← Chapters

ဆေးပညာ

Vol. 93 Ch. 920

ဆေးပညာ

Vol. 93 Ch. 920

သစ္စာရှာပုံတော်တောင်ထွတ်။

ဤတောင်ထွတ်တွင် အိမ်အနည်းငယ်သာ တည်ရှိနေပြီး အမြင်အားဖြင့် ရိုးရှင်းလှ၏။

သို့သော် ဤရိုးရှင်းသော နေရာသည် မိုင်ပေါင်းများစွာကျယ်ဝန်းသော အချုပ်အနှောင်မဲ့ဂိုဏ်း၏ အလျှို့ဝှက်ဆုံး နေရာများထဲအနက်မှ တနေရာပင် ဖြစ်သည်။ ဂိုဏ်းချုပ်၏ တိုက်ရိုက်ခွင့်ပြုချက်မရဘဲ မည်သူမျှ တောင်ခြေရင်းသို့ပင် ခြေချခွင့်မရှိ။ တောင်ထွတ်ပေါ်မှလည်း ဖြတ်၍ ပျံသန်းခွင့် မရှိပေ။ ထို့အပြင် ဤနေရာသို့ လာရောက်သည့် မည်သူမဆိုသည် ဂိုဏ်း၏ သီးခြား ထုံးတမ်းစဉ်လာတရပ်ကို ကျင့်သုံးရန် လိုအပ်၏။

အကြောင်းမှာ ဤနေရာသည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးစုချန်း သုတေသနပြုလုပ်သော နေရာ ဖြစ်သောကြောင့်ပင်။

ဆူချန်သည် ဤနေရာတွင် သူ၏ သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေခဲ့၏။ မူလအရိုးတောင်ဝှေးသည် သုတေသနလုပ်ငန်းစဥ်ကို များစွာ အရှိန်မြှင့်တင်ပေးခဲ့သည်မှာ အမှန်ပင်။ သို့သော် ထိုအကြောင်းကြောင့်ပင် စုချန်းအနေနှင့် လေ့လာစရာ၊စူးစမ်းစရာ များစွာ ကျန်ရစ်နေခဲ့၏။ ထို့ကြောင့်လည်း စုချန်းက သူ့အသိပညာ၊ ဗဟုသုတများကို ဖြည့်ဆည်းနိုင်စေရန် သစ္စာရှာပုံတော်တောင်ထွတ်ကို တည်ဆောက်လိုက်ခြင်း ဖြစ်သည်။

အမှန်တရားကို ရှာဖွေသူတစ်ဦးအနေနှင့် စုချန်းသည် ဤစကြဝဠာကြီးကို အုပ်စိုးထားသော လျှို့ဝှက်ဆန်းကြယ်သည့် အမှန်တရားများနှင့် နိယာမများကို ရှာဖွေတွေ့ရှိရန် အကြီးအကျယ် စွဲလမ်းနေခဲ့လေပြီ။ သူသည် တနေ့တာအချိန်အများစုကို ထိုနေရာမှာပင် သုနေသနလုပ်ရင်း အချိန်ကုန်နေတတ်၏။ ကျန်အချိန်များတွင်တော့ သူက ဂိုဏ်းကို စီမံခန့်ခွဲ၍လည်းကောင်း၊ ဆေးဝါးများဖော်စပ်၍လည်းကောင်း အသုံးပြု့လေ့ရှိပြီး တခါတရံတွင် ကုချိန်းလွှာနှင့်အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းလေ့ရှိသည်။

ငါးနှစ်တာ သုတေသနလုပ်နေခဲ့ခြင်းကြောင့် ကမ္ဘာကြီး၏အမှန်တရားနှင့်ပတ်သက်၍ စုချန်း၏ နားလည်မှုမှာ ပို၍နက်ရှိုင်းလာခဲ့ပေပြီ။ မူလအရိုးတောင်ဝှေး၏ ဟောကိန်းများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်၊ လူသားတို့၏ ကျင့်ကြံမှုစနစ်နှင့် ပတ်သက်၍ များပြားလှသော အသိပညာဗဟုသုတများစွာကို သူ ပိုင်ဆိုင်ထားခဲ့လေပြီ။

