ထိပ်တိုက်ရင်ဆိုင်
Vol. 4 Ch. 50
အလွန်အမင်း စိတ်အား ထက်သန်လွန်းသည့် ကျန်းဟုန်ရီနှင့် လမ်းခွဲပြီးသည့် နောက်တွင် အန်လင်းတို့သည် VIP အခန်းအား စစ်ဆေးကြတော့သည်။
ဧည့်ခန်းတွင် နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းများ အပြည့်ထည့်ထားသည်။
အန်လင်းသည် ထိုပစ္စည်းများအား ကြည့်ရှုပြီးသည့် နောက်တွင် ပထမဆုံး သူလုပ်ရမည့် အရာမှာ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား မိုဘိုင်းဖုန်း အသုံးပြုခြင်းအား သင်ကြားပေးရန်ဟု ဆုံးဖြတ် လိုက်သည်။
သေမျိုးကမ္ဘာတွင် မိုဘိုင်းဖုန်းတစ်လုံး ရှိနေသ၍ မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်ဟု အခြေခံအားဖြင့် ဆိုနိုင်သည်။ မိုဘိုင်းဖုန်း အသုံးပြု၍ ဆက်သွယ်နိုင်သည်၊ ဈေးဝယ်နိုင်သည်၊ သတင်း အချက်အလက်များ ရှာဖွေနိုင်သည်။
နှစ်ဦးစလုံးသည် ဉာဏ်ကောင်း ကြသူများ ဖြစ်သဖြင့် လျင်မြန်စွာပင် တတ်မြောက် နိုင်ကြမည် ဖြစ်သည်။
စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့အား ဖုန်း၏ အခြေခံ လုပ်ဆောင်ချက်များနှင့် ကျွမ်းဝင် လာစေရန် အန်လင်းသည် တစ်နာရီခွဲခန့်သာ သင်ကြား ပေးလိုက်ရသည်။ နှစ်ဦးလုံးသည် အခြား လိုအပ်သည့် အက်ပလီ ကေးရှင်းများကိုပင် ကျွမ်းကျင်စွာ ညွှန်ပြနိုင်နေပြီ ဖြစ်သည်။
ထို့နောက်တွင် အန်လင်းသည် သူတို့ဘာသာ အသုံးပြုနိုင်ရန် လွှတ်ပေးထားလိုက်သည်။
နတ်ဆိုးစေတီကို ချိပ်ပိတ်ထားသည့် တံဆိပ်တော်အား ပိုမိုခိုင်ခံ့လာအောင် ပြုလုပ်ဖို့ရန် အတွက် ခွန်လွန် တောင်တန်းများ ဆီသို့ သွားရောက်ရန် ဆယ်ရက်ခန့် လိုသေးသည်။
ထို့ကြောင့် သေမျိုးကမ္ဘာတွင် နေထိုင်သွားလာရန် အချိန်ပိုများ ရှိနေသေးသည်။
နောက်တစ်နေ့ မနက်တွင် အန်လင်းသည် အားကစား ဝတ်စုံကိုဝတ်ကာ လမ်းပေါ်တွင် လျှောက်သွားရင်း သူ၏ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအား စတင်တော့သည်။
စုရှောင်လန်နှင့် ရွှမ်ယွမ်ချန် တို့သည်လည်း ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ထွက်ခွာ သွားကြပြီး ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း တန်ကြေးရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် လွယ်ကူသည့် အရာ မဟုတ်ချေ။ သူဝယ်ယူရမည့် အရာများထဲတွင် လျင်မြန်လွယ်ကူစွာ ဝယ်ယူနိုင်သည် များလည်း ပါရှိသည်။ ထို့ကြောင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ပစ္စည်းများမှ စတင်ဖို့ ဆုံးဖြတ်လိုက်သည်။
လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် ဆိုင်တစ်ခုအတွင်း ဝင်ရောက် လိုက်ပြီးနောက် လေအေးပေးစက် တစ်ဒါဇင်၊ extra-large flat-screen TV အလုံး နှစ်ဆယ်ကျော်၊ အရည်အသွေးမြင့် laptop ရာချီ၊ အရည်အသွေးမြင့် မိုဘိုင်းဖုန်း ရာချီ၊ single-lens ကင်မရာ အလုံး နှစ်ရာကျော် တို့အား ဝယ်ယူ လိုက်သည်။
အရောင်း စာရေးမလေးသာမက ဆိုင်ပိုင်ရှင်သည်ပင်လျှင် သူ၏ ဝယ်လိုအားကြောင့် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်လျက် ရှိကာ ပြဿနာရှာရန် ရောက်ရှိလာခြင်း များလားဟု တွေးထင် နေလျက် ရှိသည်။
သို့ပေမဲ့လည်း အန်လင်းသည် ပိုင်ရှင်၏ မျက်နှာလိုအားရ အပြုံးတစ်ပွင့်ကို လက်ခံရယူကာ ထွက်ခွာ လာခဲ့သည်။
ဝယ်ယူ ထားသည်များအားလည်း သူနေထိုင်ရာသို့ ပို့ဆောင်ပေးရန် မှာထားပြီး ဖြစ်သည်။
လျှပ်စစ် ပစ္စည်းများအား ဝယ်ယူပြီးသည့်နောက်တွင် ရတနာများ ဝယ်ယူရန် ဖြစ်သည်။
ရတနာများ ဝယ်ယူခြင်းနှင့် ပတ်သက်၍ မှာယူထားသည်များ အတော်လေး များပြားသည်။
ထိုစာရင်းအား ကြည့်နေရင်း အန်လင်းသည် ခေါင်းကိုက်လာတော့သည်။
လမ်းလျှောက် နေရင်းနှင့်ပင် ရုတ်တရက် ဆိုသလို သာယာသည့် အသံလေးတစ်ခု ကြားလိုက်ရသည်။
"အန်လင်းလား ... "
သူက ထိုအသံနှင့် အတော်လေး ရင်းနှီးလျက် ရှိသည်ကြောင့် ချက်ချင်း ဆိုသလို ခေါင်းမော့ကြည့် လိုက်သည်။
ထို့နောက်တွင် ဆံပင်ရှည်နှင့် မိန်းမလှလေး တစ်ယောက်သည် အံ့အားသင့်သည့် အမူအရာဖြင့် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“လင်းဝူဟွာ.”
အန်လင်းသည်လည်း သူ့အရှေ့တွင် ရပ်နေသည့် မိန်းမလှလေးအား မြင်လိုက်ရသည့် အခါတွင် အံ့ဩသွားရသည်။
လင်းဝူဟွာသည် အန်လင်း တက္ကသိုလ် တက်စဉ်အခါတွင် ထားခဲ့ဖူးသည့် ရည်းစားဖြစ်သည်။ သူတို့သည် အန်လင်းမိသားစု ကိစ္စများ မတိုင်ခင် ရက်အနည်းငယ်ခန့်သာ တွဲလိုက်ရခဲ့ရသည်။
အန်လင်းတွင် အကြွေးသန်းနှင့်ချီ၍ ပေးဆပ်ရန် ရှိနေကြောင်း သိလိုက်ရသည့် အခါတွင် လင်းဝူဟွာသည် အန်လင်းအား ထားခဲ့တော့သည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ အန်လင်းတွင် ပြောစရာ သိပ်မရှိပေ။
သူတို့နှစ်ဦးသည် အချိန်ကြာမြင့်စွာ အတူရှိခဲ့ကြသည် မဟုတ်သည့် အပြင် ခံစားချက် များမှာလည်း မလေးနက်ခဲ့ကြပေ။ ထို့အပြင် အကြွေးများစွာ ရှိနေသည့် လူတစ်ယောက်နှင့် မည်သူက အတူတကွ နေထိုင်လိုမည်နည်း။
အန်လင်းသည် အတိတ်ကို အတိတ်မှာသာ ထားခဲ့ပြီး ဖြစ်သည်။ "ဟေ့ ... မတွေ့ရတာ ကြာပြီ ... " အန်လင်းသည် လင်းဝူဟွာအား တည်ငြိမ်စွာပင် ပြုံးပြလိုက်သည်။
လင်းဝူဟွာဘေးတွင် ရပ်နေသည့် ဝတ်ကောင်းစားလှနှင့် အမျိုးသားအား သတိထားမိ လိုက်သည်။
ဒီလူက လင်းဝူဟွာရဲ့ လက်ရှိရည်းစားပဲ ဖြစ်ရမယ် ... သူ့အကြည့်တွေက ငါ့ကို အတော်လေး မနှစ်မြို့ပုံပဲ ...
