ဆင့်ခေါ်ခြင်း
Vol. 93 Ch. 921
အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အတွေးပုံဖော်ခြင်းနယ်ပယ် ကျင့်ကြံသူတဦး ပေါ်ထွန်းလာခြင်းမှာ ကိစ္စကြီးဖြစ်သည်။ သို့သော် သိပ်မကြာမီ နောက်ထပ်သတင်းကောင်းတခုက တောမီးပမာ ထပ်မံ ပျံ့နှံ့လာပြန်၏။ ထိုသတင်းမှာကား ရှီကိုင်းဟွမ်တယောက် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဟူသော သတင်းပင် ဖြစ်သည်။
ရှီကိုင်းဟွမ်သည် ဆယ်စုနှစ်ကျော်ကြာသည်အထိ အလင်းတုန်ခါခြင်းနယ်ပယ်မှာပင် ပိတ်မိနေခဲ့၏။ သူသည် သွေးနှောတဦးသာ ဖြစ်လေရာ သူရောက်ရှိနိုင်သည့် ကျင့်ကြံခြင်းနယ်ပယ်မှာလည်း အလင်းတုန်ခါခြင်းနယ်ပယ်သာ ဖြစ်သည်။ သို့သော် စုချန်း၏ နည်းစနစ်များကြောင့် ရှီကိုင်းဟွမ် အခြေအနေမှာ အဆင့်တက်ရန် များစွာ အလားအလာရှိလာခဲ့၏။ သို့သော် သတ်ဖြတ်သူနယ်မြေမှ ရရှိလာသော ဒဏ်ရာများကြောင့် ရှီကိုင်းဟွမ်တယောက် အဆင့်မတက်နိင်သေးပဲ စောင့်ဆိုင်းနေခဲ့ရလေသည်။
မည်သို့ဆိုစေ ယခုတော့ ရှီကိုင်းဟွမ်တယောက် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပေပြီ။ သူသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ မူလသူရဲကောင်း ခုနစ်ဦးအနက် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ နောက်ဆုံးမှ ရောက်ရှိသူ ဖြစ်လာ၏။ သို့သော် သူ့အောင်မြင်မှုက တခြားလူများထက် လူတိုင်း၏ အာရုံကို များစွာဆွဲဆောင်နိင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
ထိုနေ့မှာပင် စုချန်းသည် ရှီကိုင်းဟွမ်အတွက် ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုပွဲကြီးတပွဲကို စီစဉ်ပေးလိုက်၏။ ဂိုဏ်းမှတပည့်အားလုံးသည် ရှီက်ိုင်းဟွမ်ကို လာရောက်ဂုဏ်ပြုကြသည်။ ရှီကိုင်းဟွမ် ကိုယ်တိုင်မှာကား အမူးလွန်ပြီး စုချန်း၏လက်ကို ဆုပ်ကိုင်ကာရှိုက်ကြီးတငင်ပင် ငိုကြွေးနေရှာသည်။
နောက်ဆုံးတော့ ချူးယင်ဝမ်ကပင် သူ့ကို ဆွဲခေါ်သွားရ၏။
"အဘိုးကြီး ဒီညတော့ တကယ်ကို စိတ်လှုပ်ရှားနေတာပဲ"
လူတိုင်း ထွက်ခွာသွားပြီးမှ ကုချိန်းလွှာက စုချန်းကို ပြောလိုက်သည်။
စုချန်းကား ပန်းဥယျာဉ်ထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။ လရောင်မှာ သူ့တကိုယ်လုံးပေါ်သို့ ဖျာကျလျက်ရှိသည်။
"သူ့ခံစားချက်ကို ကျုပ် ကောင်းကောင်းကြီး နားလည်ပါတယ်လေ သူဟာ ဘဝတစ်လျှောက်လုံး သူအမြင့်ဆုံးရောက်နိုင်တဲ့အဆင့်ဟာ သွေးဆူခြင်းနယ်ပယ်ပဲလို့ တွေးမိကောင်းတွေးမိနေလိမ့်မယ် ဒါပေမဲ့ အခုချိန်မှာတော့ သူမျှော်လင့်ထားတဲ့အဆင့်ထက် အများကြီး ကျော်တက်သွားခဲ့ပြီ ဒီတော့ သူ အကြီးအကျယ် စိတ်လှုပ်ရှားနေတာပေါ့ ဒါမဆန်းပါဘူး"