ထို့ကြောင့် စုချန်းကို ဤယနေ့ခေတ်၏ အထူးချွန်ဆုံး ပါရမီရှင်ဟု ဆိုလာလျင် ထိုစကားမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။ တနည်းအားဖြင့် စုချန်းသည် သူ့ရှေ့သို့ ရောက်လာသူ မည်သူမဆို၏ အခြေအနေနှင့် ၎င်းတို့လျှောက်သင့်သည့် လမ်းကြောင်းကို ကောင်းကောင်းကြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေခဲ့လေပြီ။

သူ၏အိပ်မက်သည်လည်း တဖြည်းဖြည်း အကောင်အထည် ပေါ်စပြုလာခဲ့ပေပြီ။ အချိန်ကြာလာသည်နှင့်အမျှ စုချန်းကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသည် လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်အမျှ သူ့ဂုဏ်သတင်းမှာလည်း တဖြည်းဖြည်း ကြီးမြင့်လာပြီ ဖြစ်သည်။

ယုတ်စွအဆုံး သူ့ တပည့်တပန်းများသည်ပင် နိုင်ငံတနိုင်ငံလုံးကို အနိုင်ယူနိုင်လောက်အောင် များပြားနေခဲ့လေပြီ။

ဤသည်မှာပင် စုချန်း ရွေးချယ်ခဲ့သည့် လမ်းကြောင်း ဖြစ်လေသတည်း။

ကျန်မျိုးစိတ်များအတွက်တော့ စုချန်းသည် ဆိုးသွမ်းပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတကောင် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ သို့သော် လူသားများအတွက်တော့ သူသည် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည်အထိ ရည်မှန်းချက်ကြီးမားပြီး ကိုယ်ကျိုးစွန့်အနစ်နာခံသော လူသားတဦး၊ စစ်မှန်သော ရှေ့ဆောင်လမ်းပြတဦးပင် ဖြစ်သည်။

ဤယနေ့တွင်လည်း စုချန်းသည် သူတေသနလုပ်ငန်းများနှင့် အချိန်ကုန်နေပြန်၏။ သူ့ရှေ့ရှိ ကြီးမားသော စားပွဲပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတကောင် လူးလိမ့်နေသည်။ ထိုသတ္တဝါသည် အသားတုံးကြီးသဖွယ် ထင်မြင်ရသော်လည်း ၎င်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းတခုချင်းစီတိုင်းသည် ရွေ့လျားနိုင်ပုံရနေ၏။ တစ်ခါတစ်ရံတွင်တော့ ၎င်း၏ကိုယ်တွင်းမှ အဖုအထစ်များ ဝင်လိုက်ထွက်လိုက် ဖြစ်နေကြောင်း မြင်တွေ့ရလေ့ရှိသည်။

မည်သို့ဆိုစေ စုချန်းကတော့ ဤအသားတုံးကြီးကို အကြီးအကျယ် အာရုံစိုက်နေ၏။ တခနအကြာတွင်တော့ သူသည် ဆေးတမျိုးကို အသားပေါ်သို့ ဂရုတစိုက်နှင့် လောင်းထည့်လိုက်ပြန်သည်။ ထိုဆေးရည်သည် အသားတုံးကြီး၏ အရေပြားထဲသို့ စိမ့်ဝင်သွားပြီး တဖြည်းဖြည်းနှင့် လူသားတစ်ဦး၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားတော့၏။ ထို့နောက် ၎င်း၏ မျက်နှာတွင် နှာခေါင်းနှင့် မျက်လုံးနှစ်လုံး စတင်ပေါ်ပေါက်လာတော့သည်။ ထိုပုံသဏ္ဍာန်သည် ရုတ်တရက်ကြည့်လျင် စုချန်းနှင့်ပင် ခပ်ဆင်ဆင်တူနေ၏။

စက္ကန့်ပိုင်းမျှအကြာမှာပင် ထိုလူအသားတုံးကြီးသည် တကိုယ်လုံး တုန်ယင်လာပြီး အရေခွံများ အလွှာလိုက်ကွာကျလာ၏။ ထို့နောက်တွင်တော့ ၎င်းသည် နာကျင်စွာ အော်ဟစ်ညီးညူလိုက်ပြီး ကြည့်နေရင်းနှင့်ပင် တစစီ အရည်ပျော်သွားတော့သည်။

