← Chapters

အတိတ်နိမိတ်

Vol. 93 Ch. 917

အတိတ်နိမိတ်

Vol. 93 Ch. 917

စုချန်းအနေနှင့် နိုင်ငံခြောက်နိုင်ငံကို မည်သို့ သဘောတူစေခဲ့သနည်း။

ရှင်းပါသည်။ သူသည် လူသားတို့၏ အတ္တနှင့်လောဘကို အသုံးချလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့နေရာအနှံ့အပြားတွင် အမျိုးမျိုးအဖုံဖုံသော ပြသနာများ မည်မျှပင် ပေါ်ပေါက်နေစေကာမူ ထိုပြသနာများကို ဖြေရှင်းရန် နည်းလမ်းမှာ အနည်းငယ်သာ ရှိတတ်၏။ ထိုနည်းလမ်းများမှာကား သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာခံစားမှုများအပေါ် အခြေခံခြင်းနှင့် ဆင်ခြင်တုံတရားကို အခြေခံ၍ နားလည်သဘောပေါက်လာအောင် ရှင်းပြခြင်းတို့သာ ဖြစ်သည်။

စုချန်အနေဖြင့် နိုင်ငံခြောက်နိုင်ငံကို သူ့ဘက်မှ ခြိမ်းခြောက်နိုင်သည့် နည်းလမ်းမရှိသသလို နိုင်ငံရေးနည်းလမ်းများဖြင့် ဖိအားပေးနိုင်သည့် အခြေအနေလည်း မရှိချေ။

ထို့ကြောင့် သူက လောကပေါ်တွင် လူတိုင်းငြင်းပယ်ရန် ခက်ခဲတတ်သည့် အလွယ်ဆုံးနည်းလမ်းကိုပင် ရွေးချယ်ခဲ့လေသည်။ ထိုနည်းလမ်းမှာကား ပိုက်ဆံအမြောက်အမြားကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

သူသည် နိုင်ငံအသီးသီးမှ နန်းတွင်းအရာရှိများနှင့်ဘုရင်များကို ၎င်းတို့သည်းခြေကြိုက်အရာများနှင့် ကမ်းလှမ်းခဲ့၏။

ဤနေရာတွင် နန်းတွင်းအရာရှိများနှင့် ပတ်သက်၍ စုချန်း၏ ရည်ရွယ်ချက်မှာ သူ့ဘက်မှ ကူညီပြောဆိုပေးရန်၊ အနည်းဆုံးအနေနှင့် သူ့လမ်းကြောင်းတွင် လာရောက်ပိတ်ဆို့ခြင်းမရှိစေရန်ပင် ဖြစ်သည်။

ခြောက်နိုင်ငံဘုရင်အသီးသီးနှင့် ပတ်သက်၍မူကား စုချန်း၏ ရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကွဲပြားခြားနား၏။ စုချန်းသည် နိုင်ငံအသီးသီး၏ ဘုရင်များကို ၎င်းတို့၏ သွေးဗီဇစွမ်းအားများကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများဖြင့် ကမ်းလှမ်းခဲ့၏။ သဘောတူညီချက်အတွက် သူ့ဘက်မှ ကမ်းလှမ်းချက်မှာ ကုချိန်းလွှာသည် ပြင်ပကမ္ဘာတွင် အမွေဆက်ခံသူ မထားပါဟူ၍ပင် ဖြစ်သည်။ ထိုမျှသာမကသေး စုချန်းက ၎င်းတို့အနေနှင့် ဤအခြေအနေကို သဘောတူပါက ဘုရင်တဦးဦး ကန့်လန့်တိုက်၍ သဘောတူညီချက်တရပ်လုံး ပျက်ပြယ်သွားစေကာမူ သူ့ဘက်မှ ပေးထားသည့်ကတိကို ဆက်လက်အကောင်အထည် ဖော်မည့်အကြောင်းကိုပါ ထပ််မံကတိပြုခဲ့သေး၏။

