← Chapters

သဘောတူညီချက်

Vol. 93 Ch. 916

သဘောတူညီချက်

Vol. 93 Ch. 916

ကျန့်စီချွေ့တယောက် ကယောင်ကတန်းနှင့် စုချန်း၏နဖူးကိုပင် အမှတ်မထင် လှမ်း၍ စမ်းကြည့်မိသည်။

ဒီကောင် ဖျားများ ဖျားနေလေသလား။

ဂျီဟန်းယင်ပင်လျင် ကြောင်တောင်တောင်ဖြစ်သွား၏။

"စုချန်း ရှင် နေကောကောင်းရဲ့လား ပင်လယ်ထဲမှာဆိုရင် နတ်ဆိုးမဟာဧကရာဇ်အဆင့်သားရဲကြီးတွေဟာ ကုန်းပေါ်က ကမ္ဘာဦးမတိုင်မီသားရဲတွေနဲ့ အတူတူပဲရှင့် ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး... ရှင့်ဟာက ဒီလူတွေအားလုံးကို သေတွင်းထဲ ပို့ဖို့ကြိုးစားနေတာနဲ့တောင် တူနေပြီ"

သို့သော် စုချန်းကတော့ ခေါင်းကို အသာအယာပင် ခါယမ်းလိုက်သည်။

"ဒါ တရာရာခိုင်နှုန်း အမှန်တရားတော့မဟုတ်ဘူး ကမ္ဘာဦးမတိုင်မီသားရဲကြီးတွေ ဆောင်းခိုကုန်ကြတယ်ဆိုတာ သူတို့ဟာ အင်မတန် အစွမ်းထက်လွန်းတဲ့အတွက် ကမ္ဘာကြီးကိုယ်နှိုက်က သူတို့အတွက် စွမ်းအင်လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်တော့လို့ပဲ တနည်းအားဖြင့် ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်အနေအထားကိုယ်တိုင်က သူတို့အတွက် ကန့်သတ်ချက်ဖြစ်ပြီးနေပြီလို့ ဆိုလိုတာ ဒါကြောင့် ဒီပင်လယ်သားရဲကြီးတွေ ရေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သေးတယ်ဆိုရင် သူတို့ဟာ သေချာပေါက် ကမ္ဘာဦးမတိုင်မီသားရဲကြီးတွေထက် အားနည်းရမယ်"

ကျန့်စီချွေ့က ပြန်ပြောလိုက်ပြန်သည်။

"ဒါ မင်း သေသေချာချာ နားမလည်လို့ဖြစ်လိမ့်မယ် သူတို့ရဲ့ မူလစွမ်းအင် အသုံးပြုနိုင်စွမ်းဟာ ကမ္ဘာဦးမတိုင်မီ သားရဲကြီးတွေထက် နိမ့်ကျကောင်းနိမ့်ကျနေလိမ့်မယ် ဒါပေမဲ့ ပင်လယ်ကြီးရဲ့ ထူးခြားတဲ့ပတ်ဝန်းကျင်က သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ပေးထားတယ်ကွ ဒီသားရဲတွေ ဘယ်လောက်ထ်ိ ကြောက်စရာကောင်းသလဲဆိုတာ မင်း ကိုယ်တိုင် မမြင်ဖူးရင် ယုံမှာမဟုတ်ဘူး"

စုချန်းက ပြန်ပြောလိုက်၏။

"ကျုပ်ကိုယ်တိုင်လဲ အတိတ်တုန်းက ဒီလို သားရဲကြီးတကောင်နဲ့ ကြုံခဲ့ဖူးပါတယ်လေ"

