ရှနိုင်ငံတော်မှ တပ်များစေလွှတ်၍ ဖြေရှင်းမည်
Vol. 63 Ch. 945
ကျိဟုန်ဝမ်၏ စာကို ဖတ်ပြီးနောက် သူတို့၏ ကမ္ဘာ၌ မကြာသေးမီက မြူခိုးဒေသမှ ကျူးကျော်သူများ အဘယ်ကြောင့် ဤမျှလောက် များပြားစွာ ဝင်ရောက်လာသည်ကို လုချန်း နားလည်သွား၏။
လက်ရှိအခြေအနေသည် ဤကမ္ဘာရှိ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်များအတွက်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။ ဂိုဏ်းသည် တပည့်အမြောက်အမြားကို ဤနေရာသို့ စေလွှတ်ထားသော်လည်း အခြားဂိုဏ်းအမျိုးမျိုး၏ အင်အားနှင့် နှိုင်းယှဉ်လျှင် သူတို့၏အင်အားက များစွာ အရေးမပါတော့ပေ။
အကယ်၍ ပိုင်ကွမ်းယုနှင့် သူ၏ အပေါင်းအပါများက အခြားအင်အားစုများမှ တပည့်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ပါက ထိုအင်အားစုများသည် တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ရင်ဆိုင်ရန် သေချာပေါက် ပူးပေါင်းကြမည်ဖြစ်ပြီး ထိုအခြေအနေတွင် ပိုင်ကွမ်းယုတို့ အနေနှင့် သူတို့ကို ဧကန်မုချ တွန်းလှန်နိုင်မည် မဟုတ်ပေ။
အင်းကွက်လက်နက်များကို အသုံးပြုရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
ထို့နောက် လုချန်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ သတင်းပို့လာသော တပည့်အား
“လောလောဆယ် တခြားအင်အားစုတွေနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းထားဖို့ ပိုင်ကွမ်းယုကို ပြောလိုက်ပါ။ ရှနိုင်ငံတော်က ကျူးကျော်သူတွေကို ကိုင်တွယ်ဖို့ တပ်တွေ စေလွှတ်လိမ့်မယ်။”
ထိုစကားကို ကြားသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့် မှင်သက်သွား၏။ သူတို့၏ အမြင်တွင် လုချန်းသည် ရာထူးကြီးမြင့်သော်လည်း ရှနိုင်ငံတော်သည် အောက်ကမ္ဘာတစ်ခုတွင် မွေးဖွားလာသော တိုင်းပြည်တစ်ခုသာဖြစ်ပြီး တိုင်းပြည်တစ်ခုလုံး၏ အလုံးစုံအင်အားက သိပ်မထူးခြားလှပေ။ သူတို့တွင် ကောင်းကင်လူသား စွမ်းအားရှင်အချို့ ရှိလျှင်ပင် ထိုကောင်းကင်လူသား စွမ်းအားရှင်များသည် သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်သုံးနိုင်ခြင်း မရှိပေ။
ရှနိုင်ငံတော်မှ ကောင်းကင်လူသား စွမ်းအားရှင်များပင် ညီညွတ်ခြင်း အဆင့်ရှိ မြူခိုးဒေသ အင်အားစုများ၏ တပည့်များကို ရင်ဆိုင်နိုင်မည် မဟုတ်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ညီညွတ်ခြင်း အဆင့်ရှိ မြူးခိုးဒေသဂိုဏ်း တပည့်များသည် ထျန်းချန်တိုက်သို့ အခြေအနေအပြည့်နီးပါးဖြင့် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့သည် စိတ်ဝိညာဉ် အဆောင်လက်နက်များနှင့် အင်းစာရွက်များကိုပင် သယ်ဆောင်လာခဲ့ကြသည်။
တိုက်ခိုက်ရေးစွမ်းရည်အရ ရှနိုင်ငံတော်မှ ကောင်းကင်လူသား စွမ်းအားရှင်များသည် ထိုလူများကို အမှန်တကယ် ယှဉ်နိုင်မည် မဟုတ်ပေ။