ဤသို့သော ထပ်တိုးကတ်ိကြောင့် ဘုရင်တပါးပါး ကဖျက်ယဖျက်လုပ်၍ သဘောတူညီချက် ပျက်သွားစေကာမူ ၎င်းတို့ထဲမှ မည်သူမျှ အရှုံးမရှိတော့ချေ။ အကယ်၍ နိုင်ငံခြောက်နိုင်ငံလုံး သဘောတူပြီး အစီအစဉ်သာအကောင်အထည်ပေါ်လာပါကလည်း သူတို့အနေနှင့် တဦးကိုတဦး အပြစ်တင်နေစရာ အကြောင်းမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော ကုချိန်းလွှာကို လွှတ်ပေးရန် သူတို့အားလုံးပင် သဘောတူခဲ့ကြသည် မဟုတ်ပါလား။

ပြသနာတစုံတရာကို တဦးတည်းခေါင်းခံရခြင်းကို မည်သူမှ သဘောမကျတတ်ချေ။ သို့သော် ပြသနာအတွက် လူတိုင်းအပြစ်တင်ခံရပါက ၎င်းမှာ အထူးတလည်ကိစ္စမဟုတ်တော့။ ဤသဘောတရားအရ ကုချိန်းလွှာကို လွှတ်ပေးခြင်းမှာ ကြီးကျယ်လှသော ကိစ္စမျိုးမဟုတ်တော့ချေ။

မှန်ပါသည်။ စုချန်၏မဟာပညာရှိဟူသောဂုဏ်ပုဒ်နှင့် သူပေးခဲ့သော ကတိများကို ထောက်ရှုလျှင် နိုင်ငံတိုင်းက ကုချိန်းလွှာကို လွှတ်ပေးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တကယ်ပင် လစ်လျူရှုလိုက်ကြ၏။ ဤနည်းအားဖြင့် စုချန်း၏ အစီအစဥ်မှာ အကောင်အထည်ပေါ်လာခဲ့လေသည်။

လီဝုယီနှင့် ကျန့်ကျူးရှန်းတို့ရော ဘာသားနှင့် ထုထားသည်နည်း။ သို့သော် ၎င်းတို့ စုချန်းထံမှ ရလိုက်သည့် အကျိုးအမြတ်မှာ သွေးဗီဇစွမ်းရည်မြင့်မားလာစေသည့် နည်းစနစ်သက်သက် မဟုတ်ချေ။ တခြားအရာများလည်း ပါဝင်နေ၏။

ချူယွမ်သည် သူ့၏ရှေ့မှ စာလိပ်ခြောက်လိပ်ကိုကြည့်ရင်း ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။

အချိန်အတော်ကြာမှ သူက သက်ပြင်းတချက်ချရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။

"သခင်လေးစု မင်းရဲ့အရည်အချင်းကတော့ တကယ့်ကို အံ့မခန်းပါပဲလေ ကျန်တဲ့ ခြောက်နိုင်ငံက သဘောတူညီထားပြီဆိုတော့ ကျုပ်အနေနဲ့လဲ သဘောမတူစရာ မရှိတော့ပါဘူး ဂုဏ်ယူပါတယ်သခင်လေးစု ခုဆိုရင် ကုချိန်းလွှာဟာ မင်းနဲ့အတူ ဘယ်နေရာကိုမဆို သွားလို့ရပါပြီ"

"အရှင်မင်းကြီးကို ကျေးဇူးအများကြီးတင်ပါတယ် ဒီတစ်ခေါက်မှာတော့ ကျုပ်အနေနဲ့ အရှင်မင်းကြီးအပေါ်မှာ အများကြီး အကြွေးတင်သွားပါပြီ"

သွေးဗီဇစွမ်းအားကို အဆင့်မြှင့်တင်ပေးနိုင်သည့်နည်းစနစ်များကို ဖန်တီးပေးပါမည်ဟု နိုင်ငံခုနှစ်နိုင်ငံအား ကတိပေးနိုင်ခဲ့ခြင်းမှာ အလွန်ပင် အထင်ကြီးစရာ ကောင်းနေသည်မှာ အမှန်ပင်။ ကြည့်ရသလောက် တလောကလုံးတွင် ဤသို့စွမ်းဆောင်နိုင်သည်မှာ စုချန်းတယောက်တည်းသာ ရှိလောက်ပေသည်။