ထို့နောက် သူက ပြုံးလိုက်ပြန်သည်။

"ဟုတ်ပါတယ် အဲဒီသားရဲတွေဟာ အနိုင်ရဖို့ မလွယ်ဘူးဆိုတာ ကျုပ်ကိုယ်တိုင်လဲ သိပါတယ် ဒါပေမဲ့ ကျုပ် ရဲ့ အစီအစဉ်အတွက် သူတို့မပါလို့တော့ မဖြစ်ဘူး ပြီးတော့ စိတ်မပူစမ်းပါနဲ့လေ မင်းတို့က သူတို့ကို ခနတဖြုတ် အာရုံပြောင်းပေးဖို့လောက်ပဲ လုပ်ရမှာ တကယ်တမ်း တိုက်ခိုက်နေစရာ မလိုဘူး"

"ဒါတောင် အရမ်း စွန့်စားရာကျလွန်းနေတယ် ကျုပ်အဖေကတော့ သဘောတူမှာ မဟုတ်ဘူး ပြီးတော့ ကျုပ်ကိုယ်တိုင်လဲ သဘောမတူဘူး"

ကျန့်စီချွေ့က ခေါင်းကိုသွင်သွင်ခါရင်း ပြောလိုက်၏။

"သူ သဘောတူမှာပါ"

စုချန်းက ခပ်တည်တည်နှင့် မှတ်ချက်ချလိုက်သည်။

ကျန့်စီချွေ့ အံ့ဩသွား၏။

"ဘာဖြစ်လို့လဲ"

"ဒါကို ကျုပ်တို့ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့"

ကျန့်စီချွေ့သည် ကုအိမ်တော်တွင် သုံးရက်ကြာ နေထိုင်ခဲ့၏။ ထိုသုံးရက်တာ ကာလအတွင်း သူနှင့် စုချန်း ဘာတွေ ပြောဆိုဆွေးနွေးကြသည်ကို မည်သူမျှ မသိချေ။

သို့သော် သုံးရက်အကြာ ဂျီဟန်းယင် နှင့်အတူ ထွက်ခွာသွားသော ကျန့်စီချွေ့၏မျက်နှာအမူအရာမှာကား အေးချမ်းတည်ငြိမ်နေခဲ့၏။

ထိုအချိန်တွင် စုချန်းကတော့ ဟာလာဟင်းလင်းတောင်မှာပင် တသက်လုံး နေတော့မလား မှတ်ထင်ရသည်။

သူသည် ကုချိန်းလွှာနှင့် ပျော်ပျော်ရွှင်ရွှင်ပင် နေထိုင်ခဲ့၏။ တချိန်တည်းမှာပင် သုတေသနတချို့ကိုလည်း လုပ်ဆောင်နေခဲ့လေသည်။ ဤသို့နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လဟူသောအချိန် ကုန်လွန်သွားခဲ့၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချူမျိုးနွယ်အဖို့မှာ ခေါင်းကိုက်စရာ ဖြစ်လာတော့သည်။

စုချန်းကား ဟာလာဟင်းလင်းတောင်တွင် သူလုပ်ရမည့်အလုပ်ကို လုပ်ပြီးသွားလေပြီ။ သို့ဆိုလျင် သူ အဘယ်ကြောင့် ဤနေရာတွင် ဆက်ရှိနေရသနည်း။

လက်ရှိအချိန်၌ ချူမျိုးနွယ်တို့တွင် စုချန်းကို သတ်ပစ်ရန် ရည်ရွယ်ချက် မရှိတော့။ ချူဟွိုင်လျန်း သေဆုံးပြီးနောက် ချူမျိုးနွယ်ဘက်မှ စုချန်းအပေါ် သတ်ဖြတ်လိုစိတ်များ သိသိသာသာ လျော့နည်းသွားခဲ့သည်မှာ အမှန်ပင်။ အရေးအကြီးဆုံးမှာ စုချန်းသည် သူ့သဘောတူညီချက်ကို အတိအကျပင် စောင့်ထိန်းထားခြင်းကြောင့် ဖြစ်သည်။