သတင်းပို့သူ တပည့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ လုချန်းက ထိုကျူးကျော်သူများကို ကိုင်တွယ်ရန် အဘယ်ကြောင့် တပ်များ စေလွှတ်မည်နည်း။ ရှနိုင်ငံတော် စစ်တပ်က အဲ့ဒီလောက် စွမ်းပါ့မလား။
သူ နားမလည်သော်လည်း ၎င်းသည် လုချန်း၏ အမိန့်ဖြစ်သောကြောင့် သူတို့ လိုက်နာရမည်သာ ဖြစ်သည်။
ချက်ချင်းပင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ သတင်းပို့လာသော တပည့်က
“ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အခုပဲ နဂါးနက်မြို့တော်ကို ပြန်ပြီး မင်းကြီးရဲ့ စကားတွေကို အစ်ကိုပိုင်ဆီကို သတင်းပို့
လိုက်ပါ့မယ်။”
လုချန်းက
“ကောင်းပြီ”
ဟု ခေါင်းညိတ်လိုက်သည်။
ထို့နောက် သတင်းပို့သူ တပည့်များက
“ကျွန်တော့်တို့ကို ခွင့်ပြုပါဦး”
ဟု အတူတကွ အရိုအသေပြုကြသည်။
သတင်းပို့သူ တပည့်များ ထွက်ခွာသွားပြီးနောက် လုချန်းက ချင်ယူရှန်အား
“ တပ်မှူးချင်။ ခဏနေရင် လိီယုကို အင်းကွက်လက်နက်တွေရဲ့ အရေအတွက် စစ်ခိုင်းလိုက်ပါ။ ပြီးတော့ အင်းကွက်ကျည်ဆန်တွေနဲ့ အင်းကွက်အမြောက်ဆန်တွေ ထုတ်လုပ်မှုကို အရှိန်မြှင့်ခိုင်းလိုက်ပါ။ အင်းကွက်လက်နက်တွေကို စစ်တပ်ကို တပ်ဆင်ပေးဖို့ ကျွန်တော် စီစဉ်နေတယ်။”
မြူခိုးဒေသ၏ တားမြစ်ချက်များသည် ငါးနှစ်ခန့်အကြာတွင် ပျောက်ကွယ်သွားဖွယ်ရှိသည်။ ငါးနှစ်ဟု ဆိုသော်လည်း အတားအဆီးများ ပျောက်ကွယ်မည့် အချိန်သည် ကနဦး နှစ်တစ်ရာမှ နှစ်နှစ်ဆယ်သို့၊ ယခုအခါ ငါးနှစ်မျှသော အချိန်အထိပင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် မည်သည့်အချိန်မဆို ပျောက်ကွယ်သွားနိုင်သည်ဟု ယူဆထား၍ ရနိုင်သည်။
ငါးနှစ်မပြည့်မီမှာပင် တားမြစ်ချက်များ လုံးဝ ပျောက်ကွယ်သွားနိုင်ပြီး ထိုအချိန်တွင် ရှနိုင်ငံတော်သည် မြူခိုးဒေသမှ အင်အားစုများနှင့် တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရမည် ဖြစ်သည်။
ရှနိုင်ငံတော်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အကူအညီ ရှိနေသေးသော်လည်း ဂိုဏ်း၏ အင်အားမှာ ကန့်သတ်ချက်ရှိနေသေးပြီး မြူခိုးမှော်ဂိုဏ်းကို သူတို့ ဟန့်တားနိုင်မနိုင်ဆိုတာက မသေချာပေ။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းက မြူခိုးမှော်ဂိုဏ်းကို ဟန့်တားနိုင်ခဲ့လျှင်ပင် မြူခိုးဒေသတွင် အခြားသော အင်အားစုများ ရှိနေသေးပြီး ရှနိုင်ငံတော်သည် ထိုအခြားသော အင်အားစုများနှင့် တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ဟုတ်ပါသည်။ အကယ်၍ တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် မြူခိုးဒေသမှ အင်အားကြီးသုံးဖွဲ့ မဟာမိတ်ဖွဲ့ခြင်းကို အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ဂိုဏ်းခွဲအချို့ကို ချေမှုန်းနိုင်ခဲ့ပါက ရှနိုင်ငံတော်အပေါ် ကျရောက်လာမည့် ဖိအားလည်း များစွာသက်သာသွားနိုင်စရာရှိသည်။