“ဒါပေမဲ့ တနည်းအားဖြင့် ဒါဟာ မင်းအတွက် ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇခုနစ်မျိုးကို သုတေသနလုပ်ဖို့ အခွင့်အရေးရလိုက်တာပါပဲ ပြီးတော့ သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအပေါ် လုပ်နေတဲ့ သုတေသနတွေကို ရပ်တန့်ဖို့ မင်းကို ပေးနေတဲ့ ဖိအားတွေလည်း သိသိသာသာ လျော့နည်းသွားလောက်ပါပြီလေ”

ချူယွမ်က စုချန်းဘက်မှ ရလိုက်သည့်အကျိုးအမြတ်များကို တိတိကျကျပင် ထုတ်ပြလိုက်၏။

“မှန်ပါတယ် အရှင်မင်းကြီးဆီကနေ ကျုပ် ဘာကိုမှ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူးဗျာ”

စုချန်း မသိမသာပြုံးရင်း ဝန်ခံလိုက်လေသည်။

တကယ်တော့ စုချန်၏ ရည်ရွယ်ချက်တွင် သူ့အပေါ်ထားရှိသည့် ရန်လိုမုန်းတီးမှုများကိုလည်း အတတ်ဆုံးလျှော့ချရန်ဟူသော အချက်လည်း ပါဝင်နေ၏။

အတိတ်ကာလဆီကဆိုလျင် စုချန်းသည် တော်ဝင်မျိုးနွယ်စုများဘက်က်ို လုံးဝငဲ့မကြည့်ပဲ သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းစနစ်များကိုသာ အထူးတလည် အာရုံထားခဲ့၏။ အကျိုးဆက်မှာကား တော်ဝင်မျိုးနွယ်စုများသည် စုချန်းကို ကြီးမားသော ခြိမ်းခြောက်မှုတရပ်ဟု ရှုမြင်လာကြခြင်းပင်။ ထိုစိတ်အခြေခံကြောင့် တော်ဝင်မျိုးနွယ်စုတိုင်းသည် စုချန်းကို ရန်သူအဖြစ် သဘောထားခဲ့ကြ၏။ ရန်လိုမုန်းတီးစွာ ဆက်ဆံခဲ့ကြ၏။ ကောင်းကင်ဘုံလက်သီးတပ်ရင်း ကြုံခဲ့ရသည့် အခြေအနေက်ိုကြည့်လျင် ၎င်းကို မြင်သာပေသည်။

သို့သော် စုချန်းကား အတော်အတန် အသက်ရလာခဲ့ပေပြီ။ အတွေ့အကြုံအမြောက်အများ ပြည့်ဝနေခဲ့ပေပြီ။ ထို့ကြောင့် ပြဿနာများကို ပို၍ ညင်သာပျော့ပြောင်းသော နည်းလမ်းနှင့် ဖြေရှင်းရန် သူ သင်ယူနိုင်ခဲ့ပေပြီ။

မည်သို့ပင်ဆိုစေ စုချန်း၏ လက်ရှိ လုပ်ဆောင်ချက်များကြောင့် သူ့နှင့်တော်ဝင်မျိုးနွယ်စုများအကြား ဖြစ်တည်နေခဲ့သော အမုန်းတရားများ အတော်အသင့် ပြေလျော့သွားခဲ့သည်မှာ အမှန်ပင်။