တကယ်တော့ ချူမျိုးနွယ်အတွက်သာ ဤကျိန်စာသုံးမျိုးက အရေးပါနေ၏။ စုချန်းအတွက်တော့ ဤကိစ္စမှာ လတ်တလောတွင် အရေးမပါချေ။

ထိုထက်ပို၍ အားလုံးထဲတွင် အရေးအကြီးဆုံးသော အကြောင်းရင်းမှာ စုချန်း၏ အင်အားကြောင့်ပင် ဖြစ်သည်။

ယခုဆိုလျင် စုချန်းသည် ဝိဉာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ပင် ရောက်ရှိခဲ့လေပြီ။ ထိုမျှသာမက သူသည် ဒသမလက်စွပ်အဆင့် အာကင်နာပညာရှင်လည်း ဖြစ်နေသေး၏။

ထို့ကြောင့် စုချန်း၏ အင်အားမှာ ယခင်ကနှင့်မတူပဲ များစွာ မြင့်မားနေခဲ့လေပြီ။ ချုမျိုးနွယ်စုများအနေနှင့် ထိုအခြေအနေကို ကောင်းကောင်းကြီး သတိထားမိသွားပုံရ၏။ စုချန်း အလင်းတုန်ခါခြင်းနယ်ပယ်တွင် ရှိနေစဉ်မှာပင် ချူဟွိုင်လျန်းကို သတ်နိုင်ခဲ့လျင် ယခုအခြေအနေမျိုး၌ ချူယွမ် ကိုယ်တိုင် ဝင်မပါလျှင် စုချန်းကို သတ်ရန်မည်သို့မှ မဖြစ်နိုင်တော့။

သို့သော် စုချန်းတယောက် ကုနန်းတော်တွင် ဆက်လက်နေထိုင်နေသ၍ ကုမျိုးနွယ်သည် ထိုကျိန်စာများကို ဖြေနိုင်ရန် အကြံထုတ်နေအုံးမည်မှန်း သူတို့ ကောင်းကောင်းကြီး သိထားကြပြန်သည်။ ထို့နောက်တွင် စုချန်း စိတ်ပြောင်းသွားစေရန်နှင့် ကုမျိုးနွယ်ဘက်မ မည်သို့သောကတိမျိုးပေးလာမည်ကို သူတို့ မသိနိုင်ချေ။

ထို့ကြောင့် ချူမျိုးနွယ်တို့သည် စိုးရိမ်တကြီးနှင့် စုချန်းကို အနီးကပ် စောင့်ကြည့်နေခဲ့ရ၏။ သို့သော် စုချန်းလိုလူစားမျိုးကို စောင့်ကြည့်ရသည့်အလုပ်မှာ များစွာ ခက်ခဲပင်ပန်းလှသည်။

နောက်ဆုံးတော့ ချူယွမ်တယောက် မည်သို့မှမနေနိုင်တော့ပဲ စုချန်းကို ဧည့်သည်အဖြစ် ဖိတ်ကြားပြီး မည်သည့်အချိန်တွင် ဟာလာဟင်းလင်းတောင်မှ ပြန်သွားမည်ကို ယဥ်ယဥ်ကျေးကျေးပင် မေးမြန်းရတော့၏။

စုချန်းကလည်း ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီးပြောမှပဲ ကျုပ် တခုသတိရတော့တယ် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ကုမျိုးနွယ်စတုတ္တဖွားဖွားက ကျုပ်ကို တခု ပြောသေးတယ်ဗျ"

"သူ ဘာပြောလိုက်သလဲ"

ဤစကားကို စုချန်း ဘာကြောင့် ရုတ်တရက်ပြောလိုက်မှန်း ချူယွမ် နားမလည်ပဲ ဖြစ်နေ၏။ ထို့ကြောင့် သူက အထက်ပါအတိုင်း အလိုက်အထိုက် ပြန်ပြောလိုက်ရလေသည်။