"အင်း ... " လင်းဝူဟွာသည် အန်လင်းအား နူးညံ့စွာပင် ပြန်ဖြေသည်။ သူမသည် အန်လင်းအား ကြည့်လိုက်သည့် အခါတွင် ယခင်နှင့် အနည်းငယ် ကွဲပြားနေကြောင်း ခံစားမိသည်။
သူမသည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ "တကယ်တော့ ငါက နင့်ကို အတော်လေး စိုးရိမ်နေမိတာ ... နင်က ကျောင်းကနေ ရုတ်တရက်ကြီး ပျောက်သွားတယ်လေ ... အခုကော အဆင်ပြေရဲ့လား ... "
သူမ၏ နှုတ်ဆက်စကားအား ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ပြုံးလိုက်မိသည်။ သူပြန်ဖြေကာနီးတွင် သူမဘေးတွင် ရပ်နေသည့် အမျိုးသားသည် စိတ်မရှည်စွာဖြင့် "ဝူဟွာ ... နိမ့်ပါးတဲ့ လူတစ်ယောက်နဲ့ ဘာလို့များ စိတ်အနှောင့်အယှက် အဖြစ်ခံပြီး စကားပြော နေရသေးတာလဲ ... သူ့တစ်ဘဝလုံးက ဒီလိုပဲ သွားမှာပဲ ... ကျွတ် ကျွတ် ... "
လင်းဝူဟွာ၏ အန်လင်းအပေါ် ကြည့်သည့် အမူအရာအား မြင်လိုက်ရသည့် အခါတွင် ထိုလူသည် အတော်လေး စိတ်မသက်မသာ ဖြစ်မိသည်။
အန်လင်းသည် လင်းဝူဟွာ၏ ရည်းစားဟောင်းဆိုတာ သူသိသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အခြား အကြောင်းအရာများ ပေါ်လာခြင်း ဖြစ်သည်။
"ငါတကယ်ကြီး နားမလည်နိုင်ဘူး ... မင်းတို့လို ကောင်တွေက ဒီလိုပဲ မျက်နှာပြောင် တိုက်လွန်းတာပဲလား ... " ထိုလူက အထင်သေးစွာဖြင့် ရယ်မော လိုက်သည်။ "ဝူဟွာက မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံ လိုက်တာနဲ့ သောက်သုံးမကျတဲ့ မင်းရဲ့ ဖြစ်တည်မှုကို မေ့သွားပြီလား ... "
ထိုစကားအား ကြားလိုက်ရသည့်အခါ အန်လင်းမှာ ကြက်သေ သေသွားတော့သည်။
ဒီကောင်က ကျပ်မပြည့်ဘူးလားဟ ...
သူ့ပါးစပ် ဟလိုက်တဲ့ အချိန်ကတည်းက တရစပ်ကို ပြောနေတော့တာ ... ပြီးတော့ ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံတာလေ ... သူ့ဦးနှောက်က အဆံ ချောင်နေတာများလား ...