အတိတ်ကာလဆီကတော့ သူ၏ ပြုပြင်ပြောင်းလဲမှုများသည် လက်ရှိအခြေအနေ၏ ချိန်ခွင်လျှာကို ဖျက်ဆီးပစ်နိုင်စေရန်နှင့် လူသားမျိုးစိတ်တရပ်လုံး၏ အလားအလာကို တိုးမြှင့်စေရန်သာ စုချန်းက ရည်ရွယ်ထားခဲ့၏။ သို့သော် ယခုတော့ သူ၏ ချည်းကပ်ပုံမှာ လေပြေလေညှင်းတို့၏ နူးညံ့သိမ်မွေ့ခြင်းမျိုးကို ဆောင်နေလေသည်။ သူ့အနေနှင့် တော်ဝင်မျိုးနွယ်စုများ၏ ဖြစ်တည်မှုကို ဖယ်ရှားပစ်ရန် ရည်ရွယ်ခြင်း မရှိတော့။ ထိုအခါ သူနှင့် တော်ဝင်မျိုးနွယ်စုများအကြားရှိ ရန်လိုမုန်းတီးမှုများကလည်း အထိုက်အလျောက် လျော့ကျသွားခြင်းမှာ ဓမ္မတာသာ ဖြစ်သည်။

ထို့နောက်တွင်တော့ ကုချိန်းလွှာ လွတ်မြောက်သွားပြီဟူသော သတင်းသည် ကုအိမ်တော်တဝင်းလုံးသို့ မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွား၏။ ထိုသတင်းကြောင့် လူတိုင်း မျက်လုံးပြူးကုန်ကြလေသည်။

သိပ်မကြာမီ အံ့သြသင့်မှုများ၏ နေရာတွင် ဝမ်းသာပီတိဖြစ်မှုတို့က အစားထိုးဝင်ရောက်လာ၏။

ဤသို့ ဝမ်းသာပီတိဖြစ်နေကြခြင်းမှာ ကုချိန်းလွှာအတွက်သာမကပဲ ၎င်းတို့ကိုယ်တိုင်အတွက်လည်း ပါဝင်နေသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုး တနေ့နေ့ကျလျင် သူတို့လည်း ရလာနိုင်သည် မဟုတ်ပါလား။ နံရံတနေရာတွင် အက်ကြောင်းထင်လာသည်နှင့်အမျှ ကျန်အက်ကွဲကြောင်းများမှာလည်း လျင်မြန်စွာပင် ပေါ်ပေါက်လာတတ်၏။ လွတ်မြောက်ရေးတံခါးက မသ်ိမသာ ပွင့်လာပုံရနေသည် မဟုတ်ပါလား။

ကုချိန်းလွှာသည်လည်း အထူးပင် ဝမ်းသာပျော်ရွှင်နေခဲ့၏။ ယခုတော့ သူမ စုချန်းနှင့်အတူ ရှိနေနိုင်ခဲ့လေပြီ။

ကုမျိုးနွယ်အိမ်တော်တွင် အောင်ပွဲခံအခမ်းအနားများနှင့် ပြည့်နှက်နေ၏။

အလွန်တွေ့ရခဲသည့် ကုမျိုးနွယ်၏ ဘိုးဘေးများပင်လျှင် ဤပွဲများသို့ တက်ရောက်လာကြောင်း မြင်တွေ့နေရသည်။ ကုချိန်းလွှာ၏ကိစ္စ ၎င်းတို့အတွက် မည်မျှ အရေးပါကြောင်း ဤအချက်ကိုကြည့်လျင် မြင်သာနေသည်။

သို့သော် စုချန်းနှင့် ကုချိန်းလွှာအတွက်မူ ဤကိစ္စမှာ ဘာမှအရေးမကြီးလှချေ။

သူတို့၏ အာရုံမှာ မူလအရိုးတောင်ဝှေးအပေါ်တွင်သာ ရှိနေ၏။

မူလအရိုးတောင်ဝှေးသည် တလက်လက် တောက်ပနေပြီး သိပ်မကြာမီ အလင်းရောင်များက စာသားများအဖြစ် ပြောင်းလဲသွား၏။ အဆိုပါစာသားများသည် လေထဲတွင် ခနတဖြုတ်သာ ရှိနေခဲ့သော်လည်း စုချန်းကတော့ ထိုစာသားများအားလုံးကိုမှတ်သားထားနိုင်လိုက်လေသည်။