စုချန်းက ပြန်ဖြေလိုက်၏။

"သူ ကျုပ်နဲ့ချိန်းလွှာကို ကလေးယူစေချင်နေတယ်"

ချူယွမ် ဆတ်ခနဲ တုန်လှုပ်သွားပြီး သူ့မျက်နှာအမူအရာမှာလည်း သိသိသာသာပင် ပြောင်းလဲသွားသည်။

ကုချင်းရုံကား ကျိန်စာကို ဖြေရန် သွယ်ဝိုက်သောနည်းလမ်းနှင့် ကြိုးပမ်းနေခဲ့ချေပြီတကား။

အကယ်၍ စုချန်းနှင့် ကုချိန်းလွှာတို့သာ ကလေးယူလိုက်လျင် တနေ့တွင် ထိုကလေး၏ သွေးဗီဇနိုးထလာပါက ကျိန်စာသုံးမျိုး၏လွှမ်းမိုးမှုအောက်သို့ မုချကျရောက်ရပေအုံးမည်။ ထိုအခါ ဖခင်ဖြစ်သည့် စုချန်းကလည်း ဤကျိန်စာများကို ချေဖျက်မည့် နည်းလမ်းကို မဖြစ်မနေ ရှာဖွေတော့မည်သာ။

ဤလုပ်ရပ်က ကုချင်းရုံသည် စုချန်း၏ ဖခင်မေတ္တာကို သုံး၍ ကုမျိုးနွယ်၏ ကျိန်စာကို ပယ်ဖျက်နိုင်ရန် တဖက်လှည့်ကြိုးစားလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦး ကလေးယူကြသည်မှာ သာမန်ကိစ္စ ဖြစ်သည်။ မည်သည့်နည်းနှင့်မှ လွန်ကဲသော တောင်းဆိုချက်ဟု အပြစ်ဆို၍ မရချေ။

ချူယွမ် ဘာပြောရမှန်း မသိပဲ ဖြစ်နေ၏။ အတန်ကြာမှ သူက ပြောလိုက်လေသည်။

"ဒါဆိုရင် သခင်လေးစုကရော ကလေးယူဖို့ စိတ်ဝင်စားသလား"

"ကျုပ်လား ကျုပ်ကတော့ သိပ်ပြီးစိတ်မဝင်စားပါဘူးလေ"

စုချန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။

"အနာဂတ်မှာ ကျုပ် လုပ်ရမဲ့အလုပ်တွေ အများကြီးကျန်နေသေးတယ် အဲဒီအလုပ်တွေကြောင့် လူအများကြီး ထိခိုက်သွားစေနိုင်တယ် ဒါကြောင့် ကလေးယူလိုက်ရင် ကျုပ်အတွက် အားနည်းချက်တခု ဖြစ်လာလိမ့်မယ်"

"မှန်ပါတယ် အခုချိန်မှာ မင်းအတွက် ပြဿနာဖြစ်နေတဲ့ ကျူးရှန်းယောင်ကိုကြည့်ရင် ဒါကို မြင်နိုင်တယ် မင်းမှာက ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတယ်ဆိုတော့ ကလေးက နောက်ဆံတင်းစရာတွေ ဖြစ်လာလိမ့်မယ်"

ချူယွမ်က စုချန်း၏ စကားကြောင့် ဝမ်းသာသွားပြီး ထောက်ခံပေးလိုက်၏။

"ဒါပေမဲ့ အချိန်တခုကျရင် ကျုပ်အတွက် ကလေးတယောက်တော့ လိုအပ်လာမှာပဲလေ"

စုချန်းက ချူယွမ်ကို ထပ်မံကလိလိုက်ပြန်သည်။

"ကျုပ်ဟာ ကုချိန်းလွှာဘေးမှာ အချိန်ကြာကြာ ရှိနေနိုင်မှာ မဟုတ်ဘူး သူတယောက်တည်း အထီးကျန်နေလိမ့်မယ် ကလေးတစ်ယောက် ရှိရင်တော့ သူ့အတွက် အပျင်းပြေတာပေါ့"

သူ ဘယ်လိုလုပ် အထီးကျန်နေမှာတဲ့လဲ...