စုချန်းက တည်တည်ငြိမ်ငြိမ်ပင် အမိန့်ပေးလိုက်၏။

“အချိန်ကို မှတ်ထားစမ်းသံမဏိ သူ့ရဲ့ စိတ်ဝိညာဥ်ခုခံနိုင်စွမ်းက အားနည်းနေတုန်းပဲ ကြာချိန်ကတော့ နှစ်ဆလောက် တိုးလာပြီ လက်ရှိ စိတ်ဝိညာဥ်စိတ်စွမ်းအားကတော့...... အင်း...၁၀၁ ယူနစ်လောက် ရှိမယ်”

သံမဏိကလည်း စုချန်း၏ စကားအတိုင်း လျင်မြန်စွာ မှတ်တမ်းတင်လိုက်၏။

“၁၀၁ ဆိုတော့ ထပ်ပြီးတိုးလာတာပဲ ကျုပ်တို့ အောင်မြင်ဖို့ သိပ်မလိုတော့ဘူး သခင်"

“ဟုတ်တယ်”

စုချန်း သက်ပြင်းချရင်း သူ့လက်ထဲမှ ဆေးပုလင်းကို ငုံ့ကြည့်လိုက်သည်။

မှန်ပါသည်။ ဤဆေးပုလင်းသည်ပင် သူ သုတေသနပြုလုပ်နေသည့်အရာ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ ဤဆေးကို အသုံးပြု၍ ပစ်မှတ်ထားသော သက်ရှိပုံစံတစ်ခုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတမျိုးအား ဖော်ထုတ်နေခြင်းပင်။

ဤသုနေသန၏ အဓိကရည်ရွယ်ချက်မှာ တခြားမဟုတ်။ ကမ္ဘာဖျက်ပိုးကောင်ကို ထိန်းချုပ်နိုင်ရန်ပေတည်း။

ဤပိုးကောင်သည် အလွန်အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သည်။

သို့သော် ၎င်းကို ဤအတိုင်းထုတ်သုံးလိုက်ပါက အရာအားလုံး ပျက်စီးသွားနိုင်၏။ ထို့ကြောင့် စုချန်းအနေနှင့် ဤပိုးကောင်ကို ထိန်းချုပ်နိုင်မည့်နည်းလမ်းကို ကြိုတင်ရှာဖွေထားရပေလိမ့်မည်။

လက်ရှိတွင် သူ့အနေနှင့် တခြားသက်ရှိပုံစံတမျိုးကို ထိန်းချုပ်နိုင်သည့် ဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုဆေး၏ ဘေးထွက်ဆိုးကျိုးမှာ အလွန်ပင် ပြင်းထန်လှ၏။ ထိုဆိုးကျိုးမှာကား ဤဆေးဖြင့် ထိန်းချုပ်ထားသည့် သက်ရှိပုံစံသည် မည်သည့်စိတ်ဝိညာဥ်တိုက်ခိုက်မှုကိုမှ ခံနိုင်ရည်ရှိမနေခြင်းပင်။

ထို့ကြောင့် စုချန်းအနေနှင့် ဤဆေး၏ စိတ်ဝိညာဥ်ခုခံနိုင်စွမ်းကို တိုးမြှင့်နိုင်မည့် နည်းလမ်းတရပ်ကို ဖော်ထုတ်နေခြင်း ဖြစ်သည်။ မည်သို့ဆိုစေ ယနေ့ရလဒ်မှာ အတော်ပင် ကောင်းမွန်လှပေရာ သိပ်မကြာမီ အောင်မြင်သွားနိုင်ဖွယ်ရာ ရှိနေ၏။

“ကံဆိုးတာက ကျုပ်တို့မှာ အချိန်သိပ်မကျန်တော့ဘူး”

စုချန်း၏ စကားကြောင့် သံမဏိ အံ့အားသင့်သွား၏။

“အချိန်ကျတော့မှာလား သခင်”

“အင်း အတော်လေးတော့ နီးနေပြီ”

စုချန်း ပြန်ဖြေလိုက်၏။ တကယ်တော့ ငါးနှစ်တာ ကာလအတွင်း သူ အလဟဿ အချိန်ဖြုန်းနေခြင်းမဟုတ်။ လာမည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းပင် ဖြစ်သည်။