လင်းဝူဟွာအား ဂရုဏာသက်စွာ ကြည့်လိုက်ပီဲးနောက် "ဘယ်လိုပဲဖြစ်ဖြစ် နင်က ဟွားချင် တက္ကသိုလ်ရဲ့ ကျောင်းသူ တစ်ယောက်လေ ... နင်ရည်းစား အရမ်းကို လိုချင်နေတယ် ဆိုရင်တောင် ဒီလို ကောင်ကိုတော့ မရှာသင့်ပါဘူး ... "
ထိုစကားအား ကြားလိုက်ရသည့် အခါတွင် လင်းဝူဟွာ မျက်နှာသည် နီရဲသွားတော့သည်။ သူမ ရှက်သွားသည်လား စိတ်ဆိုးသည်လား ပြောရန်ခက်လှသည်။
"မင်းဘာစကား ပြောတာလဲကွ ... " အန်လင်း၏ စကားအား ကြားလိုက်ရသည့် အခါတွင် ထိုလူသည် ဒေါသ ပေါက်ကွဲတော့သည်။
"ငါဘာကောင်မှန်း မင်းသိလား ... ငါက သန်းဆယ်နဲ့ချီ ချမ်းသာတဲ့ ကုမ္ပဏီတစ်ခုရဲ့ အလုပ် အမှုဆောင်ကွ ... "
"မင်းရဲ့ သနားစရာ ကံကြမ္မာကို မပြောင်းနိုင်ဘဲနဲ့ ငါ့ကို ဝေဖန်ဖို့ မင်းလိုကောင်မှာ ဘာအခွင့်အရေးတွေ ရှိနေလို့လဲ ... "
ထိုလူသည် ကျယ်လောင်စွာ အော်ဟစ်နေသည်။
အန်လင်းသည်တော့ တိတ်ဆိတ် လျက်သာ ရှိနေပြီး လင်းဝူဟွာအား ပို၍ ဂရုဏာသက်စွာပင် ကြည့်လိုက်သေးသည်။
"တော်လောက်ပြီ ကောင်းဖုန်း ... " လင်းဝူဟွာသည် အလွန်အမင်း စိတ်ဆိုးနေပြီ ဖြစ်သဖြင့် သူ့အား ရပ်တန့်ရန် အော်လိုက်တော့သည်။
ကောင်းဖုန်းသည် ယခင်ကတည်းက ဒေါသထွက်ကာ ပေါက်ကွဲနေခြင်းဖြစ်သည်။ ထို့ကြောင့် အန်လင်းအား ပစ်မှတ်ထားနေခြင်း ဖြစ်သဖြင့် ထိုသည်က သူမအား အရှက်ရစရာ အနေအထားသို့ တွန်းပို့နေသည်။
လင်းဝူဟွာ၏ အော်သံသည် သက်ရောက်ခြင်း မရှိချေ။ ကောင်းဖုန်းသည် ရပ်ဖို့ ရည်ရွယ်ချက်ရှိပုံ မရသည့်အပြင် အန်လင်းအား ပစ်မှတ်ထားကာ အော်ဟစ်နေရခြင်းကို အလွန် ကျေနပ်ပျော်ရွှင် နေပုံပင်။
နောက်တစ်ဖန် အော်ဟစ် ပေါက်ကွဲတော့မည် ဖြစ်သည်။ ထိုအချိန်မှာပင် အန်လင်းအနီးတွင် ကားတစ်စီး ရပ်လိုက်သံ ကြားလိုက်ရသည်။
သူ့နံဘေးတွင် အနီရောင် Ferrari ပြိုင်ကား တစ်စီး ရပ်လာသည်။
ကားတွင် ရောင်ပြန် ပါးတစ်ချပ် ဖုံးအုပ်ထားသဖြင့် နေရောင်ခြည် အောက်တွင် မီးတောက်များ တောက်လောင် နေသည်နှင့်ပင် တူနေသေးသည်။
