ပျံသန်းနေသောထာဝရရှင်သန်ခြင်းကျင့်ကြံနည်းစနစ်
Vol. 93 Ch. 918
ထူးဆန်းလှသော နိမိတ်ကို မြင်လိုက်ရပြီးနောက် သုံးရက်မြောက်နေ့တွင် စုချန်းသည် ကုချိန်းလွှာကို ခေါ်ဆောင်၍ အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ပြန်လာခဲ့၏။
သူရောက်သည်နှင့် မြင်လိုက်ရသည်မှာကား ဓားတသောင်းတောင်ထိပ်ဆီမှ ကောင်းကင်ဆီသို့ တိုးထွက်နေသော အလင်းတန်းများပင် ဖြစ်သည်။ အဆိုပါ အလင်းတန်းများမှာ မီးတောက်မီးလျံများ မဟုတ်။ တိမ်များဆီသို့ တိုးဝင်နေသည့် ဓားစွမ်းအင် အလင်းတန်းများပင် ဖြစ်ကြလေသည်။
အချုပ်အနှောင်မဲ့ဂိုဏ်းမှ သောင်းချီသော တပည့်များသည် သူတို့၏ အထွတ်အမြတ် ဂိုဏ်းချုပ်၊ လူသားတို့၏ မဟာပညာရှိ၊ လူသားအားလုံးအတွက် လမ်းသစ် ဖောက်ပေးခဲ့သူ ဂိုဏ်းချုပ်ကြီးစုချန်း အိမ်ပြန်အလာကို ကြိုဆိုဂုဏ်ပြုနေကြခြင်းပေတည်း။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကုချိန်းလွှာ အံ့အားသင့်သွား၏။
“အချုပ်အနှောင်မဲ့ဂိုဏ်းမှာ ဒီလောက်တောင် တပည့်တပန်းတွေ များလာတာလား”
“ဟုတ်သားပဲ ကျုပ်ကိုယ်တိုင်တောင် တော်တော် အံ့သြသွားတယ်”
စုချန်းက သက်ပြင်းချလျက် ပြန်ပြောလိုက်သည်။
“ဒါတွေအားလုံးဟာ လီကုံးရှန်နဲ့တခြားလူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပဲ ကျုပ်အဖို့ကတော့ အပင်မစိုက်ပဲ အသီးခူးစားနေတဲ့ ဂိုဏ်းချုပ်နဲ့တောင် တူနေပြီ"
ကုချိန်းလွှာက စုချန်းကို မျက်စောင်းထိုးလိုက်၏။
“ဒါပေါ့လေ ဒါပေါ့ ရှင်မှာက ကမ္ဘာကြီးပေါ် လှည့်လည်ပြီး အလှပဂေးလေးတွေကို ကယ်တင်ရမဲ့ တာဝန်တွေနဲ့ အားမှမအားပဲကိုး ဒီက ကိစ္စတွေအတွက် ဘယ်အချိန်ရတော့မလဲ”
စုချန်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ထိုအချိန်မှာပင် လီကုံးရှန်နှင့်အဖွဲ့သားများ စုချန်းရှိရာသို့ လျှောက်လာကြ၏။ ထို့နောက် သူတို့အားလုံး စုချန်းကို ပြိုင်တူပင် အရိုအသေပေးလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
စုချန်းက လျင်မြန်စွာ တားဆီးလိုက်၏။
“ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူးဗျာ ကျုပ်တို့အားလုံးက အတူတူပဲကို”
လီကုံးရှန်က တည်ငြိမ်လှသော အမူအရာနှင့် ရှင်းပြလိုက်၏။
“ကျုပ်တို့ဟာ တဖက်တည်းသားတွေ ဖြစ်ကြတဲ့အတွက်ကြောင့် စည်းကမ်းကို ပိုပြီးတောင် ထိန်းသိမ်းရပါအုံးမယ် ဂိုဏ်းချုပ်... အချုပ်အနှောင်မဲ့ဂိုဏ်းဟာ အရင်ကနဲ့ မတူတော့ဘူး ကျုပ်တို့ဟာ အင်မတန်ကြီးမြတ်တဲ့ တာဝန်ကို ထမ်းဆောင်နေကြတာ ဖြစ်ပါတယ် ရိုးရာထုံးတမ်းစဥ်လာတွေသာ မရှိဘူးဆိုရင် ကျုပ်တို့ရဲ့အရှိန်အဝါတွေကို ဘယ်လိုလုပ်ပြီး ဖြန့်ကျက်နိုင်တော့မှာလဲ”