"ဒါဆို ရှင်ကျတော့ရော ဒီလို အောင်မြင်မှုတွေအတွက် ရှင်ဘယ်လိုမှ မခံစားရဘူးလား"
တကယ်တော့ စုချန်းသည် သူ၏အောင်မြင်မှုများအတွက် လုံးဝစိတ်လှုပ်ရှားခြင်းမရှိဟုဆိုလျင် လိမ်ညာရကျပေလိမ့်မည်။ သို့သော် သူ ရပ်တည်နေသည့် အုတ်မြစ်ကို သူ ကောင်းကောင်းကြီး နားလည်ထား၏။ သူ ဤသို့အောင်မြင်လာသည်မှာ သူ့ကြိုးပမ်းအားထုတ်မှုသက်သက်ကြောင့် မဟုတ်။ ပရမတ်မျက်လုံး၊ စိတ်ဝိညာဥ်သလင်းနှင့် မူလအရိုးတောင်ဝှေးတို့၏ အကူအညီလည်း များစွာ ပါဝင်နေပေသည်။
အတော်ဆုံးသော ပါရမီရှင်တဦးပင်လျင် အကောင်းဆုံးသူဆိုသော ကိရိယာများကို လိုအပ်တတ်၏။
ဤနေရာတွင် အထူးပြောစရာရှိသည်မှာ ပရမတ်မျက်လုံးများပင် ဖြစ်သည်။ ဤမျက်လုံးများသည် သူရရှိထားသည့် အောင်မြင်မှုတိုင်း၏ မူလဘူတ၊ အရင်းအမြစ်ဟု ဆိုနိုင်၏။
စိတ်ဝိညာဥ်သလင်းနှင့် မူလအရိုးတောင်ဝှေးတို့ကို စုချန်းက ကိုယ့်အားကိုယ်ကိုး၍ ရယူနိုင်ခဲ့သည် ဆိုစေအုံး။ ပရမတ်မျက်လုံးများကတော့ လုံးဝကွဲပြားခြားနားနေသည်။
ထို့ကြောင့် စုချန်းအနေနှင့် နှင်းဖုံးနေသော လမ်းမကြီးကိုလည်းကောင်း၊ ထို သူတောင်းစားအဖိုးကြီးကိုလည်းကောင်း မည်သည့်အခါမျှ မေ့လိမ့်မည်မဟုတ်။ သို့သော် ယခုအချိန်အထိ ထိုသူတောင်းစားအဖိုးကြီး မည်သူမည်ဝါဖြစ်ကြောင်း သူ မသိနိုင်သေးချေ။
ဤအကြောင်းကြောင့် အနှီသူတောင်းစားအဖိုးကြီးသည် စုချန်း၏ စိတ်ထဲတွင် ထာဝရတည်ရှိနေမည့် ဖြစ်တည်မှုတခုပင် ဖြစ်သည်။
တနည်းအားဖြင့် သူ မကျော်လွှားနိုင်သော စိတ်ကူး၍ပင်မရနိုင်အောင် ကြီးမားလှသည့် တောင်ကြီးတစ်တောင်ပင်တည်း။
သူ့အနေနှင့် ဤတောင်ကြီး မည်မျှမြင့်ကြောင်းကို မဖော်ထုတ်နိုင်သေးချေ။ ထို့ကြောင့် သူ့အဖို့ လေးစားရိုသေသည့်သဘောမျိုး ထားရန်သာရှိလေသည်။
ဤသို့သော အခြေအနေများအောက်တွင် စုချန်း ရရှိခဲ့သော မည်သည့်အောင်မြင်မှုမဆိုသည် တွေးကြည့်လိုက်လျင် ဘာတန်ဖိုးမှ ရှိမနေတော့။
သို့သော် စုချန်းက ကုချိန်းလွှာကို အောက်ပါအတိုင်းသာ ရှင်းပြလိုက်၏။
"လူ့သက်တမ်းက ရှည်လျားလွန်းပါတယ်ကွာ ပြီးတော့ ကျုပ်အဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် အခုလိုအချိန်မှာတောင် ကျုပ်တို့ မော့ကြည့်နေရတဲ့ ပုဂ္ဂိုလ်တွေဆိုတာ မရေမတွက်နိုင်အောင် ရှိနေသေးတယ် သားရဲမဟာဧကရာဇ်ကြီးတွေ ဝိညာဥ်မျိုးစိတ်ခေါင်းဆောင်တွေ ပြီးတော့ အိပ်မက်နယ်မြေအရှင်သခင် ဒါကြောင့် ဒါ ကျုပ်တို့တက်ထောင်ရမဲ့အချိန်မဟုတ်သေးဘူး ကျုပ်တို့ရှေ့ဆက်လျှောက်ရမဲ့လမ်းက အဝေးကြီး ကျန်နေသေးတယ်"