လုချန်း၏ အမိန့်ကို ကြားသောအခါ
ချင်ယူရှန်က ချက်ချင်းပင်
“ဟုတ်ကဲ့ပါ မင်းကြီး။ ကျွန်တော် အခုပဲ လက်နက်တိုက်ကို သွားလိုက်ပါ့မယ်။”
စကားဆုံးသည်နှင့် ချင်ယူရှန် လှည့်ထွက်ကာ လုချန်း၏ သတင်းစကားကို လိီယု ထံသို့ ပေးပို့ရန် လက်နက်တိုက်သို့ ဦးတည်သွားလိုက်၏။ အင်းကွက်လက်နက်များကို စစ်တပ်သို့ တပ်ဆင်ပေးမည်ဟု ကြားသောအခါ အင်းကွက်လက်နက် ထုတ်လုပ်ရေး တာဝန်ခံဖြစ်သူ လိိီယု အလွန်အမင်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားသည်။
အင်းကွက်လက်နက်များကို ထုတ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခု နောက်ဆုံးတွင် ၎င်းတို့ကို အသုံးပြုရတော့မည် ဖြစ်သည်။
အင်းကွက်လက်နက်များကို မြူခိုးဒေသ၏ ထိုကျူးကျော်သူများထဲမှ ကောင်းကင်လူသား စွမ်းအားရှင်များပင်လျှင် လုံးဝ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
အင်းကွက်လက်နက်များကို လိီယုနှင့် သူ၏ အဖွဲ့က တီထွင်ခဲ့ခြင်း မဟုတ်သော်လည်း ၎င်းတို့ကို ထုတ်လုပ်သူများမှာ သူတို့ဖြစ်သောကြောင့် သူတို့ မယုံနိုင်လောက်အောင် ဂုဏ်ယူမိကြသည်။
…….
နဂါးနက်မြို့တော်။
ယခုအခါ နဂါးနက်မြို့တော်သည် မြူခိုးဒေသမှ အဓိက အင်အားစုအသီးသီးမှ တပည့်များ အားလုံး ရောက်ရှိလာကြသဖြင့် အလွန် စည်ကားနေ၏။ နဂါးနက်မြို့တော်သို့ ရောက်ရှိလာသောအခါ သူတို့၏ ပထမဆုံး ခံစားချက်မှာ စိတ်သက်သာရာရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြူခိုးဒေသရှိ အာကာသသည် အလွန် မတည်မငြိမ်ဖြစ်နေပြီး ဘယ်နေ့မဆို သူတို့၏ ဂိုဏ်းများအာကာသစွမ်းအားများကြောင့် ပျက်ဆီးသွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ထျန်းချန် ကမ္ဘာမှာမူ ကွဲပြားသည်။ ၎င်းသည် တည်ငြိမ်သော ကမ္ဘာတစ်ခုဖြစ်ပြီး နိယာမများ မပြည့်စုံ၍ စိတ်ဝိညာဉ် စွမ်းအား သိပ်မပေါများသော်လည်း အချိန်မရွေး အသက်ဆုံးရှုံးနိုင်သော မြူခိုးဒေသထက်မူ သာလွန်နေသေးသည်။
အဓိက အင်အားစုအားလုံးမှ တပည့်များ စုဝေးရောက်ရှိလာခြင်းကြောင့် နဂါးနက်မြို့တော်သည် ပို၍ပင် သာယာဝပြောလာခဲ့သည်။ ကုန်သည်အများအပြားသည် ရှနိုင်ငံတော်မှ ထုတ်လုပ်သော စက်မှုထုတ်ကုန်များကို နဂါးနက်မြို့တော်သို့ သယ်ဆောင်ရောင်းချကြပြီး စိတ်ဝိညာဉ်ကျောက်တုံး အကြေများစွာ ရရှိခဲ့ကြသည်။
လောလောဆယ်တွင် စိတ်ဝိညာဉ်ကျောက်တုံး အကြေများသည် ရှနိုင်ငံတော်၌ အလွန် တန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော်
ထျန်းချန်တိုက်ရှိ စိတ်ဝိညာဉ် စွမ်းအားသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ် စွမ်းအားသည် နဂါးနက်မြို့တော်ပတ်ဝန်းကျင်တွင်သာ သိပ်သည်းလာခြင်းဖြစ်သည်။ ကုန်သည်များစွာလည်း မြူခိုးဒေသမှ ထိုအင်အားစုများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့ကြသည်။
…….