ထိုခေတ်ကာလမျိုးတွင် စည်းကမ်း၊ လောကဝတ်နှင့် ယဥ်ကျေးပျူငှာမှုတို့သည် အလွန်ပင်အရေးကြီးပြီး တချို့ကိစ္စများတွင် ဥပဒေထက်ပင် ပို၍အရေးပါနေ၏။ အကြောင်းမှာ ဥပဒေကိုလိုက်နာခြင်းဟူသည် ဥပဒေထုတ်ပြန်သူ၏ အင်အားအပေါ်တွင်သာ မူတည်နေပြီး ယဉ်ကျေးပျူငှာခြင်းဟူသည်မှာကား လူတဦးချင်းစီ၏ စိတ်ရင်းမှန်ကိုသာ အခြေတည်၍ ပေါ်ထွက်လာတတ်သောကြောင့်ပင်။
အင်အားကြီးမားသူက အင်အားနည်းသူကို နိုင်ထက်စီးနင်းမပြုစေရန် တားဆီးထားသည်မှာ ဥပဒေ မဟုတ်ချေ။ ၎င်းမှာ လောကဝတ်ပင် ဖြစ်သည်။ ထိုကြောင့် ထုံးတမ်းစဥ်လာ၊ လောကဝတ်၊ ယဥ်ကျေးပျူငှာမှု စသည်တို့မှာ ဥပဒေထက် ပို၍အရေးကြီးနေသည်မှာ အမှန်ပင်။
စုချန်းသည် လီကုံးရှန်၏ စကားကို ကြားသောအခါ ငြင်းရခက်သွားပြီး သူတို့၏ ဂါရဝပြုမှုကို လက်ခံလိုက်ရ၏။
ထို့နောက် သူတို့အားလုံး တောင်အတွင်းပိုင်းသို့ဆီသို့ ဆက်လျှောက်လာခဲ့ကြသည်။
လမ်းခုလတ်မှာပင် စုချန်းက မေးလိုက်၏။
“အခု အချုပ်အနှောင်မဲ့ဂိုဏ်းမှာ ဂိုဏ်းဝင်ဘယ်လောက်ရှိပြီလဲ”
လီကုံးရှန်က ပြန်ဖြေလိုက်သည်။
“အခုဆိုရင် တပည့် စုစုပေါင်း ၃၂၂၄၀ ယောက် ရှိနေပါပြီ ဂိုဏ်းချုပ်ကြီး”
“ဟင်...ဒီလောက်တောင် များနေပြီလား”
စုချန်း တကယ်ပင် အံ့အားသင့်သွား၏။
ယခင်ကဆိုလျင် ကောင်းကင်ဘုံလက်သီးတပ်ရင်းအပါအဝင် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် ဂိုဏ်းဝင်ပေါင်း တသောင်းပင် မပြည့်ခဲ့ချေ။ သို့သော် နှစ်အနည်းငယ်အတွင်း အရေအတွက်သည် သုံးဆမျှ တိုးလာပြီး သုံးသောင်းအထိ ရောက်ရှိနေခဲ့လေပြီ။
တကယ်တော့ ဤနေရာသည် လူသွားလူလာများလှသော နေရာ မဟုတ်။ ဓားတသောင်းတောင်သည် အချုပ်အနှောင်မဲ့ဂိုဏ်း မတည်ထောင်မီကဆိုလျင် လူဦးရေ ငါးထောင်ခန့်သာ ရှိသော တောခေါင်ခေါင်ကြီး ဖြစ်သည်။
ချူးယင်ဝမ် ပြုံးလိုက်၏။
“ဒါတွေအားလုံး ဂိုဏ်းချုပ်ကြောင့်ပါပဲ ဂိုဏ်းချုပ်ရဲ့ ဩဇာအရှိန်အဝါကြောင့်ရော အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ သွေးဗီဇမလိုပဲအလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းစနစ်ကြောင့်ရောပဲ လူအများကြီး ဒီဂိုဏ်းထဲကို ဝင်ချင်နေကြတယ်လေ ဒါတောင် ဒီလူနှစ်သောင်းကို ကျွန််မတို့ အတော်လေးကို ဂရုစိုက်ပြီး ရွေးချယ်ထားတာ”
စုချန်းသည် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းစနစ်ကို အများပြည်သူသို့ ဖြန့်ဝေခြင်း မပြုရန် သဘောတူခဲ့သော်လည်း အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် လူမည်မျှ လက်ခံရမည်ကိုတော့ သတ်မှတ်ထားခြင်း မရှိခဲ့ချေ။
