း ဘာမှ ထပ်မပြောတော့ဘူး။ ခင်ဗျားတို့ အခု ခင်ဗျားတို့ရဲ့ တပည့်တွေကို ထျန်းချန်တိုက်ကြီးထဲ စေလွှတ်နိုင်ပါပြီ။”

ဟန်ယွမ်ခိုင် စကားဆုံးသည်နှင့် အင်အားကြီးသုံးဖွဲ့မှ လူများလည်း လျင်မြန်စွာ ဘေးသို့ ဖယ်ပေးလိုက်ကြပြီး အခြားအင်အားစုများ၏ တပည့်များကို အာကာသအက်ကွဲကြောင်းမှတစ်ဆင့် ထျန်းချန်တိုက်ထဲသို့ ဖြတ်သန်းသွားခွင့် ပြုလိုက်ကြသည်။

………

ညချမ်းအချိန်။

မြူခိုးဒေသသည် ပို၍ပင် ထူးဆန်းလာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။ မြူခိုးများအတွင်းတွင် အစိမ်းရောင် အလင်းတချို့ တဖျတ်ဖျတ် လင်းလက်နေပြီး လူများကို အတော်လေး မသက်မသာ ဖြစ်စေသည်။

ဟုတ်ပါသည်။ မြူခိုးဒေသရှိ လူများသည် ၎င်း၏ ညဘက် ပတ်ဝန်းကျင်နှင့် ကျင့်သားရနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နန်းတော်ပုံစံ မှော်ရတနာတစ်ခုသည် ရုတ်တရက် မြူခိုးများကို တွန်းဖယ်ကာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး မြူခိုးဒေသ၏ ကောင်းကင်ယံတွင် ပျံဝဲနေသည်။

နောက်တစ်ခဏတွင် ပုံရိပ်နှစ်ခု နန်းတော်ဆီသို့ ပျံသန်းလာကြ၏။

နန်းတော်၏ ဝင်ပေါက်တွင် ရပ်နေသူမှာ ဟန်ယွမ်ခိုင်ဖြစ်ပြီး ကျန်ပုံရိပ်နှစ်ခုမှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ဂိုဏ်းချုပ် ကျိဟုန်ဝမ်နှင့် လင်ဟူဂိုဏ်းမှ ဂိုဏ်းချုပ် ကျန်းဟုန်ရယ်တို့ ဖြစ်ကြသည်။

သူတို့ ရောက်ရှိလာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က သူတို့ကို ပြုံးလျက် နှုတ်ဆက်ပြီးနောက်

“ခင်ဗျားတို့နှစ်ယောက်လုံးကို ကြိုဆိုပါတယ်။”

“ခင်ဗျားတို့နှစ်ယောက်လုံး ရောက်လာမှတော့ စာထဲမှာ ကျုပ် ရေးထားတာတွေကို သဘောတူတယ်ဆိုတဲ့ သဘောပဲ။”

မြူခိုးမှော်ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဟန်ယွမ်ခိုင်က ချက်ချင်း စာနှစ်စောင် ရေးသားပြီး ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့ထံသို့ ပေးပို့ခဲ့သည်။

စာ၏ အကြောင်းအရာမှာ ရိုးရှင်း၏။ သူတို့၏ အင်အားစုသုံးခု ပူးပေါင်းကာ အခြားအင်အားစုများကို ချေမှုန်းရန် အဆိုပြုထားခြင်း ဖြစ်သည်။

ဤအခြားအင်အားစုများကို ချေမှုန်းခြင်းဆိုသည်မှာ ထျန်းချန်တိုက်သို့ ဝင်ရောက်သွားသော အခြားအင်အားစုများ၏ တပည့်များကို ရှင်းလင်းခြင်းသက်သက်ကို ရည်ညွှန်းခြင်းမဟုတ်ပဲ မြူခိုးဒေသရှိ အင်အားစုအားလုံးအပေါ် တိုက်ရိုက် စစ်ကြေညာပြီး သူတို့၏ ဂိုဏ်းသုံးဂိုဏ်းက မြူခိုးဒေသတစ်ခုလုံးကို တိုက်ရိုက် ထိန်းချုပ်ရန် ဆိုလိုသည်။

ကျန်းဟုန်ရယ်က

“ဂိုဏ်းချုပ်ဟန်။ အချိန်မဖြုန်းပါနဲ့တော့။ ပြောပါ။ ခင်ဗျား ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားလဲ။”

All Chapters