နဂါးနက်မြို့တော်။
ပန်းတစ်ရာမျှော်စင်။
ပိုင်ကွမ်းယုသည် စားသောက်ဆိုင်၏ လသာဆောင်ပေါ်တွင် ထိုင်လျက် အဝေးမှ ရှုခင်းများကို ငေးကြည့်နေ၏။ သူ့ဘေးတွင် အခြားလူနှစ်ဦး ထိုင်နေသည်။
တစ်ဦးမှာ မြူခိုးမှော်ဂိုဏ်းမှ နောက်ဆုံးစေလွှတ်လိုက်သော တပည့် ပိုင်လီချန်ဖြစ်ပြီး နောက်တစ်ဦးမှာ လင်ဟူဂိုဏ်းမှ တပည့် ကူချီကျိန့် ဖြစ်သည်။
နဂါးနက်မြို့တော်သို့ ဝင်ရောက်ပြီးနောက် ထျန်းချန်တိုက်သို့ စေလွှတ်ခဲ့သော ပထမအသုတ် တပည့်များကို သူတို့ ချက်ချင်း ရှာဖွေခဲ့ကြသော်လည်း မည်မျှပင် ကြိုးစားရှာဖွေစေကာမူ ထိုတပည့်များသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
နောက်ပိုင်းတွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ စေလွှတ်လိုက်သော ပထမအသုတ် တပည့်များသည် နဂါးနက်မြို့တော်တွင် ရှိနေသေးသည်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ကောက်ချက်တစ်ခု သူတို့ ချလာနိုင်ခဲ့သည်။ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်များက သူတို့ဂိုဏ်းများ၏ တပည့်များကို သုတ်သင်ရှင်းလင်းလိုက်ပြီဟူသော ကောက်ချက်ဖြစ်သည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် သူတို့ အင်အားစုနှစ်ခုလုံး၏ တပည့်များကို တစ်ချိန်တည်းတွင် မည်သို့ ချေမှုန်းနိုင်ခဲ့သည်ကို သူတို့ မသိကြသော်လည်း တန်ခိုးရှင် တစ်သောင်းဂိုဏ်းအပေါ်ရှိ သူတို့၏ သံသယမှာ အလွန်ကြီးမားလာခဲ့သည်။ ထို့ကြောင့် ယနေ့တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ပိုင်ကွမ်းယုနှင့် ရင်ဆိုင်ကာ ရှင်းလင်းချက် တောင်းဆိုရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ပိုင်ကွမ်းယုက
“မိတ်ဆွေတို့။ အခု ကျွန်တော်တို့ အင်အားကြီးသုံးဖွဲ့က မဟာမိတ်ဖွဲ့ထားတာဆိုတော့ တချို့သတင်းတွေက ခင်ဗျားတို့ ကြားဖို့ မကောင်းလောက်ဘူး။ မသိတာက ပိုကောင်းပါတယ်။ သိလိုက်ရင် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အကူ မပြုနိုင်လောက်ဘူး။”
ပိုင်ကွမ်းယု၏ စကားကို ကြားသောအခါ
ကူချီကျိန့်ကလှောင်ပြောင်လိုက်သည်။
“စည်းလုံးညီညွတ်မှုကို အထောက်အကူ မပြုဘူး ဟုတ်လား။ ခင်ဗျားတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက ကျွန်တော်တို့ အင်အားစုနှစ်ခုရဲ့ တပည့်တွေကို သတ်ထားပြီးတော့ အခု ဒီလိုစကားတွေ လာပြောနေတယ်။ ဘယ်သူက စည်းလုံးညီညွတ်မှုကို တကယ် ပျက်ပြားအောင် လုပ်နေတာလဲ။”