အစောပိုင်းနှစ်များတွင် ၎င်းသည် ပြဿနာကြီးမဟုတ်။ သို့သော် သွေးဗီဇမလိုအပ်သည့် ကျင့်စဉ်များ ပိုမိုပျံ့နှံ့လာသည်နှင့်အမျှ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်နည်းလမ်းကို အချုပ်အနှောင်မဲ့ဂိုဏ်းတဂိုဏ်းတည်းကသာ ပိုင်ဆိုင်ထားသည်ဟူသောအချက်က ဤရလဒ်ကို ဦးတည်စေခဲ့ခြင်းပင် ဖြစ်လေသည်။
ယခုဆိုလျင် နေ့စဉ်နေ့တိုင်းလိုလိုတွင် မရေမတွက်နိုင်သော ချီစွမ်းအားပညာရှင်များသည် အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ရောက်နိုင်ရန် ဓားတသောင်းတောင်နယ်မြေသို့ တဖွဲဖွဲနှင့် ဝင်ရောက်လျက်ရှိကြကုန်၏။
ထို့ကြောင့်လည်း အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဂိုဏ်းဝင်ခွင့်စံနှုန်းများမှာ အလွန်တင်းကျပ်ထားရသည်။ သူတို့ အဓိကစစ်ဆေးသည့်နေရာတွင်လည်း အရည်အချင်းကို စစ်ဆေးခြင်း မပြု။ လောကကျင့်ဝတ်နှင့် ဉာဏ်ရည်ညဏ်သွေးကိုသာ အဓိက စစ်ဆေးလေသည်။
ထို့နောက်တွင်တော့ ပဏာမရွေးချယ်ခံရသူတိုင်းသည် လောကကျင့်ဝတ်ခန်းမတွင် သုံးနှစ်တာလောကကျင့်ဝတ်သင်တန်းကို တက်ရောက်ရ၏။ ၎င်းသည် အခြေခံအားဖြင့် လူလောက၏ ထုံးတမ်းစဥ်လာ၊ ကျင့်ဝတ်များကို လေးစားတတ်စေရန် ဦးနှောက်ဆေးလိုက်ခြင်းနှင့် တူပေသည်။ ဤသုံးနှစ်လွန်မြောက်ပြီးမှသာ ဤလူသည် တရားဝင်ဂိုဏ်းသား ဖြစ်လာ၏။
ဤအခြေအနေကြောင့် လက်လျှော့သွားသူ အများအပြား ရှိနေ၏။ သို့သော် ပို၍များပြားသော လက်မလျှော့သူများမှာလည်း ထုံးစံအတိုင်း ရှိနေလေသည်။
မည်သို့ဆိုစေ သွေးဗီဇမလိုအပ်သော ကျင့်ကြံရေးနည်းစနစ်များ၏ ဆွဲဆောင်မှုက အလွန်ကြီးမားသည်မှာ အမှန်ပင်။ ဥပမာအားဖြင့် ကောင်းကင်ဘုံလက်သီးတပ်တပ်ရင်း၏ အစောပိုင်းနေ့များတွင် အလင်းလှုပ်ရှား နယ်ပယ်အဆင့် ချီစွမ်းအားပညာရှင် အယောက်နှစ်ဆယ်ခန့်သာ ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ အယောက်ငါးရာခန့်ပင် ရှိနေခဲ့လေပြီ။
ထိုထက်ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိနေပြီး အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသူ အများအပြား ကျန်ရှိနေခြင်းပင်။ ထိုအောက်ထက်နိမ့်သော ချီစွမ်းအားပညာရှင်ဟူ၍ လက်ရှိကာလတွင် များများစားစား ရှိမနေတော့ချေ။
အချိန်ကြာလာသည်နှင့်အမျှ ဤအရေအတွက်မှာ ပိုမို တိုးပွားလာမည်သာ ဖြစ်သည်။ သူတို့ထဲမှ အနှေးကွေးဆုံးဟု ယူဆရမည့်သူပင် ငါးနှစ်အတွင်း အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်သွားနိုင်ဖွယ် ရှိနေ၏။
တစ်နည်းအားဖြင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းတရင်းလုံးသည် ငါးနှစ်အတွင်း အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များ ဖြစ်သွားဖွယ်ရာ ရှိနေသည်။
၎င်းမှာ အတော်လေး အံ့အားသင့်စရာ ပမာဏကြီးပင်။