ထို့နောက် စုချန်းက သူမြင်ခဲ့ရသည့်စာသားများကို နှုတ်တိုက်ချပေးပြီး ကုချိန်းလွှာက လျင်မြန်စွာ ချရေးလိုက်လေသည်။ အချိန်တိုအတွင်းမှာပင် သွေးဗီဇစွမ်းအားကို တိုးမြှင့်ပေးနိုင်မည့် နည်းစနစ်တရပ်ကို သူတို့ မှတ်တမ်းတင်နိုင်ခဲ့လေပြီ။

မှန်ပါသည်။ စုချန်းတို့နှစ်ယောက်မှာ ခြောက်နိုင်ငံကို ကတိပေးခဲ့သည့် သုတေသနလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။

လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် သုတေသနလုပ်ငန်းကြီးကား မူလအရိုးတောင်ဝှေးနှင့် စိတ်ဝိညာဥ်သလင်းတို့၏ အကူအညီဖြင့် အချိန်တိုအတွင်းမှာပင် ပြီးလုနီးပါး ဖြစ်သွားလေပြီ။

သို့ဆိုရုံနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန်မှာ လွယ်ကူလိမ့်မည်ဟု ယူဆလျင် မှားသွားပေလိမ့်မည်။ မူလအရိုးတောင်ဝှေးမှ ပြောင်မြောက်သောဟောကိန်းများကို ထုတ်ပေးနိုင်ရန်မှာ သင့်အနေနှင့် အခြေအနေတချို့၊ လိုအပ်ချက်တချို့ကို ဖြည့်တင်းထားရန် သေချာပေါက် လိုအပ်နေ၏။ ဥပမာပေးရလျင် သာမာန်နလပိန်းတုံးလူတယောက်က သွေးဗီဇမြှင့်တင်နိုင်မည့်နည်းလမ်းကို မူလအရိုးတောင်ဝှေးအား ဟောကိန်းထုတ်ခိုင်းပါက ဘီလျံနှင့်ချီသော မူလကျောက်တုံးများ ပူဇော်စေကာမူ မည်သည့်ဟောကိန်းမှ ထွက်လာမည်မဟုတ်ချေ။ အကြောင်းမှာ အဆိုပါလူတွင် သွေးဗီဇမြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတဟူ၍ စိုးစဥ်းမျှ မရှိသောကြောင့်ပင်။ ထို့ကြောင့် မူလအရိုးတောင်ဝှေးသည် ကာယကံရှင်၏ ပင်ကိုယ်အရည်အချင်းနှင့်စွမ်းရည်အပေါ်တွင်သာ မူတည်၍ ဟောကိန်းထုတ်ပေးနေသည်ဟု ဆိုနိုင်သည်။

တညခန့် ကြိုးစားပမ်းစား အားထုတ်ပြီးနောက် စုချန်းသည် သွေးဗီဇမြှင့်တင်မည့်နည်းစနစ် ခုနစ်မျိုးအနက် ခြောက်မျိုးကို ဖော်ထုတ်နိုင်ခဲ့၏။ ကျန်တမျိုးကိုတော့ သူ နဂိုကတည်းက ကျန့်စီချွေ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဖြစ်သည်။

“ဒီမူလအရိုးတောင်ဝှေးဟာ တကယ်ကြီး အသုံးဝင်တာပဲကိုး”

နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည်ဟု ယူဆထားသောအရာကို တညတည်းနှင့် အောင်မြင်သွားသည်ကို ကြည့်ရင်း ကုချိန်းလွှာ တအံ့တသြ ရေရွတ်လိုက်၏။

“ဒါနဲ့များ ဘာဖြစ်လို့ အစောကြီးကတည်းက မလုပ်ပဲ ခုချိန်ထိ စောင့်နေရတာလဲ"