“ခင်ဗျားတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက နောက်တစ်ခါ ကျွန်တော်တို့ရဲ့ နောက်ကျောကို ဓားနဲ့ထိုးပြီး မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းရဲ့ တပည့်တွေကို အလစ်တိုက်ခိုက်ဦးမလားဆိုတာ ဘယ်သူသိနိုင်မလဲ။”
ထိုအခိုက်အတန့်တွင် ပိုင်လီချန်ကလည်း
“ပိုင်ကွမ်းယု။ ခင်ဗျား ဒီနေ့ ကျွန်တော်တို့ကို ရှင်းလင်းချက်တစ်ခု မပေးဘူးဆိုရင် ကျွန်တော်တို့ အင်အားစုနှစ်ခုရဲ့ တပည့်တွေ စိတ်အေးလက်အေး နေနိုင်ကြမှာ မဟုတ်ဘူး။”
“ထျန်းချန်တိုက်ထဲကို စေလွှတ်ခဲ့တဲ့ ပထမအသုတ် တပည့်တွေ ဘယ်ရောက်သွားလဲဆိုတာ ခင်ဗျား ကျွန်တော်တို့ကို ပြောပြပါလား။”
“ဘာလို့ သူတို့က ပျောက်သွားပြီး ခင်ဗျားတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းရဲ့ တပည့်တွေက ဒီမှာ ရှိနေရတာလဲ”။
ပိုင်လီချန်၏ စကားဆုံးသည်နှင့် ကူချီကျိန့်ကလည်း ဘေးမှနေ၍
“ပိုင်ကွမ်းယု။ ကျွန်တော်ထင်တာတော့ ခင်ဗျားတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းရဲ့ တပည့်တွေက ကျွန်တော်တို့ အင်အားကြီးနှစ်ဖွဲ့ရဲ့ တပည့်တွေ သတိလစ်နေတုန်း အခွင့်ကောင်းယူပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်မယ်။”
ထိုလူနှစ်ဦး၏ စကားကို ကြားသောအခါ ပိုင်ကွမ်းယုက ရယ်မောလိုက်ပြီးနောက်
“ခင်ဗျားတို့နှစ်ယောက်လုံး ရှင်းလင်းချက်တစ်ခု တောင်းဆိုလာပြီဆိုတော့ ကျွန်တော်အမှန်တရားကို ပြောပြပါ့မယ်။ ယုံမယုံကတော့ ခင်ဗျားတို့ သဘောပဲ။”
“ကျွန်တော်တို့ ထျန်းချန်တိုက်ကို ရောက်ပြီးတဲ့နောက် မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းရဲ့ တပည့်တွေ ပဋိပက္ခစဖြစ်ခဲ့ကြတယ်။ နောက်ဆုံးမှာ ခင်ဗျားတို့ အင်အားကြီးနှစ်ဖွဲ့ရဲ့ တပည့်တွေ အချင်းချင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်။”
“ဒါပေမဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။ အထူးသဖြင့် မြူခိုးမှော်ဂိုဏ်း တပည့်တွေက သူတို့ရဲ့ ရန်သူတွေကို သုတ်သင်ဖို့ စိတ်ပိုင်းဖြတ်ပြီး နဂါးနက်မြို့တော်ကနေ ထွက်ခွာပြီး လင်ဟူဂိုဏ်း တပည့်တွေကို ရှနိုင်ငံတော်ရဲ့ အချက်အချာဒေသအထိ လိုက်လံတိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒီမှာ သူတို့အားလုံး ရှနိုင်ငံတော်ရဲ့ ကောင်းကင်လူသား စွမ်းအားရှင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားကြတယ်။”
“ခင်ဗျားတို့ မယုံဘူးဆိုရင် ရှနိုင်ငံတော်ရဲ့ နေပြည်တော်မှာ စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ကြည့်နိုင်ပါတယ်။ ကျွန်တော် မှတ်မိသလောက်တော့ လင်ဟူဂိုဏ်းက လေဝမ်တက အသက်ရှင်နေတုန်းပဲ။”
ဒါက...