ဤသည်မှာ စုချန်း ဖန်တီးလိုက်သည့် သွေးဗီဇမလိုသည့်ကျင့်ကြံခြင်းနည်းစနစ်များကြောင့်ပင် ဖြစ်လေသည်။ ယခုဆိုလျင် လူသားမျိုးနွယ် တစ်ရပ်လုံးတွင်လည်း သွေးဆူပွက် နယ်ပယ်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကျင့်ကြံသူများကို နေရာတိုင်းတွင် တွေ့မြင်နေခဲ့ရလေပြီ။
စုချန်းက လောင်စန်းနိုင်ငံကို ပေးထားသည့်ကတိကြောင့်သာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ထင်သလောက် မများသေးပဲရှိနေခြင်း ဖြစ်သည်။ သို့တိုင် ထိုအနေအထားမှာပင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အရေအတွက်သည် တအိအိနှင့် ဆက်လက် တိုးပွားနေ၏။ ထိုအတွက် အကြောင်းပြချက်မှာကား ရိုးရှင်းလှသည်။ ချီစွမ်းအားပညာရှင်များစုသည် စုချန်း၏ နည်းစနစ်များကိုသုံးကာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဦးစွာ တက်လှမ်းလိုက်ကြ၏။ ထို့နောက်တွင်မှ ယခင်နည်းဟောင်းကြီးအတိုင်း သွေးဗီဇစွမ်းအင်ကို အသုံးပြုကာ အလင်းတုန်ခါခြင်းနယ်ပယ်သို့ တက်လှမ်းသွားကြခြင်းပင်။
ဤသို့ဤနှယ်သော အကြောင်းပြချက်များစွာကြောင့် လူအမြောက်အများသည် အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ရောက်ရန် နည်းလမ်းများကို ကြိုးစားရှာဖွေနေကြ၏။
ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသည် မဟုတ်ပါလား။ တစုံတယောက်သည် အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရနိုင်ပါက သွေးဗီဇမလိုတော့ပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် သွေးဗီဇစွမ်းအားကို အသုံးချပြီး အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်သို့တိုင် ဝင်ရောက်နိုင်ရန် အလားအလာ ရှိလာပေလိမ့်မည်။
ယခုဆိုလျင် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို တီထွင်နိုင်ခဲ့ပြီ ဖြစ်လေရာ လူတိုင်း အနှိုင်းမဲ့ဧကရာဇ် ကျင့်ကြံခြင်းနယ်ပယ် သို့ ရောက်ရှိရန်ဖြစ်နိုင်ချေမှာ များစွာ မြင့်တက်သွားခဲ့လေပြီ။
ဤအောင်မြင်မှုမျိုးကိုလည်း အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ရောက်ခြင်းဖြင့်သာ ရရှိနိုင်၏။ ထို့ကြောင့် သုံးနှစ်တာကာလမျှ ဦးနှောက်ဆေးခံရခြင်းမှာ ထိုအောင်မြင်မှုနှင့်စာလျင် ဘာမျှ မဟုတ်ချေ။
ဤအချက်ကြောင့်လည်း တော်ဝင်မျိုးနွယ်စုများက သူ့ကို အလွန်အမင်း မုန်းတီးရခြင်း ဖြစ်ပေလိမ့်မည်။
စုချန်း မရှိခဲ့သော ဤနှစ်တချို့တွင် အချုပ်အနှောင်မဲ့ဂိုဏ်းသည် အခက်အခဲများကို အတော်အတန်ပင် ရင်ဆိုင်ခဲ့ရ၏။ သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းသည် ငွေကြေးအားဖြင့်လည်း ကြွယ်ဝပြီး ကိုယ်တိုင် ဖူလုံနိုင်ပြီး အဖွဲ့သားများ၏ အင်အားကလည်း တော်ရုံတန်ရုံက်ို မှုစရာပင် မလိုတော့ရာ တော်ဝင်မျိုးနွယ်စုများအဖို့ သူတို့ကို လက်ပိုက်၍သာ ကြည့်နေခဲ့ရသည်။ ဤနေရာတွင် လီကုံးရှန်၊ ရှီကိုင်ဟွမ်နှင့်တခြားလူများ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း စုချန်းအနေနှင့် အသိအမှတ်ပြုရပေလိမ့်မည်။