ထာဝရည နှင့်သူ့အကြား သဘောတူညီချက်ကို စုချန်း ဘယ်သောအခါမှ မေ့သွားဖူးသည်မဟုတ်။ သဘောတူညီချက်အရ စုချန်း လှုပ်ရှားရမည့်အချိန်မှာ တဖြည်းဖြည်း နီးကပ်လာနေခဲ့ပေပြီ။

ထိုအချိန်မှာပင် သေမင်းအရိပ်၏ အသံ ထွက်ပေါ်လာ၏။

“သခင် ဒုဂိုဏ်းချုပ်လီ တွေ့ခွင့်တောင်းနေပါတယ်"

“ဟုတ်လား”

စုချန်း မျက်မှောင်ကုတ်သွား၏။ လီကုံးရှန်သည် တော်ရုံတန်ရုံနှင့် စုချန်းကို ဘယ်သောအခါမှ လာရောက်နှောင့်ယှက်လေ့မရှိ။ အရေးကြီးကိစ္စရှိမှသာ ကိုယ်တိုင်လာရောက်လေ့ရှိသည်။

ထို့နောက် စုချန်းလည်း အပြင်သို့ ထွက်လာခဲ့လေသည်။ စုချန်းကို မြင်သည်နှင့် လီကုံးရှန်က ချက်ချင်းပြောလိုက်၏။

“ကျုပ် ယန်စွမ်းအင်ကို အာရုံခံနိုင်ခဲ့ပါပြီ ဂိုဏ်းချုပ် ဒါကြောင့် ကျုပ်အနေနဲ့ နောက်တဆင့်ကို တက်လှမ်းဖို့ အချိန်ကျပြီလို့ ယူဆမိတယ်”

စုချန်း ဝမ်းသာသွားလေသည်။

“ဒီတော့ ဒုဂိုဏ်းချုပ်လီအနေနဲ့ အတွေးပုံဖော်ခြင်းနယ်ပယ်ကို ဝင်ဖို့ ကြိုးစားကြည့်တော့မလား"

နတ်ဘုရားနန်းဆောင်ရှစ်ဆောင်ကို တည်ဆောက်ပြီးနောက် တဦးချင်းစီ၏ ယင်နှင့်ယန်စွမ်းအင်များ ပြောင်းလဲတိုးတက်လာခြင်းသည် အတွေးပုံဖော်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် အဓိကသော့ချက်ပင် ဖြစ်သည်။

ယခု လီကုံးရှန်က ယင်စွမ်းအင်အမှတ်အသားမှ ယန်စွမ်းအင်ကို စတင်ခံစားမိနေပြီဟု ဆိုလိုက်ခြင်းမှာ အတွေးပုံဖော်ခြင်းနယ်ပယ်ကို ဝင်ရောက်ရန် လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု ဆိုလိုက်ခြင်းနှင့် အတူတူသာ။

တနည်းအားဖြင့် ဤလုပ်ငန်းစဥ်အတွင်း သူ့ကို စောင့်ကြည့်ပေးရန် လီကုံးရှန်က စုချန်းကို တောင်းဆိုလိုက်သည့် သဘော ဖြစ်သည်။

စုချန်း ခေါင်းတချက်ညိတ်ရင်း သံမဏိကို ချက်ချင်းအမိန့်ပေးလိုက်၏။

“သံမဏိ ကျုပ်တို့အသင့်ပြင်ထားတဲ့ ယန်အနှစ်သာရဆေးလုံးကို ယူခဲ့စမ်းပါ”

စုချန်းအနေနှင့် အတွေးပုံဖော်ခြင်းနယ်ပယ်သို့ မည်သို့ ဝင်ရောက်ရမည်ကို အပြည့်အဝ သုတေသနမပြုရသေးသည့်တိုင် လုံးဝနားမလည်ဟု ဆို၍တော့မရချေ။ အချုပ်အနှောင်မဲ့ဂိုဏ်းသည် ဤအချိန်ကာလအတွက် အချက်အလက်များစွာ ကြိုတင်စုဆောင်းထားပြီးလေပြီ။ တနည်းအားဖြင့် စုချန်းတွင် အခြေခံသီအိုရီ ရှိနှင့်နေခဲ့လေပြီ။