မူလက သူတို့နှစ်ဦးလုံး သူ့ကို မယုံကြည်လိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးသားဖြစ်ကာ စွပ်စွဲလိုသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ကြသောကြောင့် ဖြစ်သည်။
သူတို့၏ အမြင်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်များသည် သူတို့၏ ပထမအသုတ် တပည့်များကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ နဂါးနက်မြို့တော်သို့ ရောက်ရှိလာပြီးနောက် သူတို့၏ ဂိုဏ်းသား တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ပိုင်ကွမ်းယုက လေဝမ်တအသက်ရှင်နေသေးကြောင်း ပြောလာခဲ့သည်။
အကယ်၍ လေဝမ်တသေဆုံးသွားပါက မည်သည့်အရာကိုမှ သက်သေပြနိုင်မည်မဟုတ်ပဲ သူတို့ ကြိုက်သလို ပြောဆိုနိုင်မည်။ သို့သော် သက်သေတစ်ဦး အသက်ရှင်ကျန်ရစ်ခြင်းက အခြေအနေကို ပြောင်းလဲစေသည်။
ဤအချိန်တွင် ပိုင်ကွမ်းယု အမှန်တရားကို ပြောနေခြင်း ဖြစ်နိုင်သည်ဟု ပိုင်လီချန် စတင်တွေးတောလာ၏။ မြူခိုးမှော်ဂိုဏ်း၏ တပည့်တစ်ဦးအနေနှင့် ယခင်အသုတ် တပည့်များ မည်သည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်ကို သဘာဝအတိုင်း သူ သိရှိနေသည်။
အစကတည်းက သူတို့သည် လင်ဟူဂိုဏ်း တပည့်များကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း တပည့်များ အချင်းချင်း တိုက်ခိုက်ရင်း ပျက်စီးခဲ့ကြသည်ဆိုသော ဇာတ်လမ်းမှာ ယုတ္တိရှိနေသည်။
သို့သော် အကယ်၍ မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း နှစ်ခုလုံး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါက သူတို့၏ မဟာမိတ်များဖြစ်သော တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်များသည် အဘယ်ကြောင့် ထိခိုက်မှုမရှိဘဲ ကျန်ရစ်ခဲ့သနည်း။
မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း၏ တပည့်များ ပျောက်ဆုံးသွားချိန်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်များကမူ ကျန်ရှိနေခဲ့သည်။ သူတို့က အခြားသူများ တိုက်ခိုက်နေသည်ကို ထိုင်ကြည့်နေခဲ့ကြတာလား။
ပိုင်ကွမ်းယု ပြောသလိုပဲ ထိုတပည့်အားလုံး ရှနိုင်ငံတော်၏ ကောင်းကင်လူသား စွမ်းအားရှင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပြီလား။
ရှနိုင်ငံတော်၏ ကောင်းကင်လူသား စွမ်းအားရှင်များတွင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များနှင့် ယှဉ်နိုင်လောက်သည်အထိ မည်သို့သော စွမ်းအားမျိုး ရှိနိုင်မည်နည်း။ တစ်ခုခု လွဲချော်နေသည်ဟု ပိုင်လီချန် ခံစားနေရဆဲဖြစ်သည်။ ပိုင်ကွမ်းယု တစ်စုံတစ်ခုကို သေချာပေါက် ဖုံးကွယ်ထားသည်ဟု သူ သံသယရှိနေသေးသည်။