“ဂိုဏ်းဝင်ဖို့ လာရောက်လျှောက်ထားသူတိုင်းကို ကျုပ်တို့က သေသေချာချာတော့ စစ်ဆေးခဲ့တာပဲ ဒါပေမဲ့ လူတိုင်းသစ္စာရှိတယ်လို့ အာမခံဖို့တော့ ခက်တယ် တော်ဝင်မျိုးနွယ်စုတွေရဲ့ လျှို့ဝှက်သူလျှိုတွေ ဒီလူတွေထဲမှာ ပါလာနိုင်ချေတော့ ရှိနေတုန်းပဲ”
ထိုအချိန်မှာပင် လုံခြုံရေးကို တာဝန်ယူထားသူ ကောက်ဝင်ချန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“တလောကပဲ သစ္စာဖောက်တစ်ယောက်ကို ကျုပ်တို့ ဖမ်းမိလိုက်သေးတယ် တော်သေးတယ် ကျုပ်တို့ အချိန်မီ ရှာတွေ့လိုက်လို့ပေါ့…”
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"လုပ်ငန်းက အရမ်းကြီးမားလာတော့ ဒီလိုကိစ္စတွေ ကြုံလာတာ မဆန်းပါဘူးလေ ဒါပေမဲ့ ဒါက ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ဘူး အရင်တုန်းကတည်းက လောင်စန်းနိုင်ငံနဲ့ သဘောတူညီချက်မယူထားဘူးဆိုရင် ဒီနည်းစနစ် လူသိရှင်ကြား ဖြစ်နေတာ အတော်ကြာရောပေါ့ ဒါကြောင့် တနေ့ ဒီနည်းစနစ် ပေါက်ကြားသွားရင်တောင် ပြသနာမရှိဘူး"
လင်ရှောက်ချွန်က ပြောလိုက်ပြန်သည်။
“ဒါပေမဲ့ ဂိုဏ်းရဲ့အကျိုးကျေးဇူးအတွက် ဒီနည်းစနစ် နောက်ကျမှ ပျံ့နှံ့သွားတာ ပိုကောင်းလိမ့်မယ်”
စုချန်း ရယ်မောလိုက်၏။
“ဒါဆို ကျုပ်တို့ရဲ့ပန်းတိုင်က နည်းစနစ်ကို တသင်းတဖွဲ့တည်းက မောင်ပိုင်စီးထားဖို့မဟုတ်ပဲ ဂိုဏ်းအားကောင်းလာအောင် အသုံးချဖို့ဆိုတာက ပိုပြီးသင့်တော်တယ် ဂိုဏ်းအုပ်ကြီးကောက် ခင်ဗျားရဲ့တာဝန်က အလွန်ကြီးလေးတယ် ဒီနည်းစနစ် မပေါက်ကြားအောင် အတတ်နိုင်ဆုံး ကာကွယ်ပါ ဒါပေမဲ့ တနေ့ ပေါက်ကြားသွားရင်လဲ စိတ်မပူပါနဲ့ အဲဒီအချိန်ကျရင် ကျုပ်တို့ ဗိုက်ပြည့်အောင် စားပြီးသောက်ပြီး ဖြစ်လိမ့်မယ် ပြီးတော့ အဲဒီအချိန်ကျရင် လူသားမျိုးစိတ်တရပ်လုံးရဲ့ အင်အားကို မြှင့်တင်ရမဲ့အချိန်ရောက်ပြီလို့ သတ်မှတ်ရလိမ့်မယ် အဲဒီအခါကျရင် အခြေအနေကို သဘာဝအတိုင်းပဲ ဆင့်ကဲပြောင်းလဲဖို့ ခွင့်ပြုလိုက်ပါ”
ကောက်ဝင်ချန်း သက်ပြင်းရှည်ကြီး ချလိုက်၏။ မည်သို့ဆိုစေ စုချန်း၏ စကားကြောင့် သူ အတော်လေး စိတ်သက်သာရာရသွားသည်မှာ အမှန်ပင်။
“ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ လျှို့ဝှက် တိုက်ခိုက်ရေး နည်းစနစ်တွေကိုတော့ ဆက်ပြီးထိမ်းသိမ်းထားရလိမ့်မယ် ပြီးတော့ အနာဂတ်မှာ ကျုပ်တို့က ဂိုဏ်းဝင်တွေကို အတွင်းစည်းတပည့်၊ အပြင်စည်းတပည့်၊ ပြီးတော့ အမွေခံတပည့်ဆိုပြီး အုပ်စုခွဲလိုက်ရင် ပိုကောင်းလိမ့်မယ် ကျုပ်တို့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်တွေကိုတော့ အမွေခံတပည့်တွေကိုပဲ လေ့ကျင့်ခွင့်ပြုမယ်"