စုချန်း၏ စကားကြောင့် ကုချိန်းလွှာ နှုတ်ဆိတ်သွား၏။
အတန်ကြာသော် စုချန်းက စကားကို လမ်းကြောင်းပြောင်းလိုက်လေသည်။
"တကယ်တမ်းတော့ ကျုပ်က သုတေသနထပ်လုပ်ချင်သေးတယ် ကံဆိုးတာက ကျုပ်မှာ အချိန်မရှိတော့ဘူး"
"အချိန်ကျလာပြီလား"
စုချန်း ဘာကိုဆိုလိုမှန်း ကုချိန်းလွှာ နားလည်လိုက်လေသည်။
စုချန်း ခေါင်းညိတ်လိုက်၏။
"ထာဝရညဆီက သတင်းရောက်လာတယ် သူအားလုံးကို.....ပြင်ဆင်ပြီးပြီတဲ့"
ကုချိန်းလွှာ ပြုံးလိုက်၏။
"ကောင်းပြီလေ လုပ်ရမယ့် တာဝန်ဆိုတာ အမြဲတမ်း ရှိနေတာပဲမလား ပင်လယ်လူသားမျိုးစိတ်တွေနဲ့ ဝိညာဥ်မျိုးစိတ်တွေ ကျွန်မခင်ပွန်းရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ လိုက်ကြည့်ရသေးတာပေါ့"
ထိုအခါ စုချန်းက ခေါင်းတချက်ညိတ်ရင်း ပြုံးစေ့စေ့နှင့် ပြောလိုက်၏။
"ဒီကောင်တွေ ကျုပ်လက်က လွတ်မလွတ်တော့ မသိဘူး ဒါပေမဲ့ မင်းကတော့ မလွတ်တာသေချာတယ်"
စကားဆုံးသည်နှင့် သူက ကုချိန်းလွှာကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။
နောက်တရက်တွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အပြင်စည်းတပည့်များအားလုံးကို အိမ်ပြန်လာရန် ဆင့်ခေါ်မိန့် ထွက်ပေါ်လာတော့၏။
---------------------
မြစ်ရှုခင်းမြို့တော်၊ ကျောက်စိမ်းနန်းတော်တွင် ဖြစ်သည်။
ရှောက်ချန်ချိန်းတယောက် ဂုဏ်ထူးဆောင်ဧည့်သည်တော်ခုံတွင် ထိုင်နေ၏။ သူ့ဘေးတွင်ထ်ိုင်နေသည့် သခင်ကြီးဟေးက ဝမ်းသာအားရနှင့် ရှောက်ချန်ချိန်းကို ချီးကျူးလိုက်၏။
"သခင်လေးရှောက်ရဲ့ဓားပညာကတော့ အံ့သြစရာကောင်းလွန်းပါတယ်ဗျာ ဝက်ဝံနားရွက်တောင်ဓားပြတွေဆိုရင် အသံတောင်မထွက်နိုင်ဘူး"
ရှောက်ချန်ချိန်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။
"သခင်ကြီးဟေး ချီးကျူးလွန်းနေပါပြီ ကျုပ်အနေနဲ့က ကိုယ်စွမ်းနိုင်သလောက် လုပ်ပေးခဲ့တဲ့သဘောပါပဲဗျာ"
မည်သို့ဆိုစေ ဝက်ဝံတောင်ဓားပြများ၏ ဌာနချုပ်ကို ရှာတွေ့ရန် ရှောက်ချန်ချိန်း ရက်ပေါင်း သုံးဆယ်နီးပါး လိုက်လံထောက်လှမ်းခဲ့ရ၏။ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် သူကိုယ်တိုင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သေးသည်။
သို့သော် တန်ပါသည်။ သူကား ကျောက်စိမ်းနန်းတော်၏ အစောင့်တပ်မှူးရာထူးကို လက်ခံရရှိရန် သေချာနေခဲ့ပေပြီ။
မျှော်လင့်ထားသည့်အတိုင်း သခင်ကြီးဟေးက ပြောလိုက်၏။