ထိုမျှသာမကသေး စုချန်းက လုပ်ငန်းစဥ်ကို အကူအညီပေးနိုင်မည့် ဆေးတချို့ကိုလည်း ဖော်စပ်ထားပြီးဖြစ်သည်။ ယန်အနှစ်သာရဆေးလုံးကား စုချန်း ဤအချိန်အတွက် ပြင်ဆင်ထားသော ဆေးဝါးများထဲမှ တစ်မျိုးပင် ဖြစ်သည်။

လီကုံးရှန် အံ့အားသင့်သွား၏။

“ဆေးလုံးလား ဆေးရည် မဟုတ်ဘူးလားဂိုဏ်းချုပ်”

စုချန်းက ပြန်ဖြေလိုက်၏။

“နတ်ဘုရားဆေးပင်တောင်ထွတ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဒုဂိုဏ်းချုပ်လီ မှတ်မိသေးလား”

လီကုံးရှန် ခေါင်းညိတ်ပြလိုက်သည်။

"မှတ်မိပါတယ်ဂိုဏ်းချုပ် အဲဒီက တပည့်တစ်ယောက်က ပါဝင်ပစ္စည်းမှားယွင်းသုံးမိတာနဲ့ ထပြီးပေါက်ကွဲတော့တာပဲ သူ သေလုနီးပါး ဖြစ်သွားပြီး ဆေးဝါးခန်းမတဝက်လောက် ပျက်စီးသွားတယ် ဒါပေမယ့် ဂိုဏ်းချုပ်က သူ့ကို အပြစ်မပေးခဲ့ဘူးလေ"

စုချန်း ခေါင်းညိတ်သည်။

“ဟုတ်တယ် အဲဒီတုန်း ပေါက်ကွဲမှုကနေ ကျန်ခဲ့တဲ့ အနီရောင်ဆေးလုံးလေးတွေကို ကျုပ်လဲ စိတ်ကူးတခုပေါ်လာတာနဲ့ မီးဖိုချောင်နားမှာ မွေးထားတဲ့ ဘဲတကောင်ကို ကျွေးလိုက်တယ် ဘာဖြစ်သွားတယ်ထင်သလဲ ဒုဂိုဏ်းချုပ်လီ"

လီကုံးရှန် အံ့အားသင့်သွားရပြန်သည်။

“ပျံသန်းနေတဲ့ သန်းခေါင်ယံဘဲဆိုတာ အဲဒါလား ဂိုဏ်းချုပ်"

ဆေးဝါးခန်းမပေါက်ကွဲမှုဖြစ်ပွားသည့် ညနေမှာပင် ထူးထူးဆန်းဆန်း ဘဲတကောင် ပျံသန်းနေကြောင်း ကောလဟလများ ထွက်ပေါ်လာပြီး လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ သို့သော် မည်သူမှ ထိုဘဲကို ရှာမတွေ့ခဲ့ချေ။

ယခုကျမှ ဤဖြစ်ရပ်၏ လက်သည်က စုချန်းမှန်း လီကုံးရှန် ချက်ချင်း နားလည်သွားခဲ့လေပြီ။

စုချန်းက လက်ကာပြရင်း ပြောလိုက်ပြန်သည်။

“အဲဒီဆေး စားလိုက်ရတဲ့ ဘဲက ရုတ်တရက်ဆိုသလိုပဲ အသိညဏ်ရှိလာတာဟာ အတော်ကို အံ့သြစရာကောင်းတယ် ဒါနဲ့ ကျုပ်လဲ အဲဒီဆေးလုံးတွေကို ဆက်ပြီး သုတေသနပြုနေခဲ့တာပေါ့လေ တရက်မှာတော့ အဲဒီဆေးလုံးတွေရဲ့ မျက်နှာပြင်ပေါ်မှာ ထူးခြားတဲ့ ပုံစံတခု ရှိနေတာကို ကျုပ် တွေ့လိုက်ရတယ် ဆေးလုံးတွေပေါ်မှာ မူလပုံစံတွေ ပေါ်နေတာပေါ့ နောက်ဆုံးမှာတော့ ဆေးလုံးတွေမှာ မူလပုံစံတွေပါ ရေးထိုးနိုင်တဲ့အဆင့်ထိ ကျုပ် လုပ်နိုင်ခဲ့တယ်ပဲ ဆိုပါတော့"