ထိုနှစ်ဦး မယုံမကြည် ဖြစ်နေဆဲဟု မြင်သောအခါ ပိုင်ကွမ်းယုက ဂရုမစိုက်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ကူချီကျိန့်။ ခင်ဗျား အမှန်တရားကို တကယ်သိချင်ရင် တစ်ယောက်ယောက်ကို ရန်ခရိုင်ကို ချက်ချင်းလွှတ်လိုက်ပါ။ ဒီမှာ အချိန်မဖြုန်းပါနဲ့။ ခင်ဗျား အမှန်တရားကို သိသွားတဲ့အခါ ဘယ်သူ့ကို ပြဿနာ ရှာရမလဲဆိုတာ ခင်ဗျား သိသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။”
ပိုင်ကွမ်းယု၏ စကားကို ကြားသောအခါ ပိုင်လီချန်၏ မျက်နှာ ညိုမှောင်သွား၏။ အကယ်၍ ပိုင်ကွမ်းယု ပြောသည့်အတိုင်း အမှန်ဖြစ်ပါက မြူခိုးမှော်ဂိုဏ်းက လင်ဟူဂိုဏ်း၏ တပည့်များကို အစပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ဆိုလိုသည်။
ထိုသို့ဖြစ်ပါက လင်ဟူဂိုဏ်းသည် နောက်ပိုင်းတွင် အပြစ်ကို သူတို့အပေါ် ပုံချပေလိမ့်မည်။
ထို့နောက် ပိုင်လီချန်က
“ လောလောဆယ်တော့ ပြီးခဲ့တဲ့ တပည့်အသုတ်ရဲ့ ကိစ္စကို ဆက်မပြောကြပဲ နေရအောင်။ အခု ကျွန်တော်တို့ အင်အားကြီးသုံးဖွဲ့က တခြားအင်အားစုတွေကို အတူတကွ ရင်ဆိုင်သင့်တယ်။ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်စေသင့်ဘူး။”
ပိုင်လီချန်က သူ၏ ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလိုက်သည်ကို မြင်သောအခါ ကူချီကျိန့်က လှောင်ပြောင်လိုက်သည်။
“ခင်ဗျားက သိပ်ကို သဘောထားကြီးတာပဲ ပိုင်လီချန်။ ဒီကိစ္စကို ဆက်မလိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ခင်ဗျားမှာ အခြားရည်ရွယ်ချက် တစ်ခုခုများ ရှိနေလို့လား။”
မည်သည့် စိတ်ခံစားမှုကိုမှ မပြပဲ ပိုင်လီချန်က
“ကူချီကျိန့်။ ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့။ ကျုပ်တို့ရဲ့ ရန်သူတွေက တခြားအင်အားစုတွေရဲ့ တပည့်တွေပဲ။”
“ကျုပ်တို့ အင်အားကြီးသုံးဖွဲ့က အချင်းချင်း ဆက်ပြီး တိုက်ခိုက်နေကြလို့ လက်ရှိကိစ္စ မအောင်မမြင် ဖြစ်သွားခဲ့ရင် ခင်ဗျား တာဝန်ယူနိုင်မှာလား။”
ကူချီကျိန့် လက်သီး ဆုပ်လိုက်၏။ သူတို့၏ လက်ရှိဆက်ဆံရေးမှာ မဟာမိတ် ဆက်ဆံရေး ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုကိစ္စ မအောင်မြင်ခြင်းကို လင်ဟူဂိုဏ်းက မြူခိုးမှော်ဂိုဏ်းကို တာဝန်ယူခိုင်းရန် ဆုံးဖြတ်ပါက သူတို့၏ ဆက်ဆံရေးကို သေချာပေါက် ပျက်ပြားစေမည် ဖြစ်သည်။
အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ကူချီကျိန့် နောက်ထပ် ဘာမှ မပြောတော့ပေ။