"သခင်လေးရှောက်ဟာ ထူးခြားပြီး အရည်အချင်းရှိတယ် ဒါကြောင့် ကျုပ်က သခင်လေးကို အစောင့်တပ်မှူးအဖြစ် ခန့်အပ်ချင်တယ်"
သူ့စကားကို ကျောက်စိမ်းနန်းတော်အဖွဲ့ဝင်များကလည်း အမျိုးမျိုးအဖုံဖုံ ထောက်ခံလိုက်ကြလေသည်။
ထိုအချိန်မှာပင် ကောင်းကင်တွင် အလွန်လှပသော သက်တန့်ကြီးတခု ပေါ်ထွက်လာသည်ကို လူတိုင်းမြင်လိုက်ရ၏။ ထိုသက်တန့်ကို မြင်သည်နှင့် ရှောက်ချန်ချိန်း၏မျက်နှာတွင် ထူးဆန်းသောအရိပ်အယောင်များ ယှက်သန်းလာ၏။ ထို့နောက် သူ မတ်တပ်ရပ်ရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။
"သခင်ကြီးဟေးကို ကျုပ် တကယ်တောင်းပန်ပါတယ်ဗျာ ဒါပေမဲ့ ကျုပ်ရဲ့ဂိုဏ်းက ကျုပ်ကို ပြန်ခေါ်နေပြီ ဒါကြောင့် ကျုပ်အနေနဲ့ အခုချိန်မှာ ဒီရာထူးကို မထမ်းဆောင်နိုင်တော့ပါဘူးခင်ဗျာ"
လူတိုင်း အံ့အားသင့်ကုန်ကြ၏။
သခင်ကြီးဟေး တစုံတခု ပြောရန်ပြင်လိုက်သည်။ သို့သော် ရှောင်ချန်ချိန်းကား မီးခိုးငွေ့ပမာ ပျောက်ကွယ်သွားခဲ့လေပြီ။
----------------------
နတ်မီးလျှံတောင်ကြားတွင် ဖြစ်သည်။
လူအုပ်ကြီးတအုပ်သည် တစုံတရာကို စောင့်ဆိုင်းနေကြသည့်ဟန်ပန်ဖြင့် စုရုံးနေကြ၏။ ရံဖန်ရံခါတွင် ထိုလူအုပ်ထံမှ ထွက်ပေါ်လာသည့် ဆူဆူညံညံအသံများကိုလည်း ကြားနေရသည်။
တောင်ကြားဗဟိုတွင် ပွက်ပွက်ဆူနေသည့် ချော်ရည်အိုင်ကြီး ရှိနေ၏။ အိုင်ကြီးအလယ်တွင်ကား ထူးဆန်းသောအပင်တပင် ပေါက်နေလေသည်။ ယင်းအပင်၏ ထိပ်ဖျားတွင် ခရမ်းရောင်အသီးတလုံး သီးနေပြီး လူတိုင်းကို ဆွဲဆောင်နေဟန်ဖြင့် လေတိုက်တိုင်း ယိမ်းနွဲ့နေ၏။ အသီးအောက်တွင် ချော်ရည်ပုတ်သင်ကောင်တချို့ ချော်ရည်ထဲတွင် ကူးခတ်နေကြပြီး အသီးကို စူးစိုက်ကြည့်နေကြကုန်၏။
သိပ်မကြာမီ ထူးထူးဆန်းဆန်းအနံ့က အသီးထံမှ ထွက်ပေါ်လာလေရာ လူတိုင်း စိတ်လှုပ်ရှားကုန်ကြလေသည်။
"အနီရောင်မီးလျံသစ်သီး မှည့်တော့မယ်ဟေ့"
"ဘယ်ကောင်မှ လာမလုကြနဲ့ အဲဒီ့ အနီရောင်အသီးက ငါ့အပိုင်ပဲကွ"
"သွားစမ်းပါကွာ အေးစက်အလင်းဓား ယဲ့ဖန်းဟန်၊ ပျံဝဲနေသောကြိုးကြာချန်းဟယ်၊ လမင်းသုတ်သင်တံစဉ်ပိုင်ဝုရှင်း၊ အနီရောင်ဦးခေါင်းခွံနဲ့ ရှန်းကျန်းဓားသမားတွေအားလုံး ဒီမှာရှိနေတယ် မင်း တကယ်ပဲ သူတို့နဲ့ ယှဥ်လုနိုင်မယ် ထင်သလား"
"ဘာဖြစ်လို့ မလုနိုင်ရမှာပဲ သူတို့ အချင်းချင်း တိုက်ခိုက်နေတုန်းမှာ ငါတို့ဝင်လုရုံပဲ"
"သူတို့အချင်းချင်းက တိုက်ခိုက်မယ့်ပုံ ရော ပေါ်နေလို့လား"
လူတိုင်းသည် တိတ်ဆိတ်ကုန်ကြ၏။
ထိုအချိန်တွင် လူငယ်ရှစ်ဦးခန့်သည် ကျောက်တုံးကြီးတတုံးပေါ်တွင် ရပ်နေကြ၏။ အရှေ့ဆုံးတွင် ရပ်နေသူမှာကား ယဲ့ဖန်းဟန်ပင် ဖြစ်သည်။