“လွယ်လွယ်ကူကူ ရသွားရင် တန်ဖိုးထားမှာ မဟုတ်ဘူး သူတို့ဘက်က တန်ဖိုးကြီးကြီးမားမား ပေးဆပ်ထားတာကို ကျုပ်က တညတည်းနဲ့ ပြီးအောင် လုပ်နိုင်ခဲ့တယ်လို့ သူတို့ကို သွားပြောလို့ဘယ်ဖြစ်ပါ့မလဲ မဟုတ်ဘူးလား ဒါကြောင့် ကျုပ်တို့ဘက်က သူတို့ကို နည်းနည်းတော့ စောင့်ခိုင်းမှရမယ် ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ သုံးနှစ်ကြီးများတောင် အချိန်ရထားတယ်လေကွာ”

ကုချိန်းလွှာ ပြုံးစေ့စေ့နှင့် စုချန်း၏ပါးကို ညင်သာစွာ လိမ်ဆွဲလိုက်၏။

“ရှင်ကနော် အရမ်းကို ညဏ်များတာပဲ ကြည့်ရတာ အရာအားလုံးကို ကြိုပြီးစဉ်းစားထားတဲ့ပုံပဲ"

“အဲဒါကို အသာထားအုံး ခု နောက်တခေါက်ကတော့ မင်းအလှည့်ပဲ”

“ဟင် ကျွန်မအလှည့် ဟုတ်လား”

ကုချိန်းလွှာ အံ့အားသင့်သွားရပြန်သည်။

“ကျွန်မလဲ လိုအပ်တာလား”

“ကုမျိုးနွယ်ရဲ့သွေးဗီဇဟာ လူသားမျိုးစိတ်တရပ်လုံးမှာ အစွမ်းအထက်ဆုံးသွေးဗီဇပဲ တကယ်လို့ ကျုပ်ကသာ သူ့ရဲ့အင်အားကို မြှင့်တင်နိုင်ခဲ့ရင် လူသားအားလုံးအတွက် အကျိုးများနိုင်တယ် ပြီးတော့ မင်းအနေနဲ့ ကျုပ်နောက်ကို လိုက်လာရင် ခုထက် အများကြီးပိုပြီး အန္တရာယ်များလာလိမ့်မယ် ကောင်းကင်သံချပ်ကာဝတ်စုံဟာ အစွမ်းထက်ပေမဲ့ အနှိုင်းမဲ့တော့ မဟုတ်သေးဘူး ဒါကြောင့် မင်းရဲ့သွေးဗီဇကို မဖြစ်မနေကို အဆင့်မြှင့်ရလိမ့်မယ်"

ထိုစကားကြောင့် ကုချိန်းလွှာ၏ စိတ်ထဲတွင် ကြည်နူးစွာ ခံစားလိုက်ရ၏။

စုချန်းသည် တခြားလူများကဲ့သို့ “ငါနဲ့အတူ မလိုက်နဲ့ အရမ်းအန္တရာယ် များတယ်” စသော စကားမျိုးဖြင့် ထွေလီကာလီ ပြောနေခြင်းမရှိ။ ထိုအစား သူသည် ကုချိန်းလွှာ၏ နှောင်ကြိုးများကို ဖြတ်တောက်ပေးခဲ့၏။ အင်အားကို မြှင့်တင်နိုင်ရန် အကောင်းဆုံး ကူညီပေးခဲ့၏။ ၎င်းမှာ တာဝန်ယူတတ်သော ခင်ပွန်းသည်တစ်ဦး၏ စရိုက်လက္ခဏာပင် ဖြစ်လေသည်။

ယဇ်ပူဇော်ခြင်း နောက်တစ်ကြိမ် စတင်ခဲ့ပြန်။ သို့သော် ဤတကြိမ်တွင်တော့ မူလအရိုးတောင်ဝှေးမှ မည်သည့်ဟောကိန်းမျှ ထွက်ပေါ်လာခြင်းမရှိချေ။

"ဟင် နတ်ဆိုးဘုရင်အဆင့်မူလသလင်းတောင်မှ မလုံလောက်ဘူးလား”