Ferrari သည် အလွန်တောက်ပြောင်လျက် ရှိပြီး ချက်ချင်း ဆိုသလို ဖြတ်သွားဖြတ်လာ လူအများ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
မရှေးမနှောင်းမှာပင် တံခါးပေါက် ပွင့်လာပြီး အဖြူရောင် တီရှပ်နှင့် ဂျင်းတို ဝတ်ဆင် ထားသော မိန်းမပျိုလေး တစ်ယောက် ထွက်လာသည်။
ထိုမိန်းမပျိုလေးသည် သူမ၏ အချိုးအစားကျနလှသည့် ခြေတံရှည်များအား လှစ်ဟ ပြသထားပြီး အလွန်တရာ စွဲမက်ဖွယ် ကောင်းလှသည်။
ထိုနူးညံ့ကာ တင့်တယ်လှပသည့် ပုံရိပ်လေးအား ညှို့ယူဖမ်းစားနိုင်သော ပြစ်ချက်ကင်းသည့် မျက်နှာလေးက ဖြည့်စွက် ထောက်ပံ့ ထားသေးသည်။
သူမ၏ လှပမှုသည် ငယ်ရွယ်မှုနှင့် ပျိုမျစ်မှုတို့ ပေါင်းစပ်ထားသည်။ တစ်ချိန်တည်းမှာပင် မြင့်မြတ်ကာ အခြားကမ္ဘာမှ ရောက်လာသည်ဟု ထင်မြင်ရသည်။ သူမ ထွက်ပေါ်လာပြီး များမကြာမီမှာပင် Ferrari ၏ ထင်ရှားမှုကိုပင် ကျော်လွန်ကာ ဖြတ်သွားဖြတ်လာ လူများ၏ စိတ်အာရုံ အလုံးစုံကို ဖမ်းစားသွားသည်။
ထိုမိန်းမပျိုလေးသည် အန်လင်းဆီသို့ ပြုံးကာ လမ်းလျှောက် လာသည်။ "ဟေ့ အန်လင်း ... ငါနင့်ကို ရှာတွေ့ပြီ ... "
မမျှော်လင့်ဘဲ ရောက်ရှိလာသော မိန်းမပျိုလေးသည် စုရှောင်လန်မှလွဲ အခြားမရှိပေ။
ထိုအရာအား မြင်လိုက်ရသည့် အခါတွင် လင်းဝူဟွာသည် အလွန်အမင်း အံ့အားသင့်လျက် ရှိနေသည်။ အန်လင်းသည် ထိုကဲ့သို့ မိန်းမပျိုလေးနှင့် မည်ကဲ့သို့ သိကျွမ်းလာသည်ကို သူမ မတွေးတတ် လောက်အောင် ဖြစ်နေမိသည်။
ကောင်းဖုန်းအား ကြည့်လိုက်သည့် အခါတွင် ထိုလူသည် ထိုမိန်းကလေးအား မိန်းမော တွေဝေစွာ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူ၏ နှာဘူးကျနေခြင်းအား မြင်လိုက်ရသည့် အခါတွင် လင်းဝူဟွာသည် စိတ်ထိခိုက် လာတော့သည်။
စုရှောင်လန်သည် အန်လင်းရှေ့တွင် ရပ်နေသည့် လူနှစ်ယောက်အား ကြည့်ကာ "အဲနှစ်ယောက်က နင့်သူငယ်ချင်းတွေလား ... "
"ဒါက လင်းဝူဟွာတဲ့ ... ငါ့ရဲ့ အရင်က ရည်းစား ... သူ့ဘေးကတော့ သူ့ရဲ့ လက်ရှိရည်းစား အလုပ်အမှုဆောင် ကောင်းတဲ့ ... " အန်လင်းက မိတ်ဆက် ပေးလိုက်သည်။