“ဒါဆို ဂိုဏ်းချုပ်အနေနဲ့ ကျုပ်တို့ဂိုဏ်းက ထုတ်လိုက်တဲ့ ဆေးဝါးအားလုံးကို အခုကစပြီး ဆေးလုံးအနေနဲ့ပဲ ထုတ်တော့မှာပေါ့ ဟုတ်လား”

လီကုံးရှန်က ပြန်မေးလိုက်၏။

စုချန်းက ပြန်ဖြေလိုက်သည်။

“ဒီဆေးလုံးတွေရဲ့ မျက်နှာပြင်ပေါ်က ပုံစံတွေဟာ မူလပုံစံတွေနဲ့ သဘောသဘာဝချင်း ခပ်ဆင်ဆင်တူတယ် ပုံစံပြောင်းသွားတိုင်း မတူညီတဲ့ အာနိသင်တွေကို ဖြစ်ပေါ်စေတယ်ဗျ ဒါကို ဆေးရည်တွေပေါ်မှာ သွားဆွဲလို့မရဘူးလေ ကျုပ်တို့ဂိုဏ်းအနေနဲ့ ဆေးအားလုံးကို ဆေးလုံးအနေနဲ့ ထုတ်ဖို့ဆိုတာကတော့ မလွယ်သေးပါဘူးဗျာ အခုချိန်မှာ ဒီဆေးလုံးမူလပုံစံတွေနဲ့ပတ်သက်ပြီး ကျုပ်ရဲ့ နားလည်မှုက အကန့်အသတ်ရှိနေတုန်းပဲ"

စုချန်း ဤအောင်မြင်မှုကို မည်မျှပင် အလေးမထားစေကာမူ လီကုံးရှန်ကတော့ အထင်မကြီးပဲ မနေနိုင်တော့။ စုချန်းသည် ဘဝတလျှောက်လုံး မရေမတွက်နိုင်သော အရာပေါင်းများစွာကို တီထွင်ဖန်တီးခဲ့ပြီး ဖြစ်သည်။ ယခုလည်း သူသည် ဆေးဝါးဖော်စပ်ခြင်းနယ်ပယ်တွင် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်သည့် အပြောင်းအလဲကြီးတရပ်ကို ဖော်ထုတ်ရန် အရှိန်ယူနေခဲ့ပြန်လေပြီ။ ဤအတိုင်းဆိုလျင် ဆေးဝါးဖော်စပ်သူ ပညာရှင်အများအပြားသည်ပင် စုချန်းကို မုန်းတီးသွားဖွယ်ရာ ရှိနေ၏။

သို့သော် စုချန်းကတော့ ဘယ်သူတဦးတယောက်၏ ချစ်ခြင်းမုန်းခြင်းကိုမျှ ဂရုစိုက်လိမ့်မည်မဟုတ်။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လူတဦးချင်းစီ၏ ဆန္ဒ သို့မဟုတ် လူအုပ်စုငယ်များ၏ လောဘကြောင့် လွှမ်းမိုးခံလိမ့်မည်မဟုတ်ချေ။

နောက်တရက်အကြာတွင်တော့ လီကုံးရှန်သည် အတွေးပုံဖော်ခြင်းနယ်ပယ်သို့ အောင်အောင်မြင်မြင်ပင် ဝင်ရောက်သွားနိုင်ခဲ့၏။

နောက်ဆုံးတော့ အချုပ်အနှောင်မဲ့ဂိုဏ်းသည် အတွေးပုံဖော်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တဦးကို ပိုင်ဆိုင်နိုင်ခဲ့လေပြီ။

စုချန်းကိုယ်တိုင်သည်လည်း ဤလုပ်ငန်းစဥ်၏ အားနည်းချက်၊ အားသာချက်တချို့ကို ထိုးထွင်းသိမြင်နိုင်ခဲ့လေပြီ။

ဤအသိပညာများသည်ပင် အနာဂတ် အတွေးပုံဖော်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရာတွင် အခြေခံအုတ်မြစ်တခု ဖြစ်လာပေလိမ့်မည်တည်း။

All Chapters