ဓားလက်ကိုင်ပေါ်တွင် လက်တင်ထားရင်း ယဲ့ဖန်းဟန်က ပြောလိုက်၏။
"ဒီနေ့တော့ နောက်အဖော်တွေ လာတော့မယ် မထင်ဘူး ကျုပ်တို့ အရင်နည်းဟောင်းအတိုင်း သွားကြတာပေါ့"
"ကောင်းပြီလေ"
ချန်းဟယ်၏ဘေးတွင် ရပ်နေသော ဗလကောင်းကောင်းလူငယ်က ပြောလိုက်၏။
"အနီရောင်အသီး မှည့်တာနဲ့ ချန်းဟယ်က သွားခူးလိုက် ခကျန်တဲ့လူတွေကတော့ တဝက်စီခွဲပြီး ချော်ရည်ပုတ်သင်တွေနဲ့ တခြားလူတွေကို မောင်းထုတ်ကြမယ် ဂုဏ်ပြုမှတ်တွေကိုတော့ အကုန်လုံး ခွဲယူကြမယ် ကန့်ကွက်စရာ ရှိသလား"
"မရှိဘူး"
ကျန်လူများအားလုံး တညီတညွတ်တည်း သဘောတူလိုက်ကြ၏။
အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များသည် ပုံမှန်ဆိုလျင် သီးသန့်စီ လုပ်လေ့ရှိကြသော်လည်း သူတို့ စုပေါင်းမိလျင်တော့ ဤအတိုင်းပင် ပူးပေါင်းဆောင်ရွက်ကြ၏။ သူတို့၏ ဂိုဏ်းချုပ်ကြီးစုချန်းသည် အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်မှုကို များစွာ တန်ဖိုးထားလေ့ရှိသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ကောင်းကင်က ရုတ်တရက် ပြောင်းလဲသွားရာ လူတိုင်း လှည့်ကြည့်လိုက်ကြ၏။ ကောင်းကင်ပေါ်တွင်ကား အလွန်လှပသော သက်တန့်ကြီးတခု ဖြစ်ပေါ်နေ၏။
၎င်းကိုကြည့်ရင်း ချန်းဟယ် ပြောလိုက်သည်။
"ဂိုဏ်းက ဆင့်ခေါ်နေတာပါလား ကျုပ်တို့ ဘာလုပ်ကြမလဲ အနီရောင်အသီးတွေကလဲ ခနနေရင် မှည့်တော့မယ်"
အနီရောင်ဦးခေါင်းခွံဟု အမည်ရသည့် မိန်းကလေးက ပြောလိုက်၏။
"ဂိုဏ်းက ဆင့်ခေါ်တယ်ဆိုတာ အခြေအနေက တော်တော်အရေးကြီးလို့ပဲ အနီရောင်အသီးကို မေ့လိုက်တော့ ကျွန်မတို့ သွားမှဖြစ်မယ်"
"ဒါဆိုလဲ သွားကြစို့"
ယဲ့ဖန်းဟန် အချိန်မဖြုန်းတော့ပဲ ချက်ချင်းပင် အဝေးဆီသို့ ပျံသန်းထွက်ခွာသွား၏။
ကျန်လူများကလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြလေသည်။
သူတို့အုပ်စုကိုကြည့်ရင်း လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
အထက်ပါဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့်နေ့မှာပင် ခုနှစ်ပြည်ထောင်တစ်ဝန်းလုံးရှိ လူအများအပြားသည် မီးခိုးများကဲ့သို့ အလျှိုလျှို ပျောက်ကွယ်သွားကြ၏။
ထိုအခါ အချုပ်အနှောင်မဲ့ဂိုဏ်း၏ တပည့်များကြောင့် ဆူညံပွက်လောရိုက်နေခဲ့သော နိုင်ငံများမှာ တဖြည်းဖြည်း ငြိမ်းချမ်းသွားကြလေသည်။
မည်သည့်နေရာမှ ထွက်ပေါ်လာကြမှန်း ခန့်မှန်းရခက်သည့် အဆိုပါချီစွမ်းအားပညာရှင်များသည် ကြာမြင့်လှသည့် အချိန်ကာလတခုအထိ ပျောက်ကွယ်နေမည်မှာ သေချာနေခဲ့လေပြီတည်း။