သူ့ဘေးနားမှာ ဝန်းရံစောင့်ရှောက်သူတွေ အများကြီး ရှိနေတာပဲကို...

ဒီကောင် လျှောက်ပြောနေတာ...

ချူယွမ် အထက်ပါအတိုင်း စိတ်ထဲက ဒေါသတကြီး အော်ဟစ်နေ၏။ သို့သော် သူ မချိပြုံး ပြုံးပြရုံမှသာ တတ်နိုင်ရှာ၏။

"မှန်ပါတယ် သခင်လေးစုပြောတာ မှန်ပါတယ် ဒါပေမဲ့..."

သို့သော် ချူယွမ် ဘာဆက်ပြောရမှန်း မသိတော့ပဲ ပါးစပ်ပိတ်သွားပြန်သည်။

စုချန်းက ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ကျုပ်ကလေးဟာ နောက်ဆုံးမှာ ချိန်းလွှာလိုပဲ ဟာလာဟင်းလင်းတောင်မှာ ပိတ်မိနေရအုံးမှာပဲလို့ တွေးမိတဲ့အခါ ကျုပ် ချီတုံချတုံ ဖြစ်မိပြန်တယ် ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ကလေးမှာ ကုမျိုးနွယ်ရဲ့ သွေးဗီဇမျိုး ပါမလာစေချင်ဘူး အချိန်ရရင် ကျုပ် ဒါကို သုတေသန လုပ်ဖို့တော့ စဥ်းစားထားတယ်"

ချူယွမ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြန်သည်။

"ဒီအကြံကောင်းတယ် သေချာပေါက် ဖြစ်နိုင်ခြေ ရှိတယ်"

သို့သော် စုချန်း၏စကားသံက ထပ်မံထွက်ပေါ်လာပြန်၏။

"ဒါပေမဲ့ ဒီလိုလုပ်လိုက်ပြန်ရင် ကလေးအတွက် မမျှတပြန်ဘူး သူ့အနေနဲ့လဲ ကုမျိုးနွယ်ရဲ့ မူလသားရဲသွေးဗီဇကိုတော့ ပိုင်ဆိုင်သင့်တာပဲမလား"

မင်း ဒီလိုပဲ ခုတမျိုးတော်ကြာတမျိုး ပြောနေတော့မှာလားကွာ...

ချူယွမ် ရူးမတတ် ခံစားနေရသည်။ ထို့နောက် သူ စုချန်းကို စိတ်ပျက်လက်ပျက် စိုက်ကြည့်ရင်း မေးလိုက်လေသည်။

"သခင်လေးစု ခု ဘာလုပ်ဖို့တွေးထားသလဲဆိုတာ တိတိကျကျ ပြောပါဦး"

စုချန်း ရည်ရွယ်ချက်ရှိရှိ ပြောနေမှန်း ချူယွမ် သဘောပေါက်လိုက်သည် မဟုတ်ပါလား။

စုချန်း တဟားဟား ရယ်မောလိုက်လေသည်။

"ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်မယ့် အကြံတခုတော့ ကျုပ်မှာ ရှိတယ် အရှင်မင်းကြီး"

"ဘယ်လိုအကြံများပါလိမ့် သခင်လေးစု"

စုချန်း ဝိုင်တစ်ကျိုက် သောက်ပြီး အသားကို ဖဲ့စားလိုက်ပြန်သည်။ ချူယွမ်ကား ဖင်တကြွကြွ ဖြစ်နေရှာ၏။

"အကြံကတော့ ချိန်းလွှာကို ကျုပ်နဲ့အတူ ထွက်သွားခွင့်ပြုလိုက်ဖို့ပါပဲ"