ထိုအကြံကို လူတိုင်းကပင် သဘောတူလိုက်ကြ၏။
ထိုအချိန်မှာပင် ကုချိန်းလွှာက ရုတ်တရက် ဝင်ပြောလိုက်သည်။
“အဲဒီအကြံကောင်းတယ် ဒါနဲ့ ကျွန်မ တခု တွေးမိတယ်ရှင့်”
“ဘာများလဲ”
စုချန်းက ပြန်မေးလိုက်သည်။
"သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်ဆိုတဲ့ နာမည်က သိပ်မလှဘူးလို့ ရှင် မထင်ဘူးလား”
သူတို့အားလုံး တယောက်ကို တယောက် ကြည့်လိုက်ကြသည်။
ကုချိန်းလွှာ၏ စကားမှာ အကြွင်းမဲ့မှန်ကန်လှ၏။ လူသားမျိုးစိတ်ကြီးတရပ်လုံး၏ အခြေအနေကို ပြောင်းလဲသွားစေနိုင်မည့် နည်းစနစ်များကို သွေးဗီဇမဲ့ ကျင့်ကြံခြင်းနည်းစနစ်များဟု ခေါ်ဆိုခြင်းမှာ အမှန်တကယ်ပင် အနှစ်သာရ မဲ့လှသည်မဟုတ်ပါလား။
ရှီကိုင်းဟွမ် မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကတော် ပြောတာမှန်တယ် ဤနည်းလမ်းတွေဟာ ကျုပ်တို့ဂိုဏ်းရဲ့ ကျောရိုးဖြစ်တဲ့အတွက် ပိုပြီး သာယာနာပျော်ဖွယ်ရှိတဲ့ နာမည်တခုတော့ ပေးသင့်တယ် ဒီတော့ ဂိုဏ်းချုပ်အနေနဲ့ နာမည်တခုတော့ ရွေးပေးပါ"
“နာမည် ရွေးပေးရမယ်”
စုချန်း မျက်လုံးအစုံကို မှိတ်လိုက်၏။
အချိန်အတော်ကြာမှ သူက လေးနက်လှသော အသံနှင့် အောက်ပါအတိုင်း ပြောလိုက်လေသည်။
“အချုပ်အနှောင်မဲ့ဂိုဏ်းဟာ ဓားတသောင်းတောင်ထိပ်မှာ တည်ရှိတယ် တခါတလေကျရင် တောင်ထိပ်မှာ ရပ်နေတဲ့ လူတယောက်ရဲ့ပုံစံဟာ ထာဝရရှင်သန်ခြင်းကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားတပါးလိုတောင် ထင်မှတ်ရစေတယ် နတ်ဘုရားတွေဆိုတာ သာလွန်ထူးကဲပြီး လူတွေရဲ့စိတ်ကူးထဲမှာသာ တည်ရှိနိုင်တဲ့ ဒဏ္ဍာရီလာတွေ ဖြစ်တယ် ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ ဒီသွေးဗီဇမဲ့ကျင့်ကြံနည်းစနစ်တွေဟာ လူသားမျိုးနွယ်ရဲ့ အဆက်မပြတ် တိုးတက်မှုအတွက် ရည်ရွယ်နေတယ် တနေ့နေ့မှာ သွေးဗီဇမရှိပဲ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့ နည်းစနစ်ကိုသာ ကျုပ်သုတေသန လုပ်နိုင်ရင် ဒါမှမဟုတ် ဒီထက်ပိုပြီး မြင့်မားတဲ့ ကျင့်ကြံခြင်းနယ်ပယ်တွေကို ရှာတွေ့နိုင်ခဲ့ရင် ကျုပ်တို့ကိုယ်တိုင်လဲ နတ်ဘုရားတွေ သိမ်းပိုက်ထားတဲ့၊ ကျုပ်တို့ ဘယ်တုန်းကမှ နားမလည်နိုင်တဲ့ ဘုံထဲကို ဝင်ရောက်နိုင်လိမ့်မယ်"
စုချန်း စကားကို ခေတ္တရပ်တန့်လိုက်၏။ ထို့နောက် သူက အောက်ပါအတိုင်း ဆက်ပြောလိုက်လေသတည်း။
“ဒါကြောင့် ဒီ သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ကျုပ်က ပျံသန်းနေသော ထာဝရရှင်သန်ခြင်းနည်းစနစ်တွေလို့ နာမည်ပေးလိုက်တယ်"