စုချန်း မျက်မှောင်ကုတ်သွားသည်။ ထို့နောက် သူက နတ်ဆိုးဘုရင်အဆင့်မူလသလင်းအပြင် အချိန်သဲမှုန်တဆုပ်နှင့် အခြားအရန်ပစ္စည်းတချို့ကိုပါ ယဇ်ပလ္လင်ပေါ်တွင် တင်ပေးလိုက်၏။

နောက်ဆုံးတော့ ဟောကိန်းတခု တကယ်ပင် ပေါ်ပေါက်လာခဲ့၏။

သို့သော် အဆိုပါဟောကိန်းသည် စာသားများပုံစံနှင့်မဟုတ်ပဲ ထူးဆန်းသော မြင်ကွင်းတခုအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

ပင်လယ်ပြင်တွင် မီးမုန်တိုင်းတခု ပြင်းထန်စွာ တိုက်ခတ်နေ၏။ ကောင်းကင်သည်လည်း မည်းမှောင်နေပြီး မိုးများ သည်းထန်စွာ ရွာချနေသည်။ ထိုမြင်ကွင်းသည် ကြီးမားသော ဖိအားတရပ်ကို ပေါ်ပေါက်စေပြီး စုချန်းနှင့်ကုချိန်းလွှာတို့၏ မသိစိတ်ထဲတွင် အကြောက်တရားတရပ်ကို ဖြစ်ပေါ်လာစေ၏။

မီးမုန်တိုင်းအလယ်တွင် လူသားတယောက်ရှိနေသည်ကို သူတို့ အတိုင်းသား မြင်တွေ့နေရသည်။

အနီးကပ်ကြည့်လိုက်သောအခါ ထိုလူသားမှာ ကုချိန်းလွှာပင် ဖြစ်နေပြန်၏။

သူမသည် ပြင်းထန်လှသော မီးမုန်တိုင်းအလယ်တွင် လမ်းလျှောက်လျက်ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှ အလွန်တောက်ပသော အလင်းတန်းများ ဖြာထွက်လျက်ရှိပြီး မီးတောက်မီးလျံများကိုပင် ဘေးသိုဖယ်ကျဥ်သွားစေ၏။

ထို့နောက် သူမ လှည့်ကြည့်လိုက်သည်။

သူမ၏ အကြည့်သည် မြင်ကွင်းကို ကြည့်နေကြသည့် စုချန်နှင့်ကုချိန်းလွှာတို့ဆီ တည့်တည့်မတ်မတ်ကြီးပင် ဦးတည်နေလေသည်။ ထို့နောက် သူမက တစုံတရာကို လှမ်းပြောလိုက်၏။ သို့သော် ဘာပြောလိုက်မှန်းကိုကား ရေရေရာရာ မကြားလိုက်ရချေ။

တစ်ခနအကြာတွင်တွင် အဆိုပါပုံရိပ်များသည် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့၏။

မြင်ကွင်းကိုကြည့်နေရင်း ပါးစပ်အဟောင်းသားဖြစ်သော ကုချိန်းလွှာ ဆွံ့ဆွံ့အအနှင့် ပြောလိုက်လေသည်။

“ဒါ…… ဒါက ဘာကြီးလဲ”

ကုမျိုးနွယ်သွေးဗီဇကို မြှင့်တင်နိုင်မည့်နည်းလမ်း ပေါ်မလာပဲ အဘယ်ကြောင့် ဤမျှ ထူးဆန်းသော မြင်ကွင်းသာ ပေါ်လာရလေသနည်း။ အနာဂတ်တွင် ကုချိန်းလွှာ ကြုံတွေရမည့် အဖြစ်ပင်လေလား။

၎င်းမှာ ကောင်းခြင်းနိမိတ်လား သို့မဟုတ် ဆိုးခြင်းနိမိတ်လား။

စုချန်းတွင် မည်သည့်အဖြေမှ ရှိမနေ။

သို့သော် သူ့နှလုံးသားမှာကား အကြီးအကျယ်ပင် လေးလံလျက်ရှိနေခဲ့လေပြီတည်း။

All Chapters