ချူယွမ် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သို့သော် သူ ချက်ချင်း ခေါင်းခါယမ်းလိုက်လေသည်။

"မဖြစ်နိုင်ဘူး ချူမျိုးနွယ်ရဲ့ တာဝန်ဟာ ကုမျိုးနွယ်ကို စောင့်ကြည့်ပြီး ကုမျိုးနွယ်ရဲ့ သွေးဗီဇပိုင်ဆိုင်ထားသူတွေကို တခြားနယ်မြေတွေဆီ လျှောက်မသွားအောင် တားဆီးဖို့ပဲ"

"အရှင်မင်းကြီး စိုးရိမ်တာက ကုမျိုးနွယ်စုအနေနဲ့ တနေရာရာမှာ သြဇာအာဏာ တည်ဆောက်ပြီး အထွတ်အထိပ်ကို ပြန်ရောက်လာမှာ စိုးရိမ်နေလို့မလား ကျုပ်အမြင်အရတော့ နှစ်ပေါင်းသုံးထောင်တောင် ကြာခဲ့ပြီဆိုတော့ ကုမျိုးနွယ်ဝင်တွေအနေနဲ့ ဒီလို စိတ်ကူးမျိုးကို လက်လျှော့လိုက်တာမျိုးလဲ ဖြစ်နိုင်တာပဲလေ"

ချူယွမ် တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

"ဒါကလဲ သူတို့ရဲ့ စွမ်းအားကို ကျုပ်တို့က ကန့်သတ်ထားလို့သာပေါ့ တနေ့မှာ ဖိနှိပ်ချုပ်ချယ်မှုတွေသာ မရှိတော့ရင် သူတို့ဟာ အရင်လို ရွှေရောင်လွှမ်းခဲ့တဲ့ကာလမျိုး ပြန်ရောက်ဖို့ ကြိုးပမ်းလာကြအုံးမှာပဲ ဘာပဲဖြစ်ဖြစ် ရည်မှန်းချက်ဟာ အင်အားနဲ့ အမြဲတမ်း နီးနီးစပ်စပ် ရှိနေတယ်ဆိုတာ သခင်လေးစုရော ကျုပ်ရော သိပါတယ်လေ"

ဤစကား မှန်ကန်ကြောင်း စုချန်း ဝန်ခံရပေလိမ့်မည်။

ကုမျိုးနွယ်ဝင်များသည် လက်ရှိအခြေအနေကြောင့်သာ ရည်မှန်းချက် မရှိကြခြင်း ဖြစ်သည်။ အကယ်၍ လွတ်လပ်မှုသာ ပြန်ရသွားပါက ယခင် ရွှေရောင်ကာလများကို ကုမျိုးနွယ်တို့ သတိရလာကြပေလိမ့်မည်။ ထိုအတွက် ကြိုးပမ်းအားထုတ်ကြပေလိမ့်မည်။

"ကဲပါလေ ကလေးကိစ္စကို ခနလေး ဖယ်ထားလိုက်ရအောင် အကယ်၍ ကလေးရခဲ့ရင်တောင် ကုမျိုးနွယ်သွေးဗီဇကို ဖယ်ရှားဖို့ ကျုပ် သေချာပေါက် ကြိုးစားမယ်ဗျာ တကယ်လို့ မအောင်မြင်ခဲ့ရင် ကလေးကို ဟာလာဟင်းလင်တောင်အရောက် ကျုပ်ကိုယ်တိုင် လိုက်ပို့မယ် ဒီလိုဆိုရင်ရော အရှင်မင်းကြီးဘယ်လိုသဘောရသလဲ"