"ဟမ် ... " ထိုသို့ကြားလိုက်သည့်အခါတွင် စုရှောင်လန်သည် ထိတ်လန့်သွားရသည်။
အန်လင်း၏ ခေါင်းထိပ်အား ကြည့်လိုက်သည့်အခါ မီးစိမ်းလေး လင်းနေသည်ကိုပင် မြင်လိုက်ရသေးသည်။ (မီးစိမ်းလင်းတယ်ဆိုတာ တရုတ်မှာ ဖောက်ပြန်တယ်လို့ ပြောတာပါ_)
လူအုပ်ကြီး၏ အံ့အားသင့်နေသည့် အကြည့်များ အောက်မှာ သူမသည် ချိုသာစွာ ပြုံးလိုက်ပြီး အန်လင်းအား လက်ချိတ် လိုက်သည်။
ထို့နောက်တွင် လင်းဝူဟွာအား စိတ်ဝင်စားသည့်ပုံဖြင့် အကဲဖြတ် သုံးသပ် လိုက်သေးသည်။ "ကိုကိုအန် ... ချစ်လေးက မနေနိုင်တော့ဘူး ပြောမှပဲ ရတော့မယ် ... ကိုကိုအရင်က မျက်စိကန်း နေတာလား ... ဒီလိုမျိုး သာမန်ရုပ်ရည်နဲ့ မိန်းကလေး တစ်ယောက်က ကိုကို့ကို ဘယ်လိုများ ဆွဲဆောင် သွားနိုင်ရတာလဲ ... "
"ဘ ... ဘာပြောလိုက်တယ် ... " လင်းဝူဟွာ အနေဖြင့် သူမအား သာမန်ရုပ်ရည်ဟု ပထမဆုံးအဖြစ် အပြောခံရခြင်း ဖြစ်သည်။ သူမသည် ချက်ချင်းဆိုသလို ဒေါသများ ပြည့်နှက်လာပြီး စုရှောင်လန်အား ဒေါသတကြီး ကြည့်လိုက်သည်။
တကယ်တမ်းတွင် လင်းဝူဟွာသည် အတော်လေး လှပသူ ဖြစ်သည်။ သို့ပေမဲ့လည်း စုရှောင်လန်နှင့် ယှဉ်လိုက်လျှင် သူမသည် အတော်လေးနိမ့်ကျသူ ဖြစ်သွားတော့သည်။ ထိုနှစ်ယောက်၏ ကွာခြားချက်မှာ ပိုးစုန်းကြူးငယ်နှင့် လပြည့်ဝန်းကြီးပမာ ဖြစ်သည်။
ထို့ကြောင့် သူမသည် ဒေါသ ထွက်နေသော်လည်း ပေါက်ကွဲဖို့ရာ မဖြစ်နိုင်ချေ။
ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်္ဂလာပါ ... ကျွန်တော်က ကောင်းဖုန်းလို့ ခေါ်ပါတယ် ... နာမည်လေးများ မေးလို့ရနိုင်မလား ... " ကောင်းဖုန်းသည် မူလအခြေအနေမှ နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိ လာပြီးနောက် ရယ်မောလိုက်သည်။ သူ့ညာဘက် လက်အား ဆန့်ထုတ်လိုက်ပြီး အလွန်အမင်း ရင်းနှီးလိုသည့် ဆန္ဒ ရှိနေပုံရသည်။
လင်းဝူဟွာသည် ဒေါသထွက်လွန်းသဖြင့် ဖြူဖျော့လာသည်။
နင့်ရည်းစားကို အဲကောင်မက အခုလေးတင် စော်ကားနေတာလေ ... နင်အခု ဘာလုပ်နေတယ် ဆိုတာကို နင့်ကိုယ်နင်ရော သိရဲ့လား ...