ချူယွမ် ကြံရာမရ ဖြစ်သွား၏။

"သခင်လေးစုရဲ့ကတိကို ကျုပ် ယုံကြည်ပါတယ် ဒါပေမဲ့ အခြေအနေက မင်း ထင်ထားသလောက် မရိုးရှင်းဘူး ချူမျိုးနွယ်က ကူးမျိုးနွယ်ကို စောင့်ကြည့်ထားရမဲ့တာဝန်ကို နိုင်ငံခုနစ်နိုင်ငံက သဘောတူထားတာဖြစ်နေတယ် ဒီလိုအနေအထားမှာ ကျုပ်က သူ့ကို လွှတ်ပေးလိုက်ရင် အကျိုးဆက်တွေက အများကြီး ဆိုးရွားသွားနိုင်တယ်"

စုချန်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

"ဒါကို ကျုပ် သိပါတယ်အရှင်မင်းကြီး ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ လူသားတွေက လုပ်ခဲ့တာမို့ လူသားတွေကိုယ်တိုင်ပဲ ဒါကို ချိုးဖျက်လို့ရပါတယ်လေ နိုင်ငံခုနစ်နိုင်ငံအနေနဲ့ ဒီကိစ္စကို ချွင်းချက်တခုအဖြစ် သဘောထားပေးရင် ဒါ ပြသနာမရှိတော့ဘူးမလား"

ချူယွမ် ဘာမှမတတ်နိုင်ပဲ ခေါင်းငြိမ့်လိုက်ရ၏။

ထိုအခါ စုချန်းက အားရပါးရ ရယ်မောပြီး ပြောလိုက်ပြန်သည်။

"ဟုတ်သားပဲ ဒါနဲ့ အရှင်မင်းကြီးကို ကျုပ် ပြောဖို့ မေ့သွားတာ တခု ရှိတယ်"

"ဘာများလဲ"

ချူယွမ် စိတ်ပူလာ၏။

စုချန်း အောက်ပါအတိုင်း ဆက်ပြောလိုက်လေသည်။

"ကျန်တဲ့ နိုင်ငံခြောက်နိုင်ငံက ဒီကိစ္စကို သဘောတူပြီးသွားပါပြီ အရှင်မင်းကြီး"

ဘာ!

ချူယွမ် ထိုင်ခုံပေါ်မှ ထခုန်လုနီးပါး ဖြစ်သွားသည်။

"ဒါ မဖြစ်နိုင်ဘူး"

"အရှင်မင်းကြီး ကြည့်လိုက်ပါ"

စုချန်း တံဆိပ်ခတ်ထားသော စာလိပ်ခြောက်လိပ် ကို ချူယွမ်ရှေ့တွင် ချပေးလိုက်လေသည်။

အဆိုပါ စာလိပ်ခြောက်လိပ်မှာ နိုင်ငံအသီးသီးမှ ဘုရင်များ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စာလိပ်များပင် ဖြစ်လေသတည်း။

စာလိပ်တိုင်းတွင် မည်သည့်နည်းနှင့်မှ အတုအပ လုပ်၍မရသည့် သွေးတံဆိပ်များ ခတ်နှိပ်ထား၏။

ချူယွမ်သည် ဤစာလိပ်များကို ဖတ်ရှုရင်း တကိုယ်လုံး တုန်ယင်နေ၏။ သူ့အသိစိတ်တခုလုံးမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားလေသည်။

ထိုသို့ဖြစ်ရသည်မှာ သူ ကုချိန်းလွှာကို မလွှတ်ပေးချင်၍ မဟုတ်။ စုချန်း၏ လှုပ်ရှားမှုများကို မည်သို့မှ ကြိုတင်ခန့်မှန်း၍ မရသောကြောင့်ပင် ဖြစ်သည်။

ထို့နောက် သူ စုချန်းကို အံ့သြတကြီးနှင့် မေးလိုက်၏။

"သခင်လေးစု ဒါကို ဘယ်လိုများ စွမ်းဆောင်လိုက်တာလဲ ကျုပ်ကို ပြောပြလို့ရမလား"

All Chapters