စုရှောင်လန်သည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ သူမ၏ အမူအရာသည် ပိုလို့ပင် ရပ်သပ်ရှုမောဖွယ် ကောင်းလာသည်။ ကောင်းဖုန်း၏ လက်ကမ်းပေးမှုအား လျစ်လျူရှု လိုက်ပြီး "ဟဟ ... ကိုကိုအန်ရေ ... ကိုကို့ရဲ့ ရည်းစားဟောင်း ဆိုတာက ပိုပြီးတောင် ကန်းနေပါရောလား ... ချစ်လေးဖြင့် ယုံတောင် မယုံနိုင်ဘူးရှင် ... "
လင်းဝူဟွာ၏ ခန္ဓာကိုယ်သည် ယိမ်းထိုးလျက် ရှိနေပြီး ဒေါသကြောင့် လဲကျတော့ မတတ်ပင်။
ဒါက တကယ်ကို အရှိုက်ကို ထိုးလိုက်တာပဲ ... ။
ကောင်းဖုန်းသည်လည်း ထိုအချိန်မှ အသိ ပြန်လည်လာပြီး ဒေါသ ထွက်နေသည့် အမူအရာဖြင့် လက်အား ပြန်ရုတ်သိမ်း လိုက်သည်။
"ကိုကိုအန် ... ကိုကိုက ဒီနှစ်ယောက်နဲ့ပဲ အချိန်ကုန် နေတော့မှာလားလို့ ... ချစ်လေးတို့ လုပ်စရာတွေ ရှိသေးတာ မေ့နေပြီလို့ မပြောနဲ့နော် ... " စုရှောင်လန်သည် အန်လင်း လက်မောင်းကို ရှက်ရွံ့စွာဖြင့် ကိုင်ထားလျက် ချိုသာစွာ ပြောသည်။
ဖြတ်သွားဖြတ်လာ လူအများသည် ထိုအချင်းအရာအား မြင်သည့် အခါတွင် အန်လင်းအား မနာလိုစွာဖြင့် အမှုန့် ချေပစ်ချင်ကြတော့သည်။
ထိုစကားအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် စိတ်ဆိုးစွာဖြင့် ခေါင်းခါ လိုက်ပြီးနောက် "သွားကြတာပေါ့ ... ကိုကိုက ဒီနားကနေ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖြတ်သွားတာပါ ... လူပြက် တစ်ယောက်က ရုတ်တရက်ကြီး ပေါ်လာပြီးတော့ ကိုကို့ရှေ့မှာ ပြဇာတ်ကနေ လိမ့်မယ်လို့ မထင်ထားဘူးလေ ... "
အန်လင်း ထိုသို့ပြောလိုက်သည့် အခါတွင် လင်းဝူဟွာသည် ရှက်လွန်းသဖြင့် မျက်နှာများ နီရဲနေတော့သည်။ ကောင်းဖုန်းသည်လည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလျက် ရှိနေသည်။ သို့ပေမဲ့လည်း အန်လင်းအား ပြန်ပြောရန် စကားရှာမတွေ့ချေ။
ထိုမိန်းမပျိုလေး စီးနင်းလာသည့် Ferrari Enzo သည် သန်းသုံးဆယ် တန်ကြေးရှိသည်။ ထိုပမာဏဖြင့် သူ့ကုမ္ပဏီအား သုံးခါပြန် ဝယ်ယူလို့ပင် ရသေးသည်။
အန်လင်းသည် သူမ၏ ရည်းစား ဖြစ်ရမည်။ ထို့ကြောင့် နိမ့်ပါးသည့်သူ တစ်ဦးအား မည်သူ့အတွက် ဂရုစိုက် နေရမည်နည်း။
သူ့အပြုအမူသည် အရမ်းကို ရယ်ရွှင်ဖွယ်ကောင်းလှသည်မှာ သိသာလွန်းလှသည်။
အန်လင်း၏ ဂရုမစိုက် အလေးမထားသည့် အကြည့်အား ပြန်လည် တွေးမိသည့်အခါတွင် အန်လင်းသည် သူ့အား တစ်ချိန်လုံး လူပြက် တစ်ယောက်လိုသာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
ကောင်းဖုန်းသည် ယခုအချိန်တွင် တွင်းတစ်တွင်း ရှာကာသာ ပုန်းနေချင်တော့သည်။
သောက်ရမ်း ရှက်ဖို့ကောင်းလွန်းတယ် ...
ထိုသို့ဖြင့် လူများစွာတို့၏ အာရုံစိုက်မှု အောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် Ferrari အတွင်း ဝင်လိုက်ကြသည်။ တောက်ပသည့် နေရောင်အောက်တွင် ထိုကားလေးသည် မီးတောက် တစ်ခုကဲ့သို့ အဝေးတွင် လျင်မြန်စွာပင် ပျောက်ကွယ် သွားတော့သည